Chapter 8
ကိုယ့်အနားမှာပဲနေပေးပါ
Author-Liu Mang Xing
Translated by Lushell
အခန်း-၈
စုန့်လီက ကျန်းဆွေကျိုးနဲ့ သူငယ်ချင်းဖြစ်လာတာ ကြာပြီဖြစ်သလို ကွမ်းရှီးနဲ့လည်း ရင်းနှီးတယ်လို့ ပြောလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။
နောက်တစ်နေ့ လက်ထောက်ယန်ချင်းတစ်ယောက် စုန့်လီကိုပေးမဲ့ လက်ဆောင်ကို ကျန်းဆွေကျိုးအိမ် လာပို့ပေးတဲ့အချိန်မှာ ကွမ်းရှီးက မိတ်ကပ်ပြင်ပြီးလို့ ရေမွှေးဘူးတစ်တန်းလိုက်ကြီးရှေ့မှာ ရပ်ကာ ဒီနေ့ဘာရေမွှေးသုံးရင် ကောင်းမလဲလို့ စဉ်းစားနေတုန်းပါ။
“ဘာကြီးလဲ။”
ယန်ချင်း- “အရင်တစ်ခေါက် လေလံပွဲက ဝယ်လာတဲ့ ၁၉၂၁ ခုနှစ်က တီကျင်းပါ။ မစ္စတာစုန့်က သောက်ရတာ ကြိုက်တဲ့သူဆိုတော့ ဒီလက်ဆောင်က အဆင်ပြေလောက်ပါတယ်။”
ကွမ်းရှီးက ခေါင်းညိတ်ပြလိုက်ကာ “ဧည့်ခန်းထဲမှာ ထားခဲ့လိုက်။ ပြီးရင် ပြန်လို့ရပြီ။”
“ဟုတ်ကဲ့။”
လက်ထောက်ထွက်သွားတဲ့အချိန်မှာပဲ ဖုန်းမြည်လာခဲ့တယ်။ ကွမ်းရှီးဖုန်းကိုင်လိုက်ကာ စပီကာဖွင့်ပြီး စားပွဲပေါ်ချထားလိုက်ပါတယ်။
“ဘယ်အချိန်ပြန်လာမှာလဲ။”
ကျန်းဆွေကျိုး- “ကုမ္ပဏီမှာ ကိစ္စတစ်ခုပေါ်လာလို့ ကိုယ်နောက်မှ လိုက်လာမယ်။ မင်းအရင်သွားနှင့်တော့။”
“ကိုယ့်ဘာသာကိုယ် မောင်းသွားရမှာလား။”
“မမောင်းချင်ရင် ကျိုးဟောက်ကို လိုက်ပို့ခိုင်းပေးမယ်လေ။”
ကွမ်းရှီးက သူသုံးနေကျ ရေမွှေးဘူးကိုပဲ ရွေးလိုက်ကာ “အဲ့ဒါဆိုရင် အကြာကြီးစောင့်နေရဦးမှာ… ထားလိုက်ပါတော့။ ကိုယ့်ဘာသာကိုယ်ပဲ မောင်းသွားလိုက်တော့မယ်။”
“အဲ့ဒီလိုဆိုလည်း ပြီးတာပဲ။”
ကျန်းဆွေကျိုး တော်တော်လေး အလုပ်ရှုပ်နေတယ် ထင်ပါရဲ့၊ ဖုန်းကို မြန်မြန်ဆန်ဆန်ပဲ ချသွားခဲ့တယ်။
ကွမ်းရှီးကတော့ သီချင်းလေးညည်းရင်း ရေမွှေးကို လက်ကောက်ဝတ်ပေါ် ဖျန်းလိုက်ပြီးနောက် နားနောက်မှာလည်း နည်းနည်းဖျန်းလိုက်ပါတယ်။
သူက အနံ့ပြင်းပြင်းကြီးတွေကို မကြိုက်တတ်ဘူး။ ဒီရေမွှေးကတော့ အနံ့သင်းသင်းလေးနဲ့ သက်သောင့်သက်သာရှိစေတဲ့ အနံ့မျိုးလေး။
၁၀ မိနစ်လောက် ကြာပြီးတဲ့နောက်မှာတော့ သူ ပြင်လို့ဆင်လို့ ပြီးသွားတာကြောင့် အိတ်ကိုယူပြီး ထွက်လာလိုက်ပါတော့တယ်။
စုန့်လီက ပါတီပွဲတွေကို အသေကြိုက်တာကြောင့် သူ့မွေးနေ့ပွဲကိုလည်း ပါတီပွဲအကြီးစားကြီးဖြစ်အောင် လုပ်ထားလေရဲ့။
ဒီနေ့ပွဲက သူ့ကိုယ်ပိုင်ဗီလာမှာ လုပ်တာဖြစ်ပြီး ကွမ်းရှီး ဝင်သွားလိုက်တာနဲ့ လွန်လွန်ကြူးကြူးဖြစ်နေတဲ့ ပါတီပွဲအပြင်အဆင်ကြောင့် ခေါင်းတောင်မူးချင်သွားခဲ့ရပါတယ်။
တစ်ခန်းလုံးကို မီးလုံးတွေနဲ့ ပြည့်နေတော့တာပဲ… တော်တော်လည်း ထူးဆန်းတဲ့ကောင်။
“အေးလိုက်တာ၊ ငါအဝတ်လဲချင်တယ်။”
“ခဏနေရင် ရေထဲ မဆင်းမှာ သေချာလို့လား။ လဲပြီးဘာလုပ်မှာလဲ။”
“ဟဲ့၊ ဒါလေး ကြည့်လို့ကောင်းတယ်မလား။”
“ဒီဟာသောက်၊ သစ်တော်သီးအရသာ။”
…..
ရေကူးဝတ်စုံနဲ့ မိန်းမလှလေးတွေဟာ ဧည့်ခန်းထဲမှာ ထိုင်ပြီး စကားပြောလိုက်၊ မိတ်ကပ်ပြင်လိုက် လုပ်နေကြပါတယ်။
ကွမ်းရှီးက တစ်ယောက်နဲ့မှ မသိတာကြောင့် နှုတ်လည်း မဆက်လိုက်တော့ပါဘူး။
ဗီလာအပြင်က ခြံဝင်းထဲကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ရေကူးကန်ရယ်၊ အရက်အကောင်းစားတွေ၊ သီချင်းသံတွေရယ်နဲ့ ကောင်လေးချောချောလေးတွေနဲ့ ကောင်မလေးလှလှလေးတွေဟာ နှစ်ယောက်သုံးယောက်တစ်ဖွဲ့ စကားပြောနေကြတာကို တွေ့လိုက်ရပါတယ်။
တကယ့်ကို စုန့်လီရဲ့စတိုင်ပဲ။
ကွမ်းရှီး ပြုံးလိုက်မိပြီး အိတ်နဲ့လက်ဆောင်ကို ချကာ နှုတ်ခမ်းနီတောင့်ကို ထုတ်ပြီး
“မှန် ခဏလောက် ငှားလို့ရမလား။”
သန့်စင်ခန်းသွားရမှာ ပျင်းတာကြောင့် မှန်ကိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဆီကနေ ငှားလိုက်ပါတယ်။
ဆိုဖာပေါ်မှာထိုင်နေတဲ့သူတွေအကုန်လုံးက သူ့ဘက် လှည့်လာကြပြီး ဟိုမိန်းကလေးကတော့ သူ့ကို အထက်အောက်ကြည့်ပြီးမှ မှန်သေးသေးလေးကို ပေးလာခဲ့တယ်။
ကွမ်းရှီး ကျေးဇူးတင်စကားပြောကာ သူ့နှုတ်ခမ်းနီကို ပြင်ဆိုးလိုက်တယ်။
အတော်များများက သူလုပ်တာကိုပဲ လိုက်ကြည့်နေကြပါတော့တယ်။ သူတို့က ကွမ်းရှီးကို မသိကြပါဘူး၊ စုန့်လီကလွဲပြီး တခြားသူတွေကို မသိဘူးလို့ပြောရင် ပိုမှန်မယ်ထင်တယ်။ ဒါပေမဲ့ စုန့်လီက သူတို့ကိုဖိတ်တော့ ပျော်ပျော်ကြီးလာကြတာပေါ့။ သူတို့သာ စုန့်လီရဲ့အသိုင်းအဝိုင်းထဲကို ဝင်နိုင်ပြီး ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်နဲ့သာ တွဲနိုင်လိုက်ရင် ပိုက်ဆံဆိုတာ လွယ်လွယ်ရနိုင်တဲ့အရာ ဖြစ်သွားမှာကိုး။
“ဒီမှာ။” ကွမ်းရှီးက မှန်ကိုပြန်ပေးလိုက်တဲ့အခါ ဟိုကောင်မလေးက ပြန်ယူဖို့လက်လှမ်းရင်းနဲ့ သူ့လက်က နာရီဆီ အကြည့်ရောက်သွားခဲ့တယ်။
သူတို့အကုန်လုံးက မျက်စိလျင်ပြီး ဘရန်းပစ္စည်းတွေဆို မြင်တတ်ကြတော့ ကွမ်းရှီး ပစ္စည်းတွေက တန်ဖိုးကြီးတွေမှန်း ကြည့်လိုက်တာနဲ့ တန်းသိတာပေါ့။ အထူးသဖြင့် သူပတ်ထားတဲ့ Patek Philippe နာရီ၊ ဘေးမှာချထားတဲ့ Hermes အိတ်။
“နင်ကလည်း စုန့်လီသူငယ်ချင်းမလား။” ဆိုဖာပေါ်က မိန်းကလေးတွေက ပြုံးနေပေမဲ့ အကြည့်တွေကတော့ ရန်လိုပြီး စပ်စုချင်စိတ် အပြည့်နဲ့ပါ။
ဘာလို့လဲဆို ကွမ်းရှီးက အားကြီးတဲ့ပြိုင်ဘက်လို ဖြစ်နေတာကိုး။
ကွမ်းရှီးက အရမ်းကိုလှတဲ့အတွက် သူများတွေရဲ့ အာရုံစိုက်မှုကို အလွယ်လေးယူသွားနိုင်တဲ့သူ ဖြစ်နေတယ်လေ။ အခုအချိန်မှာတော့ လူတိုင်းက သူများအာရုံစိုက်တာခံရတဲ့သူဟာ သူတို့ကိုယ်တိုင်ဖြစ်ဖို့ပဲ လိုလားနေကြတာကိုး။
ကွမ်းရှီးက ခေါင်းညိတ်ပြီး တစ်ခုခုပြန်ပြောတော့မဲ့အချိန်မှာပဲ စုန့်လီအသံကြီးကို ကြားလိုက်ရပါတော့တယ်။
“ကွမ်းရှီး။ မမလေးရယ်။ နောက်ဆုံးတော့ ရောက်လာပြီပေါ့။”
စုန့်လီ ခုန်ပေါက်ပြီး ရောက်လာတာကို တွေ့တဲ့အခါ လက်ဆောင်ပေးလိုက်ပြီး “နင့်အတွက်၊ ဟက်ပီဘတ်ဒေး။”
“ဝါး… ဝိုင်ကြီးလား။”
“အင်း။ ငါ့လက်ထောက်ပြောတာတော့ နှစ်ချို့ဝိုင်တဲ့။ အဲ့ဒါကြားပြီး ရင်နာနာနဲ့ ပေးတာနော်။”
စုန့်လီ- “ကျွတ်၊ နင် ငါ့ကို ချစ်မှန်းသိပါတယ်။ ငါကလည်း ချစ်တယ်နော်၊ ချစ်တယ်နော်။”
“မချစ်ပါနဲ့။ ဒီနေ့ရောက်လာတဲ့သူအကုန်လုံးတောင် ချစ်လို့ကုန်မှာ မဟုတ်ဘဲနဲ့။”
စုန့်လီက သူ့ကို မျက်စောင်းထိုးလိုက်ကာ “တော်တော်ဆိုးတဲ့ကောင်မလေးပဲ။ အေ၊ ကျန်းဆွေကျိုးကော။ နင်နဲ့ အတူတူမလာဘူးလား။”
“နောက်ကျမယ်တဲ့။ စုန့်လီ၊ နင် ဘယ်လိုတောင် ခေတ်နောက်ကျတဲ့ အပြင်အဆင်ကြီး လုပ်ထားတာလဲ။ မီးတွေအများကြီးနဲ့ ဂျပန်က ဟိုလိုမကောင်းတဲ့နေရာတွေ ကျနေတာပဲ။”
စုန့်လီက အံ့ဩသွားတဲ့ပုံနဲ့ “တကယ်ကြီးလား။ ငါက ရိုတယ်ထင်လို့လေ။”
ကွမ်းရှီး ဘာမှဆက်မပြောတော့ဘဲ “ထားပါတော့။ နင့်မွေးနေ့ပွဲပဲကို…. နင်ယီးလာပြီလား။”
“လာပြီ။ အပြင်ဘက်မှာ။”
“အဲ့ဒါဆို ငါသူ့ဆီပဲ သွားတော့မယ်။”
ကွမ်းရှီးက နောက်ကို ထွက်သွားတဲ့အခါ စုန့်လီလည်း မြန်မြန်လိုက်သွားပါတော့တယ်။
ဆိုဖာပေါ်မှာ ထိုင်နေတဲ့မိန်းကလေးတွေဟာ အချင်းချင်းပြန်ကြည့်လိုက်ကြတယ်။ ဒါပေမဲ့ စုန့်လီရဲ့ အမူအရာကို ကြည့်ခြင်းအားဖြင့် ခုနကောင်မလေးကို ရန်လိုစရာမလိုဘူးဆိုတာတော့ သိသွားခဲ့တယ်။
ဘာလို့လဲဆို သူတို့က အဆင့်ချင်းမှ မတူကြတာကိုး။
*****
ကွမ်းရှီး အဝေးကတည်းက ဝေ့ရှိုးယန်နဲ့ စကားပြောရင်း ကော့တေးစားပွဲနားမှာ ရပ်နေတဲ့ လန်နင်ယီးကို လှမ်းမြင်ပါတယ်။
စုန့်လီကို နှင်ထုတ်ပြီးတာနဲ့ အအေးတစ်ခွက်ယူကာ သူတို့နှစ်ယောက်ဆီ လျှောက်သွားလိုက်တယ်။
ဝေ့ရှိုးယန်က လှည့်ကြည့်ရင်း သူ့ကိုတွေ့သွားတဲ့အခါ နှုတ်ဆက်လာခဲ့ပါတယ်။ “လာပြီလား။”
“နင်တို့က စောလိုက်တာ။”
“နင်နဲ့ ဘယ်လောက်မှမကွာပါဘူး။ နင့်ထက် ၁၀မိနစ်လောက်ပဲ စောတာ။” ဝေ့ရှိုးယန်က သူ့နောက်ကို လှမ်းကြည့်ကာ “ဟိုတစ်ယောက် မလာဘူးလား။”
ကျန်းဆွေကျိုးကို ဆိုလိုမှန်း ကွမ်းရှီးသိတာကြောင့် “နောက်မှ လာလိမ့်မယ်။”
“အို့။”
“နင်တို့ ခုနက ဘာတွေပြောနေကြတာလဲ။”
လန်နင်ယီးက ပြုံးပြုံးကြီးနဲ့ “ကိုလူချောတစ်ယောက် အကြောင်းပြောနေတာပေါ့။”
ကွမ်းရှီး- “ဘယ်သူ့အကြောင်း အတင်းတုတ်နေပြန်တာလဲ။”
ဝေ့ရှိုးယန်က သူ့ရဲ့ ‘ပြန်’ဆိုတဲ့ စကားလုံးကို ကြားတော့ ချက်ချင်းပဲ ပြန်ပြောလာပါတော့တယ်။
“ငါ အတင်းတုတ်နေတာ မဟုတ်ဘူး။ လန်နင်ယီးက လာမေးလို့ ပြန်ဖြေပေးတာပဲရှိတာ။”
“ဟုတ်လို့လား မောင်လေးရဲ့။”
“…”
“ဘယ်သူ့အကြောင်းပြောနေတာလဲ။”
ဝေ့ရှိုးယန်- “ရှဲ့ယန်။”
“ရှဲ့…ယန်။ ဘယ်သူလဲ အဲ့ဒါ။”
လန်နင်ယီးက မျက်စပစ်ပြကာ “ရေကူးကန်နားက အနက်ရောင်ရှပ်နဲ့ တစ်ယောက်ကို မြင်တယ်မလား။”
သူပြတဲ့နေရာကို လိုက်ကြည့်တဲ့အခါ ကန်ဟိုဘက်မှာ ရပ်နေတဲ့လူတစ်ယောက်ကို မြင်လိုက်ရပါတယ်။ နည်းနည်းဝေးနေတာကြောင့် သေချာမမြင်ရပေမဲ့ အဲ့ဒီတစ်ယောက်က အရပ်ရှည်ပြီး ခန္ဓာကိုယ် အချိုးအစားမိုက်မိုက်နဲ့ဆိုတာတော့ မြင်နိုင်ပါတယ်။
လန်နင်ယီး- “နင် မသိတာလည်း မထူးဆန်းပါဘူး။ သူတို့မိသားစုက ဟိုတလောကမှ တောင်ပိုင်းကနေ ပြောင်းလာတာ။ အိမ်ခြံမြေလုပ်ကြတာလေ။ အဲ့ဒီတစ်ယောက်က အိမ်ဒီဇိုင်းဆွဲတာ နာမည်ကြီးတယ်တဲ့။”
“အို… ပြီးတော့ရော။” ကွမ်းရှီးက သူတို့အတင်းတုတ်ရလောက်အောင် ဘယ်နားက စိတ်ဝင်စားစရာကောင်းနေတာလဲဆိုတာ မတွေးတတ်တော့ဘူး။
လန်နင်ယီးက ဆက်ပြောဖို့ပါးစပ်ဟလိုက်ပြီးမှ တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ ကွမ်းရှီးကိုကြည့်ပြီး ပါးစပ်ပြန်ပိတ်သွားလေရဲ့။
ကွမ်းရှီး- “ဘာတွေ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာလဲ။”
“အာ… ဘာမှမဟုတ်ပါဘူး။”
ဝေ့ရှိုးယန်က ဆက်ပြောလာခဲ့တယ်။ “ဘာမှ စိတ်ဝင်စားစရာကောင်းတာတော့ မဟုတ်ပါဘူး။ ငါတို့က ဒီအတိုင်းပဲ ပျင်းလို့လျှောက်ပြောနေကြတာ။ ရှဲ့ယန်ရဲ့ ဒီဇိုင်းတွေကို ငါကြည့်ပြီးပြီ။ သူနဲ့ ပူးတော့ ပူးပေါင်းချင်သား။ သူနဲ့ပတ်သက်ပြီး ထူးခြားတာဆိုလို့ အင်း… သူ့ဘဝအတွေ့အကြုံလို့ပဲ ပြောရမယ်ထင်တယ်။”
“ဘဝအတွေ့အကြုံ ဟုတ်လား။”
“အင်း… သူက ရှဲ့အိမ်က မွေးစားသားလို့ ကြားတာပဲ။”
ခွက်ကိုကိုင်ထားတဲ့ ကွမ်းရှီးလက်တွေ တုံ့သွားခဲ့တဲ့အခါ လန်နင်ယီးက သူ့ကို တိတ်တိတ်လေး ချောင်းကြည့်လာခဲ့တယ်။
ဘာမှမသိတဲ့ ဝေ့ရှိုးယန်ကတော့ ဆက်ပြောနေလေရဲ့။
“သူက မွေးစားသားဆိုပေမဲ့ ရှဲ့မိသားစုမှာ ခြေမြဲတယ်။ သူ့မွေးစားအဖေက သူ့ကို အရမ်းချစ်တာ။ သားအရင်းထက်တောင် ပိုသေးတယ်။”
ကွမ်းရှီး နှာတစ်ချက်မှုတ်ပြီး ရှဲ့ယန်ကို လှမ်းကြည့်လိုက်မိတယ်။
မွေးစားသား… သူနဲ့အတူတူပဲပေါ့။
အကြာကြီးစိုက်ကြည့်မိသွားလို့ ထင်ပါရဲ့၊ ဟိုလူက သူ့ဘက်လှည့်လာတဲ့အခါ သူတို့မျက်လုံးချင်းဆုံသွားခဲ့တယ်။ ကွမ်းရှီး ခဏလောက် ကြောင်သွားပေမဲ့ ယဉ်ယဉ်ကျေးကျေးနဲ့ ခေါင်းညိတ်ပြလိုက်ပါတယ်။
ရှဲ့ယန်အတွက်လည်း ရုတ်တရက်ဆန်တယ်ဆိုပေမဲ့ သူ့ကို ပြန်ပြီးခေါင်းညိတ်ပြလာခဲ့တယ်။
နောက်တော့ ကွမ်းရှီး မြန်မြန်ပဲ အကြည့်လွှဲလိုက်ပါတော့တယ်။
*****
၇နာရီထိုးတဲ့အခါ စုန့်လီက မွေးနေ့ကိတ်ခွဲပြီး အဲ့ဒီနောက်တော့ ပါတီက ပိုစည်လာတဲ့အပြင် သူတို့ကစားတာလည်း ပိုကြမ်းလာကာ တော်တော်များများက ရေကူးဝတ်စုံ မလဲရသေးဘဲနဲ့ကို ရေကန်ထဲ တွန်းချခံရပါတော့တယ်။
ဒီနေ့တော့ ကွမ်းရှီးက ကစားဖို့ စိတ်မပါတာကြောင့် လန်နင်ယီးကို သူ့ဘာသာသူပဲ သွားခိုင်းလိုက်ပြီး သူကတော့ ဖျော်ရည်သောက်ပြီးတဲ့အခါ ဖုန်းယူဖို့အတွက် ဧည့်ခန်းထဲကိုသွားဖို့ ဦးတည်လိုက်တယ်။
ဗီလာထဲကို ဝင်ဖို့ဆိုရင် ရေကူးကန်ကို ပတ်သွားရမှာပါ။ ကြမ်းပြင်က စိုပြီးချော်နေတဲ့အပြင် သူက ဒေါက်မြင့်ဖိနပ်လည်း စီးထားတာကြောင့် ဖြည်းဖြည်းချင်းပဲ သွားလို့ရပါတယ်။
အဲ့ဒီအချိန်မှာပဲ သူ့နားကနေ လူတစ်ယောက် ဖြတ်သွားတာကြောင့် ကွမ်းရှီးမော့ကြည့်လိုက်တဲ့အခါ သူ့ရင်ထဲမှာ ထူးဆန်းတဲ့ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာခဲ့လေရဲ့။
သူကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲ အဲ့ဒီလူနာမည်ကို ခေါ်လိုက်မိတယ်။
“ရှဲ့ယန်။”
သူ့နားက ဖြတ်သွားတဲ့လူက ရပ်သွားကာ အံ့ဩသွားတဲ့အမူအရာနဲ့ သူ့ကို လှည့်ကြည့်လာခဲ့တယ်။
ကွမ်းရှီး ခုနက ပါးစပ်ဟလိုက်တဲ့အချိန်ကတည်းက နောင်တရသွားခဲ့တာ။
သူ ဘယ်အရွယ်မှာ မွေးစားခံလိုက်ရတာလဲ။ ငယ်ငယ်လေးကတည်းက မွေးစားခံရမှန်း သိတာလား၊ နောက်မှ သိတာလား။ သိသွားတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။ အခုသူ(မ)ခံစားနေရသလို ရူးချင်စိတ်ပေါက်မိလား။ သူ ဘယ်အကွက်ကိုသုံးပြီး လူကြီးတွေ သူ့ဘက်ပါအောင် လုပ်တာလဲ စသဖြင့် မေးခွန်းတွေအများကြီး သူ့ခေါင်းထဲကို ဝင်လာပါတော့တယ်။
“ကိုယ့်မျိုးတူ” တစ်ယောက်ကို တွေ့လိုက်ရသလို ခံစားချက်လို့ ပြောရမလားပဲ။
ဒါပေမဲ့ သူ မေးခွန်းတစ်ခုမှ မမေးခဲ့ပါဘူး။ ဒီလူနဲ့ သူ နည်းနည်းလေးမှ မရင်းနှီးဘူးလေ။ အဲ့ဒါကို အဲ့ဒီလို မေးခွန်းတွေ ရုတ်တရက်ကြီး သွားမေးရင် ရိုင်းရာကျမှာပေါ့။
“မင်္ဂလာပါ၊ မစ္စကွမ်း။” ရှဲ့ယန်က ခေါင်းညိတ်ပြရင်း ပြန်ပြီးနှုတ်ဆက်လာခဲ့ပါတယ်။
ဟင်၊ သူ သူ(မ)ကို သိတာလား။
ကွမ်းရှီးက နည်းနည်းရှက်သွားကာ “မင်္ဂလာပါ။”
ရှဲ့ယန်က သူဘာတွေးနေလဲဆိုတာ သိနေတဲ့ပုံနဲ့ ရှင်းပြလာခဲ့တယ်။ “စုန့်လီပြောတာ မင်းနာမည်က ကွမ်းရှီးတဲ့။ ဟုတ်တယ်မလား။”
“ဟုတ်ပါတယ်။ ကျွန်မနာမည်က ကွမ်းရှီးပါ။”
“မစ္စကွမ်းက ကျွန်တော့်ကို သိတာလား။”
“အိုး… ကျွန်မလည်း သူများတွေ ရှင့်အကြောင်းပြောနေတာ ကြားမိတာပါ။”
ရှဲ့ယန်က ခေါင်းတညိတ်ညိတ်နဲ့ ပြုံးသွားတာကို တွေ့တဲ့အခါ လန်နင်ယီးပြောသလိုပဲ၊ ဒီလူက တကယ်ကို ခံ့ညားသလို သိမ်မွေ့ညင်သာပြီး ဣန္ဒြေလည်းရှိကာ သူ့အပြုံးက လူတွေကို သက်သောင့်သက်သာရှိစေတယ်ဆိုတာ အမှန်ပဲကိုးလို့ တွေးလိုက်မိတယ်။
“တကယ်တော့ ကျွန်မ သူငယ်ချင်းတစ်ယောက်ဆီက ကြားမိတာ၊ ရှင်က တကယ်တော်တဲ့ဒီဇိုင်နာတဲ့။ ကျွန်မ တွေးမိတာက နောက်ကျရင် ကျွန်မတို့ အလုပ်အတူတွဲလုပ်ဖြစ်လာနိုင်တယ်လေ။ အဲ့ဒီတော့ ကျွန်မကို ရှင့်ရဲ့လုပ်ငန်းကဒ် ပေးနိုင်မလားလို့ပါ။” ဒီတစ်ခါ ကွမ်းရှီး ဆင်ခြေတစ်ခု ပေးလိုက်ရတယ်။ မဟုတ်ရင် သူများနာမည်ကို ဘာလို့ ရုတ်တရက်ကြီး သွားခေါ်သလဲဆိုတာ ရှင်းပြနိုင်မှာ မဟုတ်ဘူးလေ။
“အဲ့ဒီလိုကိုး။ ဒါပေမဲ့ ကျွန်တော် ဒီနေ့ ယူမလာခဲ့မိဘူးဗျ။ ဒီလိုလုပ်ပါလား။ ကျွန်တော့်ဖုန်းနံပါတ်ကို contact ထဲ ထည့်ပေးလိုက်မယ်လေ။”
“ကျွန်မဖုန်းက ဧည့်ခန်းထဲမှာ။”
“ကိစ္စမရှိပါဘူး။ ကျွန်တော့်ဖုန်းထဲမှာပဲ မင်းဖုန်းနံပါတ် ထည့်ပေးသွားလိုက်လေ။”
“အဲ့ဒီလိုလည်း ဖြစ်တာပဲ။”
ကွမ်းရှီးက ရှဲ့ယန်ထုတ်ပေးလာတဲ့ဖုန်းကို ယူလိုက်ပြီး သူ့နံပါတ်ကို ရိုက်ထည့်ပေးနေတဲ့အချိန်မှာ ရှဲ့ယန်က ဘေးမှာရပ်စောင့်နေခဲ့ပါတယ်။
သူတို့နှစ်ယောက်က နည်းနည်းခြားပြီး ရပ်နေကြတယ်ဆိုပေမဲ့ ရှဲ့ယန် သူ(မ)ဆီကနေ အရမ်းကိုဖျော့တဲ့အနံ့လေးကို ရှူရှိုက်မိကာ အဲ့ဒီချိုမြိန်တဲ့အနံ့ဟာ ပတ်ဝန်းကျင်က အနံ့ပြင်းပြင်းတွေဆီကနေ ကွဲထွက်နေပါတော့တယ်။
မျက်လွှာချထားတဲ့ ကွမ်းရှီးကို ရှဲ့ယန် တစ်ချက်ကြည့်လိုက်မိတယ်။ လူအတော်များများက သူဘယ်သူလဲဆိုတာ သိချင်နေကြတဲ့အချိန်မှာ လူတစ်ယောက်က စုန့်လီကို သူ့နာမည်ဘယ်လိုခေါ်လဲလို့ မေးလိုက်တာကို သူ ကြားလိုက်မိတာ။
ကွမ်းရှီးက သူ့ရဲ့ တကယ့်ဖုန်းနံပါတ်ကို ပေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလူက နောက်ကျရင် အလုပ်အတူတွဲလုပ်ရမဲ့သူပဲ။ နံပါတ်အတုပေးလိုက်ရင် သူ့ကို လူလိမ်လို့ ထင်သွားမှာပေါ့။
နံပါတ်ရိုက်ထည့်ပေးပြီး ဖုန်းကို ပြန်ပေးတဲ့အချိန်မှာပဲ အချင်းချင်းတွန်းထိုးပြီး စကားများရင်း သူ့နားကို လျှောက်လာနေကြတဲ့ မိန်းကလေးနှစ်ယောက်က ကွမ်းရှီးလက်ကို တိုက်မိသွားပြီး ဖုန်းကလည်း လွင့်ထွက်သွားခဲ့လေရဲ့။ ကွမ်းရှီး ရုတ်တရက်ကြောင်သွားကာ နောက်မှာ ရေကူးကန်ရှိတာကို သတိမထားမိဘဲ ဖုန်းကိုဖမ်းဖို့ ကိုယ်ကိုလှည့်လိုက်ပါတယ်။
အဲ့ဒီအခါ ခြေချော်ပြီး ဖုန်းကို မဖမ်းမိဘဲနဲ့ လူကတော့ ရေကန်ထဲ ပြုတ်ကျသွားပါတော့တယ်။
“…”
“မစ္စကွမ်း။”
“ကွမ်းရှီး”
******
StoryGlory Swara Webnovel Translations