Chapter 6.1

အပိုင်း ၆ – ၁
[…နိုးမလာပါစေနဲ့။]
ဂွမ်ချယ်ဝူတစ်ယောက် ဝိုးတဝါး အသိစိတ်ထဲမှပင် ထိုစကားများကို ထပ်ပြန်တလဲလဲ ရွတ်နေခဲ့သည်။
ဆရာဝန်က လူသူကင်းမဲ့သည့် စင်္ကြံတွင် လမ်းလျှောက်ရင်း မေးစေ့ကိုအကြိမ်ကြိမ်သပ်နေ၏။ နက်နက်ရှိုင်းရှိုင်းကျုံ့ထားသည့် မျက်ခုံးများက ပြေလျော့ရန် ငြင်းဆန်လျက်။
‘ဒါရိုက်တာဂွမ်လည်း ညီဖြစ်သူကို ဒီပုံစံနဲ့ မြင်ရတွေ့ရတာ စိတ်မချမ်းမသာဖြစ်နေမှာပဲ။’
သူက ခါးကို ထောက်ခနဲမြည်အောင် အကြောဆန့်လိုက်သည်။
ဆေးရုံကြီးတွင် ကုသမှုခံယူလျှင် ပိုကောင်းမည်ဆိုသော်လည်း ထိုအိမ်စုတ်ကလေးသို့ပြန်ပို့ရန် ဒါရိုက်တာဂွမ်၏ အမိန့်တွင် အနည်းငယ် လျှို့ဝှက်နက်နဲသည့် သဲလွန်စလေး ပါနေသည်။
သို့သော်လည်း မေးမြန်းအစ်အောက်ခြင်းမပြုခဲ့။ ဤဝေးလံခေါင်သီဒေသတွင် လူနာပြုစုသူနှင့်မခြားသလို နေရသော်လည်း ရသည့်လစာက စိတ်ကူးကြည့်၍တောင်မရသည့်ပမာဏဖြစ်နေ၏။
“…အာ။”
ထိုအချိန်တွင် သူက တစ်ချက်ရပ်ကာ လက်ဖျောက်တီးလိုက်သည်။
“အဲ့ဒါ မပြောလိုက်ရဘူး။”
နောက်ဆက်တွဲသက်ရောက်မှုများက အအိပ်လွန်ခြင်းတစ်ခုတည်းမဟုတ်။
Sleeping Beauty Syndrome
တစ်နည်းအားဖြင့် Kleine-Levin Syndrome ဟုခေါ်သော ထိုရောဂါတွင် အစားအလွန်အကျွံစားခြင်း၊ ရန်လိုဒေါသဖြစ်လွယ်ခြင်း၊ လိင်မှုဆန္ဒလွန်ကဲခြင်း အစရှိသော ပုံမှန်မဟုတ်သည့် လက္ခာဏာများ ယှဉ်တွဲပါလာလေ့ရှိသည်။
“အေးလေ….ဒီနေ့ကတော့ အဆင်ပြေလောက်မှာပါ။”
ဒီနေ့ တစ်ရက်ကလေးပဲကို ဘာကိစ္စများ ဖြစ်နိုင်မှာလဲ။
ဆရာဝန်က လုံးဝ စိတ်အေးလက်အေးနှင့် ပျင်းရိစွာ သမ်းဝေလိုက်သည်။
~~~~~
ထိုညတွင်။
“ဟမ်း….”
အီယွန်းက သီချင်းလေးတညည်းညည်းနှင့် လှေကားကို တက်လာခဲ့ပြန်သည်။
သီသီလေးလွတ်မြောက်ခြင်း။ ရက်စက်ကြမ်းကြုတ်သည့်လူထံမှ လွတ်မြောက်ရန်ကြိုးစားရင်း ကိုယ့်ကျော့ကွင်းတွင် ကိုယ်ပြန်မိခဲ့ရာမှ ကံကောင်းပြီး သီသီလေးလွတ်လာခြင်းကို ဘုရားမ၍ လွတ်မြောက်ရှင်သန်ရသလို ခံစားချက်မျိုးနှင့် တစ်နေ့လုံး နေခဲ့၏။
ယခု ဂွမ်ချယ်ဝူကို ဒုတိယထပ်ဆီ ပြန်ပို့ပြီးပါပြီဟူသော ဆေးဝန်ထမ်းဆီမှ သတင်းကြားပြီးသည့်နောက် စိတ်ထဲတွင် စနိုးစနောင့်ဖြစ်နေခြင်းကို ဖယ်ရှားရန်အတွက် သူ့ကို နောက်ဆုံးတစ်ကြိမ်တွေ့ကြည့်ဖို့ လာခဲ့ခြင်းပင်။
ထို့နောက် လျှို့ဝှက်နံပါတ်ကိုနှိပ်ကာ တံခါးကိုဖွင့်လိုက်ချိန်တွင်…
“….”
အီယွန်းတစ်ယောက် အတိတ်ကို ပြန်ပြောင်းခံစားမိသွားတော့သည်။
“ဒီ ခန့်မှန်းလို့မရတဲ့ သစ်ပင်ကတော့…”
ဒေါင် ဒေါင် ဒေါင်။ နာရီမှ ည ၁၂နာရီ အချက်ပေးသံ မြည်လာသည်။
သစ်ပင်ဆရာဝန် ဆိုအီယွန်းအဖို့ ဤမျှလောက် ခန့်မှန်းရခက်သည့် သစ်ပင်နှင့် ကြုံဆုံရဖူးခြင်းကား ယခုအကြိမ်က ပထမဆုံးပင်။
အနောက်တံခါးက ကားဖြင့်အတိုက်ခံထားရသည့်အလား အပြင်းအထန် ပျက်စီးနေသည်။
“ဒီအရှုပ်ထုပ်ကတော့ တကယ်ပဲ ဘယ်ကိုသွားလိုက်တာလဲ…”
အီယွန်းတစ်ယောက် နာရီဝက်ကျော်အောင် ဓာတ်တိုင်ဟောင်းတွေသာ ကျိုးတိုးကျဲတဲရှိသည့် မှောင်မည်းပြီး ပလက်ဖောင်းမရှိသောလမ်းတွင် လှည့်လည်သွားလာနေခဲ့သည်။
ဟိုလူကိုပဲ ဆက်သွယ်လိုက်ရမည်လား။
ဂွမ်ချယ်ဝူ၏ အစ်ကို။
အီယွန်းကို လိုက်နာဖြည့်ဆည်းရမည့်လူအဖြစ် သတ်မှတ်ခဲ့သည် စာချုပ်တွင် အသာစီးယူထားသူ။
အီယွန်း ဖုန်းမျက်နှာပြင်ကို ပြောင်လက်လာသည်အထိ ပွတ်ပြီးရင်းပွတ်နေမိသည်။ သို့သော် ဟိုဘက်မှလူများအတွက် အားနည်းချက်ကို လက်တစ်ဆစ်စာတောင် မပေးလိုပေ။ သူက ဆံပင်ရှည်များကို တင်းတင်းစုစည်းကာ ခြေလှမ်းကိုမြန်လိုက်သည်။
“ဂွမ်ချယ်ဝူ။”
ခိုင်မာပြတ်သားသည့် အော်သံကြောင့် အိပ်ပျော်နေသည့်ခွေးများ ခုန်ထကာ ကျယ်လောင်စွာ ဟောင်ကြလေတော့သည်။ ရပ်ကွက်ကျဉ်းကျဉ်းလေးထဲ ဟိုကြည့်ဒီကြည့် အလောတကြီး ရှာဖွေနေသည့် အီယွန်းတစ်ယောက် ရုတ်တရက် ထူးဆန်းသည့်အရာကို တွေ့သွားခဲ့သည်။
ဧရာမမြွေကြီးတစ်ကောင် တွားသွားထားသလို လမ်းကြောင်းတစ်ခုပင်။
“…အကြောတင်းချက်ကတော့။”
ခါးသီးသည့်ရယ်သံ ထွက်လာခဲ့သည်။ အီယွန်းတစ်ယောက် ယုံကြည်မှုအပြည့်နှင့် မြေကြီးများ ပုံပျက်နေသည့်အရပ်ဘက်ကို လှည့်လိုက်သည်။
ခြေလှမ်းတစ်လှမ်းစီ တိုးသွားသည်နှင့်အညီ ဖလပ်ဖလပ်ဟူသောအသံက နီးကပ်လာ၏။ ထူးဆန်းသည့် ကြောင့်ကြစိတ်ကြောင့် နှလုံးက အပြင်းအထန် ခုန်လာတော့သည်။
ထို့နောက် မြင်တွေ့လိုက်ရသည့် အရာက…
“ဂွမ်ချယ်ဝူရှင့်။ အဲ့…အဲ့ဒါကြီးကို ချထားလိုက်ပါ။”
အီယွန်းက အလန့်တကြားနှင့် ထိုလူကိုင်ထားသည့် ကြက်ကို လက်ညှိုးထိုးပြလိုက်သည်။
သို့သော် ဂွမ်ချယ်ဝူက ရီဝေဝေမျက်လုံးများနှင့် တစ်စုံတစ်ရာကို အငမ်းမရ ကိုက်ဝါးပြီးနေချေပြီ။ အားနှင့်ဝါးလိုက်တိုင်း သူ၏မေးရိုးမှ ကြွက်သားများ ထောင်ကြွလာလိုက်၊ ပြေလျော့သွားလိုက်ဖြစ်နေသည်ကို အတိုင်းသား မြင်နေရ၏။
သူ အသားစိမ်းတစ်ဖက်ကို “ထွီ” ခနဲ ထွေးထုတ်လိုက်သည့်အခါ အီယွန်းတစ်ယောက် လည်ချောင်းထဲ ပျို့တက်လာသည့် အန်ချင်စိတ်ကို အတင်းဖိနှိပ်မျိုသိပ်လိုက်ရသည်။ ကြက်ဖက လည်လိမ်လျက် သေနေပေပြီ။
အန်ချင်စိတ်က အီယွန်းကို ဖုံးလွှမ်းသွားသော်လည်း ပို၍တုန်လှုပ်စေသည့်အရာက တုန်ယင်နေသည့်လက်များပင်။ နှုတ်ခမ်းတွင် သွေးများပေကျံလျက် ပျင်းတိပျင်းတွဲ ရပ်နေသည့်လူကို အီယွန်း ကြောက်မိသည်။
“လှုပ်ရှားရတာ ပင်ပန်းနေမှာကို ဘာလို့ ထွက်လာရတာလဲ…”
အီယွန်းက စိုးရိမ်ချင်ယောင်ဆောင်လိုက်သည်။
အားနွဲ့သူ၏ ရန်လိုမှုက အာချောင်နိုင်ရုံလောက်သာရှိပေမည်။ ထို့ကြောင့် အာရုံပြောင်းအောင်လုပ်ကာ လှည့်စားခြင်းက အကောင်းဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းပင်။
ထိုအချိန်မှစ၍ အီယွန်းလည်း အခြေအနေကို အကဲခတ်ဖို့ အသည်းအသန်ကြိုးစားကာ သူ၏ အလိမ်အညာကို ပြန်ဖုံးဖိရန် အချိန်ကောင်းကို စောင့်နေလိုက်သည်။
“ပြန်ကြရအောင်။ ဒီမှာရှိနေလို့ မဖြစ်ဘူးရှင့်။”
“…”
ထိုအခါ ဂွမ်ချယ်ဝူက ကြက်ကို လွှင့်ပစ်ကာ အီယွန်းကို ကြည့်ခဲ့သည်။ အာရုံအပြောင်းအလဲက စိတ်မသက်မသာဖြစ်ရလောက်အောင် လျင်မြန်လှပေသည်။
လရောင်ပင်မရောက်သည့် နေရာတွင် သရဲတစ္ဆေအလားရပ်နေသည့်လူ။
ခြောက်ပေကျော်လောက် ရှိပေမည်။ အီယွန်းထက် အနည်းဆုံး ခေါင်းနှစ်လုံးစာ ပိုမြင့်မည့်ပုံပင်။ တစ်လျှောက်လုံး မြေကြီးပေါ်တွင် တွားသွားခဲ့၊ လမ်းလျှောက်ခဲ့သလားမသိ လက်များ၊ ခြေထောက်များနှင့် ဝမ်းဗိုက်နေရာတွင် မြေကြီးများပေကျံနေ၏။
ရုတ်တရက် လေတစ်ဝှေ့တိုက်ကာ အဝတ်အစားများ ဝဲလွင့်သွားချိန်တွင် ချောမွေ့သည့်ကောက်ကြောင်းက အတားအဆီးမဲ့စွာ ပေါ်လာတော့သည်။
အီယွန်း၏ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေသော စိတ်ထဲတွင် ယီမင်နိုင်ငံ၊ ဆိုခိုထရာကျွန်းမှ နဂါးသွေးပင်က ပေါ်လာသည်။
သွေးထွက်သောသစ်ပင်။
ယင်းကား ပင်စည်မှ သွေးနှင့်တူသည့် ပင်ရည်များထွက်သော ထူးဆန်းသည့်သစ်ပင်ဖြစ်သည်။
လွန်ခဲ့သော၂နှစ် ဂွမ်ချယ်ဝူကို စတွေ့ခဲ့စဉ်က၊ လွန်ခဲ့သောတစ်လ သူ့အောက်တွင် ဖိချုပ်ခံခဲ့ရစဉ်က၊ ထို့နောက် ယခု ဤအခိုက်အတန့်တွင်ပါ ထိုလူက အမြဲတမ်း သွေးနှင့်အတူတူ လာခဲ့သည်ချည်းသာ။
“…ဂွမ်ချယ်ဝူရှင့်။”
“နာမည်။”
“ရှင်။”
“နာမည်က ဘာလဲဗျ။”
ခံစားချက်ကင်းမဲ့သည့်အကြည့်က အီယွန်းအပေါ်တွင် ရစ်သီဝေ့ဝဲလျက်။ မီးပွားသာ တဖောက်ဖောက်ပေါက်နေသလို မမှိတ်မသုန် တည်ငြိမ်သည့် မျက်လုံးများက ထိုအတွင်းကို ပြခဲလှသည်။
‘ဆွဲခေါ်သွားတာခံရရင် မဖြစ်ဘူး။’
~~~~~
Miel’s Translations