Chapter 0 (Prologue)
နိဒါန်း
လက်ထဲတွင် လျှပ်စစ်ဖြတ်လွှကို ကိုင်ထားသော်လည်း သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။
မှိုင်းညို့ညို့ တောင်တွေရဲ့ကြားတွင် ရှိနေသည့် တောက်တောက်ပပ ပြတ်ပြတ်သားသား မျက်ဝန်းတစ်စုံ။ ခြေထောက်တွေကို တစ်စုံတစ်ရာက ဖိထားသည့်နှယ် ခြေချင်းဝတ်ကို တစ်ခုခုက ချုပ်ထားသလို ခံစားလိုက်ရ၏။
ထို့ကြောင့် လူကို အရှင်လတ်လတ် မြေမြှုပ်နေသည့် ထိုလူနှင့် မျက်လုံးချင်းဆုံမိသွားသည့် အခိုက်အတန့်။
“…”
“…”
တစ်ခုခု လွဲနေတာမှ တော်တော့်ကို လွဲနေပြီဆိုသည့် အတွေးသည် အချက်ပေးဥဩသံအလား မြည်လာခဲ့သည်။
‘လူသတ်သမား…’
၉နာရီ သတင်းတွင်သာ မြင်တွေ့နိုင်သည့် စကားလုံးများ အတွေးထဲ ဖြတ်သန်းဝင်ရောက်လာချိန်တွင် ပျားအုံတစ်အုံအလား မြင့်တက်လာကြသည့် ကြက်သီးမွေးညင်းကလေးများသည် တစ်ခုစီ မြင်မြင်သာသာ ရှိလာတော့သည်။
သူ့ဘဝတွင် တစ်ခုတည်းသော ရည်မှန်းချက်မှာ အေးအေးဆေးဆေးနှင့် ဘေးကင်းလုံခြုံစွာ နေသွားရန်ပင်။ ဘယ်လိုဖြစ်၍များ ယခုကဲ့သို့ အဓိပ္ပာယ်မရှိသည့် မြင်ကွင်းအား မျက်မြင်ကြုံတွေ့ရပါသည်နည်း။
‘ဒီအတိုင်း သာမန်နေ့လေးတစ်နေ့ပဲကို။’
ဆေးရုံသွားပြီး အလုပ်ဆင်း၊ အချိန်လွန်နေသည့် လစဉ်ကြေး တောင်းခံစာများကိုဖတ်၊ ခွဲစိတ်မှုခံယူထားရသည့် သစ်ပင်တစ်ပင်အား ကြည့်ရှုစစ်ဆေး၊ တစ်လကျော်တာတောင် ဆေးကုသစရိတ် ငွေပေးချေခြင်းမရှိသေးသည့် လူနာရှင်ကို ဖုန်းဆက်ပြီး ရန်တွေ့။
ပြီးတော့ ညဘက်တွင် အနောက်မှာရှိသည့် တောင်ကိုတက်ပြီး အိမ်ခြေရာမဲ့လေးများအလား စွန့်ပစ်ခံသစ်ပင်လေးများကို တိုးတိုးတိတ်တိတ် ရှာဖွေကြည့်ရှုတတ်သည်မှာ သစ်ပင်ဆရာဝန် ဆိုအီယွန်း၏ ကာလရှည်ကြာ စွဲမြဲနေခဲ့သည့် အကျင့်တစ်ခုဖြစ်၏။
ထိုကဲ့သို့သော သာမန်နေ့လေးတစ်နေ့ ဖြစ်ခဲ့သည်ပင်။
အထူးသဖြင့် ဤတောင်သည် ပိုင်ရှင်တိတိကျကျရှိသည့် ပုဂ္ဂလိကပိုင်ဖြစ်သည်။ သို့ရာတွင် လုံးဝ ထိန်းသိမ်းပြုစုခြင်း မရှိသည့်အတွက် သရဲကြီး ဆံပင်ဖားလျားချထားသလို ရှိနေကြသည့် သစ်ကိုင်းများ အများအပြား ရှိနေ၏။
စွန့်ပစ်ထားသည့်နေရာတွင် ပေါက်ရောက်နေထိုင်ကြသည့် သစ်ပင်များသည် ထိုကဲ့သို့သော နေရာမျိုးတွင် အာဟာရ အပြည့်အဝ မရရှိဘဲ ဒုက္ခရောက်ကြရသည့်အတွက် ရင်နင့်ဖွယ်ရာပင်။
“ချမ်း…ချမ်းသာပေးပါ…”
မြေကြီးအောက်တွင် မြှုပ်နှံခြင်းခံရသည့်လူက ဗလုံးဗထွေးအသံဖြင့် အော်နေခဲ့သည်။ သို့ရာတွင် အော်သံများကို တဖြည်းဖြည်း စုပုံလာသည့် မြေကြီးများက ဖုံးဖိပိတ်ပင်လိုက်သည့်အတွက် တုန်ခါမှုများအဖြစ်သာ အဆုံးသတ်သွားရ၏။
တိုင်တစ်တိုင်အလား အရပ်ရှည်လှသည့်လူက ပြောင်လက်နေသည့် အနက်ရောင် မိုးကာအင်္ကျီကို ဝတ်ထားခဲ့သည်။ တူရွင်းပြားဖြင့်တူးဆွခြင်းကို တစ်ခါနှစ်ခါမက လုပ်ဖူးခဲ့၍ပေပဲလား၊ မြေကြီးကိုတူးပြီး တွင်းထဲပက်ချသည့်နေရာ၌ အင်မတန်ကို ကျင်လည်လှ၏။
“ကျေးဇူးပြုပြီး…အား…အားလုံးပြောပြပါ့မယ်…”
မြင့်တက်လာသည့် မြေကြီးပုံကြီးထဲမှ ထိုသူ၏ လက်တစ်ဖက် ထိုးထွက်နေခဲ့သည်။ မြေကြီးကို အသည်းအသန် ကုတ်ခြစ်နေသည့် လက်လှုပ်ရှားမှုများက အရေးတကြီးဖြစ်နေသည့်ပုံပင်။
သို့သော် ကြောက်အားလန့်အား ရုန်းကန်နေသည့် တစ်ယောက်သောသူလို မဟုတ်ဘဲ မိုးကာအင်္ကျီနှင့်လူကတော့ ခပ်နိမ့်နိမ့်တေးသွားကို ဖြည်းဖြည်းချင်း ညည်းလျက်ရှိ၏။
“မှားတယ်၊ ဒီမှာ သတ်ပေးပါလို့ ပြောမှပေါ့။”
ငြီးငွေ့မှုက အရိပ်တစ်ခုအလား ရှည်ရှည်လျားလျား မှိုင်တွေကျလာခဲ့သည်။
“ဟင့်…”
“ဇာတ်လမ်းက အခုမှ စမှာကို။”
မိုးကာနဲ့လူက သီချင်းညည်းရင်း တစ်ဖက်လူ၏ လက်ချောင်းများကို ဖိနပ်ဦးပိုင်းဖြင့် ဒေါက်ဒေါက်ဆိုပြီး ဖိချလိုက်သည်။ ထို့နောက် တူဖြင့်ထုနေသည့်အလား ထိုအပေါ်ကနေ အညှာအတာမဲ့စွာ စတင်ထုနှက်လေတော့သည်။
“အား”
သူ့မျက်နှာထားက လုံးဝ တည်ငြိမ်နေသော်လည်း သူ၏ ကန်ချက်များမှာမူ အရူးတစ်ယောက်နှယ် ပြင်းထန်ကြမ်းတမ်းလှ၏။ ကွေးသွားသည့် လက်ချောင်းများသည် ထိုအတိုင်း ဂျွတ်ခနဲ ကျိုးကြေကုန်ကြသည်။
“အား”
မြေကြီးတို့ အပြည့်ဖြစ်နေသည့် အော်သံကြီးက မြေအောက်မှ ခပ်အုပ်အုပ်ထွက်လာခဲ့သည်။
“မင်း ဒီလိုမျိုးလုပ်ရင် ငါ ပိုပြီးစိတ်လှုပ်ရှားရတယ်ဆိုတာ မသိဘူးလား။”
“အွတ်…”
“မင်းလိုမျိုး ရူးရူးမိုက်မိုက် ကြမ်းကြမ်းတမ်းတမ်း ကောင်မျိုးတွေ မကြာမကြာ မွေးဖွားလာလို့ ငါက ဒီလိုလုပ်ရပ်မျိုးကို မရပ်နိုင်တာပေါ့။”
အဲ့ဒီလူက ညဘက်မှာတောင် တောက်တောက်ပပ အလင်းရောင်ထွက်သည့် သစ်မာပင်နဲ့ တူလှသည်။ ဖြူဖွေးပြီး ချောမွေ့သည့် မျက်နှာရှိ၏။ သို့သော် သူ့အသားအရေက သက်ရှိလူသားတစ်ယောက်၏ အသားအရေမျိုး ဟုတ်ပုံမရချေ။ လွှအသွား၌ သူ့မျက်နှာ ထင်ဟပ်နေသည်ကို တွေ့ရသည်တွင် ထိုကဲ့သို့သော ကျောစိမ့်စရာ ခံစားချက်ကို ရခဲ့သည်။
“အ…အစ်…”
မြေကြီးတို့ လှုပ်ရှားသွားပြီး ဦးခေါင်းထိပ်ပိုင်းလေး ပေါ်လာသည့်အခါတွင် ထိုလူက စီးကရက်ကို မီးသတ်သည့်အလား ထိုဦးခေါင်းထိပ်ပိုင်းကို ဖိနင်းလိုက်သည်။ မျက်နှာတစ်ဝက်လောက် မိုးကာအုပ်နေသည့်အတွက် မြင်သာသည့်အရာဟူ၍ ခပ်ရှည်ရှည် အက်ကွဲနေသည့် နှုတ်ခမ်းတစ်ခုသာရှိ၏။
ချမ်းသာပေးပါဟူ၍ ကြိုးစားရုန်းကန်နေသူ၏ လှုပ်ရှားမှုများ တဖြည်းဖြည်း အားလျော့လာပြီး နောက်ဆုံး လုံးဝရပ်တန့်သွားချိန်တွင် ဆိုအီယွန်းတစ်ယောက် အတွေးတစ်ခုအပြင် မတွေးနိုင်ခဲ့ပေ။
‘လူသတ်မှု အခင်းဖြစ်နေတာမဟုတ်လား။’
သူ၏ မျက်စိရှေ့တွင် ပေါ်ပေါက်လာသည့် အဖြစ်အပျက်သည် အင်မတန်ကို အံ့ဩတုန်လှုပ်စရာကောင်းပြီး မယုံနိုင်စရာပင်။ ဆိုအီယွန်း တုန်လှုပ်စွာ တံတွေးမျိုချလိုက်မိ၏။ အင်မတန် ကြောက်ရွံ့လာပြီး သူ၏ လက်များတွင် ချွေးစေးများပင် ထွက်လာတော့သည်။ သူက ဖုန်းကို နောက်ကျောဘက်မှာဝှက်ပြီး ၁၁၂ ကို နှိပ်ဖို့ကြိုးစားလိုက်သည်။ ဆဋ္ဌမအာရုံနှင့် စိတ်မှန်းကိုသာ အားကိုးယုံကြည်ပြီး ဖုန်းကို ဟိုနှိပ်ဒီနှိပ် လိုက်နှိပ်မိ၏။
ဖုန်းစခရင်န်ကို ဟိုနှိပ်ဒီနှိပ် လုပ်နေခဲ့သည့် လက်ချောင်းများအပေါ်တွင်သာ အာရုံစိုက်မိခဲ့ချိန်တွင် သစ်ကိုင်းခြောက်တစ်ခုပေါ် တက်နင်းမိတော့သည်။ သစ်ကိုင်းခြောက် ဂျွတ်ခနဲကျိုးသံက ပုံမှန်အခြေအနေများတွင်တော့ ဘာမှထွေထွေထူးထူးမဟုတ်သည့်အသံ ဖြစ်လောက်မည်ဆိုပေမဲ့ တိတ်ဆိတ်ငြိမ်သက်နေသည့် ညဉ့်အချိန်တွင်တော့ ထိုအသံထက် ပိုကျယ်လောင်သည့်အသံ တခြားမရှိတော့ချေ။
သေလုမြောပါး အော်ဟစ်သံများကို လျစ်လျူရှုခဲ့သည့် လူက ရုတ်တရက် တူရွင်းပြားဖြင့် မြေကော်နေတာကို ရပ်လိုက်သည်။ သူက တူရွင်းပြားကို ပစ်ချလိုက်ပြီး ဆိုအီယွန်း၏ အကြည့်က ယင်းနောက်သို့ လိုက်သွားခဲ့၏။ ဆိုအီယွန်းခမျာ အသက်ပင်မရှူနိုင်ခဲ့ပေ။ မြေပေါ်တွင် မလှုပ်မယှက်ရှိနေသည့် လူဆီမှ ပျံ့လွင့်လာသော သွေးညှီနံ့ကို အခုမှပဲ သတိထားမိတော့သည်။ အလောင်းကို နီးနီးကပ်ကပ် ကြည့်လိုက်သည့်အခါ အဖြူရောင် ရှပ်အင်္ကျီက သွေးတို့စိုရွှဲလျက် မည်းနက်နေသည်ကို သိလိုက်ရ၏။
“ငါ ိုး ဒါကရော ဘာလဲ။”
ဆိုအီယွန်း ချစ်ရသည့် သစ်ပင်တန်းကြားတွင် အမဲလိုက်နေသည့် သားရဲကြီးနှင့် ပက်ပင်းတိုးသည့် ထိုအခိုက်အတန့်၌။
“ထွက်မပြေးလည်း ရတယ်ပေါ့လေ။”
ထိုတီးတိုးရေရွတ်သံ ခပ်နိမ့်နိမ့်သည် မကြာခင်တွင် သေနတ်ပစ်သံ ဖြစ်လာခဲ့သည်။
ဆိုအီယွန်းတစ်ယောက် နောက်ပြန်လှည့်မကြည့်ဘဲ စတင်ထွက်ပြေးခဲ့၏။ ယမန်နေ့ညက ရွာထားသောမိုးကြောင့် မြေကြီးက ဗွက်ထနေခဲ့သည်။ ချော်နေသည့် ဖိနပ်များကြောင့် အခက်တွေ့ရသော်လည်း နည်းနည်းလောက်ပဲဖြစ်ဖြစ် တုံ့ဆိုင်းလိုက်မိလျှင်ပင် ဆံပင်ကို ဖမ်းဆွဲမိတော့မည့်ပုံပင်။ သူ့နှလုံးက အင်မတန် ခုန်နေသည့်အတွက် ပါးစပ်ကနေပင် ပေါက်ထွက်လာတော့မလို ခံစားလိုက်ရ၏။ လည်ချောင်းထဲတွင် သွေးကို အရသာခံမိရလောက်အောင်ပင် အလွန်ကို ဟောဟဲ ဟောဟဲ အသက်ရှူနေခဲ့ရသည်။
-ဟုတ်ကဲ့၊ ဟွာယန်း ရဲစခန်းကပါ။
ထိုအချိန်တွင် ဖုန်းထဲမှတစ်ဆင့် ကယ်တင်ရှင်၏ အသံကို ကြားလိုက်ရသည်။
“ဟယ်…ဟယ်လို။”
-ဟုတ်ကဲ့၊ ဖြည်းဖြည်းချင်း ပြောပါ။
မျက်ရည်တို့ စီးကျလာတော့သည်။ ဆိုအီယွန်းက ဗလုံးဗထွေးစကားတွေ ပြောနေခဲ့မိ၏။
“အခု တစ်ယောက်ယောက်က လူကို မြေမြှုပ်နေပါတယ်…။ မြန်မြန်လာခဲ့ပေးပါ။ ကျွန်မကို မိသွားလို့ပါ။”
-အခု ဖုန်းဆက်နေတဲ့ ပုဂ္ဂိုလ်ရဲ့နာမည်က ဘယ်လိုခေါ်ပါသလဲ။
စက်တစ်ခုအလား သေချာလေ့ကျင့်ထားသည့် အသံတွင် အနိမ့်အမြင့် အတက်အကျ မရှိချေ။
“ဆိုအီယွန်းပါရှင်။ ကျွန်မ တကယ်သေတော့မှာ ဆရာကြီးရဲ့။”
-အရင်ဆုံး၊ စိတ်အေးအေးထားပါ၊ အဲ့ဒီနေရာရဲ့ တည်နေရာက ဘယ်နားလဲခင်ဗျ။
“ဟူး…ဟူး…ဂျပန်ဝက်သစ်ချပင်တွေ အများကြီး စုပြီးပေါက်နေပါတယ်။ ပြီးတော့ ပင်စည်မှာ အပေါက်ကြီးရှိတဲ့ ဟေဇယ်ပင်ကြီးလည်း တွေ့ရပါတယ်။ အခုလေးတင် ဖြတ်လာတာပါ။”
လေးလေးပင်ပင် အသက်ရှူရင်းကနေ အတတ်နိုင်ဆုံး ပြန်ဖြေခဲ့သည်။
-ဟား…
တစ်ချိန်တည်းမှာပင် ရဲအရာရှိက သက်ပြင်းမောချလိုက်၏။
-အဲ့ဒီလိုပြောရင် မသိပါဘူး။ အနီးအနားမှာ အဆောက်အအုံ တစ်ခုခုများရှိလားဗျ။
အီယွန်းက ကိုယ့်အမှားကို သဘောပေါက်သွားပြီး သတိဝင်လာတော့သည်။
“အမြဲစိမ်းထင်းရူးပင်ဆေးရုံပါ။ အဲ့ဒီဆေးရုံ အနောက်မှာရှိတဲ့တောင်။”
-အခုချက်ချင်း လာခဲ့ပါမယ်။ ညာပြောတာဆိုရင်တော့ ဒဏ်ငွေဆောင်ရမှာနော်။
“မြန်မြန်လာခဲ့ပါ။”
နောက်ဆုံးမှာတော့ တောင်အဝင်ဆီ ဦးတည်သွားသည့် အဆင်းလမ်းလေးဆီ ရောက်လာတော့သည်။
“အစ်…”
ချည်မျှင်လို ဝါယာပါးပါးက အီယွန်း၏ လည်တိုင်ကို ရစ်ပတ်နှောင်ဖွဲ့လာခဲ့သည်။ အသားထဲ တိုးဝင်နေသည့်အားနှင့် ထိုအားကို တင်းလိုက်သည့်အရှိန်ကြောင့် အစ်ခနဲ အော့တက်လာခဲ့၏။ ဝါယာကြိုးကို ထိန်းထားဖို့အတွက် လည်ပင်းတစ်ဝိုက်ကို ကုတ်ခြစ်ခဲ့သော်လည်း အလွန်ပါးလှတာကြောင့် လက်သည်းများဖြင့် ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ချေ။
“ဟေ့၊ မင်း ဒါ ကျကျန်ခဲ့တယ်။”
အသက်ရှူမရအောင် အချုပ်ခံထားရသော်လည်း ချက်ချင်းဆိုသလို ကြက်သီးမွေးညင်းတို့ ထသွားတော့သည်။ တခြားအရာတွေထက် နားထဲတွင် ကြားနေရသည့် အသက်ရှူသံက ထိတ်လန့်ချောက်ချားစရာပင်။
ထိုလူက လှောင်နေသည့်အလား အီယွန်းကို သူ့လက်ထဲတွင်ရှိသည့် ပစ္စည်းကို ပေးခဲ့သည်။ ထို့နောက်တွင် တစ်ချိန်လုံး မေ့ထားခဲ့သော လေးလံသည့် အလေးချိန်က အသိစိတ်ထဲ ဝင်လာတော့သည်။ သူနှင့် နှစ်ပေါင်းအတန်ကြာအောင် ခြေတွေလက်တွေလို တက်ညီလက်ညီရှိခဲ့သည့် ဖြတ်လွှပင်။
ထိုအခိုက်အတန့်တွင် ဆိုအီယွန်းက ဘယ်ကရလို့ရလာမှန်းမသိရသည့် အင်အားကို အားကုန်သုံးပြီး အဲ့ဒီလူကို ရိုက်ချလိုက်သည်။
တစ်စုံတစ်ရာ ကျိုးသွားသည့် အသံနှင့်အတူ လေးလံသည့်ရိုက်ချက်ကို ခံစားလိုက်ရ၏။ သူက တဖုန်းဖုန်း အသံထွက်အောင် ပစ္စည်းကို တစ်ချက်ပြီးတစ်ချက် လွှဲရိုက်ခဲ့သည်။ အကြောက်တရားက လွှမ်းမိုးထားပြီဖြစ်သည့် ဆိုအီယွန်းတစ်ယောက် ပြန်လှည့်မကြည့်နိုင်ခဲ့ချေ။ နောက်ကျမှ သိလိုက်ရသည်က သူ ခလုတ်ဖွင့်ထားသည့် ဖြတ်လွှက အသံအကျယ်ကြီးထွက်ပြီး တုန်ခါနေခြင်းပင်။
ဤသည်မှာ ဆိုအီယွန်း၏ လျှို့ဝှက်လူနာဖြစ်၏။
၂နှစ်ကြာအောင် အိပ်ရာထဲလဲနေမည့် ကိုမာလူနာနှင့် ပထမဆုံး တွေ့ဆုံမှုပင်။
~~~~~
Miel’s Translations