Chapter 5.2
အပိုင်း ၅ – ၂
ထိုနေ့ညက တိုက်တိုက်ဆိုင်ဆိုင် ဂွမ်ချယ်ဝူတစ်ယောက် ‘ကျွန်မက ရှင့်ဇနီးပဲ’ ဟူသော ဝန်ခံစကားကို ကြားလျှင်ကြားချင်း အားအင်လုံးဝပြတ်သွားသလိုဖြစ်ကာ နေရာမှာတင် လဲကျသွားသည်။ အီယွန်းလည်း ချက်ချင်း ဆေးအဖွဲ့ကို ခေါ်လိုက်ရာ ရလဒ်က ဤကဲ့သို့ဖြစ်လာခဲ့သည်။
စောင့်ဆိုင်းနေစဉ်အတောအတွင်း မည်မျှအထိ စိတ်ပင်ပန်းခဲ့ရသနည်း။ ကော်ဖီလည်းမသောက်ရပါဘဲ နှလုံးက မနားတမ်း တရစပ် တဒိတ်ဒိတ်ခုန်နေကာ စိတ်ဂယောက်ဂယက်နှင့် ဆံပင်တွေအထိပါ ဆွဲဆုပ်မိလုမတတ်ဖြစ်ခဲ့ရသည်။
ထိုသို့နှင့် အိပ်ပျက်ညပေါင်းများစွာ ကုန်လွန်ပြီးမှ အီယွန်းတစ်ယောက် သူ့ဆင်ခြေသူ ဘယ်လောက်အထိ ဆိုးဝါးမှန်း သဘောပေါက်လိုက်ရတော့သည်။
ဇနီးတဲ့လား။ လူသတ်သမားရဲ့ ဇနီးပေါ့လေ။ ဒီလောက် အများကြီးရှိနေတဲ့ ဆင်ခြေတွေထဲမှာ ဘာဖြစ်လို့ အဲ့ဒီဆင်ခြေကြီးမှလဲ…
-မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာ အဲ့ဒီလိုမဟုတ်ပါဘူး။ နည်းနည်း ကွဲပြားပါတယ်။
“ရှင်။”
-ဦးနှောက် စကင်န်က သတိပြန်ရလာပြီဖြစ်ကြောင်း အတည်ပြုပေးပြီးပါပြီ။ သစ်ပင်လူသား အခြေအနေကနေ သတိရလာတာကလည်း ယုံရခက်ပေမဲ့ အမှန်ပါပဲ။ တော်သေးလို့ တုံ့ပြန်ချက် စစ်ဆေးမှုကလည်း အားလုံး ပုံမှန်ပြန်ဖြစ်ပါပြီ။ ဒါပေမဲ့…
အီယွန်းတစ်ယောက် အမှတ်တမဲ့ အသက်အောင့်ထားလိုက်မိသည်။
-လူနာက ဘယ်တော့ သတိပြန်ရလာမလဲဆိုတာကို မသိနိုင်ပါဘူး။
“အခု ကျိန်းသေပေါက် သတိရလာတယ်လို့…”
အီယွန်းက လည်တိုင်တစ်လျှောက်ကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
-အဖြေအတိအကျပေးဖို့က မလွယ်ပေမဲ့ လူနာက ရှားပါးတဲ့လက္ခဏာတွေကို ပြနေပါတယ်။
“…ရှားပါးလက္ခဏာတဲ့လားရှင့်။”
-အအိပ်လွန်လက္ခဏာပါ။
အီယွန်းက နားမလည်နိုင်သလိုမျက်နှာထားလေးနှင့် သူ့နှုတ်ခမ်းလေးသူ ထိလိုက်သည်။
-‘Sleeping Beatuy Syndrome’ လို့လည်း သိကြတဲ့ လက္ခဏာကို…တတ်နိုင်သမျှ စစ်ဆေးမှုတွေ အကုန်လုပ်ကြည့်ခဲ့ပေမဲ့ အကြောင်းရင်းအတိအကျကို အခုအထိ အတပ်မပြောနိုင်သေးပါဘူး။ ဦးနှောက်မှာလည်း မူမမှန်တာ ဘာမှမရှိတဲ့အတွက် လောလောဆယ်တော့ ခန့်မှန်းရုံပဲ လုပ်နိုင်ပါသေးတယ်။
အီယွန်းတစ်ယောက် ပါးစပ်လေးအဟောင်းသားနှင့် အကြောင်သားလေး ငေးကြည့်နေမိရုံအပြင် မတတ်နိုင်ခဲ့။ ထင်မှတ်မထားသည့် သတင်းကြောင့် ဘာမှမပြောဘဲ မျက်လုံးလေး ပေကလပ်ပေကလပ်သာ လုပ်နိုင်ခဲ့သည်။
-အခြေအနေ တိုးတက်မှုကို စောင့်ကြည့်မှဖြစ်မှာဆိုပေမဲ့ တကယ်ပဲ ဒီ syndrome ဖြစ်နေတယ်ဆိုရင်…တစ်ခါအိပ်ပျော်သွားတာနဲ့ တစ်ပတ်၊ ဆယ်ရက်လောက်ဖြစ်ဖြစ်၊ မဟုတ်ရင်လည်း အဲ့ဒီထက်ပိုကြာတာတောင် နိုးမှာမဟုတ်ပါဘူး။
“…”
-အခုလက်ရှိ လူနာအိပ်ပျော်နေတာ ၁၂ရက်ရှိသွားပါပြီ။
“…”
-လောလောဆယ်တော့ အိမ်ပြန်ပို့ဖို့ စီစဉ်လိုက်ပါ့မယ်။
ဆရာဝန် ဖုန်းချတော့မည်ဟု အာရုံရလိုက်သည်တွင် အီယွန်းက အလောတကြီး သူ့ကို ဆွဲထားလိုက်သည်။
“ဆ…ဆရာ၊ ခဏလေးပါ။”
အီယွန်းက တံတွေးမျိုချလိုက်ကာ ဦးထုပ်အနားကို ပင့်လိုက်သည်။ ချွေးစို့နေသည့်နဖူးကို ခြောက်သွေ့သွေ့လေညင်းက တို့ထိကျီစယ်သွား၏။
“အဲ့ဒီတော့…ဂွမ်ချယ်ဝူက အခု သစ်ပင်လူသားအခြေအနေ မဟုတ်တော့ပေမဲ့…ဘယ်တော့နိုးလာမယ်မှန်း ဘယ်သူမှမသိဘူးလို့ ပြောနေတာပေါ့နော်။”
အီယွန်းက အာရုံစိုက်နေသကဲ့သို့ မျက်လုံးကိုမှိတ်ကာ ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။
-ဟုတ်ပါတယ်ဗျ။ လောလောဆယ် စောင့်ကြည့်လေ့လာရသလောက်တော့ အဲ့ဒီလိုပါပဲ။
“ဟား…”
အီယွန်းတစ်ယောက် ငိုချတော့မလို အသက်ကိုရှူထုတ်လိုက်သည်။ ရင်ထဲတွင် လေးလံစွာ စုပြုံဖိစီးနေသော စိုးရိမ်ကြောင့်ကြမှုက ရုတ်တရက် တစ်ခါတည်း ပြေပျောက်သွား၏။ တင်းတင်းမှိတ်ထားသည့် မျက်ခွံများ တလှပ်လှပ် တုန်ယင်လာသည်။
“ကျေးဇူးတင်ပါတယ်။ တကယ် ကျေးဇူးတင်ပါတယ်။”
-…ခင်ဗျာ။
အီယွန်းက ဦးပါညွှတ်ကာ ဘာမှမရှိသည့် လေဟာပြင်ကြီးကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။
အမှားပြင်ဆင်ရန် အချိန်ရှိသေး၏။
‘ကျွန်မက ဂွမ်ချယ်ဝူရဲ့ ဇ…ဇနီးပါနော်။’
ထိုလိမ်စဉ်ကို တစ်နည်းနည်းနှင့် ပြန်ပြင်နိုင်ပေတော့မည်။
အမှိုက်ပုံးကဲ့သို့ ပြည့်လျှံနေသည့် ရင်ထဲမှ စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက် ထွက်လာ၏။
‘ဘုရားသခင်၊ ကျေးဇူးတင်ပါတယ်။’
ပြန်ပြင်နိုင်ပေပြီ။ ကောင်းကောင်းလုပ်နိုင်လျှင် မသိချင်ယောင်ဆောင်၍ရပေလိမ့်မည်။ အားလုံးက အိပ်မက်တစ်ခုဖြစ်ခဲ့သလိုမျိုး အသာလေး ကျော်သွားလိုက်လို့ရမည်ပင်။
-ကျေးဇူးတင်ပါတယ် ဆရာ။ ဒီထက်ပိုပြီး ကြိုးကြိုးစားစား နေထိုင်သွားပါ့မယ်။
ထိုအတိုင်း လက်ရှိနေရာဆီသို့ ပြန်လာသည့် အီယွန်းတစ်ယောက် ယခုအထိ မျှော်လင့်ချက်မဲ့သလို မျက်နှာမျိုးနှင့် ရှိနေဆဲဖြစ်သည့် အလုပ်အပ်သူကို အကောင်းမြင်စိတ်အပြည့်နှင့် ပြောလိုက်သည်။
“ဒီသစ်ပင်ကို ကျွန်မ အကောင်းဆုံးကြိုးစားပြီး ကယ်တင်ပေးပါ့မယ်။
~~~~~
-ကျေးဇူးတင်ပါတယ် ဆရာ။ ဒီထက်ပိုပြီး ကြိုးကြိုးစားစား နေထိုင်သွားပါ့မယ်။
နားမလည်နိုင်စရာစကားများနှင့် ဖုန်းကိုချသွား၏။
ဆရာဝန်က နားမလည်နိုင်သလိုမျက်နှာထားဖြင့် ဖုန်းကို ငေးကြည့်နေခဲ့ရာက နောက်ဆုံးတွင် စိတ်မဝင်စားတော့သည့်အလား အိတ်ကပ်ထဲသို့ ဖုန်းကိုထိုးထည့်လိုက်၏။
၂နှစ်တာ သစ်ပင်လူသားဖြစ်နေခဲ့သည့် လူနာက ဆန်းကြယ်လှစွာ သတိပြန်ရလာသည်။
ဂရုတစိုက် ပြုစုစောင့်ရှောက်မှုကို ရရှိခဲ့ရ၍ပဲဖြစ်မလား၊ သူ၏ အဆစ်များက ကွေးနိုင်ဆန့်နိုင်ကာ ပြန်လည်နာလန်ထူခြင်းကလည်း ချောမွေ့စွာ တိုးတက်မှုရှိခဲ့သည်။ ပင်ကို ကြံ့ခိုင်ကာ ခန္ဓာကိုယ်ကို ပေါ့ပါးထိရောက်စွာ ထိန်းချုပ်နိုင်စွမ်းမြင့်သည့်အတွက် သူ့ခန္ဓာကိုယ်သူ လျှင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့၏။
သို့သော် ဤသို့သော ဩချလောက်စရာ နာလန်ထူမှုက တစ်ပတ်သာခံလိုက်သည်။
ထို့နောက်တွင် သူက တစ်ခါအိပ်လျှင် သုံးရက်၊ ထိုမှတစ်ဆင့် ငါးရက်၊ ထို့နောက် ဆယ့်နှစ်ရက်အထိ စတင်အိပ်စက်ပါတော့သည်။ သစ်ပင်လူသားအခြေအနေကို စွဲလမ်းနေသကဲ့သို့ ဘာမှမလုပ်ဘဲ အိပ်ရုံသာအိပ်နေခြင်းပင်။
‘ထူးဆန်းနေတယ်လို့…’
ဦးခေါင်းဒဏ်ရာ၏ ပြင်းထန်မှုအရ နောက်ဆက်တွဲသက်ရောက်မှု တစ်စုံတစ်ရာကိုတော့ မျှော်လင့်ထားရမည်သာ။ သစ်ပင်လူသား အခြေအနေမှ အပြည့်အဝ ချို့ယွင်းချက်မရှိ ပြန်လည်သက်သာလာလိမ့်မည်ဟု နဂိုကတည်းက မျှော်လင့်ထားခြင်းမျိုး မရှိခဲ့။ ယင်းသို့တွေးလျှင် စိတ်ကြီးဝင်ရာကျပေမည်။ ထို့အပြင် လူနာက မှတ်ဉာဏ်တွင်လည်း ပြဿနာရှိနေပြီးသားဖြစ်သည်။
သို့သော် ဘာမှန်းမသိရဘဲ စနိုးစနောင့်ဖြစ်နေမိ၏။
“လူနာ၊ နာမည်လေး တစ်ချက်လောက် ပြောကြည့်မလား။”
“…”
“ကျွန်တော့်အသံကို ကြားရလားခင်ဗျ။ ဘာစကားပဲဖြစ်ဖြစ် ရပါတယ်။”
“…Se…”
“ဟုတ်ကဲ့၊ ကောင်းပါပြီ။ ဆက်ပြောပါဦး။”
လူနာပြောလိုက်သည့်စကားက မေ့မရစရာ ဖြစ်နေသောကြောင့်ပင်။
~~~~~
Miel’s Translations