Chapter 3
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း-၃
‘ဆုတောင်းလေ’ လို့ပြောလိုက်ပေမဲ့လည်း စဉ်းစားကြည့်တော့ ဒီအစီအစဉ်လည်း မဆိုးဘူးပဲ။
ညဘက်ရောက်တော့ သူ့အိပ်မက်ထဲမှာ သမီးအရင်း ပြန်ရောက်လာပြီး သူကတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်က နှင်ချခံရတယ်ဆိုပြီး မက်ခဲ့ပါတယ်။
သူလည်း အသက်ရှင်ဖို့အတွက် ကျန်ဆွေကျိုး အိမ်ကိုပြေးကာ ကျန်းဆွေကျိုးအတွက် သူဝယ်ပေးထားတဲ့ တန်ဖိုးကြီး လက်ဆောင်တွေကို ရောင်းပြီး ပိုက်ဆံအများကြီးရလိုက်လို့ ပျော်ရွှင်နေတယ်တဲ့။
ဒါပေမဲ့ နိုးလာတဲ့အခါမှာတော့ အရမ်းဆိုးရွားတဲ့ အရာတစ်ခုကို သတိရသွားခဲ့တယ်။
သူက ကျန်းဆွေကျိုးအတွက် လက်ဆောင်ဝယ်ပေးတယ်ဆိုတာ မရှိသလောက် ရှားပါးတယ်ဆိုတာပါပဲ။
ဘုရားရေ၊ သူက အဲ့ဒီလောက်တောင် လူမှုရေးခေါင်းပါးတဲ့သူလား။ ဘာလို့ ဒီခွေးလေးအတွက် ပိုက်ဆံ မသုံးခဲ့ရတာလဲ။
အကြောင်းအရင်းကို ကွမ်းရှီး သေချာပြန်စဉ်းစားကြည့်ပါတော့တယ်။
မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ သူ ကျန်းဆွေကျိုးအတွက် လက်ကြယ်သီးတွေ ဝယ်ပေးဖူးတယ်။ ဖွင့်ကြည့်ပြီး ကျန်းဆွေကျိုး ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူ နောက်လက်ဆောင်ဝယ်ပေးဖို့ မသဒ္ဓါတော့တာ။
ဟုတ်တယ်! အဲ့ဒီအချိန်ကစပြီး ကျန်းဆွေကျိုးနဲ့ သူနဲ့ အကြိုက်ချင်းမှ မတူတာပဲ ဆိုပြီး ဘာမှထပ်မပေးတော့တာ။
အဲ့ဒီတော့ ဒါက သူ့အမှားလို့တော့လည်း ပြောလို့ မရဘူး။
အချိန်က ၁၀နာရီလောက် ရှိနေပြီဖြစ်တာကြောင့် ကျန်းဆွေကျိုးကတော့ အိမ်မှာ မရှိတော့ပါဘူး။
ကွမ်းရှီးလည်း အိပ်ရာမှထကာ ရေချိုးခန်းထဲဝင် ရေချိုးပြီး ပြန်ထွက်အလာမှာ ခုတင်ဘေး စားပွဲပုလေးပေါ်က ဖုန်းမြည်သံကြားလိုက်ရပါတယ်။
လန်နင်ယီးဆီက ဖုန်း။
အခန်းထဲက ထွက်ရင်း ဖုန်းကိုင်လိုက်ကာ “မောနင်း။”
“ငပျင်းမ… နေ့လယ်ရောက်နေပြီဟဲ့။”
“အိုး။”
လန်နင်ယီး-“နင် မနေ့ညက ကျန်းဆွေကျိုးအိမ်မှာ အိပ်တာလား။”
“အေးလေ။”
“ဪ။” လန်နင်ယီးက အသံကို တိုးလိုက်ကာ “အခုရော သူ နင့်ဘေးမှာ ရှိနေလား။”
“မရှိဘူး။ မနက်အစောတည်းက ထွက်သွားတာ ထင်တယ်။ မနေ့ကပြောနေတာတော့ သူ ဒီနေ့ အလုပ်ကိစ္စနဲ့ ခရီးထွက်စရာရှိတယ်တဲ့။ အခုဆို လေယာဉ်ပေါ် ရောက်နေလောက်ပြီ။”
လန်နင်ယီးက စိတ်သက်သာရာရသွားတဲ့ပုံနဲ့ “အဲ့ဒါဆို ငါအခု နင့်ဆီလာခဲ့မယ်။ စကားပြောရအောင်။”
ကွမ်းရှီးက ဆိုဖာပေါ်ထိုင်လိုက်ကာ “မလာနဲ့။ နေ့လယ်စာလည်း စားရင်းနဲ့ အပြင်မှာပဲ တွေ့ရအောင်။”
ကျန်းဆွေကျိုး အဲ့ဒီကပ်စေးကုပ်ကောင်က အပြင်လူတွေ သူ့အိမ်ခေါ်လာရင် ကြိုက်တာမဟုတ်ဘူးလေ။
“အိုကေလေ။ အဲ့ဒါဆို ခဏနေရင် နေရာပို့လိုက်မယ်။”
ဖုန်းချပြီးနောက် ကွမ်းရှီးဟာ အဝတ်လဲခန်းထဲသွားကာ အပြင်သွားဖို့ ဝတ်စုံတစ်စုံရွေးပြီး မိတ်ကပ်လိမ်းလိုက်တယ်။ ပြင်ဆင်ပြီးတဲ့အခါမှာ ကားဂိုဒေါင်ထဲက ကျန်းဆွေကျိုးရဲ့ ကားတစ်စီး ယူမောင်းသွားလိုက်ပါတော့တယ်။
လန်နင်ယီးရွေးထားတဲ့ဆိုင်က သူတို့ မကြာခဏ သွားလေ့ရှိတဲ့ဆိုင်ဖြစ်ပြီး ကွမ်းရှီးလာတဲ့အချိန်မှာ သူက ရောက်နှင့်နေပါပြီ။ ကွမ်းရှီး ဆိုင်ထဲဝင်လာတာ မြင်တဲ့အခါ မြန်မြန်ထိုင်ခိုင်းပြီးတာနဲ့ “နင် ဟိုကိစ္စ ကျန်းဆွေကျိုးကို ပြောပြမှာလား။”
ကွမ်းရှီးက သူ့ကို အံ့ဩတကြီး မော့ကြည့်လာကာ “ဘယ်ပြောပါ့မလဲ။”
လန်နင်ယီး- “ကောင်းတယ်။ ငါလည်း သူ့ကို မပြောသင့်ဘူးလို့ ထင်တယ်။”
“မပူပါနဲ့။ ငါ မရူးသေးပါဘူး။”
သူနဲ့ ကျန်းဆွေကျိုးတို့ တွဲကြတယ်ဆိုတာလည်း အစကတည်းက မိသားစုအဆင့်အတန်းချင်းတူပြီး စီးပွားရေးလုပ်ငန်းတွေရဲ့ အကျိုးအမြတ်တွေကလည်း ဆက်နွှယ်နေလို့လေ။ ကျန်းမိသားစုဘက်ကသာ သူက တကယ့်ကွမ်းမမလေး မဟုတ်မှန်း သိသွားခဲ့ရင်… ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှခန့်မှန်းနိုင်မှာ မဟုတ်ဘူး။
“ဟိုကောင်မလေး ပြန်လာလာ၊ မလာလာ အပြင်လူတွေရဲ့ အမြင်မှာ နင်က ကွမ်းရှီးပဲကို။ ဒီတိုင်း တစ်ဦးတည်းသောသမီးကနေ အစ်မတစ်ယောက် ရလိုက်တယ်လို့ပဲ တွေးလိုက်ပေါ့။”
“သိပါတယ်။ ငါက ဒီအတိုင်းပဲ…”
“ဒီအတိုင်းပဲ နင့်နေရာ တဖြည်းဖြည်းနဲ့ ပျောက်သွားမှာ စိုးရိမ်နေတာမလား။”
ကွမ်းရှီးက သူ့ကို ကြည့်လိုက်တဲ့အခါ လန်နင်ယီးက ဆက်ပြီး “ငါ နင့်ကို သိလာတာ ကြာလှပြီ။ နင့် စိတ်နေသဘောထား ဘယ်လိုရှိလဲ ငါမသိဘဲနေပါ့မလား။ အရင်တုန်းကဆို နင့်ဆီက တစ်ခုခုလုရဲတဲ့သူတွေဆို နင်ပြန်လုပ်တာ ခံရတာလေ။ အခုဆိုပိုဆိုး နင့်မိဘတွေ၊ နင့်ပိုင်ဆိုင်မှုတွေ လာလုခံနေရတာ။ ဒါပေမဲ့ နင့်မှာ နိုင်နိုင်ခြေ ပိစိကွေးလေးတောင် မရှိဘူး။”
ကွမ်းရှီး မျက်နှာကြီးစူပုပ်သွားကာ “နင်ကတော့လေ။ နားထောင်ကောင်းတဲ့ စကားလေးများ ပြောပါလား။”
“အခုက နားထောင်ကောင်းတဲ့စကားပဲ နားထောင်ချင်လို့ရတဲ့အချိန်လို့များ အောက်မေ့နေလား။ ငါနင့်ကို ပြောမယ်။ နင့်နေရာမပျောက်ချင်ရင် ရိုးရိုးရှင်းရှင်း နည်းတော့ရှိတယ်။ နင် ကျန်းဆွေကျိုးကို မြဲမြဲဆွဲထားနိုင်သရွေ့ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။ ဪ၊ မြဲမြဲဆွဲရုံတင် မဟုတ်ဘူး၊ သူ့နှလုံးသားကိုပါ ပိုင်ထားနိုင်မှရမှာ။”
“ပြီးတော့ရော။”
“ပြီးတော့လား။ ရည်းစားအဆင့်တင် မဟုတ်ဘူး။ လက်ထပ်မှတ်ပုံတင်ပါ တံဆိပ်နှိပ်ပြီးတဲ့အထိမှ စိတ်ချရမှာ။”
ကွမ်းရှီးက ချက်ချင်းပဲ ထအော်ပါတော့တယ်။
“မဖြစ်နိုင်တာ။ ငါ ၂၈ မပြည့်မချင်း လက်မထပ်သေးဘူးလို့ သဘောတူထားတာ။”
လန်နင်ယီး- “အဲ့ဒီလက်ထပ်တာကလည်း နင်တို့ဘာသာ သဘောတူညီချက် ယူထားတာပဲ မဟုတ်ဘူးလား။ စောလုပ်လည်း ရတာပဲလေ။ နောက်ပြီး နင့်မိဘတွေ ကျန်းဆွေကျိုးကို ဘယ်လောက်သဘောကျလဲ နင်မသိတာလည်း မဟုတ်ဘူး။ သူတို့ နင့်ကို ဂရုမစိုက်တော့မှာ စိုးရိမ်ရင်၊ သူများတွေ နင့်အကြောင်းပြောမှာ မလိုလားရင် နင် ဘာလုပ်သင့်လဲ။ နင့်အတွက် ဘယ်ဟာက အဓိကလဲ၊ ဘယ်ဟာက သာမညလဲ၊ သေချာစဉ်းစား။ နင်ကြည့်နော်၊ နင် ကျန်းဆွေကျိုးနဲ့သာ လင်မယားဖြစ်သွားပြီဆိုရင် ကံဆိုးလွန်းလို့ ကွမ်းမမလေးနေရာ ပျောက်ခဲ့ပြီဆိုဦးတော့၊ နင်က ကျန်းအိမ်တော်ရဲ့ချွေးမ ဖြစ်နေဦးမှာပဲ။ ဘယ်သူက နင့်ကို အထင်သေးရဲမှာလဲ။”
ဒီလိုမိသားစု၊ ဒီလိုအသိုင်းအဝိုင်းတွေမှာတော့ အမြတ်အစွန်းကသာ ပဓာနဖြစ်ပြီး အာဏာကသာ ဘုရင်ဖြစ်ပါတယ်။
ကွမ်းရှီး ခဏလောက်စဉ်းစားပြီးနောက်မှာတော့ “ဟုတ်လောက်မယ်နော်။”
“ ‘လောက်မယ်’တွေ ဖြုတ်လိုက်။ နင့်မိဘတွေက စီးပွားရေးသမားတွေ။ သူတို့က နင့်ထက်ပိုပြီး အကွက်မြင်တတ်တယ်။ နင်နဲ့ ကျန်းဆွေကျိုး စတွဲကတည်းက ခုချိန်ထိ မိသားစုနှစ်ခုကြား ဖက်စပ်လုပ်ငန်းတွေ အများကြီး လုပ်လာတာ။ အဲ့ဒီကနေ နင့်မိဘတွေရတဲ့ အမြတ်ကလည်း မနည်းမနောပဲ။ နင် ကျန်းဆွေကျိုးနဲ့ အတူရှိနေသရွေ့ နင်က သူတို့အတွက် ငွေတွင်းကြီးဖြစ်နေမှာ။ ကိုယ့်ငွေတွင်းကိုယ် စွန့်ပစ်တဲ့သူ နင်တွေ့ဖူးလို့လား။”
ကွမ်းရှီး လန်နင်ယီးကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး သူ့မိဘတွေက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ငယ်ငယ်ကတည်းက အလိုလိုက်လာတာကို သူ့ကို ဘယ်လိုလုပ်ငွေတွင်းကြီးလို့ သဘောထားတာ ဖြစ်နိုင်မှာလဲလို့ ပြန်ပြောဖို့ပြင်လိုက်တယ်။
သူ ပါးစပ်ဟလိုက်တဲ့အချိန်မှာပဲ သမီးအရင်းကို ပြန်တွေ့ပြီလို့ ပြောတုန်းက သူ့အမေရဲ့မျက်နှာကို ပြန်မြင်ယောင်လာခဲ့မိတာကြောင့် သူပြန်ငြိမ်သွားခဲ့လေတယ်။
ငွေတွင်းကြီးက အနည်းဆုံးတော့ ပိုက်ဆံရအောင် လုပ်ပေးနိုင်ပါသေးတယ်လေ။
သူတို့နဲ့ သွေးသားလည်း မတော်စပ်ဘူး၊ သူ့မှာ ကျန်းဆွေကျိုးလည်း မရှိဘူးဆိုရင် ဘာအပူအပင်မှ မရှိဘဲနဲ့ ကွမ်းအိမ်တော်မှာ ခြေချနိုင်ပါ့မလား။ ကုမ္ပဏီမှာရော သူ့အတွက် နေရာရှိပါဦးမလား။ သမီးအရင်းက သူ့ကို သဘောမကျရင် မိဘတွေကရော သူ့ကို ဝိုင်းပယ်ထားကြမှာလား။
တစ်နေ့မှာ အဲ့ဒီကောင်မလေးကို သူက သနားစရာရုပ်လေးနဲ့ ဦးညွှတ်နေရမှာကို တွေးမိတာနဲ့ ကြက်သီးတွေပါ ထလာခဲ့လေရဲ့။
“နင်ဆိုလိုချင်တာက…” ကွမ်းရှီးက ဝိုင်နီကို သောက်လိုက်ကာ “အခု ငါက ကျန်းဆွေကျိုးနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ရမယ်။ ဟုတ်တယ်၊ သူနဲ့ အဆင်ပြေပြေနေရမယ်။ ငါ့မိဘတွေအမြင်မှာ ငါက အရမ်းအရေးပါပြီး ငါ့ကို စွန့်လွှတ်ရင် သူတို့ ဆုံးရှုံးမှုများလိမ့်မယ်လို့ ထင်အောင် လုပ်ရမယ်၊ အဲ့ဒီလိုလား။”
“အင်း။ စိတ်မပူပါနဲ့။ နင် အခု အရန်ဇာတ်ကောင်နေရာ ရောက်နေတယ်ဆိုပေမဲ့ ဒီအစ်မကြီးက နင့်ဘက်ကနေ နေပေးမှာ။”
ကွမ်းရှီးခမျာ သီးသွားကာ “ဘာကြီးရယ်။”
လန်နင်ယီး- “အရန်ဇာတ်ကောင်။ ဒီလိုအခြေအနေမျိုး ငါ ဝတ္ထုထဲမှာ အများကြီးတွေ့ဖူးတယ်။ သနားစရာကောင်းတဲ့ အဓိကဇာတ်ကောင် ပြန်ရောက်လာရင် အရန်က နည်းမျိုးစုံသုံးပြီး သူ့နေရာမြဲအောင် လုပ်တော့တာပဲ။ ဒါပေမဲ့ မပူပါနဲ့။ ဝတ္ထုထဲက အဆုံးသတ်မလှတဲ့ အရန်လို နင် အဆုံးမသတ်စေရဘူး။ စိတ်သာချ။”
စားပြီးတဲ့အခါ ကွမ်းရှီးက မျက်နှာ ဖြူဖပ်ဖြူရော်နဲ့ စားသောက်ဆိုင်ထဲက ထွက်လာခဲ့တယ်။ သူ ဝိုင်သောက်မိတာကြောင့် အခုတော့ ဒရိုင်ဘာခေါ်ရတော့မယ်။ ဒရိုင်ဘာခေါ်ဖို့ app ကို ဖွင့်လိုက်တုန်းမှာပဲ နောက်ကနေ သူ့နာမည်ခေါ်တဲ့အသံ ကြားလိုက်ရပါတယ်။
လှည့်ကြည့်လိုက်တဲ့အခါ လှေကားပေါ်က ဆင်းလာတဲ့ လူငယ်တွေအဖွဲ့လိုက်ရဲ့ ရှေ့ဆုံးမှာမှ သူ အရမ်းကို ရင်းနှီးနေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့ဦးလေးရဲ့ သားနဲ့သမီးဖြစ်တဲ့ ဝေ့ရှိုးယန်နဲ့ ဝေ့ဇီဟန်။
သူ ဝေ့ဇီဟန်ကို မနှစ်မြို့သလို ဟိုကလည်း သူ့အပေါ် အလားတူပါပဲ။ သူ့ကိုတွေ့တာနဲ့ ချက်ချင်း အပြင်ထွက်သွားလေရဲ့။
သူတို့နှစ်ယောက်က ငယ်ငယ်တည်းက မတည့်ကြတာ ဖြစ်ပြီး ကြီးလာတာနဲ့အမျှ ပိုပိုဆိုးလာကာ အခုဆို တစ်ယောက်နဲ့တစ်ယောက် မုန်းတဲ့အဆင့်ပါ ရောက်နေပြီပဲဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဝေ့ရှိုးယန်ကတော့ သူနဲ့တည့်ပါတယ်။ တစ်ခါတလေ သူတွေးမိတယ်။ တစ်မအေတည်းက ထွက်လာတဲ့ မောင်နှမတွေ အကျင့်စရိုက်က ဘာလို့ အဲ့ဒီလောက်ကွာရတာလဲပေါ့။
ခုန သူ့ကိုခေါ်လိုက်တာ ဝေ့ရှိုးယန်ဖြစ်ပြီး အခုလည်း သူ့ဆီ လျှောက်လာကာ “နင် ဒီနေ့လည်း ဒီမှာလာစားတာလား။”
ကွမ်းရှီးက သူ့ဖုန်းကို ငုံ့ကြည့်နေကာ “အင်း” လို့ပဲ အသံပြုလိုက်ပါတယ်။
ဝေ့ရှိုးယန်ကလည်း သူ့ဖုန်းကို ကြည့်လာပြီး “ဒရိုင်ဘာခေါ်နေတာ။ သောက်ထားတာလား။”
“အင်း။”
“ခေါ်မနေနဲ့တော့။ ငါပြန်လိုက်ပို့ပေးမယ်။”
ကွမ်းရှီးလည်း ခပ်ဝေးဝေးရောက်နေပြီဖြစ်တဲ့ ဝေ့ဇီဟန်ကို လှမ်းကြည့်လိုက်ကာ “နင့်အစ်မကို ပြန်ပို့ပေးရဦးမှာ မဟုတ်ဘူးလား။”
“ရတယ်။ သူက သူ့ကားနဲ့ သူလာတာ။” ဝေ့ရှိုးယန်က သူ့ကို တစ်ချက်ကြည့်လိုက်ကာ “နောက်ပြီး နင်လည်း ငါ့အစ်မပဲ မဟုတ်ဘူးလား။”
ကွမ်းရှီးရဲ့ဖုန်းကို ကိုင်ထားတဲ့လက်တွေ တုံ့သွားခဲ့တယ်။ သူ အရင်တုန်းက ဘာမှမခံစားရဘူးဆိုပေမဲ့ အခုတော့ ဒီမောင်လေးက သူနဲ့ သွေးသားမတော်စပ်ဘူးဆိုတာ တွေးမိတော့ နည်းနည်းလေးတော့ စိတ်မကောင်းဖြစ်မိသားပဲ။
**
ဝေ့ရှိုးယန်ကားထဲ ဝင်ပြီးတဲ့နောက်မှာတော့ ကွမ်းရှီးက “ကျားလင်ကျင်းယွမ်ကို သွား။”
ဝေ့ရှိုးယန်က လုံခြုံရေးခါးပတ် ပတ်နေရင်းနဲ့ “ကျန်းဆွေကျိုးကို သွားတွေ့မလို့လား။”
ကွမ်းရှီး- “သူ ဒီနေ့ အိမ်မှာမရှိဘူး။”
“အဲ့ဒါဆို သူ့အိမ် ဘာသွားလုပ်မှာလဲ။ နင့်အိမ် မပြန်ဘူးလား။”
ကွမ်းရှီးက ခေါင်းကို လက်နဲ့ထောက်ကာ ရှေ့ကိုကြည့်နေရင်းနဲ့ “နင်ကလည်း လျှာရှည်လိုက်တာ။”
ဝေ့ရှိုးယန် မျက်မှောင်ကြုတ်ပြီး သူ့ကို ကြည့်လိုက်မိတယ်။
ကွမ်းရှီးက သောက်တာ များသွားပြီး နည်းနည်းမူးနေတယ်ထင်ပါရဲ့။ သူ့မျက်ဝန်းတွေက ရီဝေဝေဖြစ်နေခဲ့တယ်။ အခု သူဟာ ပျင်းရိစွာနဲ့ ခေါင်းကိုလက်ပေါ်မှီထားကာ ထောက်ထားတဲ့လက်ရဲ့ အင်္ကျီစကလျှောကျနေပြီး သူ့ရဲ့သွယ်လျတဲ့လက်က ကားရဲ့မီးရောင်ထဲမှာတောင် ဖြူဖွေးနေလေရဲ့။
ဝေ့ရှိုးယန်က သူ့အကြည့်တွေကို လမ်းပေါ်ပြန်ပို့လိုက်ပြီး ကားစက်နှိုးကာ
“နင်ဘာလို့ သူနဲ့ လမ်းမခွဲသေးတာလဲ။”
ကွမ်းရှီး- “ငါက ဘာလို့ သူနဲ့ လမ်းခွဲရမှာလဲ။”
“နင်တို့ တွဲနေတာ ကြာလှပြီလေ။ သူက နင့်ကိုတကယ်ပဲ အဲ့ဒီလောက်သဘောကျတယ်ပေါ့။”
ကွမ်းရှီးက ဝေ့ရှိုးယန်ကို မျက်စောင်းထိုးလိုက်ကာ “ဝေ့ရှိုးယန်၊ ငါအခု နင့်ကို ရိုက်ပစ်မှာဆို၊ ယုံလား။”
ဝေ့ရှိုးယန်- “ငါက အမှန်အတိုင်း ပြောတာပဲကို။ နင်က အန်ကယ်နဲ့ အန်တီရဲ့ တစ်ဦးတည်းသောသမီးဥစ္စာ။ နင်သာ သူနဲ့ တကယ်လက်မထပ်ချင်ဘူးဆိုရင် သူတို့က နင့်ကို အတင်းဖိအားပေးမှာမှ မဟုတ်တာ။စီးပွားရေးကြောင့်နဲ့ နင် ကျန်းဆွေကျိုးကို ယူစရာမလိုပါဘူး။”
ကွမ်းရှီးလက်တွေ တုန်ယင်သွားခဲ့တယ်။
တစ်ဦးတည်းသောသမီးတဲ့…
အခုဟုတ်မှ မဟုတ်တော့တာ။
“နင် ငါပြောတာ နားရောထောင်နေရဲ့လား။”
ကွမ်းရှီးက စိတ်မရှည်တော့တဲ့ပုံနဲ့ “နင် ဘာသိလို့လဲ။”
သူက အခု ကျန်းဆွေကျိုးမရှိဘဲနဲ့ အသက်မရှင်နိုင်တော့ဘူးလေ။
စစ်တပ်တစ်တပ်တည်ဆောက်ဖို့ နှစ်ပေါင်းထောင်ချီပြီး ကြာပေမဲ့ သုံးဖို့ကတော့ ခဏလေးပဲကြာတယ်တဲ့။ အခုက ကျန်းဆွေကျိုးကို အသုံးချဖို့အချိန်ပဲ။
ဘာလမ်းခွဲရမှာလဲ။ ကမ္ဘာပျက်ရင်တောင် သူကကမ္ဘာအသစ်ကို ကျန်းဆွေကျိုးနဲ့လက်တွဲပြီး သွားမှာ။
နောက်တော့ ဝေ့ရှိုးယန်တစ်ယောက် သူဟောက်တာခံရပြီး ပြန်သွားပါတော့တယ်။ ဒါပေမဲ့လည်း ဝေ့ရှိုးယန် အမြဲဒီလိုပဲ အဟောက်ခံရနေကျဆိုတော့ ရိုးနေပါပြီ။
တကယ်တော့ ဒီဝမ်းကွဲမောင်လေးက သူနဲ့ အသက်တူတူပါပဲ။ လပိုင်းလေးပဲ ငယ်တာနဲ့ သူ့ခမျာ သူ(မ) အနိုင်ကျင့်သမျှ ခံနေရတာပါ။ သူတို့က အထက်တန်းတုန်းက အတန်းဖော်တွေဖြစ်ပြီး အချိန်အတော်ကြာ ဝေ့ရှိုးယန်က ကျန်းဆွေကျိုးကို ကြည့်မရပါဘူး။ အဲ့ဒါကလည်း သူ့ကြောင့် တစ်စိတ်တစ်ပိုင်းပါတယ်လို့ ပြောလို့ရပါတယ်။
ဘာလို့လဲဆို သူက အမြဲပဲ ကျန်းဆွေကျိုး မကောင်းကြောင်းတွေကို ဝေ့ရှိုးယန်ရှေ့မှာ ခဏခဏပြောတာကိုး။ ငယ်ငယ်ကတည်းက သူပြောတာတွေ နားထောင်ပါများပြီး နားယောင်သွားတာပေါ့လေ။ ဒါပေမဲ့ ဝေ့ရှိုးယန် ကျန်းဆွေကျိုးကို သေလောက်အောင် အမြင်ကတ်တဲ့အဆင့်လည်းရောက်ရော သူက ကျန်းဆွေကျိုးနဲ့ ကောက်တွဲဖြစ်သွားပါလေရော။
အဲ့ဒီတော့ ဒီကိစ္စကို ထပ်အစမဖော်တော့တာ အကောင်းဆုံးပဲ။
**
နောက်နေ့ ကွမ်းရှီး စောစောနိုးလာခဲ့တယ်။
တစ်ညလုံး စဉ်းစားပြီးတဲ့နောက်မှာတော့ ကျန်းဆွေကျိုးကို လက်ဆောင်ပေးပြီး အငြင်းခံရတဲ့ အမှတ်တရဆိုးကြီးကို မေ့ပစ်ရမယ်။ ကြယ်ငါးပွင့်အဆင့် ကောင်မလေးဖြစ်ပေးပြီး သူ့ကို အားကိုးသင့်တဲ့အချိန် အားကိုး၊ သူအလုပ်ခရီးက ပြန်လာတဲ့အခါ စပရိုက်လေးပြင်ပေး၊ လက်ဆောင်လေးပေး ဘာညာလုပ်ပေးရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါဆို လွန်ခဲ့တဲ့သုံးနှစ်အတွင်း တိုးတက်မှုမရှိတဲ့ သူတို့ဆက်ဆံရေး ပိုပြီးလေးနက်လာလောက်တယ်မလား။
ဖြစ်နိုင်မယ်ဆိုရင် ကျန်းဆွေကျိုးကို တစ်ခါတည်း သူ့မိသားစုအိမ်ပြန်၊ အိမ်ထောင်စုစာရင်းယူပြီး သူနဲ့ တစ်ခါတည်း တရားရုံးကို သွားစေချင်တာ။
ဒါပေါ့၊ အဲ့ဒီလိုဖြစ်ဖို့က… မဖြစ်နိုင်သလောက်ပဲဆိုတော့ သူ့အနေနဲ့ အရမ်းကြီးလည်း မျှော်လင့်မထားပါဘူး။
ကျန်းဆွေကျိုး လေယာဉ်က ၆နာရီဆိုက်မှာဆိုတော့ အိမ်ကို ၇နာရီလောက် ပြန်ရောက်လောက်တယ်။
အဲ့ဒီမတိုင်ခင် ကွမ်းရှီးက လူတွေခေါ်ပြီး ဧည့်ခန်းဆီလျှောက်လမ်းနဲ့ ဧည့်ခန်းကို ပန်းပွင့်ပွင့်ဖတ်တွေ၊ပူဖောင်းတွေ၊ ဖယောင်းတိုင်တွေနဲ့ ‘အလှဆင်’လိုက်ပါတယ်။
အဲ့ဒီအပြင် လှလှပပလုပ်ထားတဲ့ လက်ဆောင်၂၈ခုတောင် ပြင်ဆင်ပြီး ကော်ဖီစားပွဲဘေးမှာ ပုံထားလိုက်တာ တောင်ပို့လေးလောက် မြင့်သွားပါတော့တယ်။
၆နာရီခွဲမှာ သူခေါ်ထားတဲ့သူတွေ ပြန်သွားပြီး ကွမ်းရှီးက ဝိုင်တစ်ခွက်ငှဲ့ကာ ဆိုဖာပေါ်ထိုင်ရင်း ဘေးဘီကိုကြည့်လိုက်တဲ့အခါ သူပြင်ဆင်ထားတာတွေမြင်ပြီး သူ့ဘာသာသူ ရင်ခုန်သွားမိပါတော့တယ်။
ဝိုး ဝိုး ဝိုး၊ သူက ဘယ်လောက်တောင်ကောင်းတဲ့ ကောင်မလေးလဲ။ သူသာ ယောက်ျားလေးဆိုရင် သူ့ဘာသာသူ ပြန်ယူမိမှာပဲ။
ကျန်းဆွေကျိုး လေယာဉ်ပေါ် မတက်ခင်ကတည်းက သူတစ်ခါတည်း အိမ်ပြန်လာအောင် ကွမ်းရှီးက အိမ်မှာစောင့်နေမယ့်အကြောင်း ပြောထားခဲ့တာ။ ၇နာရီ ၁၀မိနစ်မှာ တံခါးဖွင့်တဲ့အသံ ကြားလိုက်ရပါတော့တယ်။
သူလည်း ဝိုင်ခွက်ကို မြန်မြန်ချပြီး မတ်တတ်ထရပ်လိုက်တယ်။
ဖုန်းတစ်ဖက်နဲ့ တံခါးလျှို့ဝှက်နံပါတ်ကို နှိပ်နေတဲ့ ကျန်းဆွေကျိုးက တံခါးပွင့်သွားတဲ့အခါ အခုလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ ထင်မထားခဲ့မိပါဘူး။
အဝင်ဝကနေ ဧည့်ခန်းဆီထိ ကြဲချထားတဲ့ ကြမ်းပေါ်က ပွင့်ဖတ်တွေ၊ တစ်ဖက်တစ်ချက်မှာ ဖယောင်းတိုင်တွေနဲ့ လျှောက်လမ်းအဆုံးမှာ ပူဖောင်းတွေရယ် လက်ဆောင်ပုံကြီးရယ်နဲ့အတူ သူ့ကို နူးညံ့စွာပြုံးပြနေတဲ့ ကွမ်းရှီး။
ကျန်းဆွေကျိုးအကြည့်တွေ ရပ်တန့်သွားပြီး ဖုန်းထဲကလူကို “မနက်ဖြန် ကုမ္ပဏီရောက်မှ ဆက်ပြောမယ်”လို့ ပြောပြီး ဖုန်းချလိုက်ပါတယ်။
မြင်နေရတဲ့မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်ပြီး အဲ့ဒီနေရာမှာပဲ မလှုပ်မယှက်နဲ့ ၂စက္ကန့်လောက် ရပ်နေပြီးမှ “မင်း-”
“အံ့ဩသွားလား၊ အံ့ဩသွားတယ်မလား။” နွေဦးလေပြည်လိုမျိုးပဲ ညင်သာနေတဲ့ ကွမ်းရှီးက “ဒီနေ့ သဲတို့ နှစ်ပတ်လည်လေ။ ကိုကပဲ သဲကို လက်ဆောင်တွေပေးနေတာဆိုတော့ သဲကလည်း သဲချစ်ခြင်းကို ဖော်ပြတဲ့အနေနဲ့ တစ်ခုခုတော့ ပြန်လုပ်ပေးသင့်တာပေါ့၊ မဟုတ်ဘူးလား…”
ကျန်းဆွေကျိုးက တွေးတွေးဆဆဖြစ်သွားကာ “ဘာနှစ်ပတ်လည်လဲ။”
ကွမ်းရှီးက သူ့လက်တွေချိုးကာ နှစ်ခါလောက် ရေပြီးတော့မှ “ဒီနေ့က သဲတို့ French Kiss နမ်းတာ ရက်ပေါင်း ၈၈၀ ပြည့်တဲ့နေ့လေ။ မမှတ်မိဘူးလား။”
“…”
တကယ့်ကို မှတ်ထားစရာကောင်းတဲ့ နှစ်ပတ်လည်နေ့ပဲ။
“မမှတ်မိလည်း ဘာမှမဖြစ်ဘူး။ စိတ်ရင်းကပဲ အရေးကြီးတာ။” ကွမ်းရှီးက ကြို့ထိုးလိုက်ပြီး အူကြောင်ကြောင်ဖြစ်နေတဲ့ ကျန်းဆွေကျိုးကို လျစ်လျူရှုကာ ပျားရည်ဆမ်းထားသလို ချိုသာတဲ့အပြုံးမျိုးနဲ့ “ကျန်းဆွေကျိုး၊ ကို့ကို အရမ်းချစ်တယ်၊ ချစ်လွန်းလို့ ကိုမရှိရင် အသက်မရှင်နိုင်လောက်တဲ့အထိပဲ။”
နည်းနည်းသောက်ပြီး ဒီလောက်ထိမူးနေပြီ။
ကျန်းဆွေကျိုး မျက်ခုံးတွန့်လိုက်ပြီး ပြုံးရိပ်သမ်းနေတဲ့ မျက်ဝန်းတွေနဲ့ ကွမ်းရှီးကိုကြည့်ကာ “ကွမ်းရှီး၊ ဒီတစ်ခါရော… ဘယ် limited edition အိတ်ကို မျက်စိကျနေပြန်ပြီလဲ။”
*****
Storyglory Swara Webnovel Translations