Chapter 5
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း-၅
စနေ၊ တနင်္ဂနွေပိတ်ရက် ဖြစ်တာကြောင့် ဒီနေ့ သူတို့နှစ်ယောက်လုံး အလုပ်မသွားကြပါဘူး။
စောစောနိုးနေတဲ့ ကွမ်းရှီးဟာ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်နေလေရဲ့။ ကျန်းဆွေကျိုး မျက်နှာသစ်ပြီး ထွက်လာတဲ့အခါ ရသစုံလင်အစီအစဉ်တစ်ခုကို ကြည့်နေတဲ့ ကွမ်းရှီးကို တွေ့လိုက်ရတဲ့အတွက် နည်းနည်းအံ့ဩသွားခဲ့ပါသေးတယ်။ ပုံမှန်ဆိုရင် ကွမ်းရှီးက နိုးတာနဲ့ သူ့အိမ်မှာ အကြာကြီးမနေဘဲ အပြင်ထွက်သွားလေ့ရှိတယ်လေ။
ဒါပေမဲ့လည်း သူတို့နှစ်ယောက်က တစ်ယောက်ကိစ္စတစ်ယောက် ဝင်စွက်ဖက်လေ့မရှိတာကြောင့် သူလည်း မနက်စာစားပြီးတာနဲ့ သူ့ဘာသာသူ လုပ်စရာရှိတာ သွားလုပ်နေလိုက်ပါတယ်။
ကွမ်းရှီးဟာ ကွမ်းရှင်းဟောင် ဖုန်းခေါ်တာကိုတောင် မကိုင်ဘဲ တစ်မနက်လုံး ငူငူငိုင်ငိုင်နဲ့ ထိုင်နေခဲ့တယ်။
နေ့လယ်ခင်းရောက်တော့မှသာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုင်ရာမှထကာ အခန်းထဲသွားပြီး မိတ်ကပ်လိမ်းပါတော့တယ်။
အိမ်အကူအန်တီကြီး နေ့လယ်စာချက်ပြီးနောက် ကျန်းဆွေကျိုး အလုပ်တွေ လက်စသတ်ကာ နေ့လယ်စာစားဖို့ အပြင်ထွက်လာတဲ့အခါ ဧည့်ခန်းထဲမှာ မနေ့ညက ပစ္စည်းတွေရှုပ်နေတာကလွဲရင် ဘာမှမရှိတာကို တွေ့လိုက်ရလေရဲ့။
“ကွမ်းရှီး ပြန်သွားပြီလား။”
အန်တီကြီးက အဝတ်လဲခန်းဆီ လက်ညှိုးထိုးပြလိုက်ကာ “ကွမ်းမမလေးက အထဲမှာ မိတ်ကပ်လိမ်းနေပါတယ်။”
ကျန်းဆွေကျိုးက အင်းလို့ ပြောပြီး အဝတ်လဲခန်းဘက် ထွက်လာလိုက်ပေမဲ့ တံခါးရှေ့ရောက်တဲ့အခါ ရပ်သွားခဲ့မိတယ်။
အထဲမှာ ကွမ်းရှီးက နှုတ်ခမ်းနီဆိုးနေပြီး အနီရောင်ကိုမှ နီရဲတောက်နေတာကြီးကို ဆိုးနေခြင်းဖြစ်ကာ သူ မိတ်ကပ်ပြင်ထားတဲ့ပုံနဲ့ဆိုရင် လူသွားသတ်တော့မဲ့အတိုင်းပါပဲ။
“စားမသွားတော့ဘူးလား။” သူမေးလိုက်တော့ လက်ကိုင်အိတ်ထဲကို နှုတ်ခမ်းနီတောင့် ထည့်နေတဲ့ ကွမ်းရှီးက သူ့ဆီလျှောက်လာရင်း “ပါပါးက အိမ်ပြန်လာဖို့ ခေါ်နေပြီ။”
“အိုး။ လိုက်ပို့ပေးရမလား။”
ဝတ်ကျေတမ်းကျေ မေးလိုက်ခြင်းသာ ဖြစ်တာကိုသိတဲ့ ကွမ်းရှီးက ပြန်ရွဲ့ပြောပစ်ချင်စိတ်ကို မနည်းထိန်းကာ ခေါင်းခါပြပြီး တံခါးဝဆီကိုသာ လျှောက်သွားလိုက်ပါတယ်။
ဒါကိုမြင်တဲ့ ကျန်းဆွေကျိုးကတော့ ကွမ်းငါးလေး ဒီနေ့ စိတ်အခြေအနေ သာယာမနေဘူးပဲလို့ တွေးလိုက်မိတယ်။
(A/N- ငါးလေးဆိုတာ ကွမ်းရှီးကို ကျန်းဆွေကျိုးပေးထားတဲ့ နာမည်ပြောင်ဖြစ်ပြီး ကွမ်းရှီးကတော့ ကျန်းဆွေကျိုးကို ခွေးလေးလို့ ခေါ်လေ့ရှိပါတယ်။)
ကြည့်ရတာတော့ ကွမ်းရှီးတစ်ယောက် အပြင်မှာ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာကို အိမ်ကသိသွားပြီး အဆူခံရတော့မှာမို့လို့ ထင်ပါရဲ့။
သူ့အမြင်မှာတော့ ကွမ်းရှီး အိမ်မပြန်ချင်ဘဲ နေ့ရွှေ့ညရွှေ့ လုပ်နေပြီဆိုရင် အဲ့ဒါ အိမ်ပြန်ရင် အဆူခံရတော့မှာမလို့ပါပဲ။ အပြင်းထန်ဆုံးကိစ္စဆိုရင်လည်း အပြင်မှာ သူများနဲ့ ရန်ဖြစ်ပြီး ပြဿနာရှာလာလို့ပဲ နေမှာပဲ။
ကွမ်းရှီးဘဝမှာ တခြားအခက်အခဲကြီးကြီးမားမား ရှိလိမ့်မယ်လို့ သူမထင်ပါဘူး။
“သခင်လေး၊ ဒီပစ္စည်းတွေကို ဘယ်လိုလုပ်လိုက်ရမလဲ။”
အန်တီကြီးဟာ ဧည့်ခန်းထဲက ကွမ်းရှီး ဖွသွားတဲ့ဟာတွေကိုကြည့်ရင်း မေးလာခဲ့တယ်။
သူ ဒီနေ့ ဒီအိမ်ကို သန့်ရှင်းရေးဘာညာ လုပ်ပေးဖို့ ရောက်လာတဲ့အခါ အဲ့ဒါတွေမြင်ပြီး အံ့ဩသွားပေမဲ့ အိမ်ရှင်တွေက ဘာမှမပြောသေးတော့ သူလည်း ရှင်းမပစ်ရဲသေးဘူးလေ။
ကျန်းဆွေကျိုးက တန်းမဖြေသေးဘဲ တစ်လို့ရေးထားတဲ့ လက်ဆောင်ဘူးလေးကို ကောက်ကိုင်လိုက်တယ်။ ဖွင့်ကြည့်လိုက်တဲ့အခါ ရွှေချထားတဲ့ချိုလိမ်လေးကို တွေ့လိုက်ရလေရဲ့။
ကလေးလေးသာ ဒီချိုလိမ်စို့မိလို့ကတော့ အဆိပ်တက်ပြီး သေကုန်တော့မှာပဲ။
အဲ့ဒီလိုတွေးမိတဲ့ ကျန်းဆွေကျိုးက ပြုံးလိုက်ကာ အန်တီကြီးဘက်လှည့်ပြီး
“လက်ဆောင်ဘူးတွေကို ကျွန်တော့်စာကြည့်ခန်းထဲ ထည့်ပေးပါ။ ကျန်တာတွေကိုတော့ ရှင်းပစ်လိုက်လို့ ရပါတယ်။”
“ဟုတ်ကဲ့။”
*****
ကျန်းဆွေကျိုးဆီကနေ သူ့အိမ်ပြန်တဲ့လမ်းတစ်လျှောက်မှာ ကွမ်းရှီးတစ်ယောက် အတွေးတွေများနေခဲ့တယ်။
အစတုန်းက ၂လ စောင့်ကြမယ်လို့ သဘောတူထားပေမဲ့ အခုတော့ ၁လပဲ ရှိသေးတယ်၊ ပြန်ခေါ်လာတာကိုကြည့်ရင် သူတို့သမီးကို ဘယ်လောက်တောင် တွေ့ချင်နေလဲ သိသာပါတယ်။
သူ အိမ်မပြန်ချင်ဘူးဆိုပေမဲ့လည်း အခုကိစ္စက ရှောင်လွှဲနေရုံနဲ့ ပြီးမသွားဘူးဆိုတာ နားလည်တာပေါ့။
စိတ်ပျော်မနေပေမဲ့ ဒေါသထွက်ပစ်လို့ မရဘဲ သူ့စိတ်ကို မရရအောင် ထိန်းထားရတာက ဒါပထမဆုံးအကြိမ် ဖြစ်မယ်ထင်ပါရဲ့။
လန်နင်ယီး ပြောသလိုပဲ၊ အခု သူ့နေရာက အရန်သာသာပဲလေ။ ဘယ်လိုလုပ် စိတ်ဆိုးပြလို့ရမှာလဲ။
သူများတွေအမြင်မှာဆိုရင် သူက ဒေါင်းယောင်ဆောင်သောကျီးလေး ဖြစ်ရင်ဖြစ်နေမှာ။
ခြံပေါက်ဝကိုရောက်လို့ ကားကို ရပ်လိုက်တဲ့အခါ တွေ့နေကျ အကူအန်တီကြီးတွေ တစ်ယောက်မှမရှိတာကို သတိထားမိခဲ့တယ်။ သူတို့ ဟိုကိစ္စကို လျှို့ဝှက်ထားချင်သေးလို့ အန်တီကြီးတွေကို သိပ်မလာခိုင်းတာ ထင်ပါရဲ့။
ရှိတဲ့သူဆိုလို့ သူငယ်ငယ်ကတည်းက ဒီအိမ်မှာ အလုပ်လုပ်ခဲ့တဲ့သူဖြစ်တဲ့ အန်တီကျန်းပဲ ရှိပါတယ်။ သူ့ကိုမြင်တာနဲ့ အန်တီကျန်းက သူ့လက်မောင်းကို ပွတ်ပေးကာ “ဝင်သွားလေ၊ သမီး။ သူတို့ ဧည့်ခန်းထဲမှာ။”
အန်တီကျန်းရဲ့ အသံက ပုံမှန်ထက်ကို နူးညံ့ပျော့ပျောင်းနေပုံထောက်ရင် သူ့ကို သနားနေတယ်ထင်ပါရဲ့။
ကွမ်းရှီးက ကျောကို ပိုပြီးမတ်မတ်ရပ်လိုက်တယ်။ သူ့ကို ဘာလို့ လာသနားနေတာလဲ။ ဘာမှသနားစရာမလိုဘူး။
“ရှီးရှီး ပြန်လာပြီ။”
ဧည့်ခန်းထဲမှာ သူ့အဖေအမေရယ် ကောင်မလေးတစ်ယောက်ရယ် ထိုင်နေတာကို တွေ့လိုက်ရတယ်။
ကွမ်းရှင်းဟောင်က သူ့ကို တွေ့တာနဲ့ မြန်မြန်ပဲ မတ်တတ်ရပ်ပြီး သူ့ဆီလျှောက်လာခဲ့တယ်။ သူ့ကြည့်ရတာ ကတိမတည်တဲ့အတွက် နည်းနည်း အားနာနေပုံပေါ်တာကလွဲရင် အပြုံးတွေကတော့ ပုံမှန်ထက်ကို တောက်ပနေလေရဲ့။
“ရှီးရှီး၊ ဒါကွမ်းယင်လေ။ ဒီနေ့ကစပြီး သူက သမီးအစ်မ ဖြစ်သွားပြီနော်။”
ကွမ်းရှီးဟာ သူ့အမေဘေးမှာ ထိုင်နေတဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။ ဒါဟာ သူ့ကို အပြင်မှာ ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်ပါတယ်။
ဂျင်းဘောင်းဘီနဲ့ အင်္ကျီလက်တိုကို ဝတ်ထားကာ ဘာမှခြယ်သထားခြင်းမရှိတဲ့ မျက်နှာလေးပေါ်က ရှက်ရွံ့နေတဲ့အပြုံးလေး၊ ခြုံကြည့်ရင်တော့ လှတယ်လို့ ပြောနိုင်ပါတယ်။
“ညီမလေး။” သူ့ဘာသာသူ ရေရွတ်ကြည့်ပြီးတာနဲ့ ကြက်သီးတွေပါ ထသွားကာ လက်တွေ့ဘဝကို ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အသိဝင်လာခဲ့တယ်။ သူနဲ့ လုံးဝကို အစိမ်းသက်သက်ဖြစ်နေတဲ့ အပြိုင်ကမ္ဘာထဲကို ရောက်သွားသလို ခံစားလိုက်ရလေရဲ့။ အဲ့ဒီရင်းနှီးဖော်ရွေပြီး ကြင်နာတတ်တဲ့ ညီမလေးဆိုတဲ့ စကားလုံးလေးနဲ့ တစ်ဆက်တည်းမှာပဲ သူ့နေရာမြဲအောင် ဘယ်လိုလုပ်ရမလဲ၊ မိဘတွေ သူ့ကို ဆက်ပြီးသဘောကျနေအောင် ဘယ်လိုနေရမလဲ၊ ဒီကွမ်းမမလေးအသစ်နဲ့ ဘယ်လိုတွေ ယှဉ်ပြိုင်ရမလဲ… စသဖြင့် ဘယ်လိုပေါင်းများစွာတွေပါ ပါလာခဲ့လေရဲ့။
ချီးလိုပဲဟ… သူက ဘာဆက်ပြောရမှာလဲ။
သူ နေရခက်နေတာကို ကွမ်းရှင်းဟောင်က ရိပ်မိသွားလို့ ထင်ပါရဲ့၊ ဒီအခြေအနေကြီးကို ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် အကုန်လုံးကို နေ့လယ်စာစားဖို့ ပြောလိုက်ပါတော့တယ်။
ပူပူနွေးနွေးစားစရာတွေနဲ့ ထမင်းဝိုင်းမှာ ဒီနေ့တော့ လူတစ်ယောက် တိုးလာခဲ့ပြီ။
“အရင်နေ့တွေက နှစ်ရက်လုံးလည်း ပြန်မလာဘူး။ သမီး ဘာတွေလုပ်နေတာလဲ။” ကွမ်းရှင်းဟောင်က အရင် စကားစလာခဲ့တယ်။
ကွမ်းရှီး- “ဘာရယ်လို့ မဟုတ်ပါဘူး။ သမီး ကျန်းဆွေကျိုးနဲ့ အတူရှိနေတာပါ။”
ကွမ်းရှင်းဟောင်- “အဲ့ဒီလိုကိုး။ သမီးကလည်း ဆွေကျိုးကို ညစာစားဖို့ ခေါ်လာတာတော့ မဟုတ်ဘူး။ ပါပါး သူ့ကို မတွေ့တာ တော်တော်ကြာပြီ။ အခုတလော သမီးတို့ အခြေအနေရော ဘယ်လိုရှိလဲ။”
ကွမ်းရှင်းဟောင်က သူ့ကို ဂရုစိုက်သေးကြောင်း ပြချင်လို့ သူနဲ့ စကားပြောစရာ တမင်တကာရှာနေမှန်း ကွမ်းရှီး နားလည်ပါတယ်။
နားလည်လို့ပဲ ပိုပြီးစိတ်မကောင်းဖြစ်ရတာပေါ့။
“ကောင်းပါတယ်။” ကွမ်းရှီးဟာ အသက်ဝဝရှူလိုက်ကာ တည်ငြိမ်ချင်ယောင်ဆောင်လိုက်ပြီး “နောက်တစ်ခါကျရင် အိမ်လာပြီး ညစာစားဖို့ ပြောလိုက်ပါ့မယ်။”
ကွမ်းရှင်းဟောင်- “အင်း၊ ကောင်းတယ်၊ ကောင်းတယ်။”
“ယင်ယင်း၊ သမီးမှာရော ကောင်လေးရှိလား။” ဝေ့ရှောက်မင်ဟာ သူ့သမီးအရင်းနဲ့ တစ်လလောက် အဆက်အသွယ်လုပ်ပြီး အခုမှပဲ ဒီမေးခွန်းကို မေးဖို့ သတိရပါတော့တယ်။
ကွမ်းယင်က ခေါင်းယမ်းလိုက်ကာ “မရှိသေးပါဘူး။”
“အဲ့ဒါဆို နောက်ကျ မာမားက ကူရွေးပေးမယ်နော်။”
ကွမ်းယင်က အနည်းငယ်ရှက်သွားပုံပေါ်ကာ “သမီးအတွက်က မလို…”
“ဘာဖြစ်လို့လဲ၊ သမီးက ရှီးရှီးထက် နည်းနည်းတောင် ပိုကြီးတာသေးပဲ။” ဝေ့ရှောက်မင်က ဝမ်းနည်းနေတဲ့ပုံနဲ့ “နှစ်တွေအကြာကြီးပဲ… မာမားက သမီးအပေါ် အကြွေးတွေ အများကြီးတင်နေမိပြီ။”
ကွမ်းရှီးဟာ ထမင်းသာ ငုံ့စားနေပြီး သူတို့စကားဝိုင်းထဲမှာ ဝင်မပါခဲ့ပါဘူး။
မိဘတွေက ကွမ်းယင်အကြောင်း သူ့ကို ပြောပြထားပြီးပါပြီ။
အဲ့ဒီနှစ်တုန်းက နှစ်လသားလေးပဲ ရှိသေးတဲ့ ကွမ်းယင်ကို စိတ်မနှံ့တဲ့ကလေးထိန်းနာနီက ခေါ်သွားခဲ့ကာ မြစ်ထဲခုန်ချပြီး သတ်သေသွားခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သူတို့တွေ ကလေးအလောင်းကို အကြာကြီးရှာကြည့်ကြပေမဲ့ ရှာမတွေ့ခဲ့ဘဲ မြစ်အောက်ပိုင်းမှာ ကလေးအဝတ်အစားတွေကိုသာ တွေ့ခဲ့တာကြောင့် သူတို့က ကွမ်းယင် သေသွားပြီလို့ ထင်သွားခဲ့ကြတယ်တဲ့။
ဘယ်သူက ထင်မိမှာလဲ၊ အဲ့ဒီနာနီက စိတ်ကောင်းလေးနည်းနည်းဝင်ပြီး နောင်တရကာ ကလေးကိုပါ သူနဲ့အတူ ခေါ်မသွားဘဲ သတ်မသေခင် လူတစ်ယောက်ကို ပေးထားခဲ့တယ်။ နောက်တော့ ကလေးက မြို့တော်နဲ့ဝေးတဲ့ တစ်နေရာဆီ ရောင်းစားခံလိုက်ရပါတယ်တဲ့။
နဂိုကတည်းက ရောဂါအခံရှိတဲ့ ဝေ့ရှောက်မင်ဟာ ကလေးထပ်မရနိုင်တော့တဲ့အပြင် သူ့ကလေးသေသွားတာကြောင့် စိတ်ပူပန်သောက ရောက်ရလွန်းလို့ နိုင်ငံခြားထိတောင်သွားပြီး ဆေးကုယူခဲ့ရပါတယ်။
တစ်နှစ်အကြာမှာတော့ ဝေ့ရှောက်မင်ကို နှစ်သိမ့်ဖို့ ကွမ်းရှင်းဟောင်က မိဘမဲ့ဂေဟာတစ်ခုကနေ ကွမ်းရှီးကို ခေါ်လာခဲ့တယ်… နောက် သူတို့ နိုင်ငံခြားမှာ နှစ်အနည်းငယ် နေထိုင်ခဲ့ပြီး တရုတ်ပြည်ပြန်လာတဲ့အချိန်မှာ ကွမ်းရှီးက ၈နှစ် ၉နှစ်လောက်တောင် ရှိပါပြီ။
အချိန်တွေ နေရာတွေ ပြောင်းလဲသွားပြီး အတိတ်တွေလည်း တဖြည်းဖြည်း မှုန်ဝါးလာခဲ့တယ်။ ဝေ့ရှောက်မင် ကိုယ်ဝန်မရနိုင်တော့တဲ့အကြောင်းကို လူအနည်းငယ်ပဲ သိတဲ့အတွက် အဲ့ဒီအချိန်တုန်းက ကွမ်းရှင်းဟောင်ဟာ သူတို့ကို ဘုရားမ,လို့ ကိုယ်ဝန်ထပ်ဆောင်နိုင်ပြီး ကွမ်းရှီးလေးကို ရခဲ့တာလို့ သူများတွေကို ပြောခဲ့ပါတယ်။
ဘယ်သူကမှလည်း သံသယမဝင်ခဲ့ပါဘူး။
နှစ်ဖက် အဘိုးအဘွားတွေကလွဲပြီး အဖြစ်မှန်ကို ဘယ်သူမှ မသိခဲ့ဘူးလေ။
ကွမ်းရှီးက ဒီအကြောင်းတွေကို မမှတ်မိတော့တာကြောင့် ငယ်ငယ်ကတည်းက အမေဖြစ်သူက သူ့ကိုဆိုရင် ဂရုသိပ်မစိုက်တာ သိပေမဲ့ သူ့ပုံစံကိုက အဲ့ဒီလိုပဲလို့ ထင်ထားခဲ့မိတာ။ သာမန်နေ့တွေဆို အဖေရှေ့မှာ ပြဿနာရှာရဲပေမဲ့ အမေ့ရှေ့မှာဆိုရင် သူ ထိန်းထိန်းသိမ်းသိမ်း နေလေ့ရှိပါတယ်။ အချစ်ခံချင်၊ ဂရုစိုက်ခံချင်ရင်တောင်မှ သူ့အမေ သဘောကျလောက်မဲ့အရာကို ခိုးခိုးပြီးပဲ လုပ်ရဲခဲ့တာ…
လက်စသတ်တော့ သူဘာလုပ်လုပ် အသုံးမှမဝင်တာ။
မာမားက သူ့ကိုဆိုရင် ဘယ်တုန်းကမှ အဲ့ဒီလိုလေသံလေးနဲ့ မပြောဖူးဘူး။
သဝန်တိုစိတ်တွေနဲ့ ပြည့်နှက်နေတာဟာ ခေါင်းပါမူးလာသလို ခံစားမိတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ သဝန်တိုဖို့ အခွင့်အရေးမရှိဆုံးသူဟာ သူပဲဆိုတာကိုလည်း ကောင်းကောင်း နားလည်ပါတယ်။
စားသောက်ပြီးတဲ့အခါ ကွမ်းရှီးဟာ အပေါ်ထပ်က သူ့အခန်းဆီ ပြန်လာခဲ့တယ်။
ညနေလောက်မှာ ကွမ်းရှင်းဟောင် သူ့အခန်းတံခါးကို လာခေါက်ခဲ့ပါတယ်။ ဒါဟာ နောက်ဆုံးတစ်ကြိမ်ပြီးကတည်းက သားအဖနှစ်ယောက် တည်တည်ငြိမ်ငြိမ်နဲ့ မျက်နှာချင်းဆိုင်ခြင်းပါ။
“ပါး ဘာပြောစရာရှိလို့လဲ။” ကွမ်းရှီးဟာ ဝေ့ဝိုက်မနေဘဲ တည့်ပဲမေးလိုက်တယ်။
ကွမ်းရှင်းဟောင်က အားနာနေပုံပေါ်ကာ “ပါပါးက ၂လ စောင့်ပြီးမှ ကွမ်းယင်ကို ပြန်ခေါ်မယ်လို့ သမီးကို ကတိပေးထားတာကို အခု…”
ကွမ်းရှီး- “ဘာပဲဖြစ်ဖြစ် သူက ပြန်လာရမှာပဲလေ။ စောတာနဲ့ နောက်ကျတာပဲ ကွာမှာပဲ။ သူက ပါးတို့ သမီးအရင်းဆိုတော့ ပြန်လာတာက ဖြစ်သင့်တဲ့ကိစ္စပါပဲ။”
ကွမ်းရှင်းဟောင်- “သမီးကလည်း ပါပါးသမီးအရင်းပါ။ ရှီးရှီး၊ အများကြီးမတွေးနဲ့ ဟုတ်ပြီလား။”
ဒါပေမဲ့ ဒီအရင်းဆိုတာ ဟိုသမီးအရင်းကိုတော့ ဘယ်မီပါ့မလဲ…
ကွမ်းရှီးရဲ့ မျက်လုံးတွေက အနည်းငယ်နီနေခဲ့လေရဲ့။
သူ သူ့မိဘတွေကို အရမ်း အရမ်းကို ချစ်တာပါ။
ကွမ်းရှီးဟာ အင်းလို့ပဲ အသံပြုလိုက်တယ်။
“ယင်ယင်းကလည်း အများကြီး ခံစားခဲ့ရတာဆိုတော့ ပါပါးတို့က သူ့အပေါ် အများကြီးအကြွေးတင်နေသလို ဖြစ်နေတာ။”
“သမီး နားလည်ပါတယ်။”
သူခေါင်းညိတ်တာကို မြင်တဲ့အခါမှ ကွမ်းရှင်းဟောင်က စိတ်အေးသွားသလိုနဲ့ သက်ပြင်းတစ်ချက် ချလိုက်ကာ- “သမီး အခုလို မြန်မြန်လက်ခံပေးနိုင်တာ တွေ့ရတာ ပါပါး အရမ်းဝမ်းသာတာပဲ။ နောက်ကျရင် သမီး အစ်မတစ်ယောက် ရလာတယ်လို့ပဲ သဘောထားပြီး သင့်သင့်မြတ်မြတ် နေကြနော်။ သူက နားမလည်တဲ့ကိစ္စတွေ အများကြီးရှိသေးတယ်ဆိုတော့ သမီးကပဲ သူ့ကို ဂရုစိုက်ပေးလိုက်ပါ။”
ကွမ်းရှီးက ကွမ်းရှင်းဟောင်ကို ပြုံးပြလိုက်ကာ “ဟုတ်ကဲ့။”
ကလေးဘဝကတည်းက တစ်ဇွတ်ထိုးနိုင်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ကွမ်းရှီးဟာ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ခံစားချက်ကိုယ် ထိန်းချုပ်ခဲ့ရလေရဲ့။
*****
ဝတ္ထုထဲက အဓိကဇာတ်ကောင် ပြန်လာတဲ့အခါ သူတို့တွေက ကြောက်ရွံ့နေတတ်ပြီး အရာရာကို သတိထားနေတတ်ကာ ဒီကျယ်ပြန့်လှတဲ့ လောကကြီးထဲမှာ သူတို့အနေနဲ့ ဝင်မဆံ့နိုင်ဘူးလို့ တွေးတတ်ကြတယ်ဆိုပြီး အရင်ရက်တွေကပဲ လန်နင်ယီး ပြောနေသေးတယ်။
ကွမ်းရှီးဟာ ဝတ္ထုနဲ့ပတ်သက်လာရင် လန်နင်ယီးရဲ့စကေးကို အထင်မသေးရဲပါဘူး။
ဘာလို့လဲဆို ကွမ်းယင်က လုံးဝကို အဲ့ဒီအတိုင်းပါပဲ၊ လူကြောက်တတ်တယ်၊ ရှက်တတ်တယ်၊ စကားကိုလည်း တိုးတိုးလေးပဲ ပြောတတ်တယ်။ သူ့ရဲ့ အနေအထိုင်သိမ်မွေ့လွန်းနေမှုက ကစားပွဲတွေ အများကြီးပြိုင်ဖို့ ပြင်ထားတဲ့ ကွမ်းရှီးလို ဗီလိန်ဇာတ်ကောင်ကို တပ်ဆုတ်သွားစေပါတယ်။
အခုတလော ကွမ်းရှင်းဟောင်နဲ့ ဝေ့ရှောက်မင်တို့က အိမ်မှာနေပြီး ကွမ်းယင်ကို အဖော်ပြုပေးကြတာကြောင့် သူတို့သုံးယောက်ကြားမှာ နေရခက်မနေချင်တာရယ် ကွမ်းယင်နဲ့ ညီအစ်မလုပ်တမ်း မကစားချင်တာရယ်ကြောင့် ကွမ်းရှီးတစ်ယောက် နေ့ဘက်ဆို ကုမ္ပဏီသွားပြီး ညစာစားဖို့နဲ့ အိပ်ဖို့လောက်သာ အိမ်ကို ပြန်လာလေ့ရှိပါတယ်။
ဒီရက်ပိုင်းအတွင်း ရုံးတက်မှန်နေတဲ့ ကွမ်းရှီးကြောင့် ဝန်ထမ်းတွေကတောင် အံ့ဩနေကြပြီး ကွမ်းမမလေးတစ်ယောက် ဘယ်လိုလုပ် အသိစိတ်ဝင်လာသလဲဆိုပြီး ထင်နေကြလေရဲ့။
အဲ့ဒီနေ့က ကုမ္ပဏီကနေ ပြန်လာပြီး အိမ်ထဲဝင်တော့မဲ့အချိန်မှာပဲ ကွမ်းရှီးတစ်ယောက် အထဲကနေ ရယ်သံတွေကြားလိုက်ရတယ်။ ဧည့်ခန်းထဲမှာ လူအရိပ်အယောင် မတွေ့ရတာကြောင့် အသံကြားရာနောက်လိုက်ပြီး မီးဖိုခန်းကို ရောက်သွားတဲ့အခါ ဖက်ထုပ်ထုပ်နေတဲ့ သူတို့ကို တွေ့လိုက်ရလေရဲ့။
သူ့အမေက အသန့်ကြိုက်ပြီး မီးဖိုချောင်ထဲ တစ်ခါမှ မဝင်တဲ့သူ။ သူ့အဖေကတော့ အလုပ်များလွန်းလို့ ဟင်းဘယ်လိုချက်ရလဲတောင် မသိတဲ့သူ။
အခုဟာက ကွမ်းရှီး ပထမဆုံးအကြိမ် သူ့မိဘတွေ မီးဖိုချောင်ဝင်တာ တွေ့ဖူးခြင်းပါ။ သူတို့က မလုပ်တတ် လုပ်တတ်နဲ့ ဖက်ထုပ်ထုပ်နေကြပြီး ထုပ်လို့ရသွားတဲ့အခါ ပျော်ရွှင်ပြီး ကွမ်းယင်ကို ပြနေကြသလို ကွမ်းယင်က သူတို့ထုပ်တာ ပိုပိုပြီးကောင်းလာပြီဆိုပြီး တိုးတိုးလေးပြောနေလေရဲ့။
မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင် ဖက်ထုပ်လုပ်တယ်…
ကွမ်းရှီးက ဘာအသံမှ မထွက်ဘဲ သူ့အလိုလို ခြေတစ်လှမ်းဆုတ်လိုက်မိတယ်။
ဒါက အရမ်းကို နွေးထွေးပြီး… သူ့အတွက်တော့ ဘယ်တော့မှ ဖြစ်လာနိုင်မှာမဟုတ်တဲ့ ပုံရိပ်လေးပဲ။
ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာ သူ တကယ်ပဲ မသိတော့ဘူး။ သူတို့နဲ့ အတူဖက်ထုပ်ဝင်ထုပ်ရင်လည်း နေရခက်နေမှာဖြစ်တာကြောင့် အိမ်အပေါ်ထပ်ကိုပဲ တက်လာခဲ့မိတယ်။ သူ အသိစိတ်ပြန်ဝင်တဲ့အချိန်မှာတော့ အိမ်တံခါးကနေ ထွက်လာပြီး ကားမောင်းထွက်လာပြီးပါပြီ။
တစ်စုံတစ်ခုဆီကနေ လွတ်မြောက်ချင်လို့ ထွက်ပြေးလာသလိုမျိုးပေါ့…
*****
Storyglory Swara Webnovel Translations