Chapter 6
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း-၆
လွန်ခဲ့သောတစ်လခန့်လောက်ကသာ သူ့မှာ ‘အိမ်မပြန်ရဲဘူး’၊ ‘ပြန်စရာအိမ်မရှိဘူး’ ဆိုတဲ့အချိန်ရှိလာလိမ့်မယ်လို့ တစ်ယောက်ယောက်က သူ့ကို ပြောလာခဲ့ရင် အဲ့ဒီလူကို တစ်ခါတည်း မြေပေါ်လှဲချပြီး ကောင်းကောင်းဆုံးမပေးမိမှာပဲ။
ဒါပေမဲ့ အခုကျတော့ရော၊ ကွမ်းရှီးတစ်ယောက် ကားကို ခြေဦးတည့်ရာ လျှောက်မောင်းနေမိပြီး အိမ်ပြန်လမ်းကိုတော့ တကယ်ကိုမသွားရဲခဲ့ဘူး။
တစ်နာရီလောက် ကားပတ်မောင်းပြီးတဲ့နောက်မှာတော့ သူသွားနေကျဘားဆီ မောင်းသွားပြီး ဘားကောင်တာကသူကို အရက်တစ်ခွက်စပ်ပေးဖို့ မှာလိုက်ပါတယ်။
“မလာတာတောင်ကြာပြီနော်။” ဘားကလူက သူ့ကိုမှတ်မိနေရတဲ့အကြောင်းရင်းက ကွမ်းရှီး သူ့သူငယ်ချင်းတွေနဲ့ ဒီကို မကြာခဏလာပြီး ပိုက်ဆံတွေအများကြီး သုံးသွားတတ်လို့တင် မဟုတ်ဘဲ သူကိုယ်တိုင်က ဘယ်တော့မှ မမေ့နိုင်တဲ့ အလှတရားပိုင်ရှင်လေး ဖြစ်နေလို့ပါပဲ။
ကွမ်းရှီးက လက်တစ်ဖက်နဲ့ မေးကိုထောက်ထားရင်း “ဟုတ်လောက်မယ်။”
“ဒီနေ့ ဘယ်လိုလုပ် တစ်ယောက်တည်းရောက်လာတာလဲ။ သူငယ်ချင်းတွေရော။”
ကွမ်းရှီးဟာ ဝိုင်စင်ကို ငူငူငိုင်ငိုင်နဲ့ ငေးကြည့်ရင်း တွေးနေမိခဲ့တယ်။ သူငယ်ချင်းလား။ ကျုံးလင်ဖန်းဖြစ်ဖြစ်၊ လန်နင်ယီးဖြစ်ဖြစ် သူခေါ်လိုက်ရင် သေချာပေါက်လာပြီး သူ့ကို အဖော်ပြုပေးကြမှာပဲ။
ဒါပေမဲ့ မာနကြီးတဲ့ကွမ်းရှီးအနေနဲ့ ဒီအချိန်မှာ ဘာလို့ တစ်ယောက်တည်း ဖြစ်နေလဲဆိုတာ ဘယ်လိုနည်းနဲ့မှ ထုတ်ပြောမှာ မဟုတ်ပါဘူး။
“ဒီနေ့ စိတ်သိပ်မကြည်လို့၊ တစ်ယောက်တည်း သောက်ချင်နေလို့။” ကွမ်းရှီးက စားပွဲကို နှစ်ချက်ခေါက်ကာ မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း “ဘာလဲ၊ မရဘူးလား။”
ဘားကလူဟာ သူ့အကြည့်ကြောင့် ခြေလှမ်းမှားမလိုတောင် ဖြစ်သွားပြီးမှ ပြုံးလိုက်ကာ “ရတာပေါ့၊ ဘာလို့မရရမှာလဲ။ ဒါပေမဲ့ ထိန်းသောက်နော်။ မူးနေဦးမယ်။”
နှစ်မိနစ်လောက်အကြာမှာတော့ တစ်ခွက်လုံးကို နှစ်လုတ်သုံးလုတ်လောက်နဲ့ ကုန်အောင်သောက်လိုက်တဲ့ ကွမ်းရှီးက ဝိုင်ခွက်ကို ပြန်တွန်းပေးလိုက်ကာ
“နောက်တစ်ခွက်”
ဘားကလူက အနည်းငယ်အံ့ဩသွားကာ “အဲ့ဒီဝိုင်က အယ်လ်ကိုဟောပါဝင်မှု မြင့်တယ်နော်။”
ကွမ်းရှီး စိတ်မရှည်ဖြစ်လာကာ “သိပါတယ်၊ မြန်မြန်။”
“အင်း…”
သိတယ်လို့ပြောပေမဲ့ တစ်လုတ်နှစ်လုတ်လောက်နဲ့ ကုန်အောင်သောက်နေဆဲပါပဲ။
စစသောက်သောက်ချင်းတုန်းက ဘာမှမခံစားရပေမဲ့ ဝိုင်က တဖြည်းဖြည်းချင်းမှ အစွမ်းပြလာပါတော့တယ်။
မူးနေတဲ့ခေါင်းကို လက်တစ်ဖက်နဲ့ ထောက်ထားကာ “နောက်တစ်ခွက်။”
မူးနေပြီဖြစ်တဲ့ ကွမ်းရှီးကိုကြည့်ကာ ဘားကလူက အရက်ထပ်မပေးတော့ဘဲ “ကွမ်းရှီး၊ သူငယ်ချင်းကို လာခေါ်ခိုင်းလိုက်ပါတော့လား။”
ကွမ်းရှီးက လက်ခါပြကာ မှောက်အိပ်ဖို့ ပြင်ပါတော့တယ်။
အဲ့ဒီလိုနဲ့ ဒီမှာတကယ်မှောက်သွားမှာ စိုးတာကြောင့် ဘားကလူဟာ စားပွဲပေါ်မှာရှိနေတဲ့ ကွမ်းရှီးရဲ့ဖုန်းကို မြန်မြန်ယူလိုက်ကာ “လာလာ၊ ဖွင့်လိုက်။” ဖုန်းကို သူ့ရှေ့မှာ ထားပေးလိုက်တဲ့အခါ ကွမ်းရှီးက မော့ကြည့်လာပြီး ဖြည်းဖြည်းချင်းပြုံးလာကာ “လှလှလေး ဖြစ်အောင်လုပ်ပေးဖို့ မမေ့နဲ့-”
Face recognition လုပ်လို့ရသွားတဲ့အခါ ဘားကလူက ဖုန်းခေါ်ဖို့လူတွေကို လိုက်ရှာရင်း “မင်းက ရိုးရိုးကင်မရာနဲ့လည်း လှပါတယ်။ ဟေး။ ပြောဦး။ ဘယ်သူ့ကို ခေါ်ပေးရမှာလဲ။ ပါပါးတဲ့… မင်းအဖေကို ခေါ်လိုက်ရင်ရလား။”
“ခေါ်ရဲရင် ခေါ်ကြည့်လေ။” ကွမ်းရှီး မျက်နှာက ချက်ချင်းပြောင်းသွားကာ “သူ့ကို ခေါ်ရဲခေါ်ကြည့်၊ နင့်ဆိုင်ကို ဖျက်ဆီးပြမယ်-”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ အဲ့ဒါဆို ပြောလေ၊ ဘယ်သူ့ကို ခေါ်ရမှာလဲ။”
သူမှ အိမ်မပြန်ချင်တာ။ အဲ့ဒီတော့ ကွမ်းရှီးဟာ ဘာမှမပြောဘဲ နေနေလိုက်ပါတယ်။
နောက်ဆုံးမှာတော့ မေးမရတာကြောင့် သိပ်မကြာခင်က သူနဲ့ ဖုန်းခေါ်ထားတဲ့သူစာရင်းကို ရှာကြည့်ရပါတော့တယ်။ အပေါ်ဆုံးသုံးခုမှာ တစ်ခုပဲ နာမည်မှတ်ထားတာ ရှိတယ်။
‘ကျန်းခွေးလေး’တဲ့။
ဒီလိုနာမည်ပြောင်မျိုးက သူငယ်ချင်းအချင်းချင်းပဲ ပေးလေ့ရှိတာကြောင့် ဘားကလူလည်း ချက်ချင်းပဲ ဖုန်းခေါ်လိုက်ပါတော့တယ်။
တစ်ဖက်က ဖုန်းကိုင်လာမှာကို စောင့်နေတုန်းမှာပဲ ကွမ်းရှီးက အရက်စပ်ပေးဖို့ ထပ်ပြောပေမဲ့ သူလည်း ထပ်မပေးရဲတော့တာကြောင့် စသလိုလို နောက်သလိုလိုနဲ့ပဲ ရောချလိုက်ရလေရဲ့။
“အလှလေး၊ သောက်ချင်ရင် ဝယ်တိုက်မယ်လေ။” ၁၀မိနစ်လောက်ကြာတဲ့နောက်မှာတော့ လူတစ်ယောက်က ကွမ်းရှီးနား လာထိုင်ပါတော့တယ်။ အဲ့ဒီလူအနေနဲ့ ကွမ်းရှီးကို ကြည့်နေတာ ကြာပါပြီ။ သူတစ်ယောက်တည်းမှန်း သေချာသွားတဲ့အခါမှသာ ကပ်ရဲတာပါ။
ကွမ်းရှီး အသံကြားရာဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ အဆီတဝင်းဝင်းနဲ့ လူတစ်ယောက်က လက်ယမ်းပြနေတာကို တွေ့လိုက်ရပါတယ်။
“မလိုဘူး။”
ဟိုလူက သူ့နား ပိုတိုးလာကာ “လာပါ။ ကိုယ်ဝယ်တိုက်ပါ့မယ်။”
အဲ့ဒီလူရဲ့ အနံ့ရလိုက်တာနဲ့ ရွံလာတာကြောင့် ကွမ်းရှီးက နောက်ဆုတ်လိုက်ကာ “ဘယ်သူလဲ၊ နင်က။”
“မိတ်ဆွေအသစ်လေ။ ရင်းနှီးချင်လို့။”
နဂိုကတည်းက စိတ်က လက်တစ်ဆစ်လောက်ပဲရှိတဲ့ ကွမ်းရှီးဟာ စိတ်ပါတိုလာပြီး “နင်နဲ့ မရင်းနှီးချင်ဘူး။ ဝေးဝေးနေ။”
“စိတ်ကြီးတာပဲကွ။” အဲ့ဒီလူက ထူးဆန်းတဲ့အပြုံးမျိုးကြီး ပြုံးလိုက်ကာ “ဘားကို တစ်ယောက်တည်း လာကတည်းက သူငယ်ချင်းအသစ်တွေနဲ့ တွေ့ချင်လို့မဟုတ်ဘူးလား။”
အဲ့ဒီလူရဲ့ သူငယ်ချင်းဆိုတာ သာမန်သူငယ်ချင်းကို ဆိုလိုတာမဟုတ်မှန်း သူသိတာပေါ့။
ကွမ်းရှီးက သူ့ကို အထက်အောက်ကြည့်လိုက်ကာ လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး “အဲ့ဒီလိုဆိုရင်တောင် ငါ သဘောကျဦးမှလေ။ နင်က ဘာကောင်မလို့လဲ။”
ဟိုလူက ခဏကြောင်သွားပြီးမှ ဆက်တောင် မထိန်းနိုင်တော့ဘဲ “ဘာသဘောလဲကွ၊ မင်းက။” ကွမ်းရှီးလက်ကို ဆွဲဖို့လုပ်လိုက်တဲ့အချိန်မှာပဲ လက်တစ်ဖက်က ကွမ်းရှီးကို ထိတောင်မထိရသေးတဲ့ သူ့လက်ကို ပုတ်ထုတ်ပစ်လိုက်ပါတော့တယ်။
ရုတ်တရက်လန့်သွားပြီးမှ ဘေးကနေ ရောက်လာတဲ့သူကို လှည့်ကြည့်လိုက်တဲ့အခါ ဟိုလူကလည်း အေးစက်ပြီး အသက်မဲ့တဲ့မျက်လုံးတွေနဲ့ သူ့ကို ပြန်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
ရောက်လာတဲ့သူကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ကာ သူများကိစ္စဝင်မပါဖို့ ပြောမလို့ရှိသေး၊ ကွမ်းရှီးက အသံကျယ်ကြီးနဲ့ ထအော်ပါတော့တယ်။
“ခွေးလေး။ ခွေးလေး။ နင်ရောက်လာတာ အချိန်ကိုက်ပဲ။ ကိုက်၊ ကိုက်၊ သူ့ကိုကိုက် မြန်မြန်။”
“…”
မီးမှိန်မှိန်အရက်ဘားထဲမှာ ကွမ်းရှီးတစ်ယောက် ကျန်းဆွေကျိုး အင်္ကျီစကို ဆွဲပြီး သူများကို လက်ညှိုးထိုးကာ ကိုက်ဖို့အတင်းပြောနေတဲ့ မြင်ကွင်းကြောင့် ဘားကလူဟာ ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှ “ခင်ဗျားက ခွေး… အိုးအိုး၊ မှားလို့၊ မစ္စတာကျန်းမလား။ ကျွန်တော်က ခုနက ဖုန်းခေါ်လိုက်တဲ့သူပါ။”
ကျန်းဆွေကျိုးတစ်ယောက် ကွမ်းရှီးကို ထိုင်ခုံပေါ်ကနေ မနည်းဆင်းခိုင်းရင်းနဲ့ ဘားကလူကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ “ကျေးဇူးပဲ။”
“ရပါတယ်ဗျာ။”
ကျန်းဆွေကျိုးက ကွမ်းရှီးကို ခေါ်ပြီး ထွက်သွားတာကို တွေ့တဲ့အခါ ခုနက လူရမ်းကားက ခဏကြောင်ကြည့်နေပြီးမှ သူတို့နောက်လိုက်ကာ “ဟေး မင်း-”
“ထွက်သွားစမ်း။”
“…”
ကျန်းဆွေကျိုးဟာ သူ့နားကပ်လာတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားတဲ့ပုံပေါ်ပေမဲ့ ဟိုလူထပ်ပြီး မနှောင့်ယှက်ရဲမှာကို သိတဲ့ပုံနဲ့ လှည့်တောင်မကြည့်ပါဘူး။
အဲ့ဒါကိုမြင်တဲ့ ဟိုလူက ရှေ့ဆက်တိုးဖို့ လုပ်တဲ့အခါ ဘားကလူက ထွက်လာကာ အဲ့ဒီလူရဲ့လက်ကို လာဆွဲပါတော့တယ်။
“အိုင်းယိုး၊ အိုင်းယိုး။ လူကြီးမင်းရယ် မလိုက်ပါနဲ့။”
ဟိုလူက လှည့်ကြည့်ပြီး ဒေါသတကြီးနဲ့ “ဘာလဲကွ။”
“စိတ်လိုက်မာန်ပါ မလုပ်နဲ့။ စိတ်ထိန်း။ အဲ့ဒါ ကွမ်းရှီး။ ခင်ဗျား စိတ်လိုက်မာန်ပါ လုပ်လို့ရတဲ့သူ မဟုတ်ဘူး။”
“ကွမ်း ဘာဖြစ်တယ်။”
“ခင်ဗျားကို အကောင်းနဲ့ သတိပေးတာ။ အဲ့ဒီမိန်းကလေးက သွားစလို့ရတဲ့သူ မဟုတ်ဘူး။ သူ့ဘေးကလူရောပဲ။ သူတို့က သာမန်လူတွေ မဟုတ်ဘူး။ အင်းပေါ့၊ ခင်ဗျားကမှ ပြဿနာကို မီးထွန်းရှာချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ ဘားကတော့ တာဝန်မယူနိုင်ဘူးနော်…”
*****
မတ်တတ်တော့ ရပ်နိုင်သေးတယ်လို့ သတ်မှတ်လို့ ရသေးတဲ့ကွမ်းရှီးဟာ ကျန်းဆွေကျိုး ဆွဲခေါ်ရာနောက်ကို ကားယားကားယားနဲ့ ပါသွားလေရဲ့။
ဒါပေမဲ့လည်း ကားနားတောင်မရောက်သေးဘဲ မြေကြီးပေါ် အတင်းထိုင်ချကာ “အိမ်ပြန်ချင်တယ်လို့မှ မပြောတာ။ ဘယ်ခေါ်သွားမလို့လဲ။”
ကျန်းဆွေကျိုးက ဒီည အလုပ်ကလူတချို့နဲ့ တွေ့ဖို့ရှိလို့ ဒီဘားအနီးအနားကို ရောက်နေခဲ့တာ။ ဘားကလူဆီက ဖုန်းရတဲ့အချိန်တုန်းက အံ့ဩသွားခဲ့ပါသေးတယ်။ ကွမ်းရှီးအနေနဲ့ သောက်တယ်၊ စားတယ်၊ ဘားသွားတယ်ဆိုတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ သူ(မ)တစ်ယောက်တည်း ဖြစ်နေတယ်ဆိုလို့ သူအံ့ဩသွားခဲ့တာ။
“မင်းတစ်ယောက်တည်းလား။” ကျန်းဆွေကျိုးက သူ့ရှေ့မှာရပ်ရင်း မေးလိုက်တယ်။
မေးထောက်ပြီး ထိုင်နေတဲ့ကွမ်းရှီးဟာ “တစ်ယောက်တည်းပဲ… တစ်ယောက်တည်းဆို သောက်လို့ မရဘူးလား။ တစ်ယောက်တည်းဆို ဘားသွားလို့ မရဘူးလား။ သောက်ရတာ မဝသေးဘူး။ ပြန်သွားဦးမှာ…”
“မင်း သောက်တာများနေပြီ။ တစ်ယောက်တည်းဆို အန္တရာယ်များလို့ ပြောနေတာ။”
“ဪ၊ အဲ့ဒီတော့ နင်က ငါနဲ့ သောက်ပေးမှာလား။”
ကျန်းဆွေကျိုး- “မရဘူး။ ကိုယ်က လုပ်စရာရှိသေးတယ်။”
“အဲ့ဒါဆို သွားလေ။” ကွမ်းရှီးက ခေါင်းငုံ့သွားပြီး အရက်ရှိန်ကြောင့် အာလေးလျှာလေးနဲ့ တိုးတိုးလေး ရေရွတ်လိုက်တယ်။ “ငါ့ကို ဘယ်သူမှ လာပြီးဂရုစိုက်ပေးစရာ မလိုပါဘူး…”
ကျန်းဆွေကျိုးက မလှုပ်မယှက်နဲ့ ကွမ်းရှီးကို ပြန်မေးလိုက်တယ်။ “မင်းကို လာကြိုဖို့ တစ်ယောက်ယောက်ကို ဖုန်းဆက်လိုက်မယ်။ လန်နင်ယီးဖြစ်ဖြစ်။ ဒါမှမဟုတ် မင်းအဖေကို ခေါ်လိုက်ရမလား။”
“မခေါ်နဲ့။” ကွမ်းရှီးက ချက်ချင်းပဲ မော့ကြည့်ပြီး သူ့အင်္ကျီစကိုဆွဲရင်း ပြောလာခဲ့ပါတယ်။ “မခေါ်ပါနဲ့။”
ဒီအမူးသမားလေးနဲ့ ဆက်စကားပြောဖို့ သူ့မှာ အချိန်မရှိတာကြောင့် ကျန်းဆွေကျိုးက သူ့အဖေကို ဖုန်းဆက်ခေါ်ပြီး ကွမ်းရှီး အိမ်ကောင်းကောင်းပြန်ရောက်တာ သေချာအောင်လုပ်ပြီးတာနဲ့ သူလုပ်စရာရှိတာ သွားလုပ်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ သူ ငုံ့ကြည့်လိုက်တဲ့အခါ မျက်ရည်တွေဝဲနေတဲ့ ကွမ်းရှီးကို တွေ့လိုက်ရတဲ့အတွက် ရုတ်တရက်ကြောင်သွားပြီး ဖုန်းခေါ်ဖို့နှိပ်နေတဲ့ လက်ချောင်းတွေဟာလည်း ရပ်တန့်သွားခဲ့ပါတော့တယ်။
“ဘာလို့ငိုနေတာလဲ။ နေမကောင်းလို့လား။”
ကျန်းဆွေကျိုးဟာ ကွမ်းရှီးရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မျက်မှောင်ကြုတ်ထားရင်း မေးလိုက်တယ်။
ကွမ်းရှီးက ခေါင်းကိုယမ်းကာ “ကောင်းပါတယ်။”
“အိမ်မပြန်ချင်လို့လား။”
“…အင်း”
“ဘယ်သွားချင်တာလဲ။”
“အရက်သွားသောက်ချင်တာ။”
ကျန်းဆွေကျိုးက တစ်ခါတည်း ငြင်းလွှတ်လိုက်ပါတယ်။ “မရပါဘူး။”
သူ့အင်္ကျီစကို ဆွဲထားရင်းနဲ့ပဲ ကွမ်းရှီးက ဒေါသတကြီးနဲ့ အော်ပါတော့တယ်။
“ဟိုဟာလည်းမရ၊ ဒီဟာလည်းမရနဲ့။ အဲ့ဒါဆိုလည်း နင့်အိမ်ကိုသာ ခေါ်သွားပေးတော့။ ဒါမှမဟုတ်လည်း နင့်ကုမ္ပဏီကို ခေါ်သွားပေး။”
ကျန်းဆွေကျိုးဟာ ကွမ်းရှီးရဲ့ မျက်ရည်စတွေနဲ့ မျက်ဝန်းတွေကို တွေ့တဲ့အခါ စိတ်ပျော့သွားခဲ့တယ်။ ကွမ်းရှီး ဒီလိုဖြစ်နေတာကို သူတစ်ခါမှ မတွေ့ဖူးဘူးလေ။ အဲ့ဒီတော့ နည်းနည်းစိတ်မကောင်းဖြစ်သွားခဲ့တယ်။
“ကိုယ့်မှာ ဧည့်သည်တွေ့စရာတွေ အများကြီးရှိသေးတယ်။”
“နင့်အလုပ်က အရေးကြီးလား၊ ကောင်မလေးက ပိုအရေးကြီးတာလား။” ကွမ်းရှီးက သူ့ကို နှာတရှုံ့ရှုံ့နဲ့ မျက်စောင်းထိုးကြည့်လာကာ “နောက်ကျရင် ငါ့အတွက် လက်ဆောင်မဝယ်ခိုင်းတော့ဘဲ နင့်ပိုက်ဆံချွေတာပေးရင် ရတာပဲမဟုတ်ဘူးလား။ ဘာတွေရေးကြီးခွင်ကျယ်လုပ်နေမှန်းလဲ မသိဘူး။ ဒီလောက်မိုးချုပ်နေပြီကို အလုပ်လုပ်ဖို့လောက်ပဲ ခေါင်းထဲရှိနေ။”
သူခုနက စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ စကားကို ပြန်ရုပ်သိမ်းတယ်။ ကွမ်းရှီးကတော့ ကွမ်းရှီးပါပဲ။ အခုလည်း လမ်းလယ်ခေါင်မှာ ယိုင်တိုင်ယိုင်တိုင်နဲ့ ပိတ်ရပ်နေပြန်ပြီ။
ကျန်းဆွေကျိုးတစ်ယောက် ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး ပြုံးရုံသာတတ်နိုင်ပါတော့တယ်။
“ဟုတ်ပါပြီ။ မအော်နဲ့တော့။”
အဲ့ဒီနောက် တစ်ဖက်ကိုလှည့်ပြီး ကျောပေးလိုက်ကာ “လာ၊ တက်။”
ကွမ်းရှီးက သူ့ကျောပြင်ကို ကြည့်ပြီးတဲ့နောက် နည်းနည်းလေးမှ အားနာပါးနာမရှိဘဲ ကျန်းဆွေကျိုးကျောပေါ် တက်လိုက်ပါတော့တယ်။
အဲ့ဒီလိုနဲ့ပဲ ကျန်းဆွေကျိုးဟာ ကွမ်းရှီးကို ကုန်းပိုးရင်း သူကားထားခဲ့တဲ့နေရာဆီကို သွားရင်းနဲ့ပဲ
“မင်းအဖေနဲ့ စကားများလာတာလား။”
“မဟုတ်ပါဘူး။”
“သူငယ်ချင်းတွေနဲ့လား။”
“မဟုတ်ပါဘူး။”
“အဲ့ဒါဆို ဘယ်သူနဲ့ စကားများလာတာလဲ။”
ကွမ်းရှီးတစ်ယောက် မျက်ရည်တွေပါ ကျလာကာ ဒေါသတကြီးနဲ့ “တစ်ယောက်ယောက်နဲ့ ရန်ကို ဖြစ်လာရမှာလား။”
ကျန်းဆွေကျိုးဟာ ခဏလောက် နှုတ်ဆိတ်နေပြီးမှ “မဟုတ်ရင်ရော”
ကွမ်းရှီးက သူ့ကျောပေါ်ရောက်နေတာကြောင့် မျက်ရည်တွေကျနေတာကို သူ မမြင်ရပါဘူး။
“နင်နဲ့ စကားကိုမပြောချင်ဘူး။” အမူးသမားလေးရဲ့ ရှိုက်သံထွက်လာတော့မှပဲ သူရပ်ပြီး ဘေးတစောင်းကြည့်လိုက်တဲ့အခါမှသာ သူ့ကျောပေါ်ကလူဟာ နှပ်ချေးတွေရော မျက်ရည်တွေရော ကျနေတဲ့အပြင် သူ့ပခုံးတစ်ခုလုံးလည်း စိုရွှဲနေမှန်း သိလိုက်ရပါတော့တယ်။
“ကွမ်းရှီး။ စိတ်ထိန်းပါဦး။”
သူပြောလိုက်တော့မှပဲ တရှုံ့ရှုံ့ငိုနေရာကနေ အာပြဲကြီးနဲ့ ထငိုပါတော့တယ်။
“အဟင့် အဟင့် ဝူး…………………………………………………………………………………………………………………………………………………………………….အား……………”
ကျန်းဆွေကျိုး သက်ပြင်းတစ်ချက်ချလိုက်ကာ ကားဆီကို မြန်နိုင်သမျှ မြန်မြန်ရောက်ဖို့ ကြိုးစားလိုက်ပါတယ်။
“ဘာလို့ငိုတာလဲလို့လည်း မမေးဘူး၊ အဟင့် အဟင့် အဟင့်။”
“မင်းပြောချင်ရင် ပြောမှာပဲလေ။”
ကွမ်းရှီးဟာ ဒေါသတကြီးနဲ့ သူ့လက်ကို ရိုက်ကာ “နင်မေးတော့ ဘာဖြစ်သွားမှာမို့လို့လဲ။”
ကျန်းဆွေကျိုး- “…. ဟုတ်ပါပြီ။ ဘာလို့ငိုတာလဲ။”
ကားတံခါးနား ရောက်တဲ့အထိ နောက်ကနေ ဘာသံမှမကြားရတဲ့အခါ ကွမ်းရှီး ဘာအကြောင်းပြချက်မှ မရှိဘဲ သူ့ကို မူးပြီးရစ်နေတာလို့ ထင်လိုက်ပြီး တံခါးဖွင့်ဖို့ လက်လှမ်းလိုက်တဲ့အချိန်မှာပဲ အရမ်းကို နာကြည်းနေပုံပေါ်တဲ့ အသံတိုးတိုးလေးကို ကြားလိုက်ရလေရဲ့။
“ကျန်းဆွေကျိုး၊ ငါကြောက်တယ်။”
နောက်နေ့မနက် နိုးလာတဲ့အချိန်မှာတော့ ကွမ်းရှီးတစ်ယောက် သူ့ရုပ်သူမြင်ပြီး လန့်ဖျပ်သွားပါတော့တယ်။
အိုင်းလိုင်နာတွေ ပျက်နေပြီး ဆံပင်ကလည်း ရှုပ်ပွနေတဲ့အပြင် တစ်ကိုယ်လုံးလည်း အရက်နံ့တွေ နံဟောင်နေတဲ့သူ့ရုပ်ကို မှန်ထဲမှာ ပြန်မြင်လိုက်ရပြီး မအော်မိအောင် မနည်းထိန်းချုပ်ထားလိုက်ရလေရဲ့။
အဲ့ဒီတော့ ကျန်းဆွေကျိုး မနေ့က သူ့ကို ပြန်ခေါ်လာတုန်းက… ဒီလိုသရဲမရုပ်ကြီး ဖြစ်နေခဲ့တာပေါ့။
အိုး၊ အဲ့ဒါတင် ဘယ်ကဦးမလဲ။ အရူးလိုမျိုးပဲ အော်ဟစ်ငိုယိုနေခဲ့တာမလား။
သူ့ရဲ့ ချောမောလှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ မိန်းကလေးဆိုတဲ့ပုံရိပ် ပျက်စီးသွားပြီလို့ ခံစားလိုက်ရမိတဲ့အခါ သူ့မျက်နှာအမူအရာဟာ ပိုပိုပြီး တောင့်တင်းလာပါတော့တယ်။
ကျန်းခွေးလေးကတော့ သူ့ရဲ့ မနေ့ကပုံကို မြင်ပြီး လမ်းခွဲဖို့ ရက်တွက်နေမလား မသိဘူး။
မဟုတ်လောက်ပါဘူး။ ဟိုတစ်ရက်ကမှ လက်ဆောင် ၂၈ခုကြီးများတောင် ပေးထားတာ။ အဲ့ဒီလောက်တော့ လူစိတ်မရှိဘဲ မနေလောက်ပါဘူး။
ကွမ်းရှီးတစ်ယောက် ရေအမြန်ချိုးပြီး မိတ်ကပ်အပျံစားနဲ့ ထွက်လာတဲ့အချိန်မှာ ကျန်းဆွေကျိုးက မနက်စာစားနေပါပြီ။
“မောနင်း။” ဘာမှမဖြစ်သလိုနဲ့ ကျန်းဆွေကျိုး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ကာ မနက်စာစားဖို့ ခက်ရင်းကို ကောက်ကိုင်လိုက်ပါတယ်။
ကျန်းဆွေကျိုး-“အမူးပြေပြီလား။”
ကွမ်းရှီး ခဏတုံ့သွားကာ “ဒါပေါ့။”
“မနေ့က မင်း-”
“မနေ့က ဘာမှမဖြစ်ဘူး။ သောက်တာများသွားတာပဲရှိတာ။ ကိုလည်း သိတာပဲ။ အရက်က လူတစ်ယောက်ကို စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားစေတတ်တယ်လေ။ သဲက ပုံမှန်ဆို အဲ့ဒီလိုမဟုတ်ပါဘူး။”
ကျန်းဆွေကျိုး နှုတ်ခမ်းတွေ တွန့်ချိုးသွားကာ “ကိုယ်ကတော့ မင်း အဲ့ဒီလိုအာပြဲကြီးနဲ့ အော်ငိုတာ မနေ့က ပထမဆုံးတွေ့ဖူးတာပဲ။”
“…”
“အဲ့ဒီတော့ မနေ့က မင်း နောက်ဆုံးဘာပြောချင်နေတာလဲ။”
ကွမ်းရှီးက သူ့ကို ကြည့်ကာ “ဘာတွေပြောလို့လဲ။”
ကျန်းဆွေကျိုး သူ(မ)ကို တစ်ချက်ကြည့်လိုက်တယ်။
မနေ့ကတုန်းက သူ(မ)က ကြောက်တယ်လို့ပဲ ပြောခဲ့ပြီး ဘာကိုကြောက်တာလဲဆိုတာ ထပ်ပြောမလာခဲ့ဘူး။
မနေ့ညက သူ(မ)ရဲ့မျက်နှာကို သူ့မျက်လုံးထဲက မထွက်ဘူး။ သူ့အတွက်တော့ အဲ့ဒီမျက်နှာအမူအရာက သူ(မ)လေးမှာ မရှိသင့်တဲ့မျက်နှာအမူအရာလို့ တွေးမိတာကိုး။
“သောက်ပြီးရင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောတာ သဘာဝပဲကို။ မနေ့က ဘာပြောပြော၊ မေ့လိုက်တော့။”
သူဘာပြောခဲ့လဲဆိုတာ ကွမ်းရှီးကိုယ်တိုင်တောင် မမှတ်မိပေမဲ့ တစ်ခုခုရှက်စရာကောင်းတဲ့ဟာ နေမှာပဲလို့ တွေးလိုက်မိတယ်။
ကျန်းဆွေကျိုးက နှာတစ်ချက်မှုတ်လိုက်ကာ “မနေ့ညက မင်းအဖေ ဖုန်းဆက်လို့ ကိုယ်ကိုင်လိုက်တယ်။”
ကွမ်းရှီး- “သူ ဘာပြောလဲ…”
“ဘာမှမပြောဘူး။ မင်းဘယ်မှာလဲပဲ မေးတာ။ ကိုယ်နဲ့အတူရှိနေတယ်လို့ ပြောလိုက်တော့ သူစိတ်ချသွားတယ်။”
“အိုး။”
အဲ့ဒီလိုနဲ့ နှစ်ယောက်သား မနက်စာဆက်စားကြပါတော့တယ်။
ကွမ်းရှီး မနေ့က သူ သောင်းကျန်းထားမှန်းတော့ မှတ်မိသေးတာကြောင့် စားနေရင်းနဲ့ ကျန်းဆွေကျိုးကို ကြည့်ကာ မနေ့ညက ကျန်းဆွေကျိုး သူ့ပုံမြင်ပြီး ရယ်များရယ်နေမလားဆိုပြီး တွေးနေခဲ့မိတယ်။
ကွမ်းရှီးဟာ မြေခွေးမလေးလို မျက်လုံးမျိုး ပိုင်ဆိုင်ထားပြီး သူဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ကြည့်နေရုံနဲ့တင် လူတစ်ယောက်ကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ။
မနက်စာစားတဲ့တစ်လျှောက်လုံး သူစိုက်ကြည့်တာကို ခံနေရတဲ့ ကျန်းဆွေကျိုးဟာ အဆုံးမှာတော့ ခက်ရင်းကို ချလိုက်ကာ “ဒီနေ့မနက် ကုမ္ပဏီမှာ အလုပ်ရှိတယ်။ ကိုယ့်မှာ အချိန်မရှိဘူး။ မင်းရဲ့ အဲ့ဒီအကြည့်ကို နည်းနည်းထိန်း။”
ကွမ်းရှီးတစ်ယောက် ရုတ်တရက်ကြောင်သွားကာ “ဟမ်။” နောက်မှ သူ့ရှေ့ကလူ ဘာကိုဆိုလိုလဲဆိုတာ နားလည်သွားပြီး ခပ်ဟဟရယ်လိုက်ကာ အနှီအမျိုးသားရဲ့ ခေါင်းထဲက ဇာတ်ညွှန်းအတိုင်း အလိုက်သင့်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ “တကယ်ပေါ့… စီးအီးအိုကျန်းမှာ ဆယ်မိနစ်တောင် မရှိဘူးပေါ့။”
ကျန်းဆွေကျိုးက တစ်ရှူးကိုယူကာ သူ့လက်တွေသုတ်ရင်း “ဆယ်မိနစ်နဲ့ လောက်လို့လား။”
သူပြောတာလည်း ဟုတ်တာပဲလို့ တွေးမိပြီး “ဟုတ်သားပဲရော။ စီးအီးအိုကျန်းက ဆယ်မိနစ်နဲ့ ဘယ်လောက်ပါ့မလဲနော်။ စီးအီးအိုကျန်းက ဒီလောက်အားအင်အပြည့်ရှိတာကို တစ်ညတည်းနဲ့ မိန်းကလေး ၈ယောက်လောက်ကိုတောင် အံ့အားသင့်သွားစေနိုင်-”
“စိတ်မနှံ့လည်း ဆေးသောက်။” ကျန်းဆွေကျိုးက သူ့ကို ဖြတ်ပြောကာ တစ်ချက်စိုက်ကြည့်ပြီး ထသွားပါတော့တယ်။
“ဟားဟားဟားဟား။”
ကွမ်းရှီးဟာ ထထွက်သွားတဲ့ သူ့နောက်ကျောကိုကြည့်ရင်း ခွက်ထိုးခွက်လန် ရယ်နေလေရဲ့။
ကျန်းဆွေကျိုးကတော့ သူ(မ)ကို ပြန်ပြောဖို့ ပျင်းလွန်းတာကြောင့် သူ့ပစ္စည်းသူယူကာ အပြင်ထွက်ဖို့ ပြင်လိုက်တယ်။
ခဏလောက်ရယ်ပြီးတဲ့နောက်တော့ ကွမ်းရှီးက တဖြည်းဖြည်း ပြန်တည်လာကာ ဧည့်ခန်းဘက်ကို လှမ်းကြည့်မိတယ်။
ကျန်းဆွေကျိုးကတော့ အပြင်ထွက်သွားပါပြီ။
သူ့ရှေ့က ပန်းကန်ထဲမှာရှိတဲ့ ပေါင်မုန့်မီးကင်ကို ယူလိုက်ရင်း ဝမ်းနည်းလာသလို ခံစားလိုက်ရတဲ့အပြင် ‘ကံကောင်းလို့’ ဆိုတဲ့ အသိလည်း ဝင်လာခဲ့ပါသေးတယ်။
ဝမ်းနည်းတာက မနေ့ညက အရက်တွေသောက်ပြီး ရှောင်ပြေးမိတာကြောင့်…
ကံကောင်းတာက သူ့မှာ ကျန်းဆွေကျိုးရဲ့အိမ်ဆိုတဲ့ ရှောင်ပြေးစရာနေရာ ရှိသေးတာကြောင့်ပေါ့…
*****
Storyglory Swara Webnovel Translations