Chapter 2
ကိုယ့်အနားမှာပဲနေပေးပါ
အပိုင်း-၂
Author- Liu Mang Xing
Translated by Lushell
ကားလေးဟာ လမ်းမထက်မှာ ပြေးလွှားနေခဲ့တယ်။ ရှေ့က ဒရိုင်ဘာဟာ နောက်ကလူရဲ့စကားကို ကြားလိုက် ပေမဲ့ ဘယ်လိုမှမနေခဲ့ပါဘူး။ သူ့အတွက်က ရိုးနေပြီလေ။
ကျန်းဆွေကျိုးဟာ နှာတစ်ချက်မှုတ်လိုက်ပြီး
“အဲ့ဒါဆို မင်းအိမ်ကို ပြန်ပို့ပေးရမှာလား။”
သူနဲ့အတူ အိပ်လို့မရလို့ သူ့ကို အိမ်ပြန်ပို့မယ်ပေါ့၊ ဟုတ်လား။ ဒီခွေးကောင်ကတော့…
ဒေါသထွက်လာတာကြောင့် ခြေထောက်မြှောက်ပြီး သူ့ပေါင်ကို လှမ်းကန်လိုက်တယ်။
တစ်ကြိမ်တည်းနဲ့ ဒေါသမပြေတာကြောင့် ဒုတိယ တစ်ခေါက် ကန်ဖို့လုပ်လိုက်ပေမဲ့ သူ့ခြေချင်းဝတ်ကနေ အကိုင်ခံလိုက်ရပါတယ်။ ကျန်းဆွေကျိုးက သူ့ကိုငုံ့ကြည့်လာကာ
“ဘာဖြစ်လို့လဲ။”
ကွမ်းရှီးက ဒေါသတကြီးနဲ့ “နင့်အိမ်ပဲသွားမယ်။ ဒီနေ့ စိတ်မကြည်လို့ အိမ်မပြန်ချင်ဘူး။”
စိတ်မကြည်ဘူး၊ သူ့အိမ်ကျလိုက်ပြီး တူတူတော့ အိပ်လို့မရဘူး။
အဲ့ဒီအချက်တွေပေါင်းကြည့်ပြီး ကျန်းဆွေကျိုးက မေးလိုက်တယ်။ “ရာသီလာနေတာလား။”
ကွမ်းရှီး မျက်ဖြူလှန်ပြလိုက်ချင်ပေမဲ့ သူပြောတဲ့ ဆင်ခြေက အဆင်ပြေနေတဲ့အပြင် သူလည်း တကယ့်ကို အိမ်ပြန်ချင်စိတ်မရှိတာကြောင့် “အင်း” လို့ပဲ ပြန်ဖြေလိုက်ပါတယ်။
“မင်းရာသီက မမှန်ဘူး။” ကျန်းဆွေကျိုးက ခဏလောက် တွေးတွေးဆဆလုပ်ပြီးမှ “နေရောကောင်းရဲ့ လား။”
တကယ်ကို sex partnerလို ရည်းစားပဲ။ တခြားဟာတွေ ဘာမှမမှတ်မိရင်တောင် သူရာသီလာတဲ့ရက်ကိုတော့ သေသေချာချာကို မှတ်မိနေတဲ့လူ။
“အခုတလော ငါ အလုပ်တွေများနေလို့ နေမှာပေါ့။” ကွမ်းရှီးက သူ့ခြေထောက်ကို ကျန်းဆွေကျိုးပေါင်ပေါ် တင်ပစ်လိုက်တယ်။ “ဒီနေ့ တစ်နေကုန် မတ်တပ်ရပ်နေရ တော့ ခြေထောက်တွေညောင်းတာ သေတော့မလိုပဲ။ နောက်တစ်ခါ အရံလုပ်ပေးဖို့ သဘောတူခဲ့မိရင် ငါ စိတ်ရူးပေါက်နေလို့ပဲ။”
ကျန်းဆွေကျိုးက သူ့ခြေချင်းဝတ်ကိုကိုင်ကာ
“အောက်ချပြီး ကောင်းကောင်းထိုင်။”
ကွမ်းရှီးက လုံးဝနားမထောင်တဲ့အပြင် ကျန်တဲ့ တစ်ဖက်ကိုပါတင်ပြီး ထိုင်ခုံနောက်မှီကို သက်သောင့် သက်သာမှီကာ ခြေထောက်ကိုပါဆန့်ပြီး ထိုင်ပစ်လိုက်ပါ တယ်။
ကျန်းဆွေကျိုးက တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ ဒီမမလေးရဲ့စိတ်ကို နားလည်တာကြောင့် ဘာမှမပြောဘဲ နေနေလိုက်ပါတော့တယ်။
နာရီဝက်လောက်ကြာတဲ့အခါ ကျားလင်ကျင်းယွမ်ကို ရောက်လာခဲ့ပါတယ်။
ဒီနေရာဟာ မြို့လယ်ခေါင်ကိုမှ အတိုးတက်ဆုံးနေရာ ဖြစ်တဲ့အပြင် တချို့အပြင်လူတွေနဲ့ ကွမ်းရှီးကလွဲရင် ကျန်းဆွေကျိုးတစ်ယောက်တည်းသာ အနေများတယ်။
အထဲရောက်တာနဲ့ ကွမ်းရှီးက အဝတ်လဲခန်းထဲကို အေးအေးသက်သာနဲ့ ဝင်သွားလိုက်တယ်။
ကျန်းဆွေကျိုးရဲ့ အဝတ်လဲခန်းက အတော်ကျယ်ပြီး အထဲမှာ သူ့ရဲ့ သိပ်မပေါ်လွင်ပေမဲ့ တန်ဖိုးကြီးတဲ့ဝတ်စုံတွေ အစီအရီချိတ်ထားလေရဲ့။ ကွမ်းရှီးဟာ အိပ်ရာဝင်ဖို့ အတွက် ကျန်းဆွေကျိုး အဝတ်လဲခန်းထဲမှာ ထည့်ထားတဲ့ သူ့ညဝတ်အင်္ကျီကိုယူကာ ရေအရင်ချိုးဖို့ လုပ်လိုက် တယ်။
ရေချိုးခန်းထဲဝင်ပြီးတာနဲ့ လော့ချပြီး သူ့ကိုယ်သူ မှန်ထဲကြည့်လိုက်မိတယ်။
ဒီနေ့ အလုပ်ရှုပ်လွန်းလို့ ကိုယ့်အပူကိုယ်တောင် သတိမရနိုင်တဲ့အထိပါပဲ။ ဒါပေမဲ့လည်း အခုလို တစ်ယောက်တည်းရှိတဲ့နေရာကို ရောက်သွားတဲ့အခါမှာ တော့ တစ်နေကုန်ဟန်ဆောင်ထားရတဲ့ မျက်နှာဖုံးကွာကျ သွားပါတော့တယ်။
ဘယ်သူမှ မြင်စရာမရှိမှတော့ ဟန်ဆောင်စရာလည်း မလိုတော့ဘူးလေ။
ကွမ်းရှီး သူ့စိတ်ကိုဖုံးလွှမ်းသွားတဲ့ ဝမ်းနည်းတဲ့ ခံစားချက်ကြီးကို ချုပ်တည်းထားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်မိတယ်။ အဲ့ဒီနောက် ရေပန်းအောက်ဝင်ကာ သူ့တစ်ကိုယ်လုံးကို ရေတွေစိုရွှဲသွားစေလိုက်ပါတယ်။
တစ်လတောင်ရှိပြီဆိုပေမဲ့ သူအခုထိ လက်မခံနိုင်သေးဘူး။
တကယ်တော့ အခြေအနေတွေက အရမ်းအဆိုးကြီးတော့လည်း မဟုတ်သေးပါဘူး။
သူ့အဖေ ကွမ်းရှင်းဟောင်က သူ့ကို ဂရုစိုက်တုန်းဖြစ်ကာ သူတို့စကားပြောတာကို ကြားသွားပြီး သူ(မ)အမှန်ကို သိသွားတဲ့နေ့ကဆိုရင် သူ့ကို သမီးအရင်းလို့ပဲ သဘောထားမှာဖြစ်ကာ သမီးအရင်းပေါ်လာလာ၊ မလာလာ သူ(မ) ကသာ သူအချစ်ဆုံးသမီးလေးဖြစ်တဲ့အကြောင်း ပြောခဲ့ပါသေးတယ်။
သူ့အဖေက စိတ်မပြောင်းလောက်ပါဘူး။
သူယုံတယ်၊ တကယ်ကို ယုံတာပါ။
ဒါပေမဲ့လည်း သူစိတ်မသက်မသာဖြစ်နေတုန်းပဲ။
ဘာလို့လဲဆိုတော့ သူတို့သမီးကို ပြန်ရှာတွေ့ပြီလို့ ပြောတဲ့နေ့တုန်းက သူ့အမေရဲ့ ကြယ်တွေလို လင်းလက် တောက်ပနေတဲ့အကြည့်တွေကို မေ့မရနိုင်လို့ပဲ။
သူ့ဘဝတစ်လျှောက်လုံး မာနတစ်ခွဲသားနဲ့ နေခဲ့တဲ့ ကွမ်းရှီးဟာ အဲ့ဒီအကြည့်လေးကြောင့်နဲ့ စိတ်တွေ ယောက်ယက်ခတ်ခဲ့ရလေရဲ့။
ရေချိုးပြီးတော့ ကွမ်းရှီးက ညအိပ်ဝတ်စုံဝတ်ပြီး ထွက်လာလိုက်တယ်။ ရေချိုးခန်းထဲမှာ သူခဏလောက်ငိုခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ကျန်းဆွေကျိုး သူ့မျက်လုံးတွေ ဖောင်းနေတာကို သတိထားမိသွားမှာ စိုးတာကြောင့် လုံးဝခဏလေးပဲ ငိုခဲ့ပါတယ်။
သူဘယ်လောက် ကံဆိုးပြီး သနားစရာကောင်းနေလဲဆိုတာ ဟိုတစ်ယောက်ကို မသိစေချင်ဘူးလေ။
ကွမ်းရှီးက ရေချိုးခန်းထဲကို အကြာကြီးဝင်နေတာကြောင့် ကျန်းဆွေကျိုးဟာ မစောင့်နိုင်တော့ဘဲ တခြားအခန်းထဲက ရေချိုးခန်းမှာပဲ ရေချိုးလိုက်ရပါတော့တယ်။
စောသေးတာကြောင့် သူလည်း အိမ်နေရင်းဝတ်စုံနဲ့ပဲ ဆိုဖာပေါ်မှာထိုင်ကာ i-pad တစ်လုံးနဲ့ အလုပ်လုပ်နေတုန်းမှာ ခြေသံကြားတာကြောင့် မော့ကြည့်လိုက်ပြီး ကွမ်းရှီး ဝတ်ထားတဲ့ညအိပ်ဝတ်စုံကို တွေ့လိုက်တဲ့အခါ တုံ့သွားခဲ့တယ်။
ပိုးသားနဲ့လုပ်ထားတဲ့ဝတ်စုံဟာ အသားနဲ့ကပ်နေပြီး ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ထင်ရှားပြတ်သားစွာ မြင်နေရစေပါတယ်။
ကျန်းဆွေကျိုးလည်း အသံကိုထိန်းကာ အကြည့်ကို ပြန်ရုတ်လိုက်ပြီး “ရာသီလာနေတာဆို။”
ဆိုဖာရဲ့အခြားတစ်ဖက်မှာ ဝင်ထိုင်တဲ့ကွမ်းရှီးက သူ ဘာကိုဆိုလိုလဲဆိုတာ ခဏလောက်စဉ်းစားကာ
“ဟမ်။”
“ဘောင်းဘီဝတ်။”
“…ဘာလို့။”
ကျန်းဆွေကျိုးက အသံနိမ့်နိမ့်နဲ့ “ဒီလိုဟာမျိုး ဝတ်တာနဲ့ ဘာမှမဝတ်တာနဲ့ ကွာမှမကွာတာ။ အလကား နေရင်း အိပ်ရာခင်းတွေကို ဆေးဆိုးမနေနဲ့။”
“ဘာဝတ်တာနဲ့ မဝတ်တာအတူတူပဲလဲ။ ငါဒါမျိုးဝတ်ရင် နင်ဆွဲချွတ်ပစ်ချင်စိတ် ပေါက်လို့မလား။”
Screenပေါ်က ကျန်းဆွေကျိုး လက်ချောင်းတွေဟာ လေထဲမှာရပ်သွားပြီး “ငါ မချွတ်ရင်တောင် မင်းဒီအတိုင်း ဝတ်အိပ်ရင် သူ့ဘာသာသူ လိပ်တက်သွားမှာပဲ။”
ကွမ်းရှီးခမျာ သီးတောင်သီးသွားလေရဲ့။ ဒီလူက သူအိပ်တဲ့ပုံစံကို တော်တော်လေးနားလည်နေတာပဲ။
ဒါပေမဲ့လည်း ကျန်းဆွေကျိုးကို အရှုံးမပေးချင်တာ ကြောင့် “အိပ်ရာခင်းတွေ ညစ်ပတ်သွားရင်တောင် နင် လျှော်ရတာမလို့လား။ ဘာတွေတွေးပူနေတာလဲ။”
“…”
ဒီလိုအချိန်မှာ ကျန်းဆွေကျိုးအနေနဲ့ ကွမ်းရှီးနဲ့ ပြိုင်ငြင်းမနေတော့ပါဘူး။ ဆက်ငြင်းနေရင် သူပြောသမျှကို ကွမ်းရှီးက စကားလုံးအသစ်အဆန်းတွေနဲ့ ပြန်ပိတ်ပြောနေမှာပဲ။ အချိန်ကုန်ရုံပဲရှိတဲ့အတွက် သူ i-padကိုပဲ ဆက်ကြည့်နေလိုက်ပါတော့တယ်။
ဒါပေမဲ့ ကွမ်းရှီးကတော့ သူနဲ့ဆက်မငြင်းတော့တဲ့ ကျန်းဆွေကျိုးကိုကြည့်ပြီး စိတ်ပြေလက်ပျောက် ဖြစ်သွားခဲ့တယ်။
ဒီနေရာမှာရှိနေပြီး သူ့ရှေ့ကမကောင်းဆိုးဝါးနဲ့ စကားနိုင်လုနေရတာ သူ့ဘဝ ဘာမှပြောင်းလဲမသွားသလို ခံစားရစေတယ်လေ။
ကွမ်းရှီးက သူ့ကို တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် တီဗီရီမုကိုယူကာ တီဗီဖွင့်ကြည့်နေလိုက်ပါတယ်။
သူ ရုပ်ရှင်အဟောင်းတစ်ကား ရှာလိုက်ပေမဲ့ ဘယ်လောက်မှတောင် မကြည့်ရသေးဘဲ ခြေထောက်ကို ဆန့်ကာ i-padကို ငုံ့ကြည့်နေတဲ့လူရဲ့နောက်ကျောကို တို့လိုက်ပါတယ်။
“ကျန်းဆွေကျိုး။”
“အင်း။”
“အလုပ်လုပ်နေတုန်းလား။”
“အင်း။”
“မလုပ်နဲ့တော့။”
“ဘာလို့လဲ။”
သူက i-padကို အကြည့်မပျက်ဘဲ ပြန်မေးလိုက်တယ်။
ကွမ်းရှီး ခြေထောက်ကို ထပ်ဆန့်လိုက်ပြီး သူ့ကိုတို့ကာ “နင်မရပ်ရင် ငါစိတ်ဆိုးတော့မှာနော်။”
“ဘာဝယ်ချင်လို့လဲ။”
“……”
“အရင်လက မင်းပြောတဲ့နာရီ ဝယ်ပြီးပြီ။ အဝတ်လဲခန်းအံဆွဲရဲ့ ဒုတိယအကန့်မှာ။”
“ငါ အဲ့ဒီအကြောင်း ပြောမလို့မှမဟုတ်…ဟမ်။ အဲ့ဒီနာရီ ရောက်ပြီလား။ ဘယ်တုန်းကလဲ။ စောစောကမပြောဘူး။”
ကျန်းဆွေကျိုးရဲ့ နှုတ်ခမ်းစွန်းလေးတွေ တွန့်ချိုးသွားပြီး i-padကိုဘေးချကာ တစ်ဖက်ကို လှည့်လိုက်ပြီး သူ့ခြေထောက်ကနေ ဆွဲလိုက်တာ ကွမ်းရှီးခမျာ ဆိုဖာရဲ့ဒီဘက်ခြမ်းကနေ ဟိုဘက်ခြမ်းထိ ရောက်သွားပါတော့တယ်။
“အာ-”
ကွမ်းရှီးရဲ့ ညအိပ်ဂါဝန်က အတော်လေးတိုတာကြောင့် အဲ့ဒီလိုအဆွဲခံလိုက်ရတဲ့အခါ ဂါဝန်ကတစ်ခါတည်း ပေါင်လယ်ထိရောက်သွားပါတော့တယ်။
အဲ့ဒီအခါ အထဲမှာ pad မခံထားမှန်း တန်းမြင်လိုက်ရပါတော့တယ်။
ကျန်းဆွေကျိုး ခဏတုံ့သွားပြီး သူလှည့်စားခံလိုက်ရမှန်း ရိပ်မိသွားတဲ့အခါ ကွမ်းရှီးကို တစ်ခါတည်းပေါင်ပေါ်တင်ပြီး ဖက်ထားလိုက်ကာ သူ့အသံကိုလည်း နှိမ့်လိုက်ပြီး “မင်းလည်းမမေးဘူးလေ။”
အခုတလော သူ(မ)မှာ မိဘတွေအပါအဝင် အကုန် ဆုံးရှုံးရမှာ စိုးရိမ်နေရတာကို အရင်က သူ့ကိုပူဆာနေတဲ့ နာရီကို ဘယ်မှတ်မိတော့မှာလဲ။
အဲ့ဒီလိုပြောနေပေမဲ့လည်း နာရီက ဝယ်ပြီးနေပြီပဲ။ လိုချင်တာကလည်း လိုချင်နေတုန်းပဲလေ။ တစ်ကမ္ဘာလုံးမှာ အလုံးတစ်ရာပဲထုတ်တဲ့ နာရီမဟုတ်လား။
“သွားကြည့်လိုက်ဦးမယ်။” ကွမ်းရှီးလည်း မပျော်တစ်ဝက် ပျော်တစ်ဝက်နဲ့ ကျန်းဆွေကျိုးပေါင်ပေါ်ကနေ ထဖို့လုပ်လိုက်ပေမဲ့ ဟိုက ပေးမသွားဘဲ သူ့ကို ချီကာ အပေါ်ထပ်ကိုသယ်သွားရင်း “နောက်မှကြည့်။”
“ဟဲ့-”
သူငြင်းတာကို လက်မခံဘဲ တစ်ခါတည်း အခန်းထဲကို ခေါ်သွားပါတော့တယ်။
ကွမ်းရှီးခမျာ ကုတင်ပေါ် ပစ်အချခံလိုက်ရတဲ့အခါ စိတ်ဆိုးဆိုးနဲ့ ကျန်းဆွေကျိုးကို ဆွဲဆိတ်ကာ
“နင် ငါနဲ့ ရန်ဖြစ်ချင်နေတာလား။”
“မင်း လာလည်း လာမနေဘဲနဲ့ ငါ့ကိုဘာလို့လိမ်တာလဲ။”
“ငါ၊ ငါလာနေတာပါဆို။”
ကျန်းဆွေကျိုး အောက်ကိုကိုင်းလိုက်ကာ သူ့လက်ချောင်းတွေက အဖြူရောင်ဇာကို မတင်လိုက်ပြီး လေသံလေးနဲ့ “ဘယ်မှာလဲ။”
“……”
သူပြန်ပြောတာတောင် မစောင့်တော့ဘဲ တစ်ခါတည်း ငုံ့ချလာကာ သူ့နှုတ်ခမ်းတွေကို ကိုက်လာခဲ့ပါတယ်။
“ဝူး…”
သူတို့က စိတ်ရင်းနဲ့တွဲနေတာ မဟုတ်ရင်တောင် သူတို့တွဲလာတာ သုံးနှစ်တောင်ရှိခဲ့ပြီ။ ခဏခဏ မတွေ့ဖြစ်သလို တွေ့တဲ့အချိန်တွေမှာလည်း ကုတင်ပေါ်ရောက်နေကြတာ များပါတယ်။
ဒါပေမဲ့လည်း သူတို့နှစ်ယောက် အချင်းချင်းသိတာ ကြာကြာလှပါပြီ။
သူတို့ ကျောင်းသားအရွယ်ကတည်းက နှစ်ဖက်မိဘတွေက သူတို့နှစ်ယောက်ကို လက်ထပ်ပေးပြီး မိသားစုနှစ်ခု ပူးပေါင်းကြဖို့ပြောခဲ့တာ။ အဆင်လည်းပြေနေတာပဲဆိုတော့ သူတို့မိဘတွေရှေ့မှာဆို သူတို့နှစ်ယောက် အဆင်ပြေနေသလို ဟန်ဆောင်ကြပြီး အပြင်လူတွေ ရှေ့မှာလည်း ကျန်းဆွေကျိုးက ကွမ်းရှီးကို ဂရုစိုက်ပြီး အမြဲဦးစားပေးတဲ့ပုံစံနေကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမှန်ကတော့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် သိပ်အမြင်ကြည်လှတာ မဟုတ်ပါဘူး။
ဒီလူက တစ်ချိန်လုံးဟန်ဆောင်နေတယ်လို့ ထင်တာကြောင့် ကွမ်းရှီးက ကျန်းဆွေကျိုးကို သဘောမကျသလို ကျန်းဆွေကျိုးကကျတော့ ကွမ်းရှီးက အရမ်းမာနကြီးပြီး သူများတွေရဲ့ အပေါ်စီးကနေကာ တစ်ချိန်လုံး ဖူးဖူးမှုတ်ခံထားရတဲ့ အိမ်ကြီးရှင်မမလေးပုံစံမျိုး ဖြစ်တာကြောင့် မကြိုက်ပါဘူး။
သူငယ်ငယ်တုန်းက သူများတွေနဲ့ လိုက်လျောညီထွေနေဖို့ အချိန်မရှိခဲ့သလို စိတ်လည်းမဝင်စားဘူးလေ။
ကွမ်းရှီး အသက်၁၉နှစ်မှာ ယူအက်စ်ကို ပညာတော်သင်ထွက်ခဲ့တယ်။ ကျန်းဆွေကျိုးက သူ့ထက် အသက်နှစ်နှစ်ကြီးတာကြောင့် ဟိုကို နှစ်နှစ်စောရောက်နေခဲ့ပါတယ်။
ကွမ်းရှီးက သူနဲ့ကျောင်းအတူတူကိုပဲ လျှောက်ခဲ့ပါတယ်။ ဒါပေါ့၊ သူရှိနေလို့တော့ ဘယ်ဟုတ်ပါ့မလဲ။ အဲ့ဒီ ကျောင်းက အရမ်းကောင်းတဲ့အပြင် သူ့လိုလူနဲ့လည်း တန်တယ်လို့ ထင်တာကြောင့်ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့မိဘတွေ မျက်လုံးထဲမှာကျတော့ သျှောင်နောက်ဆံထုံးပါတယ်လို့ မြင်နေကြလေရဲ့။ သူတို့ နှစ်ယောက် ကျောင်းအတူတူတက်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့တောင်မတွေ့ဖြစ်ဘူး ဆိုတာ မိဘတွေကတော့ ဘယ်သိနိုင်ပါ့မလဲ။
ဘယ်သူမှကြည့်နေမှာ မဟုတ်တာကြောင့် သူတို့ ဟန်တောင်ဆောင်စရာမလိုဘူးလေ။
တကယ်တော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ကွမ်းရှီး တရုတ်ပြည်ပြန်လာပြီးနောက် ၂၃နှစ်ပြည့် မွေးနေ့ပါတီကျင်းပတဲ့အချိန်မှ စတာပါ။
သူတို့နှစ်ယောက်လုံး အရက်သောက်ထားမိတာကိုမှ ကျန်းဆွေကျိုးက တာဝန်ကျေတဲ့ သတို့သားလောင်း လုပ်ပြီး သူ့ကို ဟိုတယ်ခန်းထဲ ပြန်ပို့ပေးပါတယ်တဲ့။ ရလဒ်ကတော့ အဲ့ဒီအချိန် အဲ့ဒီနေရာမှာ မျက်လုံးချင်းဆုံပြီး ခံစားချက်တွေဖြစ်ပေါ်လာကာ အရွယ်ရောက်ပြီးသားလူတွေ လုပ်သင့်တဲ့အရာကို လုပ်ခဲ့လိုက်မိပါတော့တယ်။
အဲ့ဒီနောက်မှာတော့ သူတို့ တွဲကြဖို့ ဆုံးဖြတ်လိုက်ကြတော့တာပေါ့။
သူတို့အတွေးတွေက တူညီကြတယ်လေ။ နောက်လည်း အတူတူရှိကြရတော့မှာဖြစ်သလို ဖြစ်စရာရှိတာလည်း ဖြစ်ပြီးသွားပြီဆိုတော့ လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့။
နှစ်ယောက်သားတွဲပြီးနောက်မှာမှ သိလာရတာက သူတို့တစ်ယောက်ကိုတစ်ယောက် ဆွဲဆောင်မိစေတဲ့ အချက်နောက်တစ်ချက် ရှိသေးတယ်ဆိုတာပါပဲ။
အဲ့ဒါကတော့ သူတို့နှစ်ယောက်က အချင်းချင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အထိမခံတဲ့နေရာတွေကို အလိုလို သိနေတာပဲဖြစ်ပါတယ်။
ကျန်းဆွေကျိုးက အသားအရသာကို တစ်ခါမြည်းစမ်းပြီးတာနဲ့ စွဲသွားတဲ့ သားရဲတစ်ကောင်လိုပါပဲ။
ကွမ်းရှီးကလည်း ကျန်းဆွေကျိုးရဲ့ အိပ်ရာပေါ်ရောက်တာနဲ့ တည်တံ့တဲ့ပုံစံကို လွှင့်ပစ်လိုက်တာကို သဘောကျပါတယ်။
တကယ်တော့ သူက ကျန်းဆွေကျိုးရဲ့ သားရဲလို ပြင်းထန်တာကို သိပ်မခံနိုင်ပါဘူး။ အမှန်အတိုင်းပြောရရင် ကျန်းဆွေကျိုးနဲ့ လိုက်မမှီဘူးဆိုပေမဲ့ သူတို့မှာ လိုက်လျောညီထွေရှိတဲ့ sex life ရှိတယ်လို့ သတ်မှတ်နိုင်တယ်။
အရွယ်ရောက်ပြီးသားလူတွေအတွက် ဒီအပိုင်းမှာ စိတ်ကျေနပ်မှုရရှိဖို့က အရမ်းအရေးကြီးတာကိုး။
“ခုနပြောလိုက်တာ ဘာကစိတ်ရှုပ်စရာကောင်းတာ။”
ချွေးတွေရွှဲနေတဲ့ ကျန်းဆွေကျိုးဟာ သူ့နားနားလေးထိ ငုံ့ပြီး မေးလာခဲ့တယ်။
ကွမ်းရှီးရဲ့ အသက်ရှူသံတွေ ယောက်ယက်ခတ်နေပြီး မျက်ရည်တွေလည်းဝဲနေကာ “…ဘာရယ်”
“ဧည့်ခန်းထဲမှာတုန်းက မင်းပြောတာ စိတ်ရှုပ်စရာ ကောင်းတယ်ဆို။”
ကွမ်းရှီး မှတ်မိပါတယ်။ ခဏတုံ့သွားပြီး သူ(မ)ကို စိတ်ရှုပ်နေစေတဲ့ အခြေအနေကို သူ့ကိုမေးကြည့်လိုက်တယ်။
“ဘာမှမဟုတ်ပါဘူး… အင်း၊ ကျန်းဆွေကျိုး တကယ်လို့ နင်တစ်နေ့မှာ မွဲသွားရင် ဘယ်လိုလုပ်မလဲ။”
ကျန်းဆွေကျိုးက သူ့ကို စိတ်ပူတဲ့အကြည့်နဲ့ ကြည့်လိုက်ကာ “မဖြစ်နိုင်ဘူး။”
“တကယ်လို့ပါဆိုနေ…”
သူ့မေးခွန်းကြောင့် ကျန်းဆွေကျိုးက အရှိန်လျှော့ လိုက်ပြီး “မွဲသွားရင်တောင်… မင်းရှိသေးတယ်လေ။”
“ငါ”
သူတို့ရဲ့ အလိုဆန္ဒတွေကြောင့် ကျန်းဆွေကျိုးစကားတွေက မရည်ရွယ်ဘဲနဲ့ ဟာသတွေလို ဖြစ်နေခဲ့တယ်။
“မင်းကို ငါဝယ်ပေးထားတဲ့ အိတ်တွေ၊ နာရီတွေရောင်းပြီး ရတဲ့ပိုက်ဆံငါ့ကိုပြန်ပေးလေ။”
ကွမ်းရှီးတကယ်လန့်သွားပြီး အော်ပစ်လိုက်ပါတော့ တယ်။ “…ဆုတောင်းလေ။”
Storyglory Swara Webnovel Translations