Chapter 4
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း – ၄
ကွမ်းရှီး ကျန်းဆွေကျိုးကို ချစ်တယ်လို့ပြောဖူးတာ အခုက ပထမဆုံးတော့လည်း မဟုတ်ပါဘူး။
ပထမဆုံးအကြိမ်က သူ့ကုမ္ပဏီရဲ့ ခရီးသွားပရောဂျက်တစ်ခုကို ကျန်းဆွေကျိုးတို့ “Utour Travel” မှာ အကြီးအကျယ် ကြော်ငြာပေးဖို့ လိုတုန်းက။
ဒုတိယတစ်ခါက သူကြိုက်တဲ့တံဆိပ်တစ်ခုက super limited edition ပစ္စည်းထုတ်လို့ ကျန်းဆွေကျိုးကို အဲ့ဒီတံဆိပ်ကလူတွေနဲ့ ရင်းနှီးအောင် လုပ်ခိုင်းတုန်းက။ ဒါပေါ့၊ ရင်းနှီးမှုထက် အရေးကြီးတာက ပိုက်ဆံပဲပေါ့။
အင်း၊ တတိယအကြိမ်ကကျတော့ သူ မူးရူးပြီး ကျန်းဆွေကျိုးကို လက်သည်းနီ မရမက ဆိုးပေးဖို့ လုပ်တုန်းက။
စတုတ္ထအကြိမ်မှာကျတော့ သူ ကားတစ်စီးကို မျက်စိကျသွားပေမဲ့ သူ့အဖေက အန္တရာယ်များတယ်ဆိုပြီး ဝယ်မပေးလို့ ကျန်းဆွေကျိုးကို ပူဆာရတုန်းက။ ပဉ္စမအကြိမ်… အကျဉ်းချုပ်ပြောရရင်တော့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပေါ့။ သူ စိတ်ကောင်းဝင်နေရင် ဒါမှမဟုတ် တစ်ခုခုပူဆာချင်ရင် ချစ်တယ်လို့ ပြောလိုက်တာပဲ။
ဒါပေမဲ့လို့ ဒီနေ့လို ပြင်ဆင်ပြီးပြောတာကတော့ ဘုရားစူး ဒါပထမဆုံးအကြိမ်ပါ။
ကျန်းဆွေကျိုးဘက်ကတော့ ကွမ်းရှီး ဒီလိုတွေ လုပ်နေမဲ့အစား ပုံမှန်လိုနေတာကမှ တော်သေးတယ်လို့ တွေးနေမိလေရဲ့။ ခဏနေ လိမ္မာချင်ယောင်ဆောင်၊ လိုချင်တာရသွားပြီဆို သူ့ကို လှည့်ကိုမကြည့်တော့ဘဲ ပစ်ထားသွားရော။
အခုလိုတွေလုပ်ရင် တကယ် မျက်စိထဲ ကန့်လန့်ကန့်လန့်နဲ့။
“အကန့်အသတ်ထုတ် အိတ်ဟုတ်လား။ ကိုကလည်း ဘာတွေပြောနေတာလဲ။” ကွမ်းရှီးက သူ့ကိုဆွဲခေါ်ကာ “ဒီမှာ လာကြည့်ပါဦး။ ကို့အတွက် လက်ဆောင်တွေ အများကြီးပြင်ပေးထားတယ်။”
အခု အိမ်ထဲမှာဆိုပေမဲ့လည်း ကွမ်းရှီးက ပွဲတက်ဂါဝန်လို အနက်ရောင်ဂါဝန်လေး ဝတ်ထားခဲ့တယ်။ ဒေါက်ဖိနပ်လည်း စီးထားတာကြောင့် လမ်းလျှောက်လိုက်ရင် အသံတွေ ထွက်နေတော့တာပေါ့။
ကျန်းဆွေကျိုးက သူ့ဂါဝန်နောက်ကျောကို ကြည့်လိုက်ပြီး အဲ့ဒီတော့မှပဲ မျက်စိ နည်းနည်း သက်သာသွားသလို ခံစားလိုက်ရကာ ကွမ်းရှီးဆွဲရာ ပါသွားပြီး ဆိုဖာပေါ် ထိုင်လိုက်ပါတယ်။
“ဘာလို့ ၂၈ခု ဖြစ်နေတာလဲ သိလား။” ကွမ်းရှီးက စိတ်အားတက်ကြွစွာ မေးလာတဲ့အခါ ကျန်းဆွေကျိုးကလည်း အလိုက်သင့်ပဲ ပြန်မေးပေးလိုက်တယ်။ “ဘာလို့လဲ။”
“ဘာလို့လဲဆိုတော့ ကိုက ဒီနှစ်ဆို ၂၈နှစ်ပြည့်ပြီလေ။ လက်ဆောင်တစ်ခုချင်းစီက အရင်မွေးနေ့တွေအတွက် ကိုယ်စားပြုတာ။ အရင်တုန်းက သဲကိုယ်တိုင် ဝင်ပြီးကျင်းပမပေးနိုင်ခဲ့တာ နှမြောစရာအရမ်းကောင်းတာပဲ။ အဲ့ဒါကြောင့် အခုအစားပြန်လုပ်ပေးချင်လို့။”
အခေါ်အဝေါ်တွေရော၊ စကားလုံးလှလှလေးတွေရော သုံးထားတာ။
ကွမ်းရှီးဟာ သူ့ဘာသာသူ သဘောကျစရာကောင်းလိုက်တဲ့ ကောင်မလေးလို့ တွေးနေမိပြန်ပါတယ်။
ကျန်းဆွေကျိုးက ကွမ်းရှီးကို တစ်ချက်ကြည့်ကာ အနီးဆုံးဘူးတစ်ဘူးကို ယူလိုက်တယ်။
“12” လို့ရေးထားတော့ သူ့ရဲ့ ၁၂နှစ်မြောက် မွေးနေ့အတွက်ပေါ့။
“မင်းကြည့်ရတာ မှတ်ဉာဏ်ကောင်းပုံ မပေါ်ဘူး။ ၁၂နှစ်ပြည့်မွေးနေ့ပွဲကို မင်းလာတယ်လေ။”
ကွမ်းရှီး အပြုံးကြီး တောင့်သွားကာ “အာ ဟုတ်လား။”
“အင်း၊ ဟုတ်တယ်။ ကိုယ့်မွေးနေ့ကိတ်တောင် မင်းဝင်တိုက်လို့ ပျက်စီးသွားသေးတယ်။”
“…”
ကျန်းဆွေကျိုးက “15”လို့ ရေးထားတဲ့ နောက်ထပ်ဘူးတစ်ဘူးကို ယူလိုက်ကာ “ဒီပွဲလည်း မင်းလာတယ်။ လာရုံတင် ဘယ်ကမလဲ။ ကိုယ့်ကို ပင့်ကူအသေတွေပေးပြီး ရုပ်ကြွင်းနမူနာတွေပါလို့က ပြောသေးတာလေ။”
“…”
“18”ဆိုတဲ့ ဘူးကိုယူကာ “ဒီနှစ်လည်း လာတယ်။ စားသောက်ပြီး ပြန်သွားတာလေ။ ပြန်တော့လည်း ကိုယ် အသက်ပြည့်လို့ ပထမဆုံးရတဲ့ကားကို ခြစ်သွားသေးတယ်။ ဪ ပြီးတော့ ပိုက်ဆံလည်း လျော်မသွားဘူး။”
“…”
နောက်တစ်ဘူးယူကာ “ပြီးတော့ ဒီနှစ်…….”
“တော် တော်။”
ကျန်းဆွေကျိုး ကွမ်းရှီးဘက် လှည့်လာတဲ့အခါ မနည်းပြုံးနေရပြီး အံတွေပါကြိတ်နေတဲ့ ကွမ်းရှီးကို တွေ့လိုက်ရပါတယ်။ “ကိုက တော်တော်လေးကို… နက်နက်ရှိုင်းရှိုင်းကြီးကို… မှတ်မိနေတာပဲနော်။”
ကျန်းဆွေကျိုးက ပြုံးလိုက်ကာ “ဒီလိုပါပဲ။ မှတ်ဉာဏ်ကောင်းတယ်ပဲ ဆိုပါတော့။”
ကွမ်းရှီး မျက်ဖြူလှန်ပြလိုက်ချင်မိတယ်။
သူ ဘာစကားမှ မပြောဘဲနေနေတဲ့အခါ ခေါင်းငုံ့ပြီး လက်ဆောင်ဘူးဖောက်နေတဲ့ ကျန်းဆွေကျိုးက “ကွမ်းရှီး၊ ပြောစရာရှိရင် ဒီအတိုင်းပဲ ပြော။”
စိတ်ထိန်း၊ စိတ်ထိန်း၊ စိတ်ကိုလျှော့။
ကျန်းဆွေကျိုးက ကျန်းဆွေကျိုးပဲ။ ဘာလုပ်ပေးပေး စိတ်လှုပ်ရှားသွားတယ်လို့ကို မရှိဘူး။
“ဘာရှိရမှာလဲ။ မရှိပါဘူး။”
၂၂နှစ်ပြည့်အတွက် လက်ဆောင်ဘူးကို ဖွင့်တဲ့အခါ အထဲမှာ “J”လို့ ထွင်းထားတဲ့ ဘောပင်တစ်ချောင်း ဖြစ်နေခဲ့တယ်။ (Jiang-ကျန်း အတွက် Jပါ။) ကျန်းဆွေကျိုး ယူကြည့်ပေမဲ့ သူ့မျက်နှာပေါ်မှာ အံ့ဩသွားတဲ့ပုံရော၊ ပျော်သွားတဲ့ပုံရော မပေါ်ပါဘူး။ မျက်နှာအမူအရာက ဒီအတိုင်း သာမန်လက်ဆောင်တစ်ခုကို ရလိုက်သလိုပါပဲ။
“အဲ့ဒါဆို ဘာလို့တက်ကြွပျော်ရွှင်နေတာလဲ။” သူက မေးလာခဲ့တယ်။
“ကို ပြန်လာလို့ ပျော်တာလေ။”
ကျန်းဆွေကျိုးလက်တွေ တုံ့သွားကာ “တစ်ရက်လောက်မတွေ့တာ စကားတွေ တတ်လာတာပဲ။”
“ကိုက ဘာနားလည်လို့လဲ။ ဒါက အချစ်စစ်လို့ ခေါ်တယ်။”
ကျန်းဆွေကျိုးက ဘောပင်ကို ချထားလိုက်ကာ “ကိုယ် ပြန်လာလို့ ဝမ်းသာတယ်ဆိုလည်း ဒီတိုင်း ဝမ်းသာရင်ရပြီ။ ဒီလိုလျှောက်လုပ်စရာမလိုဘူး။”
“ဘယ်မှာ လျှောက်လုပ်လို့လဲ။ ဒီနေရာကို ပြင်ဆင်ဖို့ သဲ ဘယ်လောက်တောင် ကြိုးစားထားလဲ သိလို့လား။” ခုနကမှ သူ့ကိုကူပေးပြီး ပြန်သွားတဲ့လူတွေကို မြူမှုန်တွေလို သဘောထားပြီး ပြောပစ်လိုက်တယ်။
ဒါပေါ့။ ဒါတွေအကုန်လုံးကို ကွမ်းရှီးကိုယ်တိုင် လုပ်ထားတယ်ဆိုတာ ကျန်းဆွေကျိုးက ဘယ်ယုံပါ့မလဲ။ ဒါပေမဲ့လည်း ပြန်မပြောရဲတာကြောင့် သူ့နက်ခ်တိုင်ကို ဖြည်လိုက်ကာ “အင်းပါ။ ရေသွားချိုးတော့မယ်။”
“လက်ဆောင်တွေ ဆက်မဖွင့်တော့ဘူးလား။”
“မင်း ဖောက်ထားပေး။ ခဏနေ လာကြည့်မယ်လေ။”
ကွမ်းရှီး-“…….”
ထွက်သွားတဲ့ ကျန်းဆွေကျိုးရဲ့နောက်ကျောကို ကြည့်လိုက်၊ သူ တစ်နေကုန်ပြင်ထားရတဲ့ လက်ဆောင်ပုံကြီးကို ကြည့်လိုက်နဲ့ ကွမ်းရှီး ဒေါသတွေ အလိပ်လိပ်တက်လာလေရဲ့။
အလုပ်ခရီးလေး သွားလိုက်တာ လက်ပြတ်လာလို့လား။ ကူတောင် ဖောက်ပေးရဦးမယ်တဲ့။
ဒီလူကတော့ တော်တော်ကို အမြင်ကတ်အောင် လုပ်တတ်တာပဲ။
ကွမ်းရှီး ၂မိနစ်လောက် ဒေါသထွက်ပြီးတဲ့အခါမှာတော့ စိတ်ကိုလျှော့ကာ လန်နင်ယီးဆီ ဖုန်းဆက်လိုက်တယ်။
ကွမ်းရှီးဆီက ဖုန်းဝင်လာတဲ့အခါ လန်နင်ယီးက နည်းနည်းအံ့ဩသွားပြီး “ဘယ်လိုလဲ၊ အခြေအနေ။ ကျန်းဆွေကျိုး ပြန်မလာသေးဘူးလား။”
“လာပေါ့။”
“ဒါတောင် ငါ့ကို ဖုန်းဆက်ဖို့ အချိန်ရှိသေးတယ်ပေါ့။”
ကွမ်းရှီး အသံကို နှိမ့်လိုက်ကာ “အဲ့ဒီအကြောင်း စဉ်းစားတိုင်း ဒေါသထွက်တယ်။ အစ်မတော်ရေ၊ ကျွန်မလေ ဒီမှာ ဒီလောက်အချိန်ကုန်ခံပြီး ပြင်ပေးထားတဲ့ဟာကို။ သူ စိတ်လှုပ်ရှားမသွားရင်လည်း နေပါတော့။ အခုဟာက လက်ဆောင်တွေကို တစ်ခုပဲ ဖွင့်ကြည့်သွားတယ်။ စိတ်တိုလို့ သေတော့မှာပဲ၊ သိလား။”
လန်နင်ယီး-“အို… အဲ့ဒါဆို အရမ်းကို ရုပ်ဝတ္ထုဆန်သွားလို့ ငါတို့ဥက္ကဋ္ဌကျန်းကို မဆွဲဆောင်နိုင်တာထင်တယ်။”
“ငါသူ့ကို ချစ်တယ်လို့တောင် ပြောလိုက်ပါတယ်ဟယ်။”
“အဲ့ဒီတော့…”
ကွမ်းရှီးက ထူးမခြားနားတဲ့မျက်နှာနဲ့ “ငါ့ကို ဘာအိတ်လိုချင်တာလဲတဲ့။”
“ဖွတ် ဟားဟား-” လန်နင်ယီး နှစ်ခါလောက်ရယ်ပြီးခါမှ ဒီအချိန်က သူ ရယ်နေသင့်တဲ့အချိန် မဟုတ်မှန်းသိသွားကာ ချက်ချင်းပြန်ထိန်းလိုက်ပြီး “အေးပါ၊ အေးပါ။ စိတ်ပျက်မနေနဲ့။ ဆက်ကြိုးစားလိုက်ဦး။”
“ဘယ်သူက စိတ်ပျက်နေလို့လဲ။ စိတ်ပျက်နေလို့ ဘာမှမှမရတာ။ ငါက စိတ်တိုနေတာ။”
ကွမ်းရှီးက တခြားနေရာမှာသာ မတော်ရင်မတော်မယ်။ ခေါင်းမာပြီး ဇွဲရှိတဲ့နေရာမှာတော့ သူက နံပါတ်တစ်ပဲ။ မလုပ်ရင် မလုပ်ဘူး၊ လုပ်ရင်လည်း အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့လူစားမျိုး။ အခုလည်း သူက ကြယ်ငါးပွင့်အဆင့် ချစ်သူကောင်မလေးဖြစ်ဖို့ စိတ်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဖြစ်အောင်ကို လုပ်ဦးမှာ။
နောက်ပြီး ‘ကျန်းဆွေကျိုးကို စိတ်ဆိုးတာ’နဲ့ ‘မိဘတွေနဲ့ အမွေ’ ဘယ်ဟာပိုအရေးကြီးသလဲဆိုရင် သေချာပေါက် နောက်ကဟာက အရေးကြီးတာပေါ့။
လန်နင်ယီး-“နောက်ပြီး နင် စဉ်းစားကြည့်ကြည့်၊ သူ့မှာ ဘာဝါသနာရှိသေးလဲ။ အနာနဲ့ဆေး တည့်အောင်ပေးရမှာ၊ နားလည်လား။ သူနင့်ကို ချစ်လွန်းလို့ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် နင်နဲ့ လမ်းခွဲမပေးမဲ့ အနေအထားအထိ ရောက်အောင်လုပ်။”
“ဝါသနာလား။” ကျန်းဆွေကျိုး သူနဲ့ တူတူရှိတဲ့အချိန်တွေမှာ ဘာတွေအလုပ်များလဲ။
ဘယ်လောက်ပဲစဉ်းစားစဉ်းစား သူ့ခေါင်းထဲကို ဟိုကိစ္စတွေပဲ ရောက်လာခဲ့တယ်။
“…”
အင်း…အဲ့ဒါလည်း ဝါသနာလို့တော့ သတ်မှတ်လို့ ရလောက်တယ်မလား။
ကွမ်းရှီးလည်း ဖုန်းချလိုက်ပြီး ဖယောင်းတိုင်တွေငြှိမ်းကာ အိပ်ခန်းထဲကို ဝင်သွားလိုက်တယ်။
ကျန်းဆွေကျိုးက ရေချိုးခန်းထဲမှာ ရေချိုးနေတုန်းဖြစ်ကာ သူရေချိုးရင် ဘယ်တော့မှ တံခါးလော့မချမှန်း သိတာကြောင့် ကွမ်းရှီးက ရေချိုးခန်းတံခါးကို တိုက်ရိုက်ပဲ ဖွင့်ပစ်လိုက်တယ်။
ရေချိုးခန်းထဲမှာ ရေငွေ့တွေအပြည့်နဲ့ဖြစ်ကာ မှန်ချပ်နောက်ကလူက လှည့်ကြည့်လာခဲ့ပေမဲ့ သူ့မြင်ကွင်းက ရေငွေ့ရိုက်နေတဲ့မှန်ချပ်ကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။
ကွမ်းရှီး လျှောက်သွားလိုက်ကာ မှန်တံခါးကိုဖွင့်ပြီး ဒေါက်မြင့်ဖိနပ်စီးထားလျက်နဲ့ အပြင်မှာပဲ ရပ်နေလိုက်တယ်။
ရေပန်းမှ ရေတွေကျနေဆဲဖြစ်ကာ သူ့ကို ကြည့်လာတဲ့ ကျန်းဆွေကျိုးရဲ့မျက်ဝန်းတွေက အရောင်ပြောင်းသွားလေရဲ့။
ကွမ်းရှီးက သူ့ကို အထက်အောက်ကြည့်ပြီး အဓိပ္ပာယ်ရှိရှိနဲ့ ပြောလိုက်တယ်။
“ကို အခုတလာ လေ့ကျင့်ခန်းတွေ လုပ်နေတာလား။ ပိုတောင့်လာသလိုပဲနော်။”
ဒီလူက အကျင့်မကောင်းဘူးဆိုပေမဲ့ ခန္ဓာကိုယ်အချိုးအစားကတော့ တကယ်မိုက်တယ်။
ကွမ်းရှီး သက်ပြင်းချလိုက်ပြီး ခေါင်းပြန်မော့လာတဲ့အခါမှာတော့ အသံသေးသေးလေးနဲ့ မေးလိုက်ပါတယ်။ “တူတူချိုးလို့ အဆင်ပြေတယ်မလား။”
ကျန်းဆွေကျိုးရဲ့ အကြည့်တွေ နက်မှောင်သွားကာ “မင်း ဒီနေ့ ပြဿနာရှာချင်နေတာလား။”
“ဘာလဲ။ အဆင်မပြေဘူးလား။” ကွမ်းရှီးက လက်ကို ပြန်ရုပ်လိုက်ကာ နောက်ကိုလည်း နည်းနည်းဆုတ်လိုက်ပြီး “အဲ့ဒါဆိုလည်း ခဏနေမှ လာတော့မယ်။”
သူ့ခေါင်းကို လှည့်လိုက်တုန်းရှိသေးတယ်၊ လက်ကို အဆွဲခံလိုက်ရပါတယ်။
သူ့အစီအစဉ် အောင်မြင်သွားတာကြောင့် ကွမ်းရှီး တိတ်တိတ်လေးပြုံးလိုက်တယ်။
ရေချိုးခန်းထဲက အပူချိန်က မြင့်နေတဲ့အပြင် ရေငွေ့တွေလည်း မပျောက်သေးတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါဘူး။
တစ်ဝက်လောက်ရောက်တဲ့အခါမှာ ကွမ်းရှီးက မေးလိုက်တယ်။ “…ကျန်းဆွေကျိုး… အင်း… လက်ထပ်မလား။”
“ဘာရယ်။” ရုတ်တရက် ရပ်သွားခဲ့တယ်။
“လင်ဖန်းပြောတာ… အိမ်ထောင်သည်ဘဝကလည်း သိပ်မဆိုးပါဘူးတဲ့။”
“မင်း ကလေးလိုချင်လို့လား။”
ကွမ်းရှီးက တုံ့သွားကာ ခေါင်းကိုခါပြီး “မလိုချင်ပါဘူး။”
ဖြေပြီးတော့မှ ကျန်းဆွေကျိုး ဒီမေးခွန်းကိုမေးရတဲ့ အကြောင်းရင်းကို စဉ်းစားမိတော့တယ်။
အရင်တုန်းက ကွမ်းရှီးက လက်ထပ်တာနဲ့ ပတ်သက်ပြီး အတော်လေးဆန့်ကျင်ခဲ့တာ။ ဘာလို့လဲဆိုတော့ နှစ်ဖက်မိဘတွေရဲ့ သဘောထားကို သိလို့ပါ။ သူတို့ လက်မထပ်ခင်က လက်ထပ်ဖို့ တွန်းအားပေးပြီး လက်ထပ်ပြီးရင်ကျတော့ ကလေးယူဖို့ ပြောကြဦးမှာပဲ။
အဲ့ဒါကြောင့် ကွမ်းရှီးက အစောကြီးကတည်းက သူအသက်၂၈မပြည့်ခင် လက်မထပ်နိုင်ဘူးလို့ ပြောထားတာက ကလေး စောစောမယူချင်လို့ပါ။ သူသာ ၂၈နှစ် မပြည့်ခင် လက်ထပ်ဖြစ်ခဲ့ရင် အဲ့ဒါ သူ့ခေါင်း ထိသွားပြီး ကလေးလိုချင်သွားလို့ ဖြစ်မှာပဲလို့တောင် နောက်ခဲ့ပါသေးတယ်။
သူပြောဖူးတာကို မှတ်မိတဲ့ ကျန်းဆွေကျိုးက သူ ကလေးလိုချင်လို့ လက်ထပ်ချင်တယ်လို့ အထင်ရောက်နေပုံပါပဲ။
ကျန်းဆွေကျိုး- “အဲ့ဒါဆို မင်းက…”
“ဒီအတိုင်းပဲ မေးကြည့်ကြည့်တာ။ ကလေး လိုချင်လို့ မဟုတ်ပါဘူး။”
ကျန်းဆွေကျိုးက သူ့ဆံပင်ကို လက်ညှိုးနဲ့ ယူကစားလိုက်ကာ စီးပွားရေးသမားလေသံနဲ့ “ဒီနှစ်က အချိန်ဇယားတွေက ပြည့်နေပြီ။ မအားတော့ဘူး။ မင်းမှာ လက်ထပ်ဖို့ အတွေးရှိတယ်ဆိုရင် နောက်နှစ်ဆောင်ကြတာပေါ့။ မလောပါနဲ့။”
“…စောစောလုပ်လို့ မရဘူးလား။ ဥပမာ နောက်သုံးလေးရက်လောက်နေရင် ဖြစ်ဖြစ်လေ။”
“မင်းက မင်္ဂလာဆောင်တာကို ဟင်းသီးဟင်းရွက် ဝယ်တယ်များ အောက်မေ့နေလား။”
ဟွန့်၊ သူနဲ့ လက်မထပ်ချင်တာကိုများ၊ သိသားပဲ။
ဒါပေမဲ့လည်း ဟုတ်တော့ဟုတ်ပါတယ်။ သူတို့နှစ်ယောက်လုံးက လက်ထပ်တာ ဘာတွေစီစဉ်ပြီး ဘယ်လောက်ကြာမယ်မှန်းမှ မသိကြတာ။ နောက်ပြီး ကျန်းဆွေကျိုးဆိုတဲ့လူက သူ့အချိန်ဇယားကို ပိစိကွေးလေးကအစ အသေးစိတ် အစီအစဉ်ချထားတတ်ပြီး သူချထားတဲ့လမ်းကြောင်းနဲ့ သွေဖယ်သွားမှာကို အမုန်းဆုံးပဲ။
ကွမ်းရှီး ခဏလောက် စဉ်းစားပြီးတဲ့အခါမှာတော့ “အဲ့ဒါဆို နောက်ကျ တုံ့ဆိုင်းမနေရဘူးနော်။ နောက်ကျ သဲကိုပဲ လက်ထပ်မှာ သေချာတယ်နော်။ လက်မထပ်ချင်တော့ပါဘူးလို့ လုပ်လို့မရဘူးနော်။”
ကျန်းဆွေကျိုးအတွက်တော့ အခုအချိန်က အနာဂတ်အကြောင်း ဆွေးနွေးလို့ကောင်းတဲ့အချိန် ဟုတ်မနေပါဘူး။ ဒီလိုအချိန်ကြီးမှာ ဒီမေးခွန်းတွေ အမေးခံနေရတာက တော်တော်လေးတော့ ကသိကအောက်ဖြစ်ပါတယ်။
“အခု ပြောမှကို ရမှာလား… တိတ်တိတ်နေ။”
“မဟုတ်ပါဘူး။ ဒီအတိုင်းပဲ …အွန်း…”
ကျန်းဆွေကျိုးက သူ့ပါးစပ်ကို ဘယ်လိုပိတ်ရမလဲ သိပ်သိတာပေါ့။
အဆုံးမှာတော့ ကွမ်းရှီးခမျာ တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလိုဖြစ်နေပြီး အိပ်ရာပေါ်ကနေ မထနိုင်တော့ပါဘူး။ ညအိပ်ချိန်မရောက်သေးတာမို့ ကျန်းဆွေကျိုးကတော့ စာကြည့်ခန်းထဲသွားပြီး အလုပ်လုပ်နေလေရဲ့။
အိပ်ရာပေါ်လှဲနေရင်းနဲ့ပဲ ကွမ်းရှီးက လန်နင်ယီးဆီ စာပို့လိုက်တယ်။ “လက်ထပ်ခွင့်တောင်းတာ ပယ်ချခံလိုက်ရတယ်။”
လန်နင်ယီး- “ဘာရယ်။ လက်မထပ်ချင်ဘူးတဲ့လား။”
ကွမ်းရှီး- “မဟုတ်ဘူး။ လက်တော့ထပ်မှာ။ ဒါပေမဲ့ နောက်နှစ်မှတဲ့။ ဒီနှစ်မအားဘူးတဲ့လေ။”
လန်နင်ယီး- “နောက်နှစ်ဆိုလည်း မဆိုးပါဘူး… ပြီးမှ စိတ်ပြောင်းမသွားရင် ပြီးတာပဲ။”
ကွမ်းရှီး စိတ်မသက်မသာ ခံစားနေရပေမဲ့ သေချာစဉ်းစားကြည့်တော့ ဘာမှစိတ်ပူစရာတော့ မရှိပါဘူး။ လန်နင်ယီးဆီ စာပြန်မလို့လုပ်နေတုန်းမှာပဲ သူ့အဖေ ကွမ်းရှင်းဟောင်ဆီက အသံမက်ဆေ့ ရောက်လာခဲ့တယ်။
“ရှီးရှီး မနက်ဖြန် အိမ်ပြန်လာခဲ့ဦးနော်။ ယင်ယင်းက စောစောရောက်လာလို့။ ပါပါးကတော့ သမီးတို့နှစ်ယောက် စောစောတွေ့လိုက်တာ ပိုကောင်းမယ်ထင်တာပဲ။”
ယင်ယင်း။ ဘယ်ကယင်ယင်းလဲ။
ကွမ်းရှီးက ဖုန်းကိုချလိုက်ပြီး မျက်နှာကြက်ကို ငိုင်ငိုင်ကြီးကြည့်ရင်း အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးတဲ့နောက်မှာတော့ အဖြေထွက်လာခဲ့ပါတယ်။
အိုး… ဟိုကောင်မလေး နာမည်ထင်တယ်။
Storyglory Swara Webnovel Translations