Chapter 1
အပိုင်း ၁
“ဝမ်းချုပ်နေတာပါ။”
“…ဘယ်လို။”
ကျောင်းအုပ်ကြီးက ကြောင်အမ်းအမ်းနှင့် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ သစ်ပင်ဆရာဝန်အားကြည့်နေသည့် သူ့အကြည့်တွင် မယုံကြည်နိုင်မှုနှင့် အံ့အားသင့်မှုတို့ ရောစွက်လျက်။
“အခု ဘာပြော…”
“မစင် ကောင်းကောင်းမစွန့်နိုင်ဘဲ ဖြစ်နေတာပါ။”
“…”
ကျောင်းအုပ်ကြီး၏ မျက်နှာက တစ်ဖန်ထပ်၍ ကြောင်တောင်တောင် ဖြစ်သွားခဲ့ပြန်သည်။
သူက ‘အခု အဓိပ္ပာယ်ရောရှိရဲ့လား’ ဟူ၍ သစ်ပင်ဆရာဝန်မ ငယ်ငယ်လေး၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှုကို ရိုက်ချိုးပစ်ချင်သော်လည်း လူကောင်နှင့်မလိုက်သည့် ကျောပိုးအိတ်ကြီးများပေါ်မှ ကျော်ကြည့်နေကြသော မူလတန်းကျောင်းသားလေးများ ရှိနေသည့်အတွက် စိတ်ကျဉ်းကျပ်စွာ မျက်နှာကြီးနီလာရုံသာရှိခဲ့သည်။
မည်သို့ပင်ဖြစ်စေ။
အီယွန်းကတော့ သစ်ပင်၏ အခေါက်ကိုသာ ညင်ညင်သာသာလေး ပွတ်ပေးနေ၏။
“အားလုံးမှာ အညစ်အကြေး ရွေ့လျားမှုက အရေးကြီးပါတယ်။ သိတယ်မဟုတ်လား၊ မစင် ရှောရှောရှူရှူထွက်ဖို့လေ။”
“အဟမ်း…”
ကျောင်းအုပ်ကြီးက စိတ်တိုင်းမကျစွာ ချောင်းဟန့်လိုက်သည်။ သို့သော် နှုတ်ခမ်းကို အုပ်ထားသည့် လက်ဖဝါး၏အောက်တွင်မူ အပြုံးတစ်ခု ခပ်ရေးရေးပေါ်လာ၏။
တကယ်ကို အံ့ဩစရာကောင်းအောင်တုံးသည့် ဆရာဝန်ပေပဲ။
ပျက်သွားသည့် သစ်ပင် အနည်းငယ်ကိုကုသရန် အနည်းဆုံး သောင်းဂဏန်းမှ အများဆုံး သိန်းဂဏန်းအထိ ကုန်ပေလိမ့်မည်။ ထိုငွေကိုသုံးမည့်အစား ဒီအတိုင်း ခုတ်ပစ်လိုက်လျှင် ရပါလျက်နှင့် မဖြစ်မနေ ရှင်အောင်ကယ်မှဖြစ်မည်လား။
ထို့ကြောင့် ကျောင်းအုပ်ကြီးက မြို့ကြီးပြကြီးရှိ ဆေးရုံကြီးမဟုတ်ဘဲ ပါချည်ပါချဲ့ ဆေးခန်းလေးဖွင့်ထားသည့် ဆက်ဆံပြောဆိုရ ပိုလွယ်မည့်ပုံရသော အမျိုးသမီးငယ်လေးတစ်ယောက်ကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
ကုသမှုခံယူရသည့်သစ်ပင် ပြန်ပျက်စီးသွားလျှင် ဟောဒီ ရယ်ပင်မရယ်ရသော သစ်ပင်ဆရာဝန်အပေါ် အပြစ်ပုံချရန်ဖြစ်၏။
“ဒီသစ်ပင်က ကျွန်တော်တို့ကျောင်းရဲ့ အမှတ်သင်္ကေတပဲဗျ။ ကျွန်တော်တို့ ကျောင်းသားတွေရဲ့စိန်းလမ်းစိုပြေမှု အမှတ်အသားပေါ့ဗျာ။ ကျေးဇူးပြုပြီး ဆက်ဆက် ကုသပေးပါဦး။”
ကျောင်းအုပ်ကြီးက စိုးရိမ်ရိပ်မကင်းစွာ မျက်ခုံးများကျုံ့ထားလျက် မျှော်လင့်တကြီး မျက်နှာထားနှင့် တောင်းဆိုခဲ့သည်။
ကျိန်းသေပေါက် လျော်ကြေးနှင့်အတူ အဖိုးအခပေးထားသည့်ငွေကိုပါ ပြန်တောင်းရန်စိတ်ကူးထား၏။ ဘာပဲဖြစ်ဖြစ် ခုတ်ပစ်ရမည့် သစ်ပင်သာ။ ဤနည်းနှင့်ပဲဖြစ်ဖြစ် လူသားအပေါ် အကျိုးပြုသင့်သည် မဟုတ်ပါလား။
“ကျွန်မကိုသာ အပ်လိုက်ပါ။”
ထိုအချိန်တွင် ထင်မထားလောက်အောင် ယုံကြည်မှုအပြည့်ရှိသောအဖြေက ပြန်လာခဲ့သည်။
“ကုသမှုလမ်းစဉ်က မခက်ပါဘူး။ လွယ်လွယ်ပြောရရင် အစားစားပြီး ဝမ်းမသွားနိုင်လို့ ဝမ်းချုပ်နေတဲ့သဘောပါပဲ။ အမြစ်ကို ကောင်းကောင်းလည်း မဆင်းနိုင်ဘူးပေါ့။”
အီယွန်းက ကျောင်းအားကစားကွင်းကို လှည့်ပတ် အကဲခတ်ကာ တင့်တယ်လှပစွာ အနားသတ်ထားသည့် မျက်ခွံကလေးများကို ကျုံ့လိုက်သည်။
“အညစ်အကြေးရွေ့လျားမှု ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် ထိပ်ပိုင်းကနေစပြီး ခြောက်ကုန်ကြမှာကို ဒီမှာရှိတဲ့ ကလေးအများစုက အဲ့ဒီလိုတွေဖြစ်နေတာပဲ။”
“ဒါဆို ကုသမှုကို ဘယ်လိုများ…”
ကျောင်းအုပ်ကြီးက စိတ်တိုင်းမကျမှုကို ဖုံးဖိကာ အီယွန်းကို မသိမသာ အကဲခတ်လိုက်သည်။
နွမ်းဖပ်ဖပ် ဘောင်းဘီပွပွ၊ လက်သည်းအောက်တွင် ပုံနေသည့်ချေးများ၊ လေထဲတွင် ဝေ့ဝဲတက်လာတတ်သည့် မသိသာသော်လည်း ပြင်းထန်သော မြေဩဇာအနံ့။
တစ်ချက်အကြည့်တွင် ဒက်ခနဲဝင်လာသည့် ကြည်လင်တောက်ပသော အသားအရေပင်လျှင် ခြုံငုံပြီးမြင်နေရသည့် ဖိုသီဖတ်သီနိုင်မှု၏အောက်၌ မှေးမှိန်သွားရလေသည်။ အထူးသဖြင့် ကုပ်ပိုးအနောက်တွင် စုချည်ထားသည့် ဆံပင်က ရေစိုကာပျော့ဖပ်နေသည် ရေညှိကဲ့သို့ ခုန်ကြွလှုပ်ရှားမှုမရှိပေ။
‘ငါ့နှယ် မိန်းကလေး ငယ်ငယ်လေးဖြစ်ပြီး စုတ်ပြတ်နေတာပဲ။ သေခါနီးသစ်ပင်ကြီး မျက်စိရှေ့မြင်ရတာကျနေရော။’
ထိုမျှမကသေး၊ သစ်ပင်များကို ကြည့်နေစဉ်တွင် နူးနူးညံ့ညံ့ရှိသည့် မျက်လုံးများက လူနှင့် မျက်နှာချင်းလိုက်ချိန်တွင် လုံးဝ ခြောက်ကပ်ကပ်ဖြစ်သွားကာ အသက်မပါတော့ပေ။ ထိုအရာက ပိန်ပါးသည့် ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ပို၍ပင် အသက်ဝင်တက်ကြွမှုကင်းမဲ့အောင် ဖန်တီးပေးနေတော့သည်။
“ကျောင်းအုပ်ဆရာကြီး။”
“ဟုတ်၊ ဟုတ်ကဲ့ခင်ဗျ။”
ကျောင်းအုပ်ကြီးက သူခိုးလူမိသကဲ့သို့ အိုတိုးအမ်းတမ်း ထိတ်ထိတ်ပျာပျာ ပြန်ဖြေခဲ့သည်။
“ဒီက မြေကြီးကို အကုန် သဲပါတဲ့မြေနဲ့ လဲမှဖြစ်မယ်ရှင့်။”
“အဲ့ဒီလောက် အများကြီးလား။”
“အဲ့ဒါက အကြောင်းရင်းပါ။ မြေက ရေကောင်းကောင်းမစိမ့်လို့လေ။ ဒါနဲ့…”
ရုတ်တရက် အီယွန်း၏ အကြည့်က စူးစူးရှရှဖြစ်သွားတော့သည်။
“ငွေချွေတာတဲ့ပုံပဲ။”
အီယွန်းက ထူးဆန်းသည့်မျက်နှာထားမျိုးနှင့် ကျောင်းအုပ်ကြီးအား ဖြည်းဖြည်းချင်း စတင်လှည့်ပတ်ခဲ့သည်။
“ဒီမှာ တစ်ခုခုများ မြှုပ်ထားသေးလား။”
“ခင်ဗျာ…”
“ဟိုတလောကပဲ ကျောင်းကိုချဲ့ထားတယ်လို့ ကြားထားလို့ပါ။”
“…”
“အုတ်ချပ်များလား။”
ကျောင်းအုပ်ကြီး၏ ပခုံးများ ဆတ်ခနဲတွန့်သွားတော့သည်။
“ဘိလပ်မြေ အကျန်တွေများလား။”
“…”
“ဘိလပ်မြေအိတ်တွေလည်း ဖြစ်နိုင်ခြေရှိတာပဲ။”
“အဟမ်း…”
“မဟုတ်ရင် အဲ့ဒါတွေ အားလုံးပဲလား။”
ကျောင်းအုပ်ကြီးက နဖူးမှစီးကျလာသော ချွေးများကိုသုတ်ကာ အီယွန်း၏အကြည့်ကို ရှောင်လွှဲလိုက်သည်။
‘နေပါဦး၊ အဲ့ဒါကို ဒီမိန်းမက ဘယ်လိုလုပ် သိနေတာလဲ။’
အသုံးပြု၍မရသည့် ပစ္စည်းများ ရှင်းလင်းစွန့်ပစ်ရန် အဖိုးအခ သက်သာစေရေးအတွက် အသုံးမလိုတော့၍ ပစ်ထားသည့်ပစ္စည်းများကို မြေမြှုပ်ခဲ့မိ၏။ ထို့အပြင် ယင်းကား မည်သူမှ သိ၍မဖြစ်သည့်ကိစ္စပင်။ သို့သော ဟောဒီ ဖိုသီဖတ်သီ သစ်ပင်ဆရာဝန်က ချက်ချင်းတန်းသိနေလေသည်။
“အဲ့ဒီအရာတွေက ရေနဲ့ထိရင် ကျောက်ခဲတွေလို မာသွားတတ်ပါတယ်။ မြေကြီးနဲ့ရောသွားရင် သစ်ပင်တွေ ကောင်းကောင်း ရှင်သန်ကြီးထွားနိုင်တော့မှာမဟုတ်ပါဘူး။ အဲ့ဒီလိုကနေ အမြစ်ဆွေးတဲ့ရောဂါ ဖြစ်ကြတာပါ။”
“…”
“ဘာပဲဖြစ်ဖြစ် တူးကြည့်လိုက်ရင် အကုန်ထွက်လာမှာပဲဆိုတော့ ဒီနေ့အတွင်းပဲ ခန့်မှန်းကုန်ကျစရိတ်ကို ရေးပို့ပေးလိုက်ပါ့မယ်။”
အီယွန်းက လည်ပင်းတွင်စည်းထားသည့် ပန်းအဆင်လက်ကိုင်ပဝါနှင့် ချွေးသုတ်ရင်း ဖြူစင်အပြစ်ကင်းစွာ ပြုံးလိုက်သည်။ သို့သော် အေးစက်ပြီး တည်ငြိမ်သည့်အကြည့်ကား တစ်ချက်မယိမ်းယိုင်ခဲ့။
“ကျိန်းသေပေါက် မြို့နယ်ရုံးကို တိုင်တာကနေ စလုပ်မှာပေါ့။”
“…”
ထိုအခါမှသာ ကျောင်းအုပ်ကြီးလည်း မျှော်လင့်တကြီး အပိုးကျိုးကျိုးမျက်နှာထားနှင့် အနားကပ်လာတော့သည်။
“ဟို၊ ဟိုလေ။ ဆရာမရယ်။ ကျေးဇူးပြုပြီး ကျွန်တော်ပြောတာကို တစ်ချက်လောက် နားထောင်ပါဦး…”
“ငွေချွေတာရတာကို ကြိုက်တယ်မဟုတ်လား။”
“…”
“အခု အဆပေါင်းများစွာ ပြန်ထုတ်လိုက်ပါတော့။ ပြောခဲ့တဲ့အတိုင်း အညစ်အကြေးစွန့်တဲ့ဖြစ်စဉ်က လူဖြစ်ဖြစ်၊ အပင်ဖြစ်ဖြစ် အရေးကြီးပါတယ်။”
အီယွန်းက စိတ်သက်သာရာရစွာ အနောက်လှည့်လိုက်သည်။
တစ်ချိန်တည်းတွင် တစ်ဦးတည်းသော ဝန်ထမ်း၏ ပူညံပူညံစကားက ကျောနောက်၌ကပ်ပါလာသလို ခံစားလိုက်ရ၏။
အီယွန်းတစ်ယောက် သက်ပြင်းတစ်ချက်နှင့်အတူ ရပ်လိုက်ကာ ကျောင်းအုပ်ကြီးဆီ ပြန်သွားလိုက်သည်။ ပြေရာပြေကြောင်း ပြောသည့်နေရာတွင် ဆရာကြီးမဟုတ်သော်လည်း တခြားအရာတွေအားလုံးထက် ဆေးခန်း၏နာမည်ကို မြှင့်တင်ဖို့က အရင်လာကြောင်းကို အီယွန်းလည်း လက်ခံပေသည်။
“သစ်ပင်တွေအတွက် ရပ်တည်ပြောဆိုပေးချင်တဲ့ ဆရာဝန်ပါရှင်။”
“…”
“ကျွန်မတို့ရဲ့ သူငယ်ချင်းလေးတွေကို ကယ်တင်တဲ့နေရာမှာတော်သလောက် လိုအပ်လာရင် ပေါင်းသင်မြက်ရှင်းတာကိုလည်း ကောင်းကောင်းလုပ်တတ်တယ်ရှင့်။”
ဆရာကြီးလို အုပ်ထိန်းသူကို ရှင်းပစ်ရတာမျိုးဆို ပိုလို့တောင် ကောင်းကောင်းလုပ်နိုင်သေးတာပေါ့။ ကျိန်းသေပေါက် ထိုစကားကိုတော့ အသံတိတ်ပြောခဲ့၏။ သို့သော် ကျောင်းအုပ်ကြီးအား မည်သို့သောနည်းမျိုးဖြင့် ဒုက္ခပေးရမည်ကို ကြိုတင်စီစဉ်ထားပြီးပေပြီ။
လူ၏ လောဘကြောင့် သစ်ပင်ပေါင်းများစွာ ပျက်စီးရသည်ကို စိမ်းလန်းစိုပြေမှု၏ အမှတ်သင်္ကေတဟု ခေါ်ထွက်သေးသတဲ့။ ထိုသို့သောလူများကား သစ်ရွက်ကို ပြာခွက်လုပ်သုံးကြမည့်လူများပင်။
“ကျွန်မတို့ရဲ့ အမြဲစိမ်းထင်းရှူးပင်ဆေးရုံကို မကြာမကြာလာခဲ့ပါနော်။”
အီယွန်းက အတင်းအားထည့်ကာ ဟန်လုပ်ပြုံးလိုက်သည်။
အီယွန်းကား အနောက်ဘက်တွင် ထုံယောင်း၊ တောင်ဘက်တွင် နမ်ဟယ်နှင့်နီးသော ဟွာယန်းမြို့၊ ဂွန်းအီလ်ခရိုင်၊ ဟွာအီဒိုတွင် တည်ရှိသည့် ကျွန်းကလေး၌ သစ်ပင်ဆေးရုံလေးတစ်ရုံ ဖွင့်လှစ်ဦးစီးနေသော သစ်ပင်ဆရာဝန်မလေးတစ်ဦးပင်။
ခေတ်နှင့်အညီ ဖွံ့ဖြိုးမှုမရှိသည့်ကျွန်းဟု ထင်ရသော်လည်း အံ့ဩဖို့ကောင်းစွာပင် တောင်ကိုရီးယား၌ ဒုတိယမြောက် အကြီးဆုံးကျွန်းဖြစ်ပြီး ပင်လယ်၊ သစ်ပင်များနှင့် ကျောက်တုံးကျောက်ဆောင်များ သဟဇာတဖြစ်စွာ ရှိနေကာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ လှပသည့်နေရာတစ်ခုဖြစ်၏။
“အဲ့ဒီဦးလေးကြီးက မသာမာတဲ့အကြည့်နဲ့ ကြည့်နေတာပဲ…”
မိတ်ကပ်တွေ နှုတ်ခမ်းနီတွေမဟုတ်ဘဲ လှေကားတို့၊ ဓားတို့၊ ဖြတ်လွှတို့၊ ကတ်ကြေးတို့လို ကိရိယာတန်ဆာပလာများ သယ်ဆောင်၍ သွားလာရသော ဤနယ်ပယ်လောကတွင် အီယွန်းကိုကြည့်ကြသော လူတို့၏ အကြည့်ကား ဘယ်နေရာဖြစ်ဖြစ် အတူတူချည်းသာ။
သစ်ပင်ကုသစရိတ်ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် သက်သာစေလိုသောမျှော်လင့်ချက်နှင့် ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးဆရာဝန်လို လွယ်ကူသည့်ပစ်မှတ်ကိုခေါ်ပြီး အာဏာပြဖို့ကြိုးစားကြသည့် လူနာရှင်များလည်း မရေမတွက်နိုင်အောင်ရှိ၏။
သို့သော် ကိစ္စလေးတစ်ခုစီတိုင်းအတွက် ဒေါသထွက်နေဖို့ရန်ကား အသက်သုံးဆယ် ကျော်လာပြီဖြစ်သည့် အီယွန်းက အတွေ့အကြုံ ပြည့်စုံရင့်ကျက်ပြီးသား ဖြစ်နေပေပြီ။
ထိုအတိုင်း မြသားရောင်ထနေသည့် ပင်လယ်ပြာပြာကို ခံစားရင်း စကူတာလေး မောင်းလာနေခိုက်တွင်။
တီ…တီ…
အီယွန်းက နားတွင်တပ်ထားသည့် ဘလူးတုသ်နားကြပ်ကို နှိပ်လိုက်သည်။
“ဟယ်လို။”
-ဆေးရုံအုပ်၊ ၅မိနစ်အတွင်းရောက်မလာရင် ဒုတိယထပ်က တံခါးကို ဖျက်ဝင်တော့မှာနော်။
ထိုစကားကြားလိုက်ရလျှင်ပဲ စကူတာက ယိမ်းသွားတော့သည်။ အသံက နိုင်ငံခြားရုပ်ရှင်ထဲမှ နောက်ခံစကားပြောသူကဲ့သို့ တင့်တယ်သော်လည်း အသံနေအသံထားက ဘာမှမဟုတ်သလို ပေါ့ပေါ့ပါးပါးပင်။ အီယွန်းလည်း လောလောပျာပျာနှင့် စကူတာလက်ကိုင်ကိုလှည့်ကာ အသက်တောင်မရှူနိုင်ဘဲ အော်ခေါ်လိုက်မိတော့သည်။
“မန်…မန်နေဂျာကြီး၊ ခဏနေပါဦး။”
-ငါ သေသေချာချာကို ကြားလိုက်ရတာ။ ထပ်ပြီး ဘာသံမှန်းမသိ ထွက်လာတာပါဆို။
“နားကြားမှားတာဖြစ်မှာပါ။ အခန်းလွတ်ကြီးကို ဘာသံများထွက်ရဦးမှာလဲ။”
-မှားစရာမရှိဘူးလို့။
အီယွန်းက ဘာမှမဖြစ်သလို ဟန်မပျက်နေရန် ကြိုးစားလိုက်သော်လည်း လက်တွေ့မှာတော့ စကူတာကို အရှိန်အမြန်တင်မိလျက်သားဖြစ်နေလေပြီ။ ဟွာအီဒို၏ ရှင်းလင်းပြတ်သားသော ရှူခင်းများက သူ့ဘေးမှ ဝေဝေဝါးဝါး ဖြတ်သန်းသွားလျက်။
-အားနာပေမဲ့ သော့ပြင်ဆရာ ခေါ်ထားပြီးပြီ။
“မဖြစ်ဘူးရှင့်။”
-….
နောက်ဆုံးတွင် ခံစားချက်အစစ်အမှန်များ ပေါ်လွင်သွားတော့သည်။ သို့သော် အီယွန်းတစ်ယောက် မျက်လုံးကို ဟိုဟိုဒီဒီလှိမ့်ပြီး သင့်တော်မည့်ဆင်ခြေကို တွေးနေစဉ်တွင် တစ်ဖက်က အရင်လက်ဦးသွား၏။
-မြေအောက်ရေပိုက် ရေစိမ့်လို့ ပိတ်ထားတာဆိုပြီး လိမ်မယ်မကြံနဲ့နော်။ ငရုတ်သီးခြောက်တွေ လှန်းထားတယ်တို့၊ မြေပဲအနှစ်တုံးတွေ ထားတယ်တို့ အဲ့ဒီလိုစကားတွေလည်း ရိုးနေပြီ။
“ဟို…”
-နင်က ကြိတ်ပြီးမဟုတ်တရုတ်တွေ လုပ်တဲ့လူလား ဘာလား။ အဲ့ဒီအခန်းထဲ ဝင်လို့မဖြစ်ဘူးလို့သာ ပြောလိုက်စမ်းပါ။ ဖြစ်ချင်ဖြစ် အဲ့ဒီအခန်းထဲမှာ ယောက်ျားတွေ စီတန်းပြီး ထည့်ပိတ်ထားတာဆိုရင် ဒီ ဂယ်ချူဂျာက ပျော်လွန်းလို့ထတောင်ခုန်ဦးမှာလို့။
ထိုစကားများကြောင့် အီယွန်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
ယခုနှစ်ထဲ အသက်ခြောက်ဆယ်ပြည့်မည်ဖြစ်သည့် မန်နေဂျာ ဂယ်ချူဂျာကား အီယွန်းကို ကူညီပြီး သစ်ပင်များ ကုသပေးနေသော ပရော်ဖက်ရှင်နယ် သစ်ပင်ဆရာဝန်တစ်ယောက်ဖြစ်၏။
‘အမြဲစိမ်း ထင်းရှူးပင်ဆေးရုံ’ က ၃၂နှစ်အရွယ် တစ်ကိုယ်တည်းသမား ဆိုအီယွန်းနှင့် အချစ်ရေးကံကြောင့် ငါးကြိမ် အိမ်ထောင်ကျခဲ့ဖူးသည့် ဂယ်ချူဂျာတို့ ဦးစီးစီမံနေသော နေရာပင်။
ထို့အပြင် ယင်းမန်နေဂျာက အီယွန်း ဆေးကုပေးဖို့အိမ်အပင့်ခံရသည့်အခါတိုင်းတွင် အကြောင်းအမျိုးမျိုးရှာပြီး တင်းတင်းပိတ်ထားသည့် ဒုတိယထပ်တံခါးကိုဖွင့်ရန် ကြိုးစားတတ်ပေသည်။
အမှန်တော့ ဂယ်ချူဂျာဘက်မှကြည့်လျှင်လည်း စိတ်ပျက်မည်ကို နားလည်လို့ရ၏။
ရုတ်တရက် အသိပေးခြင်းပြုခြင်းမရှိဘဲ လုံးချင်းအိမ်အိုကြီးဆီ ပြောင်းလာခဲ့ရသည့်အထဲ ယင်းအိမ်၏ အပေါ်ထပ်ကို တစ်ခါလေးတောင် ကြည့်ခွင့်မရှိခဲ့လေတော့ ဆေးရုံ၏ တစ်ဦးတည်းသော ဝန်ထမ်းအနေနှင့် မည်မျှစိတ်ထဲကလိကလိ ဖြစ်နေလိုက်မလဲ။
‘ဒါပေမဲ့လည်း မန်နေဂျာကြီးရယ်၊ ဒုတိယထပ်ကတော့ တကယ်မဖြစ်တာပါ…’
ယင်းနေရာ၌ လျှို့ဝှက်ချက်အကြီးစားကြီးအား ဖုံးဖိကွယ်ဝှက်ထားခဲ့သည်မှာ ၂နှစ်တိုင်ခဲ့ချေပြီ။
လူတွေ့သွားလျှင်မဖြစ်သည့် တစ်မူထူးသော သစ်ပင်ကြီးတစ်ပင် ထိုအထဲတွင်ရှိနေ၏။
~~~~~
သေသေသပ်သပ် လက်ရေးဖြင့် ရေးထားသော သစ်သားဆိုင်းဘုတ်။
<အမြဲစိမ်းထင်းရှူးပင်ဆေးရုံ>
သို့သော် ထိမိတာနှင့် ပြုတ်ကျတော့မလို ကချော်ကချွတ် ချိတ်ထားသည့်အတွက် အီယွန်း ကမန်းကတမ်း ပြေးဝင်လာသည်နှင့် ပြုတ်ကျသွားတော့သည်။
ပုံမှန်လုံးချင်းအိမ်များထက် ပို၍ရိုးရှင်းသည့်အိမ်ကား ဆင်စွယ်ရောင်မှိုင်းမှိုင်းရှိ၏။ သို့သော် ခေတ်ဆန်ဆန် မီးခိုးရောင်ဖောက်ထားသော ဒုတိယထပ်မှာ ကြောင်အိုကြီး ကျောက်စရစ် ပြောင်ပြောင်ချောချောလေးကို သယ်ထားသည့်အလား အင်မတန် ထူးခြားကွဲထွက်နေတော့သည်။
အီယွန်းက ရုံးခန်းနှင့် အိမ်အဖြစ်အသုံးပြုသည့် ပထမထပ်ကို သုတ်ခြေတင်ဖြတ်ပြေးကာ ဒုတိယထပ်သို့ အလောသုံးဆယ် တက်သွားလိုက်သည်။
“မန်နေဂျာကြီး။”
“ငါ့နှယ်နော်….”
ပါးစပ်ကိုဖိပိတ်လိုက်သည့် ဂယ်ချူဂျာက မျက်နှာကို မဲ့ရွဲ့လိုက်သည်။ တံခါးသော့အား စပ်စပ်စုစုဖွင့်ရန် အသင့်ဖြစ်နေပုံရသည့် သော့ဆရာမှာမူ ပစ္စည်းကိရိယာများပင် အသင့်ထုတ်ထားလျက်သား။
အသက်ပင်မရှူနိုင်သည့် အီယွန်းက တံခါးအရှေ့တွင် ပိတ်ရပ်လိုက်သည်။ အလျှော့မပေးမည့်လုပ်ရပ်ကြောင့် ဂယ်ချူဂျာက စိတ်ကုန်သလိုမျက်နှာနှင့် နှုတ်ခမ်းကို မဲ့ရွဲ့နေတော့သည်။
“တကယ် မလျှော့ဘူးပဲ၊ မလျှော့ဘူး။”
“ဟော့…ကျွန်မ ပြောထားတယ်မဟုတ်လား။ ဒီမှာ ပိုင်ရှင်သပ်သပ်ရှိလို့ ကျွန်မလည်း ဝင်လို့မရပါဘူးဆို။ ဒီအတိုင်း အလွတ်ထားထားတာ။”
တစ်ဝက်က အလိမ်အညာဖြစ်ပြီး တစ်ဝက်က အမှန်ပင်။
“ဒါဆို သူငယ်မက အဲ့ဒီကိုသွားပြီး ငရုပ်သီး ဘယ်လိုလှန်းလဲ၊ မြေပဲအနှစ် ဘယ်လိုလုပ်လဲ။”
“အဲ့…အဲ့ဒါက…”
“အခန်းလွတ်ရဲ့ လေလေးပဲဖြစ်ဖြစ် ခံကြည့်ပါရစေလား။”
“လေအဝင်အထွက်မရှိတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။”
“ငါ့ကို အဲ့ဒီလောက်တောင် မယုံဘူးလား။ နင်က ရွှေတွေ အချောင်းလိုက် ဝှက်ထားပါတယ်ဆိုရင်တောင် ငါက မခိုးပါဘူးနော်။”
‘မဟုတ်ရပါဘူးရှင်။ ဖြစ်ချင်ဖြစ် ခိုးသွားရင်တောင် စိတ်အေးရမဲ့အဖြစ်ပါ…’
အီယွန်းက ခပ်အမ်းအမ်းရယ်ကာ လက်ကိုဝှေ့ယမ်းပြီး အောက်ဆင်းရန် အချက်ပြလိုက်သည်။
“သိသွားရင် နောင်တရလိမ့်မယ်၊ မန်နေဂျာကြီးရဲ့။”
“ဒီကလိမ်ကကျစ်မလေးကတော့။ ဖောက်သည်တွေအရှေ့မှာပဲ အဲ့ဒီလို ပါးစပ်လိုက်သရမ်း။”
“မဟုတ်ဘူး၊ တကယ်ပါဆို…”
ဟောဒီ အန္တရာယ်ပြုမည့်ပုံမပေါ်ဘဲ နူးညံ့ပုံရသည့် သစ်ပင်ဆရာဝန်ကား မျက်နှာကြည့်လျှင် အသားယူအမြတ်ထုတ်၍ကောင်းမည့်ပုံထင်ရ၏။ သို့သော် မြို့ပြအင်ဂျင်နီယာ၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးနယ်ပယ်များမှ လေးဆယ်ကျော်၊ ငါးဆယ်ကျော် ဦးလေးကြီးများနှင့် ဆက်တိုက် ဆက်ဆံပတ်သက်ခဲ့ပြီးသည့်နောက်တွင် သူ၏ လူတွေအပေါ် မယုံကြည်သည့်စိတ်က ကောင်းဖို့အလားအလာမရှိတော့။
“ဆေးရုံအုပ်၊ ငါ အခုထိ လက်မလျှော့သေးဘူးနော်။”
ဂယ်ချူဂျာတစ်ယောက် ခြိမ်းခြောက်စကားပြောပြီး ခြေတစ်လှမ်းနောက်ဆုတ်သွားမှသာ အီယွန်းလည်း ပုံလျက်သား ထိုင်ချလိုက်မိသည်။
ဟောဒီ ကျိန်စာလို ဒုတိယထပ်။
အီယွန်းက အားတစ်စက်မှမရှိတော့သည့် မျက်နှာနှင့် မျက်လုံးလေးများကို မှေးမှိတ်လိုက်ပါတော့သည်။
~~~~~
Miel’s Translations