Chapter 9
ကိုယ့်နားမှာပဲနေပေးပါ
Author – Liu Mang Xing
Translated by Lushell
အခန်း-၉
ကွမ်းရှီးက ငယ်ငယ်ကတည်းက ရေကြောက်တာပါ။ အရင်က သူငယ်ချင်းတွေ ရေကူးကန်ပါတီလုပ်တိုင်း သူက ရေကူးဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်တာတို့၊ ဘောကွင်းနဲ့ ရေစိမ်တာတို့ပဲ လုပ်လေ့ရှိပါတယ်။
ဒီတစ်ခါတော့ တစ်ကိုယ်လုံး ရေထဲကို နစ်သွားတဲ့အထိ ဖြစ်သွားတာကြောင့် သူ သေမတတ်လန့်သွားကာ ကြောက်ကြောက်လန့်လန့်နဲ့ ရုန်းတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းထဲကို ရေတွေဝင်ကုန်ပါတော့တယ်။
ရေမွန်းတဲ့ခံစားချက်ကြီးက အတော်လေးဆိုးတဲ့အပြင် သူ့ကို ကူရာကယ်ရာမဲ့တဲ့ ခံစားချက်ကြီး ပေးပါတယ်။
ကံကောင်းစွာနဲ့ပဲ တစ်စုံတစ်ယောက်က သူ့ကို လာဆွဲတာကြောင့် ဒီသေမလိုခံစားချက်ကြီးကို အကြာကြီးမခံစားလိုက်ရပါဘူး။
ကွမ်းရှီးက ချောင်းတွေဆိုးပြီး အရမ်းလည်း ကြောက်နေတာကြောင့် ဘာပဲဖြစ်နေဖြစ်နေ လာဆွဲတဲ့သူကို ချက်ချင်းပဲ အတင်းပြန်ဖက်ထားလိုက်ပါတော့တယ်။
“မင်း မသေပါဘူး။ အားနည်းနည်းလျှော့ဦး။” သူ အရမ်းရင်းနှီးနေတဲ့ အသံတစ်သံကို ကြားလိုက်ရတဲ့အတွက် မျက်လုံးကို ကြိုးစားပြီး ဖွင့်ကြည့်လိုက်တဲ့အခါ သူ့ကို မျက်မှောင်ကြုတ်ပြီး အေးစက်စွာကြည့်နေတဲ့ ကျန်းဆွေကျိုးကို တွေ့လိုက်ရလေရဲ့။
သူက ဝတ်စုံပြည့် ဝတ်ထားဆဲဖြစ်ကာ အခုတော့ တစ်ကိုယ်လုံးစိုသွားခဲ့လေပြီ။
ကွမ်းရှီးက ကြောင်သွားပြီး “နင် နင်က ဒီကို ဘယ်လိုလုပ်…”
ကျန်းဆွေကျိုးက ခဏတုံ့သွားပေမဲ့ ပြန်မဖြေဘဲ သူ့ကိုဆွဲရင်း ကန်ပေါင်ဘက်ကို ကူးသွားကာ လှေကားနားရောက်တဲ့အခါ သူ့ကို တွန်းတင်ပေးလိုက်တယ်။
ကွမ်းရှီး တစ်ထစ်တက်လိုက်တာနဲ့ သူ့စကတ်က ရေစိုသွားတာကြောင့် အသားနဲ့ လုံးဝကို ကပ်နေတာကို တွေ့လိုက်တဲ့အခါ ကျန်းဆွေကျိုးက “နေဦး။”
ကွမ်းရှီးက သူ့ကို ပြန်လှည့်ကြည့်လာခဲ့တယ်။
ကျန်းဆွေကျိုး ကန်ပေါ်က လူတွေကို တစ်ချက်ကြည့်ကာ လန်နင်ယီးကို ကုတ်တစ်ထည် လှမ်းပစ်ပေးဖို့ ပြောမလို့ပြင်နေတုန်းမှာပဲ အနက်ရောင်ကုတ်တစ်ထည်က ကွမ်းရှီးဆီ ရောက်လာခဲ့ပါတယ်။
“မစ္စကွမ်း အင်္ကျီ။” ကန်နားမှာရပ်နေတဲ့ ရှဲ့ယန်က အချိန်မီပဲ အင်္ကျီကမ်းပေးလိုက်တယ်။
ကွမ်းရှီးလည်း မြန်မြန်ယူဝတ်လိုက်ကာ “ကျေးဇူးပါ။”
ကျန်းဆွေကျိုးက သူ့ကို ခေါင်းညိတ်နှုတ်ဆက်လာတဲ့ ရှဲ့ယန်ကို တစ်ချက်ကြည့်လိုက်တယ်။
“အမလေး၊ အစ်မတော်လေးရယ်။ ဘယ့်နှယ်လို့ ရေထဲပြုတ်ကျရတာလဲ။၊”
ကန်ထဲမှာရှိနေတဲ့ စုန့်လီက အခုမှပဲ သူတို့နားကို ကူးလာနိုင်ပါတော့တယ်။
လန်နင်ယီးက ကွမ်းရှီးကို ကန်ပေါင်ပေါ်တက်ဖို့ ကူပေးကာ “ကွမ်းရှီး အဆင်ပြေရဲ့လား။”
ကွမ်းရှီးက သူအဆင်ပြေကြောင်းပြတဲ့အနေနဲ့ လက်ယမ်းပြလိုက်တယ်။
အဲ့ဒါကိုမြင်တဲ့အခါ စုန့်လီက ဘောကွင်းပေါ်ကိုတက်ပြီး “ကန်ထဲမှာ နစ်ရင် ဆယ်ဖို့လူတွေရှိပြီးသားပါ။ နင် မသေဘူး၊ စိတ်ချ။”
ကွမ်းရှီးက သူ့ကို မျက်စောင်းထိုးပစ်လိုက်တော့ စုန့်လီက “ဒါပေါ့၊ သူတို့ ဝင်ပါစရာမလိုဘူးလေ။ ငါတို့ စီအီးအိုကျန်းရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်နေရောပဲဟာ။”
မြန်တယ်ဆိုတာက…
ကွမ်းရှီးဟာ ရေထဲကနေ တက်လာတဲ့ ကျန်းဆွေကျိုးကို လှည့်ကြည့်လိုက်မိတယ်။ အဲ့ဒီတော့ သူက အခုမှ ရောက်ခါစဆိုတဲ့သဘောလား။ ကျန်းဆွေကျိုးက သူ့ကို ကယ်ဖို့ လိုလိုလားလားနဲ့ ရေထဲခုန်ဆင်းတယ်တဲ့လား။
ကျန်းဆွေကျိုး သူ့အတွက် အသက်စွန့်ဝံ့တယ်လို့ ထင်သွားတာမဟုတ်ပေမဲ့ ရေကန်ထဲမှာက လူတွေ အများကြီးလေ။ သူရေထဲပြုတ်ကျတာမြင်ရင် ရေကူးကန်ထဲက တစ်ယောက်ယောက်ကတော့ လာကယ်မှာပဲဆိုတော့… ဝတ်စုံပြည့်ဝတ်ထားတဲ့ ကျန်းဆွေကျိုးလိုလူက လာကယ်စရာမလိုဘဲ လာကယ်တော့ အံ့ဩသွားတာပါ။
ကျန်းဆွေကျိုးကို သူနားလည်သလောက်ဆိုရင် ရေကန်စပ်နားလေးမှာပဲ ရပ်နေပြီး သူ့ကိုကယ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းတာလောက်ပဲ လုပ်မဲ့သူလို့ ထင်ထားတာလေ။
“ဘာတွေငိုင်နေတာလဲ။ အဝတ်မြန်မြန် သွားမလဲသေးဘဲနဲ့။”
ကျန်းဆွေကျိုးက ပြောလိုက်တော့မှပဲ ကွမ်းရှီးက အသိစိတ်ပြန်ကပ်လာပါတော့တယ်။ သူ့ရင်ထဲမှာလည်း နည်းနည်းကြည်နူးသွားခဲ့တယ်။ အခုတစ်လော ကျန်းခွေးလေးကို ကြင်ကြင်နာနာနဲ့ ဂရုတစိုက်ဆက်ဆံပေးရတာ အကျိုးတော့ရှိသားပဲ။
သူဝတ်ထားတဲ့ကုတ်အင်္ကျီကို လုံအောင်ခြုံလိုက်ကာ အဝတ်လဲဖို့ သွားမလို့လှည့်လိုက်တဲ့အချိန်မှာပဲ ကုတ်အင်္ကျီက စိုရွှဲနေပြီး ရင်ဘတ်မှာကပ်နေပြီဖြစ်တဲ့ ရှပ်အင်္ကျီနဲ့ ရေကန်ထဲကနေ တက်လာတဲ့ဝေ့ရှိုးယန်ကို တွေ့လိုက်ရပါတယ်။
ကွမ်းရှီးက မျက်မှောင်ကြုတ်လိုက်ကာ “ဟဲ့ နင်ရူးနေလား။ အဲ့ဒီဝတ်စုံကြီးနဲ့ ရေဆော့ရတယ်လို့။”
ဝေ့ရှိုးယန်ကလည်း သူ့ကို မျက်စောင်းပြန်ထိုးလာကာ “နင့်ကို ဆယ်ဖို့ ဆင်းသွားတာဟဲ့။”
ကွမ်းရှီး- “…ဪဪဪ”
ဝေ့ရှိုးယန်က ဒေါသတကြီနဲ့ ကုတ်အင်္ကျီကို ချွတ်နေရင်း “နင် ဘာမှမဖြစ်ဘူးမလား။”
ကွမ်းရှီး- “ဘာမှမဖြစ်ဘူး။”
အဲ့ဒီကျမှပဲ ဝေ့ရှိုးယန်က သက်ပြင်းချနိုင်ပါတော့တယ်။
“သွားရအောင်။” ကျန်းဆွေကျိုးက ကွမ်းရှီးလက်ကို ဆွဲရင်းပြောလိုက်တယ်။
“အို့။”
ရှဲ့ယန်နားကို ဖြတ်သွားမိတော့မှပဲ သူ ရေထဲပြုတ်ကျရတဲ့ အကြောင်းအရင်းကို သတိရသွားကာ “မစ္စတာရှဲ့၊ ရှင့်ဖုန်းက…”
ရှဲ့ယန်-“သူတို့ ဆယ်ပေးပြီးပါပြီ။”
“အားနာလိုက်တာရှင်။ ကျွန်မ အသစ်တစ်လုံး လျော်ပေးပါ့မယ်။”
“မလိုပါဘူးဗျာ။ ကျွန်တော့်ဖုန်းက ရေစိုခံတယ်။ မင်း အဝတ်မြန်မြန်သွားလဲတော့လေ။ ပြီးတော့ မင်းကို ကျေးဇူးတင်ပါတယ်။”
ကွမ်းရှီး ကြောင်သွားခဲ့တယ်။ ဘာလို့ သူ့ကို ကျေးဇူးတင်တာလဲ… သူ့ဖုန်းကို ရေထဲလွှင့်ပစ်ပေးလို့လား… ဒါမှမဟုတ် သူ့ဖုန်းနဲ့အတူတူ ရေထဲခုန်ဆင်းပေးလို့လား…
“ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူးရှင်။”
ကွမ်းရှီးနဲ့ ကျန်းဆွေကျိုး အိမ်ထဲဝင်သွားတဲ့အခါမှာတော့ ခုနက ခဏငြိမ်သွားတဲ့ အပြင်ဘက်ကလူတွေက ပြန်ပြီးတက်ကြွလာပါတော့တယ်။
အပေါ်ထပ်ကအခန်းထဲကို ရောက်တဲ့အခါ ကွမ်းရှီးက ထိုင်ခုံမှာထိုင်ရင်း ကုတ်အင်္ကျီဝတ်ထားလျက်နဲ့ကို နည်းနည်းတုန်နေပါသေးတယ်။
ရာသီဥတုက နွေးလာပြီဆိုပေမဲ့လည်း ရုတ်တရက်ကြီး ရေထဲပြုတ်ကျရင်တော့ အေးသေးတာပဲလေ။
ကျန်းဆွေကျိုးရဲ့ အင်္ကျီတွေကလည်း စိုရွှဲနေပြီဖြစ်ပြီး သူ့ကိုယ်ပေါ်မှာ လေးလေးပင်ပင်ဖြစ်နေတဲ့ ခံစားချက်ကြီးက အတော်လေးနေရခက်စေပါတယ်။ သူအခု နောင်တရနေတာ။ ခုနတုန်းက ဘာလို့များ ရေထဲခုန်ဆင်းမိတာလဲ။ ဘေးက တစ်ယောက်ယောက်ကို ဆင်းကယ်ခိုင်းလိုက်ရင် ရရဲ့သားနဲ့။
“အင်္ကျီလာပို့ပြီလား။” ကွမ်းရှီးက နှာချေလိုက်တယ်။
“မင်း ရေအရင်သွားချိုးလိုက်။ အင်္ကျီက ကိုယ်ယူလာပေးမယ်။” ကျန်းဆွေကျိုးက အခန်းအပူချိန်ကို မြှင့်လိုက်ကာ ကွမ်းရှီးကိုယ်ပေါ်က သူများကုတ်ကို ချွတ်ပြီး ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။
ကွမ်းရှီးလည်း ခေါင်းညိတ်ကာ အခန်းထဲက ရေချိုးခန်းထဲကို ဝင်သွားလိုက်ပါတယ်။
ရေနွေးနွေးလေးနဲ့ ရေချိုးပြီးတဲ့အချိန်မှာတော့ လန်နင်ယီးက လူတစ်ယောက်လွှတ်ပြီး သူတို့အတွက် အဝတ်တွေ ပို့ခိုင်းပြီးပါပြီ။
ကျန်းဆွေကျိုးက သူ(မ)လဲဖို့ အဝတ်တွေ ရေချိုးခန်းထဲ ယူလာပေးကာ သူ(မ)ဝတ်နေတုန်းမှာ သူက ရေချိုးလိုက်တယ်။
ကျန်းဆွေကျိုး ရေချိုးပြီးလို့ အဝတ်လဲပြီး မှန်ရှေ့ရပ်နေတဲ့အချိန်မှာ ကွမ်းရှီးက dryerကို ပိတ်လိုက်ကာ မှန်ထဲကနေတစ်ဆင့် သူ့ကို ကြည့်လိုက်ပြီး “ဘယ်တုန်းက ရောက်လာတာလဲ။”
ကျန်းဆွေကျိုးက ကော်လာကို ပြင်နေရင်း “မင်း သူများနဲ့သွားပြီး ပရောပရည်လုပ်နေတုန်းက။”
“…”
ပရောပရည်လုပ်တယ်၊ ဘယ်သူနဲ့လဲ။
ရှဲ့ယန်ကို ပြောနေတာလား။
ကွမ်းရှီးက ချက်ချင်းပဲ ငြင်းလိုက်ကာ “ပရောပရည် မလုပ်ပါဘူး။”
“ကိုယ့်မျက်စိနဲ့ တွေ့လိုက်တာ။”
“အဲ့ဒါဆို ဘာကိုတွေ့တာလဲ၊ သေချာပြော။”
“မင်းပြောကြည့်လေ။”
ကွမ်းရှီး- “သူနဲ့ ပရောပရည် မလုပ်ဘူးလို့ဆိုနေ။”
ကျန်းဆွေကျိုး- “အို့၊ အဲ့ဒါဆို ဘာနံပါတ်တွေ ပေးနေတာလဲ။”
“အဲ့ဒါက-“ ကွမ်းရှီး ရပ်သွားကာ ‘ဟင်၊ ငါက အစစ်အဆေးခံနေရတာလားဟ။”
ကျန်းဆွေကျိုးက ပျော်မနေတဲ့ပုံပဲ။
မဟုတ်မှလွဲရော…ကျန်းခွေးလေးက မနာလိုဖြစ်နေတာလား။
မမြင်ဖူးတာ မြင်လိုက်ရတဲ့အတွက် ကွမ်းရှီး မျက်ခုံးပင့်လိုက်မိကာ “ဒီအတိုင်းပဲ၊ အသိမိတ်ဆွေ ဖြစ်ထားရအောင်လို့ပါ။ သူက အရည်အချင်းရှိတဲ့သူပဲ။ ရင်းနှီးထားတော့ မကောင်းဘူးလား။” သူ တမင်ပြောလိုက်တယ်။
ကျန်းဆွေကျိူးက သူ့ကို မျက်စောင်းထိုးကာ “ကြိုက်တာလား သူ့ကို။ မင်းအတွက် စည်းတားပေးရဦးမလား။”
ဝတ်စုံပြည့်နဲ့ ရေထဲဆင်းမိလို့ မကျေနပ်နေတုန်းကလိုပဲ၊ ကျန်းဆွေကျိုးရဲ့ မျက်နှာကြီးက သုန်မှုန်နေလေရဲ့။
အဲ့ဒီလိုကြီးဖြစ်နေတာကို တွေ့တဲ့အခါ ကွမ်းရှီးက ထပ်မစရဲတော့ဘဲ “ဒီအတိုင်း မိတ်ဆက်ထားရုံပါပဲဆို။ ဘယ်ကနေ ကြိုက်တာတွေပါ ပါလာရတာလဲ။ ကိုကလည်း သဲကို စရတာ အဲ့ဒီလောက်ပျော်လား။ ရှဲ့ယန် ချောတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ သူဘယ်လောက်ချောချော ကို့ကိုတော့ ဘယ်မီပါ့မလဲ။ မဟုတ်ဘူးလား။”
“…”
ကျန်းဆွေကျိုးကတော့ ကွမ်းရှီးရဲ့ မြှောက်ပင့်စကားတွေကို လျစ်လျူရှုလိုက်ပါတယ်။
ကွမ်းရှီး- “ကိုက သူနဲ့သိတာလား။”
ကျန်းဆွေကျိုး-“လေးငါးခါလောက် ထမင်းတူတူစားဖူးတယ်။”
“ထမင်းတောင် အတူတူစားဖူးတယ်ဆိုတော့ နည်းနည်းတော့ ရင်းနှီးမှာပေါ့။ အဲ့ဒါဆို ကိုရောသိလား၊ သူက…”
“ဘာဖြစ်လဲ သူက။”
“ဘာမှတော့မဟုတ်ပါဘူး။ နင်ယီးပြောတာ ကြားတာ။ သူက ရှဲ့အိမ်က မွေးစားသားဆိုပေမဲ့ တော်တော်လေးတော်တယ်တဲ့။ သားအရင်းထက်တောင် သူ့ကို ပိုပြီး ပစားပေးကြတယ်ပြောတယ်။”
ကျန်းဆွေကျိုးက လက်ကြယ်သီးတွေ တပ်နေရင်း “မွေးစားသားပဲကို၊ ပွဲထုတ်လို့မရပါဘူး။”
ကွမ်းရှီးက အံ့ဩသွားပြီး သူ့ကို ရုတ်တရက်လှည့်ကြည့်လာခဲ့ပေမဲ့ ကျန်းဆွေကျိုးက ခေါင်းငုံ့ထားတာကြောင့် ကွမ်းရှီး မျက်နှာပျက်သွားတာကို မမြင်လိုက်ပါဘူး။ “ပစားပေးရုံပဲရှိတာ။ အရင်းနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ။ အဲ့ဒါကြောင့်လည်း သူက အခု-“
“ဘာလို့ အရင်းနဲ့ မယှဉ်နိုင်ရမှာလဲ။” ကွမ်းရှီးက လက်ထဲက dryerကို စားပွဲပေါ် ပစ်ချလိုက်ကာ အနာပေါ် တုတ်ကျသွားသလိုနဲ့ “သူလည်း သူ့မိဘတွေအပေါ်မှာ စိတ်ရင်းနဲ့ ချစ်တာပဲ။ ဒီအိမ်မှာ ဒီလောက်နှစ်တွေ အကြာကြီးနေလာတာ သူလည်း ဒီအိမ်ကို သံယောဇဉ်ရှိတာပဲ။ ဘာမှမသိဘဲနဲ့ ဘာလို့ အရင်းနဲ့ယှဉ်လို့ မရဘူးလို့ ပြောတာလဲ။”
ကျန်းဆွေကျိုးက တုံ့သွားကာ “မင်းက ဘာလို့ အဲ့ဒီလောက်ဒေါသထွက်နေတာလဲ။”
အဲ့ဒီတော့မှ ကွမ်းရှီး အသိစိတ်ပြန်ကပ်လာကာ “ကို ပြောတာ မှားနေတယ်လို့ ထင်လို့လေ။”
“မှားတယ် ဟုတ်လား။”
ရှဲ့ယန်ဘက်ကနေ အတင်းတွေ ကာကွယ်ပြောနေတဲ့ ကွမ်းရှီးကိုကြည့်တဲ့ ကျန်းဆွေကျိုးအကြည့်တွေက အေးစက်လာကာ
“ကိုယ်က အမှန်အတိုင်း ပြောပြနေတာ။ ရှဲ့အိမ်က လူမြင်ကောင်းအောင် လုပ်ပြနေတာပဲရှိတာ။ ရှဲ့ယန်ကိုယ်တိုင်လည်း သူ့အခြေအနေသူ နားလည်တယ်။ ကွမ်းရှီး၊ မင်း သူနဲ့တွေ့တာ တစ်ညတောင် မရှိသေးဘူး။ သူ့ဘက်ကနေ မခံမရပ်နိုင်ဖြစ်လောက်တဲ့အထိ ရင်းနှီးနေပြီလား။”
မိတ်ကပ်မပါတဲ့ ကွမ်းရှီးရဲ့ မျက်နှာလေးက အခုအချိန်မှာ ဖြူလျော့နေကာ ကျန်းဆွေကျိုးကို စိုက်ကြည့်ရင်း သူ့နှလုံးသားထဲက ကြောက်စိတ်လေးက ဆွဲထုတ်ခံလိုက်ရသလို ဖြစ်သွားပြီး “မွေးစားသားက အရမ်းကို ရှက်စရာကောင်းပြီး ရွံရှာစရာကောင်းလို့ သားအရင်းနဲ့ယှဉ်ရင် သူ့ကို ဘယ်သူမှရွေးမှာမဟုတ်ဘူးလို့ ထင်တာလား။”
ကျန်းဆွေကျိုးက လက်ကို ဆန့်လိုက်ပြီး ကွမ်းရှီးလက်မောင်းကို လှမ်းကိုင်ကာ “မင်း တကယ်ကို…”
ဖတ်။
ကွမ်းရှီးက သူ့လက်ကို ရိုက်ချပစ်လိုက်ပါတယ်။
ကျန်းဆွေကျိုး မျက်မှောင်ကြုတ်သွားမိကာ “ကွမ်းရှီး။”
“စကားလာမပြောနဲ့။” ကွမ်းရှီးက ပြောပြီးတာနဲ့ အခန်းထဲက ထွက်သွားပါတော့တယ်။
*****
အပြင်ကလူတွေကတော့ ကစားလို့ ဝသွားတဲ့အခါ ထမင်းစားခန်းထဲသွားပြီး စားကြသောက်ကြဖို့ ပြင်ကြပါတော့တယ်။
ကွမ်းရှီးဆင်းလာတဲ့အခါ ဧည့်ခန်းထဲမှာ လူနည်းနည်းပဲ ကျန်တော့ကာ ဝေ့ရှိုးယန်က သူ့ကို တွေ့တာနဲ့ သူ့နားရောက်လာပြီး “ဘယ်သွားမလို့လဲ။”
ကွမ်းရှီးက အိတ်ကိုယူလိုက်ပြီး “နင်ယီးကို ငါအရင်ပြန်နှင့်ပြီလို့ ပြောပေး။”
“ဒီမှာ အခုမှ စစားကြမလို့လေ။”
“ငါ နေလို့မကောင်းလို့ ပြန်တော့မယ်။”
“ငါလိုက်ပို့မယ်။” ဝေ့ရှိုးယန်က ချက်ချင်းပဲ ပြောလာခဲ့တယ်။
“ငါကားပါတယ်။ နောက်ပြီး နင်လည်း သောက်ထားတာမဟုတ်ဘူးလား။ သောက်ထားပြီးမှ ငါ့ကိုကားမောင်းပြီး ပြန်ပို့မယ်ဆိုတော့ ငါ့ကိုသေစေချင်နေတာလား။”
ဝေ့ရှိုးယန် ကွမ်းရှီးကို သိလာတာ ဘယ်လောက်ကြာပြီလဲ။ တစ်ချက်ကြည့်တာနဲ့ သူ(မ)ဘာဖြစ်နေလဲ သူသိတာပေါ့။ “ဒီလောက် ဒေါသတွေကြီးနေတာ။ ဟိုတစ်ယောက်နဲ့ ရန်ဖြစ်လာတာလား။”
“သူနဲ့ ရန်ဖြစ်ချင်စိတ်ကို မရှိတာ။” ပြောပြီး ကွမ်းရှီးက တံခါးပေါက်ဆီ ထွက်သွားပါတော့တယ်။
ဝေ့ရှိုးယန် မျက်မှောင်ကြုတ်သွားမိကာ နောက်ပြန်လှည့်လိုက်တဲ့အခါ အောက်ဆင်းလာတဲ့ ကျန်းဆွေကျိုးကို တွေ့လိုက်ရပါတယ်။
ခုနက ကွမ်းရှီး ရေထဲကို ပြုတ်ကျသွားတာနဲ့ သူ ရေထဲကို ချက်ချင်းခုန်ဆင်းခဲ့တာ။ ဒါပေမဲ့ သူနဲ့ မနီးမဝေးက အရိပ်တစ်ခုက သူ့ထက်ပိုမြန်နေခဲ့တယ်။
အစက ဘယ်သူလဲ သူ မမြင်လိုက်ရဘဲ ကွမ်းရှီးကို ဆယ်ပြီးတော့မှသာ အဲ့ဒါ ကျန်းဆွေကျိုးမှန်း သိလိုက်ရတာ။
သူ အံ့ဩသွားတယ်ဆိုတာ လက်ခံပေမဲ့ ကျန်းဆွေကျိုးက အားကိုးလို့ရတဲ့သူလို့တော့ သူလက်မခံနိုင်သေးဘူး။
ကျန်းဆွေကျိုးလည်း ခုနက သူတို့နှစ်ယောက် ပြောနေတာတွေကို ကြားပေမဲ့ သူနဲ့ ဝေ့ရှိုးယန်က တစ်ခါမှ စကားမပြောဖူးတာကြောင့် ကြည့်ရုံပဲကြည့်ပြီး လှည့်ထွက်လာခဲ့ပါတယ်။
စုန့်လီက စားကောင်းသောက်ဖွယ်တွေ ပြင်ပေးထားကာ ရေထဲမှာဆော့ပြီးတဲ့သူတွေက အဝတ်လဲပြီး စားဖို့ ထမင်းစားခန်းထဲမှာ စုနေကြပါတယ်။
ကျန်းဆွေကျိုး ဝင်လာတာမြင်တဲ့အခါ စုန့်လီက လက်ယမ်းပြပြီး “ဒီမှာ၊ ဒီမှာ၊ ဒီမှာ။”
တစ်ခန်းလုံးရဲ့အကြည့်တွေက ကျန်းဆွေကျိုးဆီ ရောက်သွားကြတယ်။
ကျန်းဆွေကျိုးကတော့ မသိချင်ယောင်ဆောင်လိုက်ကာ စုန့်လီဘေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ ဝင်ထိုင်လိုက်တဲ့အခါ စု့န်လီက “ကွမ်းရှီးရော၊ မပြီးသေးဘူးလား။”
ကျန်းဆွေကျိုး- “သိပ်နေမကောင်းလို့ အရင်ပြန်သွားပြီ။”
“ဘာမှတော့မဖြစ်ဘူးမလား။ ရေထဲပြုတ်ကျပြီး ငါတို့မမလေးက လန့်သွားတာလား။”
ကျန်းဆွေကျိုး- “အင်း။”
“ဝိုး… သူ ငါ့ကိုတော့ မုန်းမသွားလောက်ဘူးမလား။ ငါ့မွေးနေ့ကိုလာပြီး ရေထဲတွန်းချခံလိုက်ရတာဆိုတော့။ မင်း… မင်းငါ့အတွက် ကောင်းကောင်း တောင်းပန်ပေးနော်။ မဟုတ်ရင် နောက်တစ်ခါတွေ့တဲ့အခါကျ ငါ့ကို မသိချင်ယောင်ဆောင်နေဦးမယ်။”
“ငါ ခဏနေရင် ပြန်တော့မယ်။”
“ရတယ်၊ ရတယ်။ မြန်မြန်ပြန်ပြီး မြန်မြန်သွားချော့။”
အမှန်အတိုင်းပြောရရင် ကွမ်းရှီး ဘာလို့စိတ်ဆိုးသွားလဲ သူလည်း မသိဘူး။
ဝိုင်တစ်ငုံသောက်လိုက်ကာ ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ ရှဲ့ယန်ကို ကြည့်လိုက်မိတယ်။
ကွမ်းရှီး ရုတ်တရက်ကြီး ဒေါသထွက်တာ တကယ်ပဲ သူ့ကြောင့်လား။
*****
ကွမ်းရှီး ကားကို အရှိန်မြှင့်ပြီး မောင်းလာခဲ့တယ်။ အလောတကြီးနဲ့ သွားနေတာကြောင့် တော်တော်ကြာမှ သူသွားနေတာ ကျန်းဆွေကျိုးအိမ်သွားတဲ့လမ်းမှန်း သတိထားမိလိုက်ကာ စိတ်တိုတိုနဲ့ ကားကို လမ်းဘေးချရပ်ပစ်လိုက်ပါတော့တယ်။
‘ကျန်းခွေးစုတ်။ ပါးစပ်က နူနေလို့လား။ အမှိုက်လို စကားတွေပဲထွက်။
ပွဲထုတ်လို့မရဘူးဟုတ်လား။ ဒီသခင်မကြီးရဲ့ အလှက ပွဲထုတ်လို့ရရုံတင်မဟုတ်ဘူး၊ ပွဲက စင်တစ်ခုလုံးကို သူ့အတွက်ချန်ပေးထားရင်တောင် မလုံလောက်သေးတာကို။’
ကွမ်းရှီး ကျန်းဆွေကျိုးကို အကြိမ်ပေါင်းများစွာ ကျိန်ဆဲပြီးမှ စိတ်ကိုပြန်ထိန်းနိုင်ပါတော့တယ်။
စိတ်ငြိမ်ငြိမ်နဲ့ စဉ်းစားကြည့်တော့မှ သူ ရုတ်တရက် စိတ်မထိန်းနိုင် ဖြစ်သွားတာကို သတိထားမိလိုက်တယ်။
ကျန်းဆွေကျိုးအတွက်ဆို ပိုပြီးတော့တောင် ရုတ်တရက်ဆန်ဦးမယ်။
သူ့အကြောင်းပြောနေတာ မဟုတ်ဘူးဆိုတာကို သိတာတောင်မှ ဒေါသထွက်မိနေတုန်းပဲ။
တကယ်တော့ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိပါတယ်။ သူ့ကိစ္စကိုသာ ကျန်းဆွေကျိုး သိသွားရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကျန်းဆွေကျိုး ပြန်စဉ်းစားတော့မယ်ဆိုတာကို။
သူတို့ လမ်းတောင်ခွဲချင် ခွဲဖြစ်သွားနိုင်တယ်။
ဒါပေမဲ့ သူ မထင်ခဲ့မိတာက ကျန်းဆွေကျိုး ဒီကိစ္စအပေါ်မှာ ဘယ်လိုတွေးသလဲဆိုတာကို အမှန်အတိုင်း ကြားလိုက်ရတဲ့အချိန် အရမ်းဒေါသထွက်မိလိမ့်မယ်ဆိုတာကိုပါပဲ။
ကျန်းဆွေကျိုးအမြင်က ဒီလိုဖြစ်မယ်ဆိုတာကို သူ အစောကြီးကတည်းက ခန့်မှန်းထားမိလျက်နဲ့ပေါ့။
*****
Storyglory Swara Webnovel Translations