Chapter 2
အပိုင်း ၂
ဝါယာကြိုးများနှင့် စက်ပစ္စည်းပေါင်းစုံ ချိတ်ဆက်ထားသည့် ခုတင်ပေါ်တွင် အမျိုးသားတစ်ဦးက သေဆုံးနေသကဲ့သို့ လဲလျောင်းနေ၏။
မျက်လုံးများမှိတ်ထားသောကြောင့် သူ၏အသက်ကို ခန့်မှန်းရခက်လှသည်။ မျက်လုံးအစွန်းများ မသိမသာ အပေါ်သို့ပင့်တက်နေပုံက ပြင်းထန်ကြမ်းတမ်းသည့် အသွင်အပြင်ကို ပေးနေကာ ပိရိသေသပ်ထင်ရှားစွာ ချွန်ထွက်ပေါ်လွင်နေသော နှာတံက ချောမွေ့ပြေပြစ်သည့် တင့်တယ်မှုတစ်မျိုးကို ဝင့်ဝင့်စားစား ကြွားဝါဖော်ပြနေတော့သည်။
သို့သော် တစ်ချိန်က မှောင်မှောင်မည်းမည်း တောင်များကြားတွင်ပင် သိသိသာသာ ထင်ရှားပေါ်လွင်ခဲ့သည့် ကြီးမားသောခန္ဓာကိုယ်က လွန်ခဲ့သော နှစ်နှစ်အတွင်း တစ်တိတစ်တိနှင့် လုံးပါးပါးလာချေပြီ။ မွေးရာပါ အရိုးဖွဲ့စည်းမှုကြောင့်ပဲဖြစ်လေမလား၊ တခြားသော ကြွက်သားများ ပျောက်သွားချိန်တွင်တောင် ကျယ်ပြန့်သော လေးထောင့်ကျကျ ပခုံးများကသာ ယခင်အတိုင်း မပြောင်းမလဲကျန်နေ၏။
“ဟူး…”
လွန်ခဲ့သော ၂နှစ်ကအကြောင်း ပြန်စဉ်းစားလိုက်မိချိန်တွင် စောင့်စားနေသည့်အလား လေးလံသည့်သက်ပြင်းက ထွက်လာတော့သည်။
သစ်ပင်လူသား။
အသိစိတ်မရှိသော်လည်း အသက်ရှူခြင်းနှင့် သွေးလှည့်ပတ်ခြင်းကဲ့သို့သော အခြေခံသက်ရှိဖြစ်စဉ်တို့ကိုသာ ဆောင်ရွက်သည့် လူနာ။
အီယွန်းတစ်ယောက် ကုလားထိုင်ပေါ်တွင် ထိုင်ချကာ ခြောက်သွေ့သောလက်ဖြင့် မျက်နှာကို သပ်လိုက်သည်။ သူက မည်သို့ပင် သစ်ပင်ဆရာဝန်ဟုဆိုပါစေ ပြန်တွေးကြည့်လျှင်လည်း လုံးဝ အဓိပ္ပာယ်မရှိသည့် စာချုပ်ပင်။
သစ်ပင်ကဲ့သို့သော လုပ်ငန်းဆောင်တာများကိုသာ ဆောင်ရွက်နိုင်သည့် လူနာဆိုလျှင်လည်းဆိုပေဦးတော့။ ယခုကဲ့သို့ ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ရှိနေသည်မဟုတ်ပါလား။
ဤပစ္စည်းကို ကောက်ကာငင်ကာ လက်ခံမိခဲ့ခြင်းမှာလည်း သူကိုယ်တိုင်၏ သွေးကြောင်စွာ လက်လျှော့အညံ့ခံမှုနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းမဲ့မှု၏ ရလဒ်ပင်။
ထို့အပြင် ထိုလူက သာမန်လူဟုတ်သလား။
‘ထွက်မပြေးလို့ရော ဖြစ်လား။’
အီယွန်းက အသိစိတ်လွတ်ကာ လျှပ်စစ်ဖြတ်လွှကို တဝှစ်ဝှစ် လွှဲခဲ့သော်လည်း ထိုလူက တစ်ချက်မမှုဘဲ မလှုပ်မယှက် ရှိနေခဲ့သည်။ ဖြတ်လွှထိပ်ဖျားတွင် သွေးများပေစွန်းသွားချိန်၌လည်း ထိုအတိုင်းပင်။
သွေးရူးသွေးတမ်းနှင့် အီယွန်းတစ်ယောက် ဤတင် သူ့ဘဝ ဇာတ်သိမ်းတော့မည်ဟု စိတ်ပျက်လက်လျှော့မည်ကြံလိုက်သော်လည်း…
‘အဲ့ဒီလိုဆိုရင်တောင် လူသတ်သမားမျက်နှာကို သေချာကြည့်ပြီးမှ သေတာပေါ့။’
‘ညတိုင်း အဲ့ဒီလူကိုလိုက်ရှာပြီး သရဲခြောက်လို့ရတယ်။ သရဲအဖြစ်နဲ့ တတ်နိုင်သမျှ အကုန်လုပ်ပြီး သူ့ကို နှိပ်စက်ရမယ်။ အဲ့ဒီလူရဲ့ အပြစ်ရှိစိတ် ရင်းမြစ်ဖြစ်လာရမယ်။’
အီယွန်းက ခန္ဓာကိုယ်ကိုလှည့်ကာ အမျိုးသားကို ကြည့်လိုက်သည်။
ခေါင်းဆောင်းအောက်တွင် ကွယ်နေသော သူ၏ မျက်လုံးများကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည့် အခိုက်အတန့်တွင်…
အမျိုးသားက အားကိုလျှော့လိုက်သလို ထင်လိုက်ရသည်။ သူ့ကြည့်ရသည်မှာ တစ်စုံတစ်ခုကို လန့်သွားသလိုလို ထင်ရသော်လည်း အီယွန်းကိုကြည့်နေသည့် အကြည့်က အငမ်းမရ စားမတတ် ဝါးမတတ်။ ဘာကြောင့်မှန်းမသိ သူ၏မေးရိုးက တင်းသွားခဲ့သည်။
-ဒုတ်။
ထို့နောက် ခဏတွင်းချင်းမှာတင် ကိစ္စတွေအားလုံး ဖြစ်ပျက်သွားတော့သည်။
တစ်စုံတစ်ယောက်က အမျိုးသား၏ နောက်စေ့ကို ကျောက်တုံးနှင့် တဖောင်းဖောင်း ထုနှက်ခဲ့သည်။ အရှင်လတ်လတ် မြေမြှုပ်ခံရလုဖြစ်ခဲ့သည့်လူဖြစ်ပြီး သူ့တစ်ကိုယ်လုံးကလည်း မြေကြီးတွေ သွေးတွေ ပေကျံဖုံးလွှမ်းလျက်။
လူသတ်သမားက ဆဲဆိုရင်း ရသည့်နည်းနှင့် မျက်လုံးဖွင့်ထားဖို့ လုပ်ခဲ့သော်လည်း နောက်ဆုံးတွင် လဲကျကာ တောင်စောင်းအတိုင်း လိမ့်ဆင်းသွားခဲ့သည်။
“ဂွမ်ချယ်ဝူရှင့်။”
အီယွန်းက ယခုအထိလည်း အစိမ်းသက်သက်ဖြစ်နေဆဲ ကြမ်းကြမ်းတမ်းတမ်းနာမည်ကို ပါးစပ်ထဲထည့်ကာ ခေါ်လိုက်သည်။
“ကျေးဇူးပြုပြီး….သတိရမလာပါနဲ့။”
တိတ်တိတ်ဆိတ်ဆိတ်၊ ဖြည်းဖြည်းမှန်မှန်နှင့် အနှောင့်အယှက်ကင်းကင်း နေချင်မိသည်။ ယင်းကား အီယွန်း ထွက်ပြေးသည့်အလား အိမ်မှထွက်လာပြီးသည့်နောက် တစ်ခါမှ ပြောင်းလဲမသွားသည့် တစ်ခုတည်းသောဆန္ဒပင်။
သာမန်ဆန်ပြီး ပျင်းစရာကောင်းစွာ ဘဝကို နေထိုင်ရခြင်းက တချို့လူတွေအတွက် မည်မျှကြီးမားသည့် အခွင့်ထူးကြီးမှန်း အီယွန်းတစ်ယောက် နာကျင်စွာ ကောင်းကောင်းသိခဲ့ရပေပြီ။
“ရှင်က သစ်ပင်လူသားလို အခြေအနေနဲ့ရှိနေလို့ လက်ခံထားတာပါ။ လှုပ်လည်းမလှုပ်နိုင်လို့၊ စကားလည်းမပြောနိုင်လို့။ ကျွန်မက အဲ့ဒီလို သူငယ်ချင်းမျိုးတွေကို တော်တော်လေး ကောင်းကောင်းကိုင်တွယ်နိုင်တယ်လေ။”
“…”
“အဲ့ဒါကြောင့် ကျေးဇူးပြုပြီး သတိရမလာပါနဲ့။”
“…”
ထိုအခိုက်အတန့်တွင် ထိုလူ၏ လက်ဖျားများ တကယ့်ကိုမှ မသိမသာလေး လှုပ်ရှားသွားသည်ကို အီယွန်း သတိမထားမိခဲ့ချေ။
~~~~~
“အီယွန်းရေ၊ အခု အိပ်မက်ကနေထဖို့ အချိန်တန်ပြီ။”
အလှဆင်ဆက်တီပေါ်တွင် အဆင့်လိုက်ထပ်ကာတင်ထားသော ပန်းအိုးများရှိနေကာ၊ အရွယ်အစားအကြီးအသေးနှင့် အရောင်အလိုက် စီထားသည့် တူရွင်းများ မျက်စိထဲထင်းခနဲပေါ်လွင်နေသည့် ရုံးခန်းအတွင်း၌…
ဂယ်ချူဂျာက ရုတ်တရက် သူ့ဖုန်းကို ထိုးပြလာခဲ့သည်။ အီယွန်းက ကုသမှုမှတ်တမ်း ရေးနေရာမှ မျက်လုံးပင့်ကာ တောက်ပနေသည့် ပရိုဖိုင်ပုံကို တစ်ချက်ကြည့်လိုက်သည်။
“ဒါက ဘာများလဲ။”
“Solle Landscaping ကုမ္ပဏီက သားလေ။”
အီယွန်းက ဓာတ်ပုံကို မျက်လုံးနှင့်သာ တစ်ချက်ကြည့်ပြီး နှုတ်ခမ်းကို စုချွန်လိုက်သည်။ ‘အို’ ဟု တိုပြတ်ပြတ် အာမေဋိတ်သံထွက်လာကာ မြန်မြန် အကြည့်ပြန်လွှဲသွား၏။ အင်မတန် သာမန်ဆန်ပြီး စိတ်မဝင်စားသလို တုံ့ပြန်မှုကြောင့် ဂယ်ချူဂျာတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။
“အဲ့ဒါအကုန်ပဲလား။”
“မန်နေဂျာကြီး၊ ဒီတစ်ခေါက် တွဲဖို့ချိန်နေတဲ့သူက ကိုယ့်မြေးအရွယ်လောက်လေး ဖြစ်နေတယ်မထင်ဘူးလား။”
“ငါ့အတွက်မဟုတ်ဘူး၊ နင့်အတွက်။”
“ရှင်။”
အီယွန်းက မသိနိုးနားလေးနှင့် ပြန်ကြည့်လာတော့ မန်နေဂျာက လေးလံစွာ သက်ပြင်းချလိုက်သည်။
“ဒီလောက်ဆို ကြိုးကြိုးစားစား လုပ်ခဲ့ကြပြီးပြီးလေ။ ဒီအတိုင်းတော့ ငါတို့တွေ ဆက်ပြီးတောင့်ခံသွားနိုင်မှာမဟုတ်ဘူး။”
“မန်နေဂျာကြီး။”
အီယွန်းက ကြုတ်ထားသည့်မျက်မှောင်တွင် အားထည့်လိုက်သည်။
“စာချုပ်အကြီးစားတွေ အကုန်ကုန်သွားပြီလေ။ D ဆေးရုံကဟာတွေရဲ့ အရည်အချင်းက…သာမန်တော့မဟုတ်ဘူး။”
အီယွန်းက ခေါင်းမာမာနှင့် ပါးစပ်ပိတ်ထားကာ မန်နေဂျာကို ငေးကြည့်နေခဲ့သည်။ နှာချေတော့မည့်အလား ဝှစ်ခနဲ ဆောင့်တက်လာသည့် ရှုံးနိမ့်မှုကို မပြမိရအောင် အီယွန်းက မျက်နှာတစ်ခုလုံးတွင် အားထည့်ထားလိုက်၏။
D တက္ကသိုလ်၏ စိုက်ပျိုးရေး ဇီဝဗေဒဌာမှ ဆက်စပ်ဖွင့်လှစ်ထားသည့်ဆေးရုံ။
အသစ်ဆောက်ထားသည့် ငါးထပ်ဆောင် အဆောက်အအုံကြီးနှင့် ကိုယ်ပိုင် လက်တွေ့စမ်းသပ် သုတေသနလုပ်ခန်းပါပါသည့် သစ်ပင်ဆေးရုံကြီးတစ်ခု။
ဈေးကွက်ထဲသို့ ဝင့်ဝင့်စားစား ဝင်လာသည့် D ဆေးရုံက Landscaping ကုမ္ပဏီများ၊ မျိုးစေ့ဖြန့်ချိရောင်းချသူများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့်၊ စိုက်ပျိုးရေးကုမ္ပဏီများကို အရှိန်အဟုန်နှင့် စိတ်ဝင်စားအောင်လုပ်ကာ တဖြည်းဖြည်းနှင့် သူတို့၏ များပြားလှသော အချိတ်အဆက်ကွန်ရက်အားလုံးကို တစ်ခါတည်း မျိုချသွားတော့သည်။
ရလဒ်အနေနှင့် အီယွန်း၏ ဆေးရုံလေးမှာလည်း စက်ကွင်းမလွတ်ခဲ့။
ပုံမှန်အားဖြင့် နှစ်စဉ်နှစ်တိုင်း အသစ်ပြန်ချုပ်နေကျ စာချုပ်များ လျင်မြန်စွာ ပျောက်သွားကုန်ကြပြီး ဘေးအိမ်က အဘွားရဲ့ပန်းခင်း၊ ရွာလူမှုရေးစင်တာမှာ လူမှုရေးစစ်ဆေးဖို့၊ အစရှိသဖြင့် ငွေချွေတာချင်ကြသူတွေ၏ ဖုန်းများသာ ကြိုကြားကြိုကြား ဝင်လာတတ်တော့သည်။
“ဒီအတိုင်းဆက်သွားလို့တော့မဖြစ်ဘူး။ တခြားနည်းရှာမှဖြစ်မှာ။”
“ဒါဆို ကျွန်မတို့လည်း ဒီနေရာကိုရှင်းပြီး D ဆေးရုံမှာ အလုပ်ရှာတာပဲဖြစ်ဖြစ် လုပ်ကြမလား။”
ခါးသီးမှု မသိမသာစွက်နေသည့်အသံပင်။ ဟွာအီဒိုရှိ ကိုယ်ပိုင်လုပ်ငန်းရှင်များ တစ်ယောက်ပြီးတစ်ယောက် အကြီးစား ဆေးရုံကြီး၏ စနစ်ထဲသို့ ဝင်သွားကြသည့်ကိစ္စကို ခနဲ့လိုက်သည့်စကားဖြစ်၏။
“အမယ်လေး၊ တည်တည်ငြိမ်ငြိမ် အလုပ်လေးရှာရုံပဲဆို တော်သေးတာပေါ့။ သန့်စင်ခန်းမှာသာ အခန်းစေ့ အဆဲစကားတွေ လျှောက်မရေးနဲ့။”
ချူဂျာက နင်လား ငြိမ်ငြိမ်ကုပ်ကုပ်လေးနေမှာဟုပြောရင်း နှာခေါင်းရှုံ့ရယ်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ပိုင်းလောက်က ဟွာအီဒိုတွင် ဂေါ့ဖ်ကွင်းဖော်ဆောင်ရန် ခွင့်ပြုချက် ကျလာခဲ့ဖူးသည်။ ဘဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများက မြေတူးစက်များအရှေ့တွင်လှဲအိပ်ကာ ဆန္ဒပြနေကြစဉ် ဟောဒီ ရိုးရိုးကုပ်ကုပ် သစ်ပင်ဆရာဝန်မက မစင်နံ့ပြင်းသည့် မြေဩဇာများနှင့် မြေတူးစက်များကို ပစ်ပေါက်ကာ ထွက်ပြေးသည့်အလုပ်ကို လုပ်ခဲ့ဖူး၏။
ထို့နောက် တစ်ခါထပ်ပြီး တခိခိရယ်ရင်း အထူးမြေဩဇာများကို ရောနယ်နေသည့် နောက်ကျောဘက်ပုံစံကိုကြည့်ကာ ‘အမြင်မကျယ်တဲ့သူတွေ စဉ်းစဉ်းလဲလဲကြံရင် ထင်ထားတာထက်ပိုပြီး စိတ်ရှုပ်စရာကောင်းတာပါလား’ ဟူ၍ ဂယ်ချူဂျာ သဘောပေါက်သွားခဲ့ရသည်။
“နင် ကောင်းကောင်းလုပ်နိုင်တဲ့ဟာ ရှိတယ်မဟုတ်လား။ ပရိယာယ်ကြွယ်ကြွယ်နဲ့ ကြံစည်တာလေ။”
ဂယ်ချူဂျာက ဖုန်းစခရင်န်ကို တစ်ခါထပ်ပြီး ထိုးပြလာပြန်သည်။
“အဲ့ဒီလိုဆိုရင် အလုခံလိုက်ရတဲ့ အဲ့ဒီစာချုပ်တွေကို အရပြန်ယူမှဖြစ်မယ်မထင်ဘူးလား။”
“…”
ချူဂျာ၏ မျက်လုံးများထဲမှ အကြံကြီးကြီးနှင့် ပရိယာယ်များသည့်အကြည့်ကို တွေ့လိုက်ရသည်တွင် အီယွန်း၏မျက်နှာလည်း ချက်ချင်းပင် တင်းသွားရတော့သည်။ အမျိုးသား၏ဓာတ်ပုံကို ထိုးပြလာရခြင်း၏ နောက်ကွယ်မှရည်ရွယ်ချက်ကား ရှင်းလင်းသိသာလှပေသည်။
“သွားပြီး လက်ဖက်ရည်သာ သောက်လာခဲ့။”
“ဘာ၊ ဘာကိုလဲ။”
အီယွန်းက ခန္ဓာကိုယ်ကို အလိုလို အနောက်ဆုတ်ခွာလိုက်မိသည်။
“Solle ရဲ့သားက တစ်ယောက်ယောက်နဲ့တွေ့ဖို့ ကိုရီးယားကို လာမယ်တဲ့။ ဒါက အခွင့်အရေးမဟုတ်လို့ ဘာဖြစ်ရမှာလဲ။ ဟောဒီ ဂယ်ချူဂျာက စောင့်ဆိုင်းလက်မှတ်တောင် ကြိုယူထားပြီးပြီ။ သွားပြီး မိတ်ဆက်တာဖြစ်ဖြစ် လုပ်လာခဲ့။”
ထိုစကားကြောင့် အီယွန်း၏မျက်နှာက သွေးဆုတ်သွားကာ ခေါင်းတွင်တွင်ခါမိတော့သည်။
“ရည်ရွယ်ချက်က တအားသိသာနေပါတယ်။ မသွားပါဘူး။ ကျွန်မက မြှူစားချူစားတဲ့ မိန်းမမဟုတ်ဘူးလေ။”
“အဲ့ဒါက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့စကားလဲ။”
ချူဂျာက မယုံနိုင်သည့်အလား အသံကျယ်ကျယ်နဲ့ ပြန်ပြောခဲ့သည်။
“အဲ့ဒီလိုမဟုတ်ဘူးလေ၊ အီယွန်းရဲ့။ နင်က ဘယ်လိုနေနေ မြှူစားချူစားဖို့ ရုပ်ရော၊ အဖြစ်ရော မရှိပါဘူးအေ။ အပိုတွေမလုပ်စမ်းနဲ့။”
အီယွန်း၏မျက်နှာလည်း နီရဲသွားတော့၏။ ချူဂျာက ဘောင်းဘီပွပွကြီးတွေဝတ်ကာ သွားလာတတ်သည့် အီယွန်းလိုမဟုတ်ဘဲ အမြဲတမ်း ပြီးပြည့်စုံစွာ သေသေသပ်သပ် ဝတ်စားပြင်ဆင်တတ်လေ့ရှိသည်။ ထိုကဲ့သို့ လှပသော ချူဂျာကို အမှတ်တမဲ့ အကြည့်မခွာနိုင်ဖြစ်မိသည်များလည်းရှိ၏။
“အချစ်ဆိုရင် အဖြစ်မရှိတဲ့သူက အဲ့ဒါကို ဘယ်လိုကိုင်တွယ်နိုင်မှာလဲ။”
အသက်ခြောက်ဆယ် ကျော်လာတာတောင် အရင်အတိုင်း ဒေါက်ဖိနပ်ကိုသာ စီးပြီးတော့ သွားလာတဲ့ ချူဂျာက တင့်တယ်လှပစွာ လက်ညှိုးထိုးခဲ့သည်။
“ပြီးတော့ သေချာစဉ်းစားကြည့်စမ်းပါ။ အခုခေတ်ကြီးမှာ အချစ်ဆိုတာ ဘယ်မှာရှိတော့လို့လဲ။ ရုပ်ရည်ရယ်၊ ခန္ဓာကိုယ်ရယ်၊ အလုပ်အကိုင်ရယ်၊ မိသားစုနောက်ခံရယ်၊ အခုခေတ်မှာ စံတန်ဖိုးထားတဲ့အရာတွေကနေ အသုံးအစွဲအကျင့်အထိ မျက်စိဒေါက်ထောက် လိုက်ဝေဖန်မဲ့ကောင်တွေ နေရာတိုင်းမှာ ပေါသောနေရော။ နင်က လက်ဖက်ရည်လေးတစ်ခွက် သောက်ဖို့ကို စေ့စေ့ပေါက်ပေါက်တွေ လိုက်တွေးနေတာလား။”
“မဟုတ်ဘူးလေ၊ ဘာကို…”
အီယွန်းက စားပွဲစောင်းကိုပွတ်ရင်း စကားမဆက်ဘဲ ဆွဲထားလိုက်သည်။
“ငါက ဟိုတယ်ခန်းသော့ ပေးလိုက်တာလည်းမဟုတ်တာကို အိုက်ဂူး။”
အမှန်တကယ် ‘အိုက်ဂူး’ ဟု ညည်းတွားရမည့်လူကား အီယွန်းပင်။ ဆိုအီယွန်းက မန်နေဂျာဂယ်၏ လွတ်လွတ်လပ်လပ်ရှိလှသော အချစ်ရေးရာဘဝကို စုတ်တသပ်သပ်ဖြစ်မိသော်လည်း လက်မြှောက်ပါရဲ့ဟူသည့်သဘောဖြင့် ပခုံးများကိုညှိုးငယ်စွာချလိုက်သည်။
“…ဒါနဲ့ အဲ့ဒါကို ဘယ်ကနေ ကြားလာတာလဲ။”
“ဘာကိုလဲ။”
လေသံက အဖြတ်အတောက် ကြည်လင်ပြတ်သားကာ တော်တော့်ကို မာမာထန်ထန် ထွက်လာ၏။
“Solle ရဲ့သား ပြန်လာတယ်ဆိုတာကို ပြောတာပါ။ ပြီးတော့ စောင့်ဆိုင်းလက်မှတ်ဆိုတာကရော ဘာလဲရှင့်။”
ထိုစကားကို ဂယ်ချူဂျာက အဓိပ္ပာယ်ပါပါ မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်ဖြေခဲ့သည်။
“Solle က အဘိုးကြီး သတင်းပေးတာ။”
“ရှင်။ ဥက္ကဋ္ဌကြီးလား။ အဲ့ဒီပုဂ္ဂိုလ်က ဘာဖြစ်လို့…”
“ဘာဖြစ်လို့ရမှာလဲ။ တစ်ချိန်က အဲ့ဒီကောင်နဲ့ ခိုးစားခဲ့ကြတဲ့ဆက်ဆံရေးမို့လို့ပေါ့။”
“ချူဂျာရှင့်။”
နေရာမှာတင် နောက်တွန့်သွားသည့် အီယွန်းက ကိုယ်တိုင်တောင်မသိလိုက်ဘဲ ဂယ်ချူဂျာကို ယခင်ကခေါ်သည့်နည်းအတိုင်း ခေါ်မိသွားခဲ့သည်။
ချူဂျာ၏ ခမ်းနားကြီးကျယ်သည့် အချစ်ဇာတ်လမ်းများက အတွေ့အကြုံမရှိသည့် အီယွန်းအဖို့တော့ ကြားရသည်မှာ ရက်စက်သည့် စိတ်ကူးယဉ်ပုံပြင်များပင်။
အမျိုးသမီးလစဉ်သုံးဂွမ်းထုပ် အသုံးပြုနည်းကိုပင် ကိုယ့်ဘာသာ သင်ယူခဲ့ရသည့် အီယွန်းတစ်ယောက် ချူဂျာနှင့် ဆုံတွေ့ခဲ့ချိန်တွင် ၁၇နှစ်သာ ရှိသေး၏။
ချူဂျာက ပို၍ရှုပ်ထွေးပြီး သိုသိပ်နက်နဲသည့် အရာများကိုပါ သင်ပေးခဲ့သော်လည်း ဆယ်ကျော်သက်အရွယ် မိန်းကလေးက ရှေးရိုးစွဲဆန်သူဖြစ်သည်။ ချူဂျာက အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အချစ်ကို အဆိပ်ဟု မှတ်ယူထားသည့် အီယွန်းက နားပိတ်၍နေခဲ့၏။
“ယုံကြည်စိတ်ချအားကိုးရတဲ့ အိမ်ထောင်ဖက်ဆိုတာ ဖူးစာပါလို့ တွေ့တာမဟုတ်ဘူး၊ ဂရုစိုက်တွေးပြီးတော့ အရှည်ကိုကြည့်ပြီး ရွေးချယ်ရတာ။”
“…”
“ဒီလောက်ဘဝတိုတိုလေးမှာ ခေတ်နောက်ကျတဲ့ အတွေးတွေနဲ့ပဲနေရင် ပေါင်မုန့်အသိုးပဲကျန်မှာ။”
ချူဂျာတစ်ယောက် ပူညံပူညံ ပညာပေးနေတဲ့အလုပ်မှာ ဈာန်ဝင်နေစဉ် အီယွန်းလည်း မြန်မြန်လေး လစ်ထွက်လာလိုက်သည်။ လုံးဝ ကွန်ဖြူးရှပ်လမ်းစဉ်လိုက်သည့် မိန်းကလေးနှင့် ပုံစံခွက်ထဲက ကွဲထွက်ပြီး လွတ်လွတ်လပ်လပ်နေတတ်သည့် အဘွားကြီးတို့ မတူတော့လည်း အင်မတန်ကို မတူကြပေ။
“ဟဲ့၊ ဒီ အမိုက်အမဲ သူငယ်မလေးကတော့၊ နင် တစ်သက်လုံး အဲ့ဒီလိုပဲနေသွားတော့မှာလား။”
~~~~~
ညက အသံအားလုံးကို ဖုံးဖိအုပ်ကာထားလျက်။
အခန်းထဲ၌ နေရာယူထားသည့် အမှောင်ထုနှင့် တိတ်ဆိတ်မှုထဲတွင် အရိပ်တစ်ခုက လှေကားပေါ်သို့ တက်နေသည်။ တရှပ်ရှပ်နှင့် သတိထားနေသည့် ခြေလှမ်းများက နောက်ဆုံးတွင် ဦးတည်ချက်နေရာဆီသို့ ရောက်လာလေတော့သည်။
ဒေါင်၊ ဒေါင်၊ ဒေါင်…
ဆေးခန်းဖွင့်ခြင်း အထိန်းအမှတ်အဖြစ် ဝယ်ယူခဲ့သည့် ချိန်သီးနာရီအရှည်ကြီးက ည ၁၂နာရီထိုးပြီဖြစ်ကြောင်း အချက်ပြ အသိပေးခဲ့သည်။
ညစဉ်ညတိုင်း အပေါ်ထပ်ကို တက်ရခြင်းက အီယွန်း၏ ပုံမှန်လုပ်ငန်းစဉ်ဖြစ်လာခဲ့ပေပြီ။
အစကတော့ တော်တော်ကြာမှတစ်ခါ ဟိုဟာဒီဟာ စစ်ဆေးရန်ဟူသော ဆင်ခြေတစ်ခုမျှသာ။ လူသတ်သမားက ကူကယ်ရာမဲ့စွာ လဲလျောင်းနေသည်ကို တွေ့မြင်ရသည်မှာ ရယ်စရာကောင်းပြီး အင်အားမဲ့သည့် ကိုယ့်အနေအထားကိုယ် မှတ်မှတ်ရရရှိနေစေရန်ဖြစ်သည်။
သို့သော် ယခုတွင်တော့ တစ်နေ့တာကို နိဂုံးချုပ်ရန်အတွက် ‘ထိုအရာ’ ကို သွားကြည့်ရ၏။ သူ့ဘဝက မနက်ဖြန်ရော ဘေးကင်းကင်းရှိပါ့မည်လားဆိုသည်ကို မျက်လုံးနှင့် ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးအတည်ပြုရန်အတွက်ဖြစ်သည်။
သစ်ပင်များကို ကုသသည့်ဆရာဝန်က သစ်ပင်လူသား၏ ကံဆိုးသည့်အဖြစ်ကို ဘာမှမလုပ်ဘဲ ဘေးမှကြည့်ရုံကြည့်နေခဲ့ခြင်းသာ။
“…”
ခဏအကြာတွင် အီယွန်းတစ်ယောက် ရင်းနှီးနေသည့် လျှို့ဝှက်နံပါတ်ကိုနှိပ်ကာ တံခါးလက်ကိုင်ကို ကိုင်လှည့်လိုက်ပါတော့သည်။
~~~~~
Miel’s Translations