Chapter 7.1

အပိုင်း ၇ – ၁
“…မှတ်တောင်မမှတ်မိဘဲ ဇနီးတစ်ယောက် ရှိနေတာမဟုတ်လား။ ဂွမ်ချယ်ဝူဘက်ကကြည့်ရင် ဘယ်လောက်တောင် နားမလည်နိုင်စရာဖြစ်ပြီးတော့ စိတ်ကသိကအောက် ဖြစ်ရမလဲဆိုပြီး စိုးရိမ်လို့ပါ…”
“ကိုယ့်အတွက် အဲ့ဒီလိုလုပ်ခဲ့တာပေါ့လေ။”
သူက ဘာမှမဖြစ်သလို ပြန်မေးခဲ့သည်။
ကိုယ့်ဉာဏ်နီဉာဏ်နက်ကိုယ် တော်တော်လေးကျေနပ်နေသော အီယွန်းတစ်ယောက် အားတက်သရော ခေါင်းညိတ်လိုက်သည်တွင် ဂွမ်ချယ်ဝူက အီယွန်းနှင့် မျက်လုံးလယ်ဗယ်လ်ချင်း တန်းတူဖြစ်သည်အထိ ကိုယ်ကို ကိုင်းညွှတ်လာ၏။
“ချီးပဲဗျာ။”
“…”
“အဲ့ဒါမျိုးကို ထောက်ထားပေးတယ်လို့ ခေါ်တယ်တဲ့လား။ ကိုယ်တော့မကြိုက်ပါဘူး။ အီယွန်းခင်ဗျ။”
သတိရလာကတည်းက ယဉ်ယဉ်ကျေးကျေး စကားပြောနေသော်လည်း ဝိရောဓိဆန်လှစွာ ယဉ်ကျေးခြင်းနှင့် အဝေးကြီးပင်။
“ဥပဒေအရ သတ်မှတ်ထားပြီးသားဆိုဗျ။ မိသားစုကို စွန့်ပစ်ဖို့ ကြံနေတာလား။”
အမှောင်ထုထဲတွင် သူ၏မျက်လုံးများကသာ အဆီဝေ့နေသကဲ့သို့ လက်နေသည်။
“တစ်ယောက်ယောက်က ကိုယ့်ခေါင်းထဲကို ထွန်ခြစ်နဲ့ခြစ်ပြီး အကုန်ယူသွားပေမဲ့ ဆိုအီယွန်းရဲ့ မျက်နှာတစ်ခုပဲ တဝဲလည်လည် ပေါ်လာနေတယ်။”
“…”
“ကိုယ်က ယောက်ျားဆိုတာ တကယ် အဟုတ်ပဲထင်တယ်။ မင်း ကိုယ့်ကို စွန့်ပစ်ဖို့လုပ်တာနဲ့ ခေါင်းထဲမှာ ဒေါသက တဟုန်းဟုန်းတောက်လာတာဆိုတော့။”
အဲ့ဒါက ဒီအတိုင်း….ဂွမ်ချယ်ဝူရဲ့ စရိုက်ကိုက ဆိုးလို့ပါရှင်….
ထိုစကားကို ပါးစပ်မှ ပြောမထွက်ခဲ့သော အီယွန်းတစ်ယောက် အူကြောင်ကြောင်နှင့် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေခဲ့သည်။
သွားပြီ။ လုံးဝကိုသွားပြီ။
တဖြည်းဖြည်းပျက်ယွင်းလာသော မျက်နှာထားကို မပေါ်လွင်စေရန်ထိန်းဖို့အရေး ကြိုးစားရုန်းကန်မှ ဖြစ်ပေမည်။
သို့သော် တိုက်ပွဲက ယခုအထိ မပြီးသေး။ ဂွမ်ချယ်ဝူတွင် မွေးရာပါ အသာစီးအရယူနိုင်သော အရည်အချင်းရှိသည့်တိုင် ယခုမူကား ဘာဆိုဘာမှမသိသော အားနည်းချက်ကြီး ရှိနေပေသည်။
တစ်ဖက်တွင် အီယွန်းက ယင်းမှတ်ဉာဏ်ဟာကွက်များကို ကိုယ်ပိုင်စတီယာရင်ဘီးအဖြစ်သုံးကာ သူ့ကို လွတ်လပ်စွာ ထိန်းချုပ်မောင်းနှင်နိုင်ပေမည်။ အမှန်တရားကို တစ်ယောက်တည်း သိထားခြင်းက အင်မတန်ကောင်းသည့်ကတ်ပင်။
သို့ရာတွင် ပြဿနာက…
“ကိုယ်က အီယွန်းကို တကယ်ပဲ သိပ်ချစ်ခဲ့တယ်ထင်ပါရဲ့။”
‘မဟုတ်ပါဘူးဆို။ ရှင်က ကျွန်မကို သတ်ဖို့လုပ်ခဲ့တာလို့။’
ဤတစ်ကြိမ်လည်း သူက အရှိုက်ထိအောင် ထိုးခဲ့ပြန်သည်။
အီယွန်းတစ်ယောက် စိတ်ထဲတွင် ပဋိပက္ခဖြစ်သွားရသည်ကို ဝန်မခံ၍မဖြစ်ခဲ့ပေ။
သတ်ဖြတ်လိုသောဆန္ဒက အချစ်အဖြစ်သို့ အသွင်ပြောင်းသွားသည့် လက်ရှိ ဤအခိုက်အတန့်၌…
~~~~~
အီယွန်း ဒယီးဒယိုင်ဖြစ်နေသောလူကို ထည့်ထားသည့် တွန်းလှည်းအလွတ်ကို ဆွဲလာသည်။
နောက်စေ့ပေါက်လုမတတ် စိုက်ကြည့်နေသည့်အကြည့်ကို ခံစားမိသော်လည်း အီယွန်းက လုံးဝ ပြန်လှည့်မကြည့်ခဲ့။ အင်းစက်မြည်သံများသာ နှစ်ဦးကြားမှ တိတ်ဆိတ်မှုကို ဖြည့်စွက်ပေးခဲ့သည်။
“ကိုယ်က အသက်ဘယ်လောက်ရှိပြီလဲ။”
ဂွမ်ချယ်ဝူက လှည်းပေါ်တွင် လက်မောင်းထောက်ကာ ရုတ်တရက် မေးလာသည်။
“အော…”
ယခုမူ ထွေထွေထူးထူးမဟုတ်သော မေးခွန်းတစ်ခုကိုပင် အများကြီး စဉ်းစားရပေပြီ။ ဤသည်ကား မိုင်းရှင်းရသည့်ဂိမ်းလိုပင်။ တစ်ချက်လေး ခြေလှမ်းမှားလိုက်သည်နှင့် ထပေါက်ကွဲမည်သာ။
“ကျွန်မက ၃၂နှစ်ဆိုတော့….”
အီယွန်းက ဦးခေါင်းကိုလှည့်ကာ ထိုလူ၏မျက်နှာကို တစ်ချက်ခိုးကြည့်လိုက်သည်။
အပြစ်ပြောစရာတစ်ကွက်မရှိအောင် ခံ့ညားချောမောသော မျက်နှာက အသက်အတိအကျကို ခန့်မှန်းရခက်အောင်လုပ်နေ၏။ ကျောင်းဝတ်စုံဝတ်ထားလျှင် လက်တွေ့လောကအကြောင်း ဘာမှမသိသေးသော ဖြူစင်အပြစ်ကင်းသည့်ကျောင်းသားလေးလို၊ အနောက်တိုင်းဝတ်စုံဝတ်ထားလျှင် လုပ်ငန်းစုကြီးတစ်ခုခုမှ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လို ထင်ရပေမည်။
“ကျွန်…ကျွန်မနဲ့ ရွယ်တူပါပဲ။”
သူက အသစ်သိလိုက်ရသည့် အချက်အလက်ကို မှတ်သားနေသကဲ့သို့ ခေါင်းကို ဖြည်းဖြည်းချင်းညိတ်ခဲ့သည်။
“ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့ ယဉ်ယဉ်ကျေးကျေးပဲ စကားပြောကြပါတယ်။….ဂွမ်ချယ်ဝူက အမြဲတမ်း တအားကို သိမ်မွေ့ပြီး ယဉ်ကျေးလို့ပါ။”
အီယွန်းတစ်ယောက် မဟုတ်ကဟုတ်ကတွေ ရှာကြံပြောမိသဖြင့် လျှာတွင် ဆူးများပေါက်လာသလို ခံစားရတော့သည်။
သစ်ပင်တွင် အကိုင်းအသစ်ထွက်နိုင်သော အရည်အချင်းရှိ၏။ ယခု တွေးကြည့်လိုက်တော့ အလိမ်အညာသည်လည်း ထိုကဲ့သို့ပင်။ မဟုတ်မမှန်စကားတစ်ခွန်း အမြစ်တွယ်လိုက်သည်နှင့် ထိန်းမနိုင်သိမ်းမရ ပြန့်တော့သည်။
“ဒါဆို ကိုယ်က ဘာလုပ်တဲ့လူလဲ။”
“…”
အီယွန်းတစ်ယောက် ဤတစ်ကြိမ်တွင်လည်း ပြောစရာမရှိဖြစ်ရပြန်သည်။
ဂွမ်ချယ်ဝူက လူကို မြေမြှုပ်တဲ့နေရာမှာ တအားတော်တာပေါ့ရှင်…
“ဪ….အဲ့ဒါက….”
အီယွန်း တွေဝေတွန့်ဆုတ်နေတုန်း ထိုလူက အီယွန်း၏ လက်မောင်းကို ထောက်ခနဲတောက်ခဲ့သည်။ ယင်းတဒင်္ဂအထိအတွေ့လေးနှင့်တင် ပခုံးလေး ဆတ်ခနဲတွန့်သွားသည့် အီယွန်းလည်း ကိုယ်တိုင်တောင်မသိဘဲ ပါးစပ်ထဲရှိရာ ပြောမိတော့၏။
“မြေကြီးမှာ ကောင်းကောင်းစိုက်တတ်ပါတယ်ရှင့်။”
“စိုက်တယ်။ ဘာကိုလဲ။”
“…အဲ့ဒါ၊ အဲ့ဒါက။”
လူသေကောင်အလောင်း….
“…ပန်းပါ။”
“ဗျာ။”
“ဂွမ်ချယ်ဝူက ကျွန်မ…ကျွန်မရဲ့ဆေးရုံမှာ ပန်းစိုက်ပါတယ်။”
အီယွန်းတစ်ယောက် ကိုယ့်ပါးစပ်ကိုယ် အပ်နှင့်သာ ချုပ်ပစ်ချင်တော့သည်။
~~~~~
ထိုလူက ညစ်ပတ်နေကာ သူ့ခန္ဓာကိုယ်တွင် မြေကြီးများ ပေကျံနေပြီး မြေပြင်ပေါ်တွင် တရွတ်ဆွဲခဲ့သော နေရာများ၌ အသားများ ပွန်းပဲ့ပေါက်ပြဲနေသည်။ သူ ရေချိုးသန့်စင်ပြီးသွားသည့်နောက်တွင် အီယွန်းက ရိုးရိုးရှင်းရှင်းဆေးတချို့ ပေးလိုက်၏။
အနီရောင် ပွန်းပဲ့ဒဏ်ရာများက မြင်ရုံနှင့် မျက်မှောင်ကြုတ်မိလောက်အောင် အင်မတန် နာမည့်ပုံပင်။ သို့သော် ဂွမ်ချယ်ဝူက တစ်ချက်ကလေးတောင် မညည်းခဲ့ချေ။ သူ၏ ဖြည်းဖြည်းမှန်မှန် အသက်ရှူသံသာ တစ်ခန်းလုံးပြည့်နေသောကြောင့် အီယွန်း၏စိတ်က ဂနာမငြိမ်အတွေးပေါင်းစုံဖြင့် ဂယောက်ဂယက်ဖြစ်ရတော့သည်။ ထိုသို့ဖြစ်တိုင်း အီယွန်း၏ လက်ဖျားကလေးများ တဆတ်ဆတ်တုန်လာပြီး ဤညကို မြန်မြန်ကုန်လွန်စေဖို့ မျှော်လင့်မိ၏။
“အတူတူအိပ်ရအောင်။”
“….ရှင်။”
အီယွန်း အကြောင်သား ခေါင်းမော့လိုက်မိသည်။
“လင်မယားပဲကို ဘာလို့ သပ်သပ်စီ အိပ်မှာလဲ။”
အဖြူထည်အရိုးခံမေးခွန်းကြောင့် အီယွန်း၏မျက်နှာလည်း ချက်ချင်း နီရဲသွားတော့သည်။
“အဲ့…အဲ့ဒါကလေ၊ ဂွမ်ချယ်ဝူက အခုအထိ လူမမာဆိုတော့….”
“လူမမာတော့ လူမမာပေမဲ့ အခု သစ်ပင်လူသား မဟုတ်တော့ဘူးလေ။”
ထိုသို့ပြောနေရင်း အီယွန်းကိုကြည့်သည့်အကြည့်က တဲ့တိုးဆန်လှသည်။ အီယွန်းလည်း ကိုယ်တိုင်တောင်မသိဘဲ မွေ့ရာအစွန်းနားသို့ ဖြည်းဖြည်းချင်း တိုးသွားမိတော့၏။
~~~~~
Miel’s Translations
TL/N : မီးစင်ကြည့်ကရင်း ကိုယ့်ဇာတ်ကိုယ်မနိုင်တော့တဲ့ အစ်မကြီးတော့ နားအကြီးကြီးကားပြီ ㅜㅜ