Chapter 7
ကိုယ့်အနားမှာပဲနေပေးပါ
Author- Liu Mang Xing
Translated by Lushell
အခန်း-၇
ကွမ်းရှီး ဒီနေ့ ကုမ္ပဏီမသွားသလို၊ အိမ်လည်း မပြန်ဖြစ်။
နောက်တော့ ဘယ်သွားရမှန်းမသိတော့တာကြောင့် လက်ထောက်ယန်ချင်းကို သူ့လက်တော့ပ် လာပို့ခိုင်းပြီး ကျန်းဆွေကျိုးအိမ်မှာနေကာ လက်စမသတ်ရသေးတဲ့ ပြင်သစ်ခရီးသွားဘလော့ကိုသာ ပြီးအောင်ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူရေးတဲ့ ခရီးသွားဘလော့တွေက Raiders နဲ့ဆင်ပေမဲ့ သူ့ဟာတွေက ပိုပြီးအနုစိတ်သလို အဲ့ဒီနေရာရဲ့ ပတ်ဝန်းကျင်နဲ့ လူတွေအကြောင်းကို ပိုပြီးအလေးပေးဖော်ပြထားတတ်ပါတယ်။
ကွမ်းမိသားစုက နယ်ပယ်တော်တော်များများမှာ ခေါင်းဆောင်နိုင်တဲ့အဆင့်အထိ အောင်မြင်နေသလို ရုံးခွဲတွေလည်း အများကြီးရှိတဲ့ လုပ်ငန်းစုတစ်ခုပါ။
အဘိုးကွမ်းဟုန် အနားယူသွားတဲ့အခါ ကွမ်းလုပ်ငန်းစုက သူ့သားတွေ၊ မြေးတွေလက်ထဲမှာ ဆက်ပြီးလည်ပတ်လျက်ရှိတယ်။
ကွမ်းဟုန်မှာ သားသုံးယောက်ရှိပြီး အကြီးဆုံးသားမှာ သားနှစ်ယောက်၊ အငယ်ဆုံးသားမှာ သားတစ်ယောက်၊ သမီးတစ်ယောက်၊ သားအလတ်ဖြစ်တဲ့ ကွမ်းရှင်းဟောင်မှာတော့ ကွမ်းရှီးဆိုတဲ့ တစ်ဦးတည်းသော သမီးတစ်ယောက်ပဲရှိ… ဘယ်ဟုတ်ပါ့မလဲ၊ အခုနှစ်ယောက်ဖြစ်သွားပြီပဲ။
ကွမ်းရှင်းဟောင်က ခရီးသွားလုပ်ငန်းမှာ အတော်လေးတော်တဲ့သူဖြစ်သလို ကွမ်းရှီးကိုလည်း အများကြီးသင်ပေးထားခဲ့တယ်။ ဒါပေါ့၊ ကွမ်းရှီးက သင်ထားပေမဲ့ အလုပ်ကို လေးလေးနက်နက်လုပ်လေ့မရှိပါဘူး။ ဒါကလည်း သူ့အဖေ အလိုလိုက်ထားတာကြောင့်ပါသလို သူကလည်း ပျင်းပြီး ဘာကိုမှ အရေးမစိုက်တာကြောင့်လည်း ပါတာပေါ့လေ။
ဒါပေမဲ့ ကွမ်းရှီးက ပျင်းသာပျင်းတာ၊ တော်တော်ဉာဏ်ကောင်းတဲ့သူပါ။
ဥပမာပြောရရင် သူက ခရီးသွားတာနဲ့ ပတ်သက်တဲ့အရာတွေမှာ ပါရမီပါပါတယ်။ အရင်ကတည်းက လျှောက်လည်ရတာ ကြိုက်တဲ့သူဖြစ်တာကြောင့် တစ်နိုင်ငံပြီးတစ်နိုင်ငံ လျှောက်လည်နေတဲ့သူပါ။ နောက်တော့ လည်ရင်းလည်ရင်းနဲ့ ဘလော့ဂါတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားပါတော့တယ်။
လွန်ခဲ့တဲ့သုံးလေးနှစ်လောက်က ကျန်းဆွေကျိုးတို့ ကုမ္ပဏီက Utour Travel စလုပ်တဲ့အချိန်မှာ ကွမ်းရှီးလည်း အားယားနေတာကြောင့် အကောင့်တစ်ခုဖွင့်ထားလိုက်မိတယ်။
သူ့ပထမဆုံးဘလော့ကတော့ တူရကီသွားလည်တုန်းက အကြောင်းတွေပါ။ ဘလော့မှာ အင်တာနက်ပေါ်က နာမည်ကြီးတဲ့သူတွေ ညွှန်းထားတဲ့ဟိုတယ်တွေ၊ လည်စရာနေရာတွေက သိပ်ပျော်စရာမကောင်းကြောင်းနဲ့ သူ အဆင်ပြေတယ်လို့ ထင်တဲ့နေရာတွေကို ပြောပြပေးထားပါတယ်။
အစကတည်းက ကွမ်းမမလေးဆိုတာ လွယ်လွယ်နဲ့ စိတ်တိုင်းမကျတတ်တဲ့အပြင် အရမ်းကိုတိကျပြီး အမြင်စူးရှတဲ့သူဆိုတော့ သူပြောတဲ့ဟာတွေဆိုရင် သူများတွေ မဝေဖန်နိုင်သလို အပြစ်လည်းပြောလို့မရနိုင်ပါဘူး။
(T/N: ကွမ်းရှီးပြောတဲ့နေရာတွေက လည်လို့တကယ်ကောင်းတဲ့နေရာတွေ၊ နေလို့ကောင်းတဲ့ဟိုတယ်တွေ ဖြစ်တာကြောင့် သူပြောတာတွေကို အပြစ်ရှာလို့မရဘူးဆိုတဲ့သဘောပါ။)
အဲ့ဒါကြောင့် သူ့အကောင့်က ဝါရင့်ဘလော့ဂါတွေရဲ့ အကောင့်တွေကြားထဲမှာတောင် ထင်းထွက်နေပါတော့တယ်။
နောက်တော့ ကွမ်းရှီးအနေနဲ့ ဒါကပျော်စရာကောင်းသားပဲလို့ တွေးမိတာကြောင့် တစ်နိုင်ငံပြီးတစ်နိုင်ငံ ခရီးတွေပတ်ထွက်ပြီး ပြန်လာတိုင်း စိတ်ပါလက်ပါနဲ့ ဘလော့တွေ ရေးပါတော့တယ်။ အဲ့ဒီတုန်းက ကွမ်းရှီးဟာ Utour Travel ရဲ့ လည်စရာနေရာတွေ ရေးပေးတဲ့ဘလော့ဂါတွေထဲမှာ နာမည်အကြီးဆုံး ဖြစ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ငပျင်းမလေး ကွမ်းရှီးဟာ အကြိမ်အနည်းငယ်လောက် ရေးပြီးတာနဲ့ စိတ်မပါတော့တာကြောင့် ဘလော့တွေကိုလည်း ပုံမှန်တင်လေ့မရှိတော့ပါဘူး။
အခုရေးနေတဲ့ဘလော့ကလည်း လွန်ခဲ့တဲ့လကတည်းက ရေးနေတဲ့ဟာပါ။
ဘလော့ရေးနေတုန်းမှာပဲ အန်တီကျန်းဆီက ဖုန်းဝင်လာခဲ့ပြီး သူ့ကို ဘယ်တော့အိမ်ပြန်လာမှာလဲလို့ မေးတဲ့အပြင် ကွမ်းယင်က ဒီနေ့ည သူ့အမေအကြိုက်ဖြစ်တဲ့ အမဲသားနဲ့အာလူး ချက်မှာဖြစ်တဲ့အကြောင်း တိတ်တိတ်လေး ပြောပြသွားပါသေးတယ်။
ကွမ်းရှီးသိတာပေါ့၊ ဝေ့ရှောက်မင်အကြိုက်ဆုံး အိမ်ဟင်းက အမဲသားနဲ့အာလူးဆိုတာ။ သူတောင် တစ်ခါ အဲ့ဒီဟင်းချက်တာ အတော်ဆုံးဆိုတဲ့စာဖိုမှူးဆီ သီးသန့်သွားပြီး အဲ့ဒီဟင်းတစ်ခွက်ရဖို့ နှစ်နာရီလောက် စောင့်လိုက်ရသေးတယ်လေ။
ရတော့လည်း နွေးနွေးလေးဖြစ်နေအောင် မနည်းထားပြီး နောက်ထပ်နှစ်နာရီလောက် အိမ်ရောက်အောင် ကားမောင်းပြန်ပြီး ဝေ့ရှောက်မင်ကို သွားကျွေးဖူးခဲ့တာ။
အဲ့ဒီတုန်းက ဝေ့ရှောက်မင်က တော်တော်လေးသဘောကျသွားပြီး သူ့ကို အလကားဒုက္ခခံနေတယ်၊ ပင်ပန်းတော့မှာပဲလို့တောင် ပြောခဲ့သေးတယ်။
ကွမ်းရှီးက အမြဲပင်ပန်းမှာကြောက်တဲ့သူဆိုပေမဲ့ အဲ့ဒီတုန်းကတော့ နည်းနည်းလေးမှ ဒုက္ခခံရတယ်လို့ မထင်ခဲ့ဘူး။ သူ့အမေပျော်သွားတယ်ဆိုတဲ့စိတ်ပဲ ရှိနေတာကိုး။
‘အခုတော့… မာမားပိုပျော်လောက်မှာပဲနော်။ အခုက ကိုယ်တိုင်ချက်ကျွေးတဲ့ဟင်းမလား။’
ကွမ်းရှီး ဖုန်းချပြီးနောက် သူ့တည်ရှိမှုကို သူတို့မမေ့အောင် အိမ်ပြန်ရင်ကောင်းမလားလို့ တွေးမိပေမဲ့ မနေ့ညက မိသားစုသုံးယောက် ဖက်ထုပ်လုပ်နေတဲ့ပုံကို စိတ်ထဲမှာ ပြန်မြင်ယောင်လာကာ ‘ထားလိုက်ပါတော့။ ဒီနေ့တော့ မပြန်တော့ပါဘူး။ နောက်တစ်ခါပြန်တဲ့အခါမှပဲ ငါ့နေရာမြဲအောင် လုပ်တော့မယ်။ အဲ့ဒီကွမ်းယင်က အခုမှရောက်ခါစပဲကို၊ နည်းနည်းလောက်ကြာသွားလည်း ဘာမှမဖြစ်လောက်ပါဘူး။’
ကွမ်းရှီး သူ့ကိုယ်သူ တရားချပြီး စိတ်ငြိမ်သွားချင်ယောင်ဆောင်လိုက်တယ်။ ဒါပေမဲ့ သူ့မျက်နှာလေးက တဖြည်းဖြည်းချင်း ပြန်ညှိုးကျသွားကာ
“အာလူးနဲ့ အမဲသား… အာလူးနဲ့အမဲသားလေးပဲကို။ အဲ့ဒီလောက်ရိုးရိုးရှင်းရှင်းလေးကို ဘယ်သူက မလုပ်တတ်ဘဲနေမှာလဲ။”
*****
ကွမ်းရှီးဆီက စာရောက်လာတဲ့အချိန်တုန်းက ကျန်းဆွေကျိုးဟာ ရုံးခွဲတစ်ခုဆီသွားတဲ့လမ်းမှာဖြစ်ပြီး နောက်ခုံမှာထိုင်ကာ သူ့ဖုန်းကိုကြည့်နေခဲ့မိတယ်။
(ဘေဘီ၊ ဘယ်အချိန်ပြန်လာမှာလဲ။)
အဲ့ဒီ”ဘေဘီ”ဆိုတဲ့ စကားလုံးနှစ်လုံးကို ကြည့်ရင်း သူ့လက်ထောက်ကို ခေါ်လိုက်တဲ့အခါ ရှေ့ခုံမှာထိုင်နေတဲ့ လက်ထောက်ကျိုးဟောက်က နောက်လှည့်လာကာ “စီအီးအိုကျန်း၊ ဘာဖြစ်လို့ပါလဲ။”
“အခုရက်ပိုင်း ကွမ်းရှီး မင်းကို တစ်ခုခုဝယ်ခိုင်းသေးလား။”
ကျိုးဟောက်က ခဏလောက်စဉ်းစားနေပြီးမှ ခေါင်းခါလိုက်ကာ “ကွမ်းမမလေးက ဘရန်းပိုင်ရှင်တွေနဲ့ မဆက်သွယ်ခိုင်းတာ တော်တော်ကြာပါပြီ။ ပြီးတော့ အခုတလောလည်း ဘာပစ္စည်းမှ အထူးတလည်ဝယ်ခိုင်းထားတာမျိုး မရှိပါဘူး။”
“ဘာမှမရှိဘူးပေါ့။”
ကျိုးဟောက်က အသေအချာ ခေါင်းညိတ်ပြလိုက်တဲ့အခါ ကျန်းဆွေကျိုး ဘာမှပြန်မပြောတော့ဘဲ ကွမ်းရှီးဆီ စာပြန်ဖို့ ခေါင်းငုံ့သွားပါတော့တယ်။
ဖြည်းဖြည်းချင်းမဝယ်ဘဲနဲ့ တစ်ခါတည်းနဲ့ အကြီးကြီးတစ်ခုခု ဝယ်ဖို့ကြံနေတာ နေမှာပဲ။
ကျန်းဆွေကျိုး- (အိမ်မှာလား။)
ကွမ်းရှီး- (အင်း၊ ကို့ကို စောင့်နေတာလေ။ ဘယ်တော့အိမ်ပြန်လာမှာလဲ။)
ကျန်းဆွေကျိုး-(၆ နာရီလောက်)
ကွမ်းရှီး – (အိုကေ… အဲ့ဒါဆို ညစာစားဖို့ စောင့်နေမယ်နော်)
ကျန်းဆွေကျိုး- ….
*****
အိုကေ။
ကျန်းဆွေကျိုးက အချိန်တိကျတဲ့သူဆိုတော့ ၆နာရီလောက်လို့ပြောရင် ၆နာရီကို အများကြီးကျော်မှာ မဟုတ်ဘူး။
၆နာရီ ၁၀မိနစ်မှာ ကျန်းဆွေကျိုး အိမ်ပြန်ရောက်လာပါတယ်။ အိမ်ထဲဝင်လိုက်တာနဲ့ တစ်ခုခုတူးနေတဲ့အနံ့ တန်းရလိုက်ပြီး တူးနံ့နောက် လိုက်သွားတဲ့အခါမှာတော့ မီးခိုးတွေမွှန်ထူနေတဲ့ မီးဖိုချောင်ဆီ ရောက်သွားပါတော့တယ်။
အဲ့ဒီရှုပ်ယှက်ခတ်ပြီး အိုးသံတွေ တတောင်တောင်ကြားမှာ အလုပ်ရှုပ်နေပုံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကျောပြင်ကို တွေ့လိုက်ရတဲ့အခါ အဲ့ဒါ ကွမ်းရှီးမှန်း ကျန်းဆွေကျိုး ချက်ချင်းသိလိုက်ပြီး ခဏလောက်ကြောင်သွားခဲ့မိတယ်။ ပြီးတာနဲ့ ချက်ချင်းပဲ သူ(မ)ကို ဆွဲထုတ်လာလိုက်ကာ
“မင်းက ဘာတွေလုပ်နေတာလဲ။ အန်တီရော။”
ကွမ်းရှီး- “သူ့ကို နားခိုင်းလိုက်တယ်။ ဒီည သဲချက်မှာလေ။”
ကျန်းဆွေကျိုး မျက်နှာက ခဏလောက်တောင့်တင်းသွားကာ “မင်းက ဟင်းချက်တတ်တယ်၊ ဟုတ်လား။ ဘယ်သူ့ကို အဆိပ်မိပြီး သေအောင်လုပ်မလို့လဲ။ ကိုယ့်ကိုလား။”
ကွမ်းရှီးက သူ့လက်ညှိုးကို ယမ်းပြကာ “အဆိပ်မိပြီး မသေဘူး။ စားကောင်းလွန်းလို့ပဲ သေသွားမှာ။ ကိုကြည့်လေ၊ ချက်လို့တောင်ပြီးသွားပြီ။”
မီးခိုးတွေကြားကနေ မီးခိုးစုပ်စက်ကို သွားဖွင့်ပြီးတာနဲ့ ပန်းကန်ထဲက ဘာမှန်းမသိနိုင်တဲ့အရာတွေကို ကြည့်လိုက်ကာ “ဘာကြီးလဲ။”
“အာလူးနဲ့အမဲသားလေ။” ကွမ်းရှီးက သူ့မျက်မှန်ကို ချွတ်ပေးလိုက်ကာ “မျက်မှန်က မှုန်သွားတာကိုး။ အဲ့ဒါကြောင့် ကိုက ကောင်းကောင်းမမြင်ရတော့တာ။”
ကွမ်းရှီးလေသံက သူ့ဘာသာသူ အရမ်းကျေနပ်နေပြီး ကျန်းဆွေကျိုးဆီက ချီးမွမ်းစကားကြားရဖို့ စောင့်နေပုံပါပဲ။ ဒါပေမဲ့လည်း ကျန်းဆွေကျိုးက ဘာပြောပေးရမလဲကို မသိနိုင်ဖြစ်နေခဲ့ရလေရဲ့။
ကျန်းဆွေကျိုးက ဘာမှမပြောတဲ့အခါ ကွမ်းရှီးတစ်ယောက် ပန်းကန်ကို အပြင်ဘက်က စားပွဲဆီသယ်သွားပြီး မီးဖိုချောင်ထဲဝင်၊ တူတစ်စုံယူကာ ပြန်အထွက်မှာ ကျန်းဆွေကျိုးကိုပါ ဆွဲခေါ်သွားလိုက်ပြီး “မြည်းကြည့်ကြည့်။” လို့ပြောရင်း တူကို ကျန်းဆွေကျိုးဆီ ကမ်းပေးလိုက်ပါတယ်။
ကျန်းဆွေကျိုး- “… ကိုယ် ဘာလို့ တူကိုင်သင့်လဲဆိုတဲ့ အကြောင်းပြချက်လေး မပေးချင်ဘူးလား။”
“ဒါ သဲဘဝမှာ ပထမဆုံးအကြိမ် ဟင်းချက်ဖူးတာလေ။” ကွမ်းရှီးက တွေးပြီးမှ ဆက်ပြောလိုက်တယ်။ “သဲကိုယ်တိုင် မီးဖိုချောင်ဝင်ပြီး ချက်ပေးထားတာကို။ စိတ်မလှုပ်ရှားသွားဘူးလား။”
“မစားရဲဘူးပေါ့လေ။”
ကွမ်းရှီးက နှာတစ်ချက်မှုတ်ကာ ကျန်းဆွေကျိုးဘေး ဝင်ထိုင်လိုက်ပြီး ဟင်းပန်းကန်ကို ကြည့်ရင်း ညည်းညူနေလိုက်ပါတယ်။
“ဒါပေမဲ့ သဲက ဒီလောက်တောင် ကြိုးစားထားတာ။ ဒီတစ်ကြိမ်မကောင်းရင် နောက်တစ်ကြိမ်ကျရင် ကောင်းလောက်မှာပါ။”
ကျန်းဆွေကျိုး သူ(မ)ကို ကြည့်လိုက်မိတယ်။ မီးဖိုချောင်ထဲမှာ ပြေးလွှားထားရလို့ ထင်ပါရဲ့။ သူ(မ)လေးရဲ့ မျက်နှာမှာ ပေနေခဲ့တယ်။ သူသိတဲ့ကွမ်းရှီးက သူ့ကိုယ်သူ အရမ်းဂရုစိုက်တဲ့သူဖြစ်ပြီး ဘယ်တော့မှဆီစင်မခံ၊ ညစ်ပတ်မခံတဲ့သူပါ။ အဲ့ဒါကြောင့် အခုဟာ သူ ပထမဆုံးအကြိမ် ကွမ်းရှီးရဲ့အခုလိုပုံစံကို မြင်ဖူးခြင်းဖြစ်ပါတယ်။
သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ သူ(မ)ပါးကို သုတ်ပေးလိုက်မိတယ်။
ကွမ်းရှီးအတွေးတွေက ဟင်းပေါ်မှာပဲရှိသေးတာကြောင့် သူ့ပါးကို အညှစ်ခံလိုက်ရတဲ့အခါ အံ့ဩတကြီးနဲ့ ဘေးကိုလှည့်ကြည့်မိလိုက်တယ်။ အဲ့ဒီအခါ ကျန်းဆွေကျိုးရဲ့ နောက်ထပ်လက်တစ်ဖက်က သူ့မေးစေ့ကိုကိုင်ပြီး ပေနေတာတွေကို သုတ်ပေးလာခဲ့ပါတယ်။
“ဒါတွေက မင်းလုပ်ရမဲ့အရာတွေမှ မဟုတ်တာ။ ဘာလို့အတင်းတွေ ကြိုးစားနေတာလဲ။” ကျန်းဆွေကျိုးက လေသံလေးနဲ့မေးလာတဲ့အခါ ကွမ်းရှီး ခဏတုံ့သွားခဲ့ပြီးမှ “ဒါပေမဲ့ သူများတွေက လုပ်တတ်တယ်လေ။”
“ဘယ်သူတွေကလဲ။”
“ဒီတိုင်းပဲ… တချို့လူတွေ။ အိမ်ပြန်လာတဲ့အချိန် ကိုယ်ချစ်တဲ့သူက ဟင်းချက်ပေးထားရင် အဲ့ဒီလူကို ပိုချစ်မလာဘူးလား။”
ကျန်းဆွေကျိုး- “ကိုယ်ကတော့ သူ အားယားနေလို့၊ အလုပ်မရှိ အလုပ်ရှာနေတယ်လို့ ထင်တာပဲ။”
“…”
“မျက်နှာသွားသစ်။”
“တကယ်မစားဘူးလား။ ဒီက တစ်နေ့လယ်လုံး လုပ်ထားရတဲ့ဟာကို။”
“မစားဘူး။”
“ဟွန့်။ အစားကောင်းစားရမဲ့ကံ ပါမလာတဲ့ပါးစပ်။” ကွမ်းရှီးက ပြောပြီးတာနဲ့ ထမင်းစားခန်းထဲကနေ လှည့်ထွက်သွားကာ မျက်နှာသွားသစ်ပါတော့တယ်။
ကျန်းဆွေကျိုး ထိုင်ခုံမှာထိုင်လိုက်ပြီး သူ့ရှေ့က ထူးထူးဆန်းဆန်းအရာတွေကို ကြည့်လိုက်မိတယ်။ ခဏလောက်အကြာမှာတော့ တူကိုင်ကာ အသားတုံးလေးတစ်တုံးကို ယူကြည့်လိုက်ပါတယ်။
တစ်နေ့လယ်လုံးလုပ်နေတာ…
ဒီဟာတွေကိုလေ…
ကျန်းဆွေကျိုး အဲ့ဒီအသားတုံးကို မျက်မှောင်ကြုတ်ကြည့်လိုက်မိကာ သူ့ပါးစပ်ထဲကို ထည့်ပြီး နှစ်ခါလောက်ဝါးပြီးတာနဲ့ သူ့မျက်နှာပြောင်းသွားကာ ချက်ချင်းထသွားပြီး အန်ထုတ်ပစ်မိပါတော့တယ်။
ဒီကောင်မလေးကတော့ သူ့ကို တကယ်အဆိပ်မိပြီး သေစေချင်နေတာပဲ။
*****
အဆုံးမှာတော့ ကျန်းဆွေကျိုးကပဲ တစ်ယောက်ယောက်ကိုခေါ်ပြီး ညစာလာပို့ခိုင်းရပါတော့တယ်။ စားပြီးတာနဲ့ ကွမ်းရှီးက ဧည့်ခန်းထဲက ကော်ဇောပေါ်မှာထိုင်ကာ ရေးလက်စဘလော့ကို ဆက်ရေးနေလိုက်တယ်။
သူဒီလောက် အလေးအနက်နဲ့လုပ်နေတဲ့ပုံက ကျန်းဆွေကျိုးအတွက် အတော်လေးထူးဆန်းနေလေရဲ့။
“ဘာရေးနေတာလဲ။”
“ဘလော့လေ။ မတင်ဖြစ်တာ ကြာပြီ။”
Utour မှာ ကွမ်းရှီး အကောင့်ဖွင့်ထားမှန်း ကျန်းဆွေကျိုးသိပါတယ်။ သူ(မ)အကောင့်က အတော်လေး နာမည်ကြီးတာကြောင့် အရင်တစ်ခေါက် အစည်းအဝေးတုန်းက သူ့လက်အောက်ကလူတွေက ကွမ်းရှီးအကောင့်ကို ဥပမာအနေနဲ့တောင် ထုတ်ပြလာသေးတယ်လေ။
ဒါပေမဲ့ သူမှတ်မိသလောက်ဆိုရင် ကွမ်းရှီး ဘာမှမတင်တာ တော်တော်ကြာပြီမလား။
“ရုတ်တရက်ကြီး ဘာလို့ ဒါကိုရေးဖို့ စိတ်ပါသွားတာလဲ။”
ကွမ်းရှီး- “ရုတ်တရက်ကြီး အလုပ်ကြိုးစားချင်သွားလို့။”
ဝီရိယ၊ ကွမ်းငါးလေးနဲ့ မသက်ဆိုင်တဲ့ စကားလုံးတစ်လုံးပဲ။
ကွမ်းရှီး စိတ်ပါတုန်း ခဏရေးတာပဲလို့ ကျန်းဆွေကျိုး တွက်လိုက်တယ်။ ဒါပေမဲ့လည်း ကောင်းတာပဲ။ ကွမ်းရှီးရေးတဲ့ပုံက သူများနဲ့မတူတာကြောင့် Utour ကို လူတွေပိုပြီး စိတ်ဝင်စားလာအောင် လုပ်နိုင်မှာ။
ကျန်းဆွေကျိုး- “မနက်ဖြန် စုန့်လီမွေးနေ့။ တူတူသွားရအောင်။”
ကွမ်းရှီး- “စိတ်ရှိရင် ပြီးတာပဲမဟုတ်ဘူးလား။ ကိုပဲ လက်ဆောင်အစားယူသွားပြီး သူ့ကိုပေးပေး။ သဲမလိုက်တော့ဘူး။”
“လိုက်ခဲ့။”
ကျန်းဆွေကျိုးထပ်ပြောလာတဲ့အခါ ကွမ်းရှီး သူ့ကိုလှည့်ကြည့်လာကာ “လူတွေအများကြီးလာမှာမလို့လား။ မိန်းကလေးတွေ အများကြီး။”
“ဖြစ်နိုင်တယ်။”
ကွမ်းရှီး နှာတစ်ချက်မှုတ်လိုက်ကာ “ဟုတ်သားပဲ။ စုန့်လီအဲ့ဒီကောင်ဘေးမှာ အပေါဆုံးက မိန်းကလေးတွေပဲ။”
ကျန်းဆွေကျိုး- “အဲ့ဒါကြောင့် မင်းလိုက်လာပြီး ကိုယ့်ကို ဒုက္ခမများအောင် လိုက်လုပ်ပေး။”
ကျန်းဆွေကျိုးပြောနေတဲ့ဒုက္ခကို ကွမ်းရှီး ကောင်းကောင်းသိတာပေါ့။ ထန်စန်းကိုယ်တော်ရဲ့ အသားကို မကောင်းဆိုးဝါးတွေ ကြိုက်သလို မိန်းမလှလေးတွေကလည်း ကျန်းဆွေကျိုးကို အသေရရ အရှင်ရရလိုချင်နေတာဆိုတော့ ကွမ်းရှီးသာ မပါရင် ကျန်းဆွေကျိုး အဲ့ဒီကိစ္စတွေ တော်တော်ရှင်းယူရမှာကိုး။
“လိုက်လာပေးရင် ဘာရမှာလဲ။” ကွမ်းရှီး အကျင့်ပါပြီး မေးလိုက်တယ်။
ကျန်းဆွေကျိုး သူ(မ)ကို ကော်ဇောပေါ်ကနေ ဆွဲထူလိုက်ကာ သူ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်ပြီး “ဒီလောက်အကြာကြီး ကြိုးကြိုးစားစားနဲ့ လိမ္မာနေတာ၊ ဘာလိုချင်တာလဲပြော။”
ကွမ်းရှီး ရုတ်တရက်ဆိုတော့ ဘာကိုဆိုလိုမှန်း မသိဘဲဖြစ်သွားခဲ့တယ်။ ပြန်စဉ်းစားကြည့်တော့မှ သူအခုတလော မူမမှန်ဖြစ်နေတော့ ခဏခဏ သူလှည့်စားတာခံထားရတဲ့ စီအီးအိုကျန်းက စိတ်မသက်မသာဖြစ်နေတယ်ထင်ပါရဲ့။
ကျန်းခွေးလေးကတော့ ဘာတွေ အတွေးပေါက်နေမှန်းကိုမသိဘူး။ သူက တကယ်ကို ဘာမှဝယ်ခိုင်းချင်တဲ့စိတ်မရှိပါဘူးဆို။
“ဟူး… တကယ်တော့ ဘာမှမရလည်း လိုက်ပေးမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုက သဲကောင်လေးပဲကို။”
ကျန်းဆွေကျိုး သူ့ကို စိုက်ကြည့်ကာ “ကွမ်းရှီး၊ မင်း ပုံမှန်အတိုင်းပဲ နေပါ့လား။”
“…”
“ဒီနှစ်ရှိုးပွဲက ပစ္စည်းအသစ်တွေကို ကျိုးဟောက်သွားယူပြီးရင် မင်းကိုယ်တိုင်းအတိုင်း ပို့ပေးလာလိမ့်မယ်။”
ကွမ်းရှီးမျက်လုံးတွေ အရောင်တောက်လာကာ “Chanel လား။”
“အင်း။”
“မိုက်လိုက်တာ။”
ဒီနေ့တစ်နေ့လုံး စိတ်ညစ်နေတာ အခုမှပဲ စိတ်သက်သာရာရသွားတော့တယ်လို့ တွေးလိုက်မိကာ ကွမ်းရှီးတစ်ယောက် ကျန်းဆွေကျိုးပါးကို နမ်းလိုက်ပြီး “ဘေဘီက အရမ်းကောင်းတာပဲ။ ချစ်တယ်နော်၊ ချစ်တယ်နော်။”
ကျန်းဆွေကျိုးအတွက်တော့ ဇိမ်ခံပစ္စည်းတွေ အနံ့ရတာနဲ့ ထကမတတ်ပျော်တဲ့ ကွမ်းရှီးကိုပဲ သဘောကျတယ်။ ဟိုမီးဖိုချောင်ထဲမှာ ဟင်းချက်နေတဲ့ ကွမ်းရှီးကကျတော့ ကြောက်စရာကောင်းတယ်လို့ ထင်မိတယ်လေ။
ကွမ်းရှီးကို ငြိမ်ငြိမ်နေခိုင်းလိုက်ကာ သူ့ကိုနမ်းဖို့ ရှေ့တိုးသွားလိုက်ပြီး “နောက်ဟင်းမချက်နဲ့။”
“…ဘာလို့လဲ။”
“အသက်အန္တရာယ်စိုးရိမ်ရတယ်။”
ကွမ်းရှီး- ‘တကယ်ကြီး အဲ့ဒီလောက်ဆိုးလို့လား။ လျှောက်ပြောနေတယ်။’
*****
Storyglory Swara Webnovel Translations