Chapter 4
အပိုင်း ၄
အခုပဲဖြစ်ဖြစ် ပေါက်ထွက်တော့မတတ် နှလုံးက ခုန်နေသည်။ ကြောက်လိုက်တာမှ သေတော့မလိုပင်။ သို့သော် တည်ငြိမ်သည့်မျက်နှာကို ကြိုးစားထိန်းကာ အီယွန်းက တတ်စွမ်းသလောက် ခေါင်းထဲမွှေနှောက် စဉ်းစားလိုက်၏။
“ဂွမ်…ဂွမ်ချယ်ဝူ။ ဂွမ်ချယ်ဝူရှင့်။”
“…”
“အခု ဂွမ်ချယ်ဝူရဲ့ အခြေအနေက ပုံမှန်မဟုတ်ပါဘူး။ ဆရာဝန် ခေါ်ပေးပါ့မယ်။”
ဂွမ်ချယ်ဝူကို စောင့်ရှောက်ရန် တာဝန်ချထားသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ဟွာအီဒိုတွင် အမြဲတမ်း အဆင်အသင့်ရှိနေ၏။ အီယွန်းနှင့် ချူဂျာတို့ အလုပ်သွားကြချိန်တွင်ဖြစ်စေ၊ အိမ်တိုင်ရာရောက် အပင်ဆေးကုရန် အပင့်ခံရသဖြင့် ခရီးဝေးသွားရသည့်အခါတွင်ဖြစ်စေ ယင်းဆေးဘက်ဆိုင်ရာ အမှုထမ်းများက ဒုတိယထပ်တိုးချဲ့စဉ် လူမသိသူမသိ တပ်ဆင်ထားသော လျှို့ဝှက်အနောက်တံခါးမှ ဝင်လာတတ်ကြသည်။ ဂွမ်ချယ်ဝူကို နှိပ်နယ်ပေး၊ ရေချိုးပေး၊ ရေသုတ်ပေး၊ သူ၏ ဆေးပစ္စည်းကိရိယာများကို စစ်ဆေးပေးကာ ကြိုးကြိုးစားစား ပြုစုပေးကြ၏။
အီယွန်းလုပ်ရမည့်အလုပ်မှာ တစ်ခုတည်းသာ။
တရားခံအစစ်ကို ရှာတွေ့သည့်အချိန်အထိ ဂွမ်ချယ်ဝူကို ကောင်းကောင်းခေါ်ထားပေးရန်ဖြစ်သည်။
‘…ဖြစ်နိုင်မယ်ဆိုရင် ဟွာအီဒိုအပြင်ဘက်ကို မထွက်နိုင်အောင်လုပ်ပေးပါ။’
အီယွန်းတစ်ယောက် ထိုလူ၏ အစ်ကိုဆိုသူထံမှ ‘ဂွမ်ချယ်ဝူ’ ဟူသော အမည်တစ်ခုအပြင် ဘာမှမရခဲ့။ ယင်းအပြင် ကိုယ်ရေးကိုယ်တာအချက်အလက်ဟူ၍လည်း ဘာတစ်ခုမှ သိမထားပေ။
သို့သော် သူ့မိသားစုတွင် ကြီးကျယ်သည့် စည်းစိမ်နှင့် အင်အားရှိသည်ဟူသောအချက်ကိုကား အလွယ်တကူ ခန့်မှန်းကြည့်၍ရပေသည်။ ကတိုက်ကရိုက် ဆောက်လုပ်လိုက်သည့် ဒုတိယထပ်ကလည်း ထိုအဖြစ်ကိုပြနေပြီး အခွင့်ထူးခံလူတန်းစားတို့၏ ထူးခြားသည့် အရှိန်အဝါကလည်း အလားတူပင်။
‘….ဆိုအီယွန်းကို ပြီးပြည့်စုံတဲ့ ရာဇဝတ်သားဖြစ်အောင် လုပ်ယူဖို့က ခက်ခက်ခဲခဲကိစ္စလည်း မဟုတ်ဘူးလေ။’
ထို့အပြင် တောင်အနောက်တွင် ရှင်းလင်းနေပြီး ဂွမ်ချယ်ဝူကို ကျောက်တုံးနှင့်ထုခဲ့သည့်လူက အစအနရှာမရအောင် ပျောက်သွားခဲ့သည်။ အီယွန်းတစ်ယောက် ၁၁၂ကို မဟုတ်မမှန် တိုင်တန်းမှုဖြင့် ဒဏ်ငွေတောင်ပေးလိုက်ရသေး၏။
လုံးဝ သရဲဝင်ပူးခံရသလားမှတ်ရလောက်အောင်ပင်။ စေလွှတ်တာဝန်ပေးခြင်းခံရသည့် ရဲအရာရှိပြောသလို အီယွန်းကပဲ ရူးသွားတာလား၊ မဟုတ်လျှင် ဂွမ်ချယ်ဝူကို ဝန်းရံထားသော ကမ္ဘာကပဲ စိတ်ကူးကြည့်၍မရအောင် ကြောက်ဖို့ကောင်းသည့်နေရာဖြစ်နေခြင်းပဲလား မပြောတတ်တော့ပေ။
တစ်နေ့တွင် အကြောင်သားနှင့် ရဲစခန်းကို ကိုယ်တိုင် သွားကြည့်ခဲ့ဖူးသည်။ သို့သော် ဘယ်လိုလုပ် သိသွားသလဲမသိ၊ အစ်ကိုဆိုသောလူက အချိန်ကိုက်ကွက်တိ ဖုန်းဆက်လာ၏။ ဒီအတိုင်း သာကြောင်းမာကြောင်း သတင်းမေးသည့်ဖုန်းသာ။ သို့သော် ဖုန်းချပြီးလို့ ကြည့်လိုက်သည့်အခါ စခန်းမှူးနှင့်အတူတူ ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံ မက်ဆေ့ဂ်ျ ဝင်လာသည်။
လှုပ်လို့တောင်မရတော့။ အီယွန်းလည်း တိုက်ခိုက်ကြည့်ဖို့တောင် မလုပ်ရသေးခင် လက်လျှော့လိုက်ရပြီး ထိုသစ်ပင်လူသားဖြစ်သွားသည့်လူ နိုးမလာစေဖို့သာ စတင်ဆုတောင်းခဲ့မိသည်။
ဤသို့ဖြင့် လုပ်ရမည့်အလုပ်က တစ်ခုတည်းသာရှိတော့၏။
အီယွန်း၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လုပ်ရတာပါဟူသော ထွက်ဆိုချက်အား အလွယ်လေး နှုတ်ပိတ်ပစ်နိုင်သည့် တစ်ဖက်လူကို ရာရာစစ အာကျယ်အာကျယ် သွားမလုပ်မှဖြစ်မည်ဟူသောအချက်။
အကွက်ဆင်ခံရပြီး ထောင်ထဲတွင် အရိုးမဆွေးချင်လျှင် ဟောဒီလူသတ်သမားကို အလွဲအချော် တစ်စုံတစ်ရာမရှိစေဘဲ ကောင်းကောင်းစောင့်ရှောက်ထားနိုင်မှဖြစ်မည်ဟူသောအချက်ပင်ဖြစ်သည်။
“ဂွမ်ချယ်ဝူရှင့်။ ဂွမ်ချယ်ဝူ။ အခုလေးတင် သတိရလာလို့ နားမလည်နိုင်ဖြစ်နေလောက်မှာဆိုပေမဲ့ ကျွန်မ ဖြည်းဖြည်းချင်း ရှင်းပြပေးပါ့မယ်။ အဲ့ဒါကြောင့် လောလောဆယ် ဒါကို တစ်ချက်လေးလွှတ်ပြီး ထကြည့်ပါ…”
သို့သော် ထိုလူက အရှေ့ကိုကိုင်းကာ သူ့မျက်နှာကို အီယွန်း၏မျက်နှာအနား ပို၍တိုးကပ်လာခဲ့သည်။ အိပ်ရာဘေးတွင် အုပ်မိုးနေသည့် အရိပ်ကြီးနှင့် ရင်းနှီးအသားကျမှုမရှိသည့် ကိုယ်ငွေ့က အီယွန်း၏ ကျောပြင်ကို ဖိထား၏။
ရုတ်တရက် သူ၏ နှာခေါင်းဖျားက အီယွန်း၏ လည်တိုင်ကို ရှပ်တိုက်ပွတ်သပ်သွားတော့သည်။
“…ဘာ၊ ဘာ၊ ဘာလုပ်…”
ထိုလူက နှာခေါင်းကိုအပ်နှံထားကာ အီယွန်း၏ ကိုယ်သင်းနံ့ကို အထိန်းအကွပ်မရှိ ရှူရှိုက်ပါတော့သည်။ ဝင်သက်ထွက်သက်နွေးနွေးကြောင့် အသားက ယားကျိကျိဖြစ်လာ၏။
“အသံမထွက်ဘဲ မေးတာကိုသာ ဖြေပေးပါ။”
မီးကျွမ်းထားသည့်ပြာကဲ့သို့ အနိမ့်အမြင့်မညီသောအသံက အက်ရှရှဖြစ်နေသည်။ အီယွန်းလည်း မနည်းဖြစ်ညှစ်ပြီး ခေါင်းညိတ်လိုက်၏။
“ကျွန်တော့်ကို ဖမ်းထားတာလားဗျ။”
“…ရှင်။”
“မဟုတ်ရင် ကျွန်တော်က ခင်ဗျားကို ဖမ်းထားတာလား။”
ကြောက်စိတ်ကိုကျော်ပြီး အံ့ဩမယုံနိုင်မှုက အပြေးဝင်ရောက်လာတော့သည်။
ဂွမ်ချယ်ဝူရှင့်၊ တကယ်ပဲ ဘယ်လိုဘဝမျိုးကို နေလာခဲ့တာလဲ…
ထို့အပြင် ယခုလိုမျိုး ယဉ်ကျေးသည့် အမြင့်စကားကိုတောင် ပြောနေလိုက်သေးသည်။
အီယွန်းတစ်ယောက် အံ့ဩလွန်းသဖြင့် ခေါင်းတွင်တွင်ခါလိုက်မိ၏။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူးရှင့်။”
“ဒါဆို ကျွန်တော်က ဘာဖြစ်လို့ ဒီမှာရှိနေရတာလဲဗျ။”
ဖြူစင်အပြစ်ကင်းမှု အပြည့်ပါသည့်လေသံက အစိမ်းသက်သက်ဖြစ်နေသည်။
သို့သော် သူ၏ သန္ဓေမှန်ကို သိနေတာကြောင့်ပဲဖြစ်မလား။ သူမေးနေသည့် ယဉ်ယဉ်ကျေးကျေးမေးခွန်းများတွင် ခြိမ်းခြောက်မှုအလေးချိန်တစ်မျိုး ပါနေသယောင်ထင်ရသည်။ ကောင်းကောင်းလေးပြောနေသည့် လေသံက အီယွန်းကို ကြောက်အောင်လုပ်ရန် ရည်ရွယ်နေသလို ခံစားရ၏။
“ဒီ…ဒီအတိုင်း ဂွမ်ချယ်ဝူက လူနာတစ်ယောက်ပါ။ အကြာကြီး လဲနေရာကနေ အခုမှ သတိရလာတာပါရှင်။”
“…”
“မေးလိုက်သလိုမျိုး အန္တရာယ်များတဲ့ အခြေအနေ လုံးဝ မဟုတ်ရပါဘူး။ စိတ်ချလက်ချနေလို့လည်း ရပါတယ်ရှင်။”
“…”
အီယွန်း၏စကားက အနည်းငယ် သက်ရောက်မှုရှိလေသလားမသိ၊ မူမမှန်သည့် ထိုလူ၏ အသက်ရှူသံက တဖြည်းဖြည်း နှေးလာတော့သည်။
‘ဒါပေမဲ့ ရှင်က သတိရလာလို့ မဖြစ်ဘူး…’
ကိစ္စအားလုံး သေသေသပ်သပ် ပြေလည်သွားချိန်အထိ ထိုလူက သစ်ပင်လူသားအဖြစ် ဆက်ရှိသွားမှဖြစ်ပေမည်။
‘တကယ်၊ အဲ့ဒီလိုလေးဖြစ်ပေးဖို့ပဲ လိုတာကို။’
လူသတ်သမားက ရည်ရွယ်ချက်နှင့် လှုပ်ရှားမည်ဆိုလျှင် မလွှဲမရှောင်သာဘဲ ကိစ္စများ ရှုပ်ထွေးကုန်ပေလိမ့်မည်။ အားလုံးထက် အီယွန်းက အထိန်းအကွပ်မရှိ ထင်ရာစိုင်းတတ်သည့် သူ၏ ပင်ကိုစရိုက် ပေါ်လာလျှင် ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
“ဒါနဲ့ ဘာလို့ ဒီလောက်တောင် တုန်နေတာလဲဗျ။”
ကြမ်းရှရှလေသံက နားရွက်ကို ရှပ်တိုက်ထိပါးသွားသည်။
“ကျွန်တော့်အပေါ် အပြစ်တစ်ခုခုများ လုပ်ထားလို့လား။”
“မ…မဟုတ်ပါဘူးနော်။”
အပေါ်မှ ဖိချုပ်ထားသည့်အားက ခဏတွင်းချင်းပင် ပျောက်ကွယ်သွားသည်။ သို့သော် အခြေအနေကို ကောင်းကောင်းနားမလည်နိုင်သေးခင်မှာပင် အကိုင်အတွယ်ကြမ်းကြမ်းက အီယွန်း၏ ခန္ဓာကိုယ်ကို ကြက်ဥကြော်လို ပက်လက်ဆွဲလှန်လိုက်သည်။ နှလုံးက ထိန်းကြိုးလွတ်သွားသည့်မြင်းကဲ့သို့ ကဆုန်ပေါက် ခုန်လာပါတော့သည်။
“…”
“…”
နှာဖျားချင်း ထိလုမတတ် နီးကပ်လာ၏။
အာခေါင်ခြောက်လောက်စရာ တင်းမာမှုထဲမှာတောင် အကြည့်မလွှဲနိုင်အောင်ရှိနေသည့်အရာကား သူ၏ နှာတံမြင့်မြင့်နှင့် သစ်သားရောင်ဖျော့ဖျော့ မျက်လုံးများပင်။ မီးတောက်ကဲ့သို့ မတည်မငြိမ် တောက်ပနေသည့် မျက်လုံးများ။ ယင်းမျက်လုံးများက သားရဲကြီးကဲ့သို့ လူသားမဆန်သော ခံစားချက်တစ်မျိုးကို နှိုးဆွနေသည်။
ကုပ်ထောက်အောင် ရှည်နေသည့်ဆံပင်က ရှုပ်ပွနေကာ လူနာဝတ်ရုံက နွမ်းဖပ်ဖပ်ဖြစ်နေ၏။ သို့ရာတွင် ကိုယ်အလေးချိန်ကျသွားသော်လည်း ထူးခြားသည့် အရိုးအဆစ်ဖွဲ့စည်းတည်ဆောက်ပုံက အရင်အတိုင်း ကြံ့ကြံ့ခိုင်ခိုင်ပင်။
ပြီးတော့ ထိုအကြည့်။
အမှုန်အမွှား တစ်စက်ကလေးတောင် ကပ်မနေဘဲ လင်းလက်တောက်ပနေသည့်ပုံစံက ကြောက်စရာကောင်းလှသည်။ ကြက်သီးထရလောက်အောင် ကြည်လည်ရှင်းသန့်သည့် မျက်နှာပြင်က ဘာမှမရှိသည့် လေဟာနယ်နှင့်တူကာ အီယွန်းလည်း ချွေးစေးများပြန်စပြုလာပါတော့သည်။
သတိရလာသည်နှင့် လူကို ဖိချုပ်တာကနေ စလုပ်သောလူ။
ထိုသို့သောလူက သူ့ကို သတ်ရန်ကြိုးပမ်းခဲ့သော မိန်းမကို လုံးဝမေ့မည်မဟုတ်။
‘အဲ့ဒါကလည်း ပြုတ်မကျခင်အထိ မြင်သွားရတဲ့ မျက်နှာဖြစ်နေတာကို။’
အကယ်၍ သူသာ အဆင်အခြင်မဲ့ မကောင်းသည့်စိတ် ရှိနေမည်ဆိုလျှင် ထိုဒေါသအားလုံး အီယွန်းဆီကို မြားဦးလှည့်နိုင်ခြေ လုံလုံလောက်လောက် ရှိပေသည်။
ဂလု…
အာခြောက်လာတာက သည်းခံနိုင်သည့်အတိုင်းအတာကို ကျော်သွားခဲ့ပေပြီ။
အီယွန်းက ထိုသို့ ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်ကွပ်ရင်း သေချာနေသည့်တိုင် ကျေးဇူးပြုပြီး ဂွမ်ချယ်ဝူ သူ့ကို မမှတ်မိပါစေနဲ့ဟုလည်း မျှော်လင့်တကြီး ဆုတောင်းနေမိသည်။
“မျက်နှာက ထူးထူးခြားခြား ရင်းနှီးနေသလိုပဲ။”
အီယွန်းနှင့် မျက်နှာချင်းဆိုင်နေသည့်လူက အားလုံးကိုအန်ထုတ်ပြီး လစ်ဟာမှုနှင့် အစားထိုးထားသည့်အလား လုံးဝ ဟောင်းလောင်းပေါက်ဖြစ်နေသလိုပင်။
“ဂွမ်ချယ်ဝူ။ ဂွမ်ချယ်ဝူ။”
သူက အီယွန်း၏ လေသံအတိုင်း လိုက်တုပြီးပြောသလိုမျိုး တိုးဖွဖွ တီးတိုးရေရွတ်ခဲ့သည်။
“အဲ့ဒါက ကျွန်တော့်နာမည်ပဲ ဖြစ်ရမယ်။”
“…”
“ဒါဆို ခင်ဗျားက ကျွန်တော့်အတွက် အရေးပါတဲ့လူလား။”
အီယွန်း၏ မျက်နှာထားက ထူးဆန်းလာတော့သည်။ ယင်းကား ထူးဆန်းသည့် ဆဋ္ဌမအာရုံပင်။ စောစောကတည်းကစပြီး နှလုံးက အတောမသတ်အောင် တဒုတ်ဒုတ်ခုန်နေသည်မှာ ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့်ပဲလား၊ ကြောက်စိတ်ကြောင့်ပဲလားဆိုသည်ကို ခွဲခြားပြောပြနိုင်ခြင်းမရှိတော့ပေ။
“ဒါမှမဟုတ် သတ်ပစ်လိုက်လို့လည်း ကိစ္စမရှိတဲ့လူလား။”
ဂွမ်ချယ်ဝူက ဒီတစ်လျှောက်လုံး ဝှက်ထားခဲ့သည့် ဆေးထိုးအပ်ကို ဆွဲထုတ်ကာ ဘောပင်တစ်ချောင်းအလား ထိပ်ဖျားကို ထပ်ပြန်တလဲလဲ ဖိလိုက်ခွာလိုက် ကစားခဲ့သည်။ အပ်က သူ့လက်မထဲသို့ နက်နက်ရှိုင်းရှိုင်း ဖောက်ဝင်သွားရာကနေ တစ်ဖန် ပြန်ထွက်လာလိုက်၊ ပြန်ဝင်သွားလိုက်နှင့် ထပ်ပြန်တလဲလဲဖြစ်နေတော့သည်။ အနီရောင်ရင့်ရင့်သွေးစက်များ စေးပျစ်စွာ စီးထွက်လာ၏။
သူ၏ မျက်နှာထားတည်တည်က အသားကို စစ်ဆေးကြည့်ရှုနေသည့် သားသတ်သမားကဲ့သို့ပင်။ အကြောက်တရားကို လက်တစ်ဆုပ်စာလောက် မျိုချလိုက်သည့် အီယွန်းက ဘာစကားပဲဖြစ်ဖြစ် ပါးစပ်မှထွက်မိထွက်ရာပြောဖို့ ပြင်လိုက်သည်။
“အဲ့…အဲ့ဒီလိုပြောတော့ ဒီက ရင်နာရတာပေါ့။ ကျွန်မက ဘယ်လောက်တောင် အရေးကြီးလိုက်သလဲလို့။ အရေးကြီးကြီး မကြီးကြီးပါ…”
အကန့်အသတ်ကို လွန်သွားပြီဖြစ်သည့် တုန်လှုပ်မှုကြောင့် မျက်စိရှေ့တွင် ချာချာလည်လာတော့သည်။
“ကျွန်မက ဂွမ်ချယ်ဝူနဲ့ နက်နက်နဲနဲ ပတ်သက်နေတဲ့လူပါရှင့်။ ထင်ထားတာထက်ကို အင်မတန် ပိုပြီးတော့ အများကြီး…ရှုပ်ရှုပ်ထွေးထွေးကို ဆက်နွှယ်နေတာပါ….”
လမိုက်ညတွင် အနက်ရောင် အနောက်တိုင်းဝတ်စုံ ဝတ်ထားကြသူများ ဆွဲခေါ်သွားသည့်အတိုင်း ပါသွားပြီး နောက်ဆုံးတွင် လက်မှတ်ထိုးဟုပြောခဲ့သော ထိုစာချုပ်က အတွေးထဲ ပြန်ပေါ်လာ၏။
“အဲ့ဒါကို၊ ကိုယ့်သဘောနဲ့ကိုယ် အဆုံးသတ်ပစ်လို့လည်း မရပါဘူး။”
ထိုစဉ်က ဥပဒေအတိုင်း လုပ်ရအောင်ဟုပြောပြီး ရဲရဲတင်းတင်းရှိသယောင်ဆောင်ခဲ့လျှင် ကောင်းလောက်မလား။ ထိုသို့သာဆိုလျှင် ဟောဒီ ကြမ်းကြမ်းရမ်းရမ်း သစ်ပင်လူသားကို လက်ခံထားစရာမလိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်လောက်ပေသည်။
“အင့်…”
ဂွမ်ချယ်ဝူက အီယွန်း၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အင်မတန် ကြမ်းကြမ်းအညှစ်ခံထားရသဖြင့် ထုံနေပြီး မေးရိုးများ ကျိုးသွားလေမလား မှတ်ရ၏။ သူက အင်အားကို တစ်စက်ကလေးတောင် ထိန်းချုပ်ခြင်းမရှိခဲ့။
“အရေးပါတယ်ဆိုရင် ဘာလို့ တုန်နေတာလဲဗျ။”
“…ရှင်။”
“ဧကန္တ လက်ချောင်း နှစ်ချောင်း သုံးချောင်းလောက်ဖြစ်ဖြစ် ဖြတ်ပြီးရောင်းဖို့ လာခဲ့တာလား။”
“…”
“ဦးနှောက်မရှိတော့ဘဲ ခန္ဓာကိုယ်က မသန်စွမ်းဖြစ်နေတဲ့ကောင်ကို ီးစုပ်ပေးမလို့လား။”
အေးစက်စက် မထီတရီထေ့ငေါ့စကားများကြောင့် အီယွန်း၏ ပါးတစ်ဖက်က တစ်နေရာရာတွင် ဆတ်ခနဲလှုပ်ရှားသွားသလို ခံစားလိုက်ရသည်။
“ဘာဖြစ်လို့ မှတ်မိတာတွေက ဒီလိုမျိုး အမှိုက်လိုစကားတွေအပြင် မရှိရတာလဲ။”
သူက နားမလည်နိုင်သလိုမျက်နှာမျိုးဖြင့် နဖူးကိုပွတ်လိုက်သည်။ ထို့နောက် အီယွန်းကို လည်ပင်းညှစ်ဖို့ စိတ်ကူးထားသည့်အလား ဘတ်စကတ်ဘော ဘောလုံးကိုကိုင်သလို ကိုင်ထားသည့် မျက်နှာလေးကို ပို၍ပင် တင်းတင်းဆုပ်ကိုင်ခဲ့သည်။ သူ၏ လက်ခုံပေါ်တွင် သွေးကြောများ သိသိသာသာ ထောင်ကြွလာ၏။
“ကျေးဇူးပြုပြီး မအော်ပါနဲ့။ နားကိုက်တယ်။”
“အီး…”
အီယွန်း အံကြိတ်လိုက်မိသည်။ မျက်နှာအရိုးများအားလုံးအနှံ့ နာကျင်မှုက စူးခနဲပြန့်သွား၏။
ဒီလူနှင့်ပတ်သက်ပြီး ဘာတစ်ခုမှသိမထားပေ။ နာမည် စာလုံးလေးသုံးလုံးကိုသာ အလှူပေးလို့ လက်ခံသလို ယူလာရုံအပြင်မရှိခဲ့။ အသက်၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ ဇာတိ၊ မိသားစု၊ ဆေးမှတ်တမ်း အစရှိသည့်အချက်များကို တကယ် ဘာဆိုဘာမှမသိ။
တစ်ခုမှလွဲ၍။
လူ့အသိုင်းအဝိုင်းက မသိအောင် ဖုံးကွယ်ကာနေထိုင်နေပုံရသည့် ဂွမ်ချယ်ဝူ၏ တကယ့်သရုပ်မှန်ကို ထိုနေ့က ထိုတောင်အနောက်တွင် တွေ့ခဲ့ရသည်။
ထိုသို့ဆိုလျှင်…
လောလောဆယ် မလူးသာမလွန့်သာ ခေါ်ထားမှဖြစ်မည့် ဒီလူထံမှ ဘေးကင်းကင်းနေနိုင်မည့်နည်းလမ်း။
ထိုနည်းလမ်းကို အရင်ဆုံး စဉ်းစားရမည်။
ရှင်သန်ရန် မသင့်တော်သည့်နေရာဖြစ်နေပါစေ ထိုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ကာ ဆင့်ကဲပြောင်းလဲရပေမည်။
အီယွန်း ချစ်ခင်ပြီး အလေးထားမြတ်နိုးသည့် သစ်ပင်တို့၏ လမ်းစဉ်အတိုင်းလိုက်၍…
‘လဲသွားရင်တောင် လှဲပြီးတော့ ရှင်သန်သွားတဲ့ အကေးရှားပင်ကြီး။ လေကြောင့် ခါးကိုကိုင်းပြီးနေတဲ့ မေပယ်ပင်ကြီး။ အဲ့ဒါက ရှင်သန်ဖို့တိုက်ပွဲပဲပေါ့၊ ဘဝတိုက်ပွဲပဲ။ ကျွန်မ သိပါပြီ။ အခုမှပဲ သိပါတော့တယ်။ အဲ့ဒါကြောင့် ကျွန်မလည်း…’
အီယွန်းက ဂွမ်ချယ်ဝူ၏ လက်ကောက်ဝတ်ကို အလျင်စလို ဆုပ်ကိုင်လိုက်သည်။
“ဂွမ်ချယ်ဝူရှင့်၊ ဂွမ်ချယ်ဝူရှင့်။”
အဲ့ဒီလိုဆိုလို့ ကြည့်လိုက်တော့ ယားရုံလောက်ပဲလုပ်နိုင်မည့် မဖြစ်စလောက်အင်အားလေးသာ။ ဂွမ်ချယ်ဝူက လက်ကိုချပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အီယွန်း၏ ပါးနှစ်ဖက်တွင် နီရဲနေသည့် လက်ရာများ ပေါ်လာပါတော့သည်။
~~~~~
Miel’s Translations