Chapter 3
အပိုင်း ၃
သစ်ပင်များတွင်လည်း စိတ်ပိုင်းဆိုင်ရာလောကရှိသောကြောင့် စကားလှလှလေးများ ပြောပေးလျှင်ပြောပေးသလောက် ကျန်းကျန်းမာမာ ကြီးထွားလာပြီး ကျိန်ဆဲလျှင် သေတတ်ကြပေသည်။ ယင်းအချက်ကိုသိနေသည့် အီယွန်းတစ်ယောက် အမြဲတမ်း ပြောလေ့ရှိသည်မှာ…
‘သတိရမလာပါနဲ့။ သတိရလာလို့မဖြစ်ပါဘူး။’
‘ကျေးဇူးပြုပြီး ကျွန်မ အေးအေးချမ်းချမ်းလေး နေပါရစေ။’
….ဟူသော ထပ်ပြန်တလဲလဲ ဆုတောင်းစကားပင်။
သို့သော်။
အီယွန်းတစ်ယောက် တုံ့ခနဲရပ်သွားတော့သည်။
“…မရှိတော့ဘူးရော။”
ဂယောက်ဂယက်ဖြစ်နေသည့် အီယွန်း မျက်လုံးနှစ်လုံးကို မြန်မြန်လေး မှိတ်လိုက်ဖွင့်လိုက် လုပ်မိသွား၏။
အမြဲတမ်း၊ အမြဲတစေ၊ ထိုနေရာ၌ရှိနေသည့်လူ။ ဟင့်အင်း၊ သက်ရှိလူသားဟုခေါ်ဖို့ရာ တအားလွန်လောက်အောင် သစ်ပင်ကဲ့သို့ လှုပ်တောင်မလှုပ်ရှားနိုင်သည့် ထိုအရာ။
ကြံ့ကြံ့ခံသည့် အခွံသာကျန်သော ယင်းအရာ နေထိုင်သည့်နေရာတွင်။
အိပ်ရာက အလွတ်အတိုင်းရှိနေ၏။
“…”
ကုပ်ပိုးမှစတင်လာသည့် ကြက်သီးက အီယွန်း၏ နူးညံ့ချောမွေ့သော အသားလေးအနှံ့ လျင်မြန်စွာ ဖြန့်ကြက်သွားလေတော့သည်။
~~~~~
‘တောင်စောင်းကနေ လိမ့်ကျသွားတဲ့လူက သေမလားမသိဘူး။’
အီယွန်းတစ်ယောက် မြေကြီးပေါ်မှ သွေးအိုင်ကြီးကိုကြည့်ကာ တွေးလိုက်သည်။
သေမည်ပင်။ ခေါင်းက ရစရာမရှိအောင် အရိုက်ခံထားရပြီးမှ ပြုတ်ကျသွားခြင်းဖြစ်သောကြောင့် ကျိန်းသေပေါက် သေကိုသေပေလိမ့်မည်။
သတိပြန်ဝင်လာချိန်၌ အီယွန်းတစ်ယောက်တည်းသာ တောင်တွေကြားထဲတွင် ကျန်နေတော့သည်။ ရဲတွေကတော့ လာရာလမ်းတွင် မတော်တဆပဲဖြစ်ကြသလားမသိ၊ အရိပ်အယောင်ပင် မမြင်ရ။ ကျောက်တုံးကိုင်ထားသည့်လူကတော့ လစ်ပြေးနှင့်ချေပြီ။
နောက်ထပ်၊ တစ်ခါထပ်ပြီး ရဲတိုင်အကြောင်းကြားပြီးသည့်နောက်…
‘အိမ်ပြန်တာပေါ့။’
‘အိပ်မက်ဆိုးကို အဆုံးသတ်နိုင်မဲ့နည်းလမ်းက မနက်ခင်းကို ကြိုဆိုနှုတ်ဆက်တာပဲ။ ငါ မနက်ဖြန်လည်း အသက်ရှင်ရမယ်။’
အီယွန်းက ပုံလဲကျလုနီးပါးရှိနေသည့် ခန္ဓာကိုယ်ကို အားတင်းကာ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သေနေသည့် ထင်းရှူးရွက်များက အီယွန်း၏ ခြေဖဝါးအောက်တွင် ဖိနင်းခံရပြီး ကြေမွသွားတော့သည်။ ယင်းကား နောက်ဆုံးမှတ်ဉာဏ်ပင်။
ရုတ်တရက် ပါးစပ်နှင့် နှာခေါင်းတို့က ပြင်းထန်သည့်အားနှင့် တင်းတင်းကျပ်ကျပ် ဖိအုပ်ခံလိုက်ရသောကြောင့်ဖြစ်သည်။ ချဉ်စူးစူးနှင့် ပြင်းထန်သည့်ရနံ့က အီယွန်း၏နှာခေါင်းထဲသို့ ဝင်လာ၏။ အီယွန်းလည်း အသေအချာ ခုခံနိုင်ခြင်းမရှိဘဲ ခန္ဓာကိုယ်က ပျော့ခွေသွားတော့သည်။
‘…ဒါက ဘယ်နေရာပါလိမ့်။’
မျက်ခွံလေးတစ်ဖက်လောက် ဖွင့်ဖို့အရေး အချိန်အများကြီး လိုအပ်ခဲ့သည်။ အီယွန်းက မျက်လုံးတွင် အာရုံစိုက်မရသောကြောင့် ခေါင်းကို အကြိမ်ကြိမ်ခါလိုက်၏။
လုံးဝမှောင်မည်းနေသဖြင့် ဘာကိုမှမမြင်ရသည့်နေရာ။
မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် မီးသီးအဟောင်းကသာ ဤနေရာကို အလင်းပေးနေသည့် တစ်ခုတည်းသောရင်းမြစ်ဖြစ်၏။
“…ဘယ်…ဘယ်သူလဲရှင့်။”
မီးသီး မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားတိုင်းတွင် လူတစ်ယောက်က မြင်ကွင်းထဲသို့ဝင်လာသည်။ သူက ဘာသိဘာသာမျက်လုံးများနှင့် ခပ်တုတ်တုတ်ဆေးပြင်းလိပ်ကို သောက်နေ၏။ လေထုထဲသို့ ပျံ့နှံ့သွားသည့် ဆေးလိပ်ငွေ့က လက်တွေ့မဆန်လောက်အောင် နှေးလှသည်။
ချောက်…
ထိုအခိုက်တွင် အဓိပ္ပာယ်လေးနက်သည့် အသံတစ်သံက အာရုံကို ဖမ်းစားသွားခဲ့သည်။ အဲ့ဒီတော့မှပင် အီယွန်းတစ်ယောက် သူဟာ ကုလားထိုင်အိုကြီးပေါ်တွင်ထိုင်ကာ လက်ထိပ်ခတ်ခံထားရကြောင်း သိလိုက်ရတော့၏။
လက်ကို လှုပ်ရှားကြည့်ဖို့ ကြိုးစားခဲ့သော်လည်း တုတ်တုတ်မျှမလှုပ်ခဲ့။ အေးစက်ပြီး စူးရှသည့်ခံစားချက်ကသာ လက်ကောက်ဝတ်ကို ပွတ်သပ်ထိခိုက်သွားခဲ့သည်။
“ဘာဖြစ်လို့ အဲ့ဒီလိုလုပ်ခဲ့တာလဲ။”
အသံက ခံစားချက်တို့ကင်းမဲ့လျက်။ ရီဝေထိုင်းမှိုင်းနေသည့် သတိလည်း တစ်ခါတည်း နိုးကြားသွားရတော့သည်။
“လူကို အဲ့ဒီလို ခေါင်းရိုက်ထားခဲ့တယ်ဆိုရင် အသက်ရှင်နိုင်လိမ့်မယ်မထင်ဘူး။”
“…”
“ခင်ဗျား မသေမရှင် ထားခဲ့တဲ့လူက ကျုပ်ညီပါ။”
မီးသီး၏ မှိတ်တုတ်မှိတ်တုတ်ဖြစ်မှု ရပ်တန့်သွားသည်တွင် ပိတ်နေခဲ့သည့် အာရုံများက ရုတ်တရက် ပွင့်ကုန်တော့သည်။
စွန့်ပစ်ထားသည့် ဂိုဒေါင်ကြီးထဲတွင် သံချေးနံ့များ ပြည့်နှက်လျက်။
မျက်နှာကြက်မှ တွဲလောင်းကျနေသည့်ချိတ်တွင် ဝက်အလောင်းကောင်ကို ချိတ်ဆွဲထားသည်။ သွေးထည့်ထားသည့်ရေပုံးများက ဘောင်ဘင်ခတ်လျက်။ ထိုအချက်အလက်အားလုံးက မျက်လုံးနှစ်လုံးကို ပေါက်ကွဲမှုအလား ရိုက်ခတ်ခဲ့သည်။
တစ်နေရာတွင်တော့ လောက်များ လူးလွန့်နေကြသည်။ ရာဘာလည်ရှည်ဖိနပ် အလေးကြီးများ စီးထားကြသည့် အလုပ်သမားများက ဘာမှမဟုတ်သလို လှုပ်ရှားသွားလာနေကြ၏။ သူတို့နှင့် အကြည့်ချင်းဆုံစရာလည်း အကြောင်းမရှိခဲ့။ ဒီအတိုင်း ကလီစာများထုတ်၊ အသားများကို အပိုင်းအပိုင်းအထစ်ထစ်လှီးဖြတ်ကာ သွေးအစွန်းအထင်းများကို ရေပိုက်ရှည်ရှည်ဖြင့် ဆေးကြောသန့်စင်နေကြသည်။ ယင်းကဲ့သို့ လုံးဝဥဿုံ အဖတ်မလုပ်မှုက ထူးဆန်းစွာ မူမမှန်သလို ခံစားရ၏။
အီယွန်းတစ်ယောက် သားသတ်ရုံအလယ်တွင် မျက်လုံးပွင့်လာကာ သူ့အရှေ့မှ တင့်တယ်ခမ်းနားစွာ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသား၏ ဖြစ်တည်မှုက အင်မတန်ကို အဓိပ္ပာယ်မရှိဖြစ်နေတော့သည်။
“ခင်ဗျားအိပ်နေတုန်းမှာ စဉ်းစားကြည့်ခဲ့သေးတယ်။ ဒီအတိုင်း တစ်စစီလုပ်ပစ်လိုက်ရမလား၊ ဒါမှမဟုတ် ပီပါထဲထည့် ဘိလပ်မြေလောင်းပြီးတော့ ပင်လယ်ထဲပစ်လိုက်ရမလားဆိုပြီးတော့လေ။”
ဒုန်း…ဒုန်း…
ပီပါထဲတွင် တစ်စုံတစ်ယောက်က သွေးရူးသွေးတန်း ကန်ကြောက်လျက်ရှိနေသည်။ အလုံပိတ်နေရာထဲမှ မျှော်လင့်တကြီးအော်သံများကြောင့် အီယွန်းတစ်ယောက် မလှုပ်နိုင်မယှက်နိုင်ဖြစ်သွားရ၏။
“ကျုပ်ညီက သေတော့မလိုဖြစ်နေတာကို တာဝန်ယူမဲ့သူလောက်တော့ လိုအပ်တယ်မဟုတ်ဘူးလား။”
နှလုံးက ပေါက်ထွက်လုမတတ် ခုန်လာတော့သည်။ တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်ခဲ့မိသည့်အတွက် အပြစ်မကင်းသည့်စိတ်ကို ခြေဖျက်ခဲ့သည်ကား ရယ်စရာကောင်းသော်လည်း ‘ငါ လက်တုံ့ပြန်ခံရမလားမသိဘူး’ ဟူသော ကြောက်ရွံ့စိတ်ပင်။
“…ဟို…ဟိုလေ တစ်ခုခုကို အထင်လွဲနေတယ်ထင်တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခဲ့ရုံပါ။ ကျွန်မ ညီဖြစ်သူကို အဲ့ဒီလို၊ အဲ့ဒီလိုမျိုး လုပ်ခဲ့တာမဟုတ်ပါဘူး။”
အီယွန်းက စိတ်ထဲမှ တုန်ယင်မှုကို ထိန်းချုပ်ကာ ပြန်လည်ချေပပြောဆိုခဲ့သည်။
“တကယ်တမ်းဆို အဲ့ဒီဘက်ရဲ့ညီက အရင်ဆုံး လူသတ်ဖို့လုပ်ခဲ့တာပါ။ လူကို မြေမြှုပ်ဖို့ လုပ်ခဲ့တာပါလို့…”
“လူလေးတစ်ယောက်လောက်ကို မြေမြှုပ်တာက အဲ့ဒီလောက် ကြီးကျယ်တဲ့ကိစ္စကြီးလား။”
ထိုလူက အလေးအနက်မထားသလိုပုံစံနှင့် ဆေးလိပ်ပြာကို တောက်ချခဲ့သည်။
အီယွန်းတစ်ယောက် သိပ်ပြီးမအေးတာတောင် ခြေထောက်များ ထိန်းမရအောင် တုန်လာတော့သည်။
“ပျော်ပျော်ပါးပါး လုပ်နေတဲ့ကိစ္စက ဝင်နှောင့်ယှက်ခံလိုက်ရတော့ ကျိန်းသေပေါက် ဒေါသထွက်တာပေါ့။”
အေးစက်စက် ငွေကိုင်းမျက်မှန်ကို တပ်ဆင်ထားသည့် ထိုလူက သုံးဆယ်ကျော် လေးဆယ်ဝန်းကျင်လောက် ရှိမည့်ပုံပေါ်၏။ သူ့မျက်နှာက အရေးအကြောင်း တစ်စက်ကလေးတောင်မရှိဘဲ ချောမွေ့သော်လည်း အတွေ့ကြုံရင့်သန်သည့် အရှိန်အဝါက သူ့အား မလွဲမသွေ လွှမ်းခြုံထားလျက်ရှိသည်။
“…ဒါပေမဲ့လည်း ကျွန်မ တကယ်၊ တကယ်ကို မဟုတ်တာပါရှင်။”
အီယွန်းက ခေါင်းတွင်တွင်ခါခဲ့သည်။
“ကျွန်မမဟုတ်ဘဲ တခြားလူက အဲ့ဒီလိုလုပ်သွားတာပါ။ အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရတဲ့လူက ရုတ်တရက်ကြီး ကျောက်တုံးနဲ့ ထထုတာပါဆို။ အောက်ကို တွန်းချခဲ့တာကလည်း ကျွန်မ မဟုတ်ပါဘူး။ ကျွန်မ တကယ်မဟုတ်တာပါရှင်။ ကျိန်းသေပေါက် ကျွန်မလည်း အသက်ရှင်ဖို့အတွက် ဖြတ်…ဖြတ်လွှလေးနဲ့ ရိုက်တော့ရိုက်မိပေမဲ့…”
ငိုချင်တာကိုထိန်းပြီး ပြောမိပြောရာတွေ တရစပ်ပြောနေစဉ်တွင် ထိုလူက ဖြတ်ပြောခဲ့သည်။
“ကျုပ်ညီက နားပါးတဲ့သူပါ။”
“…”
“အနောက်ကနေ ခိုးကြောင်ခိုးဝှက်လာတဲ့ကောင် တစ်ကောင်လောက်ကို မရှောင်နိုင်ဘဲ အဲ့ဒီအတိုင်း အရိုက်ခံရလောက်အောင် တုံးအပြီး နမော်နမဲ့နိုင်တဲ့သူ မဟုတ်ဘူးဗျ။”
“အဲ့…အဲ့ဒါက…”
အီယွန်း၏ အမြင်လွှာက မှောင်ကျသွားတော့သည်။ ဤလှိုင်းတံပိုး ဆွဲခေါ်ရာအတိုင်း ပါသွားမည်ဆိုလျှင် နောက်ကြောင်းပြန်လှည့်စရာမရှိအောင် ဘဝက ပျက်စီးသွားတော့မလို ခံစားနေရ၏။ မသိစိတ်က အလိုလိုခံစားမိနေသည့် ခံစားချက်ပင်။
တကယ်ပဲ ဒီနေရာက ဘယ်နေရာလဲ၊ အဲ့ဒီလူက ဘာလုပ်တဲ့လူလဲ။
သိချင်မိသော်လည်း တစ်ချိန်တည်းတွင် သိလည်းမသိချင်ပြန်ပေ။
ဒီအတိုင်း ဤနေရာမှ ဘေးကင်းကင်း ထွက်သွားရမည်ဟူသော အတွေးကသာလျှင် အစွဲအလမ်းတစ်ခုအလား အီယွန်းကို ချုပ်ကိုင်ရစ်ပတ်ထားလေသည်။
ဒုန်းဒုန်း…ဒုန်းဒုန်း…
နားထဲသို့ လာရိုက်ခတ်သော တစ်စုံတစ်ယောက်၏ သွေးရူးသွေးတန်း ကန်ကျောက်သံက အီယွန်းကို ပို၍ပင် ချောင်ပိတ်ခဲ့သည်။
ဒါပေမဲ့ ဘယ်လိုများ…တကယ်ပဲ ဘယ်လိုလုပ်မှ ဒီကနေ…
“အဲ့ဒီလူနဲ့ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းလား။”
ရုတ်တရက် အမျိုးသားက ဘာမှမဟုတ်သလို မေးလာခဲ့သည်။
“…ရှင်။”
နောက်စေ့ဖြတ်ရိုက်ခံလိုက်ရသည့်အလား တစ်ချက်ကြောင်သွား၏။
“တကယ်တော့ ခင်ဗျားက ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဆိုအီယွန်းကို ပြီးပြည့်စုံတဲ့ ရာဇဝတ်သားဖြစ်အောင် လုပ်ဖို့က ထွေထွေထူးထူး ခက်ခဲတဲ့ကိစ္စလည်းမဟုတ်ဘူးလေ။”
သူက မျက်မှန်နှင့် တစ်ရောင်တည်းဖြစ်သည့် နာရီကိုကြည့်ရင်း ပြောခဲ့သည်။
“ကြံရာပါတဲ့လားရှင်…တကယ် မသိတဲ့လူပါ။”
အီယွန်းတစ်ယောက် အသက်ကို ဟောဟဲဆိုက်ကာရှူလိုက်ရသည်။
သို့သော် တစ်ဖက်လူကား စိတ်တောင်မဝင်စားသည့် မျက်နှာထားမျိုးနှင့် ရှိနေ၏။ တစ်ဖက်သား၏ ဘဝက အန္တရာယ်ရှိနေချိန်တွင် ထိုလူက ထမင်းစားနေသည့်အလား အေးရာအေးကြောင်းသာ။ ယင်းသို့ အချိုးချင်း အကွာကြီးကွာနေသည့်အခါ အီယွန်းလည်း အင်အားမဲ့မှုကို ခံစားလိုက်ရသည်။
“ဆိုအီယွန်းခင်ဗျ။”
သူက အနားတိုးလာကာ တည်ငြိမ်သည့်အပြုအမူနှင့် ပြောခဲ့သည်။
“အခုလေးတင် သစ်ပင်လူသားဖြစ်သွားတဲ့ ကျုပ်ညီကို တွေ့လာရတဲ့သူအနေနဲ့ တစ်ယောက်ယောက်ကတော့ သူ့အပေါ် အပြစ်ကြွေးပြန်ဆပ်ဖို့ မျှော်လင့်မိတယ်ဗျ။ အဲ့ဒါလေးပါပဲ။”
“…”
သစ်ပင်လူသား…ဖြစ်သွားတယ်။ အဲ့ဒီလူသတ်သမားကလား။
နှလုံးက ထိန်းမရအောင် တဒိတ်ဒိတ်ခုန်လာတော့သည်။
“ဒီတော့ ကျောက်တုံးနဲ့ အထုခံရတာပဲဖြစ်ဖြစ်၊ ဖြတ်လွှနဲ့ အရိုက်ခံရတာပဲဖြစ်ဖြစ်။ ကျုပ်အတွက် အဲ့ဒီလို အသေးစိတ်တွေက အရေးကြီးတယ်များ ထင်နေတာလား။”
သူက တစ်လျှောက်လုံး ထူးဆန်းသည့်မျက်နှာထားနှင့် ရှိနေသည်။ ထင်မှတ်မထားသည့် အခြေအနေကြောင့် အကျပ်ရိုက်နေတာနှင့်လည်းတူသလို၊ ဆန့်ကျင်ဘက်အနေနှင့် သဘောတွေ့နေသလိုလည်း ထင်ရပြန်၏။ အီယွန်းက ရှည်ရှည်ဝေးဝေး လိုက်တွေးမိသည်ကို ရပ်လိုက်သည်။
“အဲ့ဒါကြောင့် အပေးအယူ လုပ်ကြရအောင်လားဗျ။ ဆိုအီယွန်းသာ နည်းနည်းလောက်လေးပဲ ပါးပါးနပ်နပ် ပြုမူမယ်ဆိုရင် ဒီကနေ လုံလုံလောက်လောက်ကို ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မှာပါ။”
အသာလေး သေတော့မလိုဖြစ်နေသည့် အီယွန်းလည်း ဆတ်ခနဲ မေးငေါ့လိုက်မိသည်။
“အပေးအယူလားရှင့်။”
“သဘောပေါက်မြန်သားပဲ။”
ထိုလူက အသားထည့်သည့်ဘူးနှင့် ဆေးပြင်းလိပ်ကိုဖိကာ မီးသတ်လိုက်သည်။
“တရားခံအစစ်ကိုဖမ်းပြီး ဆိုအီယွန်းနေရာမှာ ထည့်ပေးပါ့မယ်။”
“…”
“အဲ့ဒီအစား အဲ့ဒီအချိန်အထိ ကျုပ်ညီကို စောင့်ရှောက်ပေးပါ။”
သူက ဖြူလွလွစာချုပ်ကို ထိုးပေးလာ၏။
“ဖြစ်နိုင်မယ်ဆိုရင် ဟွာအီဒိုအပြင်ကို မထွက်နိုင်အောင် လုပ်ပေးပါ။”
“…”
“ခြေတွေကို ချုပ်ထားမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ။”
အီယွန်းတစ်ယောက် ဆူညံနေသည့် ပီပါမှထုရိုက်သံ ဖြည်းဖြည်းချင်း ငြိမ်ကျသွားသည့် အခိုက်အတန့်ကို အတူတူခံစားမိရင်း စိတ်ခွန်အားများလည်း အကုန်ပျောက်သွားပါတော့သည်။
~~~~~
“…”
ဒါပေမဲ့ မရှိတော့ဘူး။
ဖြုတ်ထားသည့် ဆေးဘက်ဆိုင်ရာ အကူကိရိယာများသာ ပိုင်ရှင်မဲ့စွန့်ပစ်ခံရကာ ကျန်ရှိနေသည်။ တွန့်ကြေနေသည့်စောင်နှင့် အိပ်ရာအလွတ်ကို တွေ့လိုက်ရသည်တွင် အီယွန်းတစ်ယောက် ဘာမှမတွေးနိုင်တော့။ အသက်ရှူဖို့တောင် မေ့သွားရသည့်အတိုင်းအတာအထိပင်။
ဘယ်…ဘယ်ရောက်သွားတာလဲ။
အီယွန်း အရူးတစ်ယောက်အလား ပျာယာခတ်နေစဉ်တွင် မေ့ထားခဲ့မိသည့် အကြောက်တရားက မနေ့ညကပဲဖြစ်ခဲ့သလိုလို ထင်ရှားပြတ်သားစွာ ပြန်ပေါ်လာတော့သည်။
ထိုနေ့၏ လေနှင့် စိုထိုင်းဆ၊ ရနံ့နှင့် တင်းမာမှု။
‘ခင်ဗျားအိပ်နေတုန်းမှာ စဉ်းစားကြည့်ခဲ့သေးတယ်။ ဒီအတိုင်း တစ်စစီလုပ်ပစ်လိုက်ရမလား၊ ဒါမှမဟုတ် ပီပါထဲထည့် ဘိလပ်မြေလောင်းပြီးတော့ ပင်လယ်ထဲပစ်လိုက်ရမလားဆိုပြီးတော့လေ။’
တစ်ချိန်တည်းတွင် အေးစက်သည့်အသံက အတွေးထဲ တီးတိုးဖြတ်သန်းသွား၏။
“…ရှာမှဖြစ်မယ်။”
ဒုတိယထပ်၊ ပထမဆုံး ဒုတိယထပ် သန့်စင်ခန်း။ ထို့နောက်တွင် ဧည့်ခန်း။ ထို့နောက် ဧကန္တများ မသိနိုင်သောကြောင့် သိုလှောင်ခန်းပါမကျန်…အတွေးပေါင်းစုံက ကြိမ်နှုန်းကဲ့သို့ ဟိုတစ်စဒီတစ်စ ပေါ်လာတော့သည်။
ထိုကဲ့သို့ ထိတ်ထိတ်ပျာပျာ သွေးဆုတ်နေသည့် အီယွန်း အနောက်သို့လှည့်လိုက်ချိန်တွင်။
“အား…”
တိကျသေချာသည့် တိုက်ခိုက်မှုပင်။ အခန်းတံခါးနောက်တွင် ပုန်းကွယ်နေသည့်လူက သားရဲကြီးတစ်ကောင်အလား အီယွန်းကို ခုန်အုပ်ခဲ့သည်။
ဂလုံး…ခွမ်း…
ကုသမှု အထောက်အကူပစ္စည်းများ လဲကျကုန်တော့သည်။
သို့သော် ၂နှစ်ကြာပြီးမှ ရုတ်တရက် သတိရလာသည့်လူက ကောင်းကောင်းလမ်းလျှောက်နိုင်စရာ အကြောင်းမရှိ။ ထင်သည့်အတိုင်းပင် ဒူးများမခိုင်ဘဲ ဒယီးဒယိုင်ဖြစ်နေသည့် သူက အီယွန်းကို ချုပ်ထားသည့်အလား ဆွဲလှည့်ကာ အိပ်ရာပေါ်သို့ လဲကျသွားတော့သည်။
မွေ့ရာပေါ်တွင် ပါးတစ်ဖက်က တင်းတင်းဖိကပ်လျက်။ အီယွန်းက နောက်ကျောဘက်မှဖိထားသော ထိုလူ၏ ခြေတံလက်တံများထံမှ လူးလွန့်ရုန်းထွက်မိသည်။
“အစ်…လွှတ်၊ လွှတ်ပါ…”
အီယွန်း၏ လက်နှစ်ဖက်က ချုပ်ကိုင်ခြင်းခံထားရသည်။ တင်ပါးပေါ်တက်ခွထားသည့် ထိုလူက ပေါင်နှစ်ဖက်ဖြင့် အီယွန်း၏ ခြေတံများအထိပါ လုံးဝမလှုပ်နိုင်အောင် ဖိချုပ်ထား၏။
‘ကျိန်းသေပေါက် ကြွက်သားတွေ အကုန်အားလျော့နေရမှာကို။’
ပါးလွလွ ညဝတ်အင်္ကျီမှတစ်ဆင့် မြဲမြံခိုင်မာသည့် အားကို ခံစားနေရသည်။ အထူးသဖြင့် ခံစားတုံ့ပြန်နိုင်စွမ်းမြင့်သည့် တင်ပါးကို ဖိထားသော တုတ်ခိုင်သည့်လိင်တံကြောင့် ပို၍ပင် မသိုးမသန့် ကြက်သီးထသွားရပေတော့သည်။
~~~~~
Miel’s Translations