Chapter 6.2

အပိုင်း ၆ – ၂
အီယွန်းတစ်ယောက် ခေါင်းထဲကို ဝရုန်းသုန်းကား မွှေနှောက်ရပါတော့သည်။
သို့သော် စိတ်မရှည်တတ်သည်က သူတစ်ယောက်တည်းမဟုတ်။
“တကယ်ပဲ ဘယ်တွေရောက်နေတာလဲ။”
“ရှင်။”
အငိုက်မိသွားသည့် အီယွန်းက အလန့်တကြား ပြန်ဖြေလိုက်မိသည်။
“တွေးကြည့်လို့ရတဲ့မျက်နှာဆိုလို့ ခင်ဗျားအပြင်မရှိတာကို။”
“…”
“တံခါးကလည်း မပွင့်ဘူးလေဗျ။”
သူက တိုးရှရှအသံဖြင့် တီးတိုးပြောခဲ့သည်။ ဖြူစင်မှုနှင့်တူသော မသိနားမလည်မှုက ရီဝေဝေမျက်ဆန်များထဲတွင် ဝေ့ဝဲလျက်ရှိနေ၏။
အီယွန်း ဝင်နေထွက်နေသည့် ဒုတိယထပ်တံခါးမှာ နဂိုကတည်းက အတွင်းမှဖွင့်၍မရအောင် ဒီဇိုင်းလုပ်ထားခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် နောက်ဆုံးတွင် အီယွန်းကိုရှာရန်အတွက် ထမင်းဆုပ်ကဲ့သို့ အနောက်တံခါးကို ဆုပ်ခြေကာ ကြမ်းပြင်တွင် တရွတ်တိုက်သွားခဲ့သည်ဟူသော အဓိပ္ပာယ်ပင်။ ထိုဖြစ်စဉ်ကို တွေးမိသည်တွင် အီယွန်းတစ်ယောက် ဟစ်ခနဲ ဇက်ကလေးပုလိုက်မိတော့သည်။
မြင်သည့်အတိုင်း ဂွမ်ချယ်ဝူက ပုံမှန်မဟုတ်ပေ။ သို့သော် ဆယ်ရက်ကျော်၍ ဆယ့်နှစ်ရက်ကြာမှ နိုးလာသည့်လူကား ချွေး၊ သွေး၊ မြေကြီးများပေကာ ရစရာမရှိအောင်ဖြစ်နေသည်။ အမြတ်ထုတ်စရာဟာကွက် ကျိန်းသေပေါက် ရှိကိုရှိရပေမည်။
ဘာကြောင့်မှန်းမသိ နောက်ဆုံးဖြစ်မလားမသိဘူးဟူသော အချက်ပြ။ မသိစိတ်မှ အလိုလို မီးစိမ်းပြနေပေပြီ။ ဤကား ရှေ့တက်ရမည့်အချိန်ပင်။
“ကျွန်မ….ဘာပြောနေမှန်း မသိပါဘူး။”
အီယွန်း၏ မသိချင်ယောင်ဆောင်မှုကြောင့် ထိုလူက ဖြည်းဖြည်းချင်း ခေါင်းကိုငဲ့လိုက်သည်။ မျဉ်းသုံးကြောင်း အထင်အရှားပေါ်အောင် ကျုံ့သွားသော မျက်ခုံးများကြားတွင် နက်ရှိုင်းသည့်အရိပ်က နေရာယူသွား၏။
“အိပ်…အိပ်မက်အရှည်ကြီး မက်ခဲ့တာဖြစ်လောက်မှာပါ။”
“…”
“ကျွန်မက ဂွမ်ချယ်ဝူကို စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်…”
တမင် စကားဆုံးအောင်မပြောဘဲ ထိန်ချန်ထားသည့် အသံက တိမ်ဝင်သွား၏။
“ဒါက ရွာသူကြီးရဲ့ယာတောမို့လို့ မြန်မြန်နေရာကခွာတာ ကောင်းမယ်ရှင့်။ အဲ့ဒီ….ကြက်ကိုတော့ ကျွန်မကပဲ ကြည့်ကြပ်ပြီး လျော်လိုက်ပါ့မယ်။”
ထိုလူက အနည်းငယ်မဲ့နေသည့် မျက်နှာထားနှင့် မသိမသာတုန်နေသော အီယွန်း၏ နှုတ်ခမ်းများကို ကြည့်နေသည်။
“ဂွမ်ချယ်ဝူရှင့်၊ တစ်လျှောက်လုံး အိပ်ပဲအိပ်နေခဲ့တယ်ဆိုတာကို သိရဲ့လား။ အဲ့ဒီမတိုင်ခင်ကလည်း တအားနေမကောင်းလို့ အကြာကြီး နိုးမလာနိုင်ဘဲ ရှိနေခဲ့တာပါ။ ကျိန်းသေပေါက် ခေါင်းထဲမှာ လုံးဝ ရှုပ်ထွေးနေမှာပေါ့။”
“…”
“ဒါပေမဲ့လည်း မပူပါနဲ့။ အားလုံးက အိပ်မက်ပဲမို့လို့။”
အီယွန်းက အထူးပြုပြီးပြောသကဲ့သို့ ထိုစကားတွင် အားထည့်လိုက်သည်။
“ပေါက်ကရတွေမြင်တာ၊ ပေါက်ကရတွေကြားတာက အကုန် ဦးနှောက်က လှည့်စားနေလို့ပါ။ နည်းနည်းလောက် ထပ်အိပ်ပြီးမှ ပြန်ထလိုက်ပေါ့။ အဲ့ဒါဆို အဆင်ပြေပြေ ဖြစ်သွားမှာရှင့်။”
သို့သော် အီယွန်း ထည့်မစဉ်းစားမိခဲ့သည့်အချက်ရှိ၏။ အားလုံးကို အိပ်မက်အဖြစ် ကျော်သွားလိုက်မည်ဟူသော နုံတိနုံချာအစီအစဉ်ကိုက ရူးကြောင်ကြောင်အိပ်မက်နှင့် မခြားပေ။
“အိပ်မက်တဲ့လား။”
ထိုလူက ကြက်သွေးများစွန်းပေနေသည့်နှုတ်ခမ်းကို ဖြည်းဖြည်းချင်း လျှာဖြင့်သပ်လိုက်သည်။
“ဟုတ်မှာပဲ။”
သူက အီယွန်း၏ ခန္ဓာကိုယ်အောက်ပိုင်းကို မေးငေါ့ပြ၏။
“အဲ့ဒါသာ တကယ်ဆိုရင် ဒီလိုမျိုး ဘယ်ရပ်နေနိုင်ပါ့မလဲ။”
အီယွန်းတစ်ယောက် ရှုပ်ထွေးသွားသော်လည်း ခေါင်းငုံ့ပြီး ကိုယ့်ခြေထောက်ကိုယ် ပြန်ကြည့်လိုက်မိသည်။ ထိုအချိန်တွင် တိုးရှရှအသံက အီယွန်း၏ငယ်ထိပ်ကို ဆွဲယူသွားတော့သည်။
“ကျွန်တော်က တစ်လျှောက်လုံး sex လုပ်နေတဲ့ အိပ်မက်ပဲ မက်ခဲ့တာလေ။”
“…”
“ဇနီးဆိုတဲ့မိန်းမနဲ့။”
“…”
“ကျွန်တော်က ခင်ဗျားခြေထောက်တွေကြားထဲ ဆက်တိုက် ဝင်လိုက်ထွက်လိုက် လုပ်ခဲ့တာလို့။”
သေသွားသည့်ကြက်အစား ထအော်မိတော့မတတ်ပင်။ ကိုယ့်ကိုယ်ကိုယ်ထိန်းပြီး တည်တည်ငြိမ်ငြိမ်နေဖို့ စိတ်ပိုင်းဖြတ်ထားသော်လည်း သူ၏ ရိုးရိုးရှင်းရှင်း စကားတစ်ခွန်းနှင့်တင် ခေါင်းထဲ၌ လုံးဝအေးခဲသွားတော့သည်။
“အဲ့ဒီတော့ ရှုပ်ထွေးနေတာမဟုတ်ဘူးဗျ။”
“…”
“ဖြစ်ချင်ဖြစ် ရှင်းရှင်းလင်းလင်းကို မှတ်မိနေတာပါ။”
ထိုစကားကြောင့် အီယွန်းတစ်ယောက် မသိစိတ်နှင့် အလိုလို အနောက်ဆုတ်လိုက်မိ၏။
တောင်အနောက်တွင်ဖြစ်ခဲ့သည့် ကိစ္စအထိ အကုန် မှတ်မိနေသည့်သဘောလား။ အီယွန်းလည်း သတိလက်လွတ်မနေနိုင်တော့။
“ကျွန်တော့်မှာ မိန်းမရှိပေမဲ့။”
“…”
“သူက အကြောက်အလန့်မရှိ ထွက်ပြေးဖို့လုပ်နေတယ်ဆိုတာ။”
“…”
“အခု၊ ကျွန်တော့်မျက်စိရှေ့မှာတင်။”
ဂွမ်ချယ်ဝူက ခြေလှမ်းကျဲကြီးများဖြင့် တမင်နှေးနှေးလေး ချဉ်းကပ်လာသည်။ သူပြောခဲ့သည့်အတိုင်း အီယွန်းက ထွက်ပြေးဖို့ စိုင်းပြင်းနေသည်။ အခုပဲဖြစ်ဖြစ် မြေကြီးကိုကန်ဖို့ အသင့်ဖြစ်နေသည့်အလား ခြေထောက်များက ဆတ်ခနဲလှုပ်ရှားသွား၏။
ကျိန်းသေပေါက် ထောင်ချောက်ဆင်ခဲ့တာက ကိုယ်ပဲကို ဘာဖြစ်လို့ ထောင်ချောက်မိပြီး မလွတ်နိုင်တဲ့ခံစားချက်မျိုး ဝင်လာရတာပါလိမ့်။
လက်လှမ်းလိုက်သည်နှင့် ထိမိတော့မည့်အကွာအဝေးအထိ သူ နီးကပ်လာမှ အီယွန်းတစ်ယောက် နောက်ဆုံးတွင် နားလည်သွားတော့သည်။
“ယောက်ျားက ထင်ထားတာထက်ပိုပြီး ဂိလာနဖြစ်တော့မဲ့ပုံပေါ်လို့ အခွင့်အရေးရတုန်း စွန့်ပစ်ချင်လာတာလားဗျ။”
သူက အရူးမဟုတ်။
“နာမည်။ သုံးခါ မမေးချင်ဘူး။”
“….ဆိုအီယွန်းပါ။”
မမြင်ရသည့်အားက နှုတ်ခမ်းကို အတင်းအကျပ်ဖွင့်စေခဲ့သည်။
“ဆိုအီယွန်း။ အီယွန်း။”
သွေးများဖြင့်ပြောင်လက်နေသည့် ပါးစပ်တစ်ဝိုက်ကြောင့်ပဲဖြစ်မလား။ ဂွမ်ချယ်ဝူက အရသာခံသကဲ့သို့ လည်ချောင်းထဲအနက်ကြီးရောက်အောင် အီယွန်း၏ နာမည်ကို မျိုချသွားသည်။
“ဘာဖြစ်လို့ နောက်ဆုတ်ဖို့ ခြေထောက်ပြင်နေတာလဲ။ ကိုယ်က လူတစ်ယောက်လို အလုပ်မလုပ်နိုင်လို့ အသုံးမကျတော့ဘူးလား။”
တစ်ခုခုက လွဲတာမှ အကြီးအကျယ် လွဲနေပေပြီ။ တစ်စုံတစ်ရာက အီယွန်း၏ ခြေချင်းဝတ်ကို စေးကပ်ကပ်ချုပ်ကိုင်မှုဖြင့် တွယ်ကပ်နေသည်။ ထိုအရာက အေးစက်စက် သံမဏိခြေချုပ်လား၊ နွံ၏ ဆွဲငင်မှုလား၊ ဧကန္တ သားရဲကြီး၏ အမြီးပဲလား မသိသော်လည်း အီယွန်းတစ်ယောက် ယခု အန္တရာယ်အချက်ပြကို ရှင်းရှင်းလင်း ခံစားနေရ၏။
“ဂွမ်ချယ်ဝူရှင့်၊ အဲ့ဒီလိုမဟုတ်ပါဘူး။”
“မဟုတ်ဘူးလား။”
ယခု အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားပေပြီ။
အီယွန်းလည်း အမှန်တကယ် စစ်မေးခံနေရသည့် ဇနီးဖြစ်သွားသလို ခံစားချက်ဖြင့် ခြေချောင်းလေးများကိုသာ ရင်တထိတ်ထိတ် ကွေးကုပ်လိုက်၏။ သို့သော် မီးကို မပြန့်ခင် အမြန်ငြှိမ်းသတ်ရန် ကြိုးစားလိုက်သည့် အီယွန်းတစ်ယောက် ဆင်ခြေကို ဖျစ်ညှစ်ပေးမိပါတော့သည်။
~~~~~
Miel’s Translations