Part 2
နေ့သူဘဲကံဆိုးသည်လား တစ်ဖက်လူဘဲကံကောင်းသွားသည်လားမသိ။ ဆေးရုံသို့ထွက်စာလာတင်သည့်နေ့မှာပင် သူ၏ကားရှေ့သို့အတင်းထိုးဝင်လာသည့်ဆိုင်ကယ်နှင့်ကောင်ကလေးအား တစ်ခါထဲဆေးရုံပို့ပေးခါ သူကိုယ်တိုင်ပင်ဆေးစီးပေးပြီး အခကြေးငွေလည်းမယူတော့ဘဲ ဆေးစာရေးပေးလိုက်၏။ဆိုးဆိုးဝါးဝါးထိခိုက်သွားသည်မဟုတ်ဘဲ ခြေချင်းဝတ်သာခေါက်သွားသည်မို့ လဝက်လောက်တော့ဒီအတိုင်းပတ်တီးနှင့်သာနေရအုံးမည်ဖြစ်လေသည်။
“ဗန်ဗန်က ဒီကဆရာဝန်လား”
“အင်း ဒီနေ့မင်းကံကောင်းသွားတယ်”
ဗန်က ထိုကလေး၏ ဗန်ဗန်ဟုခေါ်လိုက်သောနာမ်စားကလေးအားတကယ်ခေါ်ရကောင်းလားဟူသောအကြည့်နှင့် ဆေးပစ္စည်းများပြန်သိမ်းနေရာမှမျက်လွှာကလေးပင့်၍ကြည့်လိုက်မိ၏။
“ဘာလို့လဲ…ဗန်ဗန်”
“ဒီနေ့ မင်းကကိုယ့်ရဲ့နောက်ဆုံးလူနာတစ်ယောက်ဖြစ်နေလို့လေ”
“ဟမ်…ဘာကိုဆိုလိုတာလဲ”
“ကိုယ်ဒီနေ့ အလုပ်ထွက်ပြီလေ..ထွက်စာလာတင်တာ..”
“အာ…လစာနည်းလို့လား”
“မဟုတ်ပါဘူးကွာ..အတည်တကျနဲ့ငြိမ်ငြိမ်လေးထိုင်လို့ရမဲ့စီးပွားရေးလေးတစ်ခုစလုပ်နေပြီလေ…မင်းသိမှာပါ…မင်းတို့ကျောင်းနားက cafe ဆိုင်လေးလေ..အားရင်ဝင်ခဲ့အုံးပေါ့”
“ကျွန်တော်ကကျောင်းသားမှန်း ဗန်ဗန်ဘယ်လိုသိလဲ”
“မျက်နှာလေ..မျက်နှာ..လူတစ်ယောက်က ခန္ဓာကိုယ်သာပြောင်းလဲချင်ပြောင်းလဲလို့ရမယ်..အသက်အရွယ်ကိုတော့လိမ်လို့မရဘူးလေ…မင်းကြည့်ရတာငါ့သမီးအရွယ်လောက်ဘဲရှိပါသေးတယ်”
“အာ…ဗန်ဗန့်သမီးလား”
“အင်း သူမနာမည်က သုသုသွေးနီလေ…ကိုယ့်လိုဘဲဆံပင်အဖြူတွေနဲ့”
“ဗန်ဗန်က သုသုနဲ့ မတူဘူးနော်..ဗန်ဗန့်မျက်လုံးလေးတွေက အပြာရောင်လေးတွေ..”
“ဟော သုသုကိုသိတာလား…”
အဂ္ဂစိတ်လွတ်ကိုယ်လွတ်ပြောလိုက်ပြီးမှအစိတ်ပြန်ကပ်သွားသည်မို့ ခေါင်းခါရင်းပြုံးပြလိုက်မိ၏။
“အာ…အင်း..မသိပါဘူး တစ်ခါနှစ်ခါလောက်ဘဲမြင်ဖူးတာ”
“ဪ…ကိုယ့်သမီးကသူ့အမေနဲ့တူသွားတာလေ..ကိုယ့်လိုမျက်ဆံပြာပြာလေးတွေတော့မရှိဘူး…”
ဗန်ပြောသမျှအားပြုံးပြုံးကလေးငေးကြည့်နေသည့်အဂ္ဂ၏အပြုံးကြောင့်ဗန်မျက်နှာပူသွားရ၏။
“ကိုယ်တက္ကဆီငှားပေးလိုက်မယ်… ပြန်တော့လိုက်မပို့တော့ဘူး ရတယ်မှလား ပြီးတော့ မင်းမိဘတွေကိုလည်းသေချာပြောပြ တော်ကြာစိတ်ပူနေကြမယ်”
“ကျွန်တော်ကမိဘမဲ့”
ခပ်ပျက်ပျက်ကလေးပြောလာသည့်ကောင်လေး၏စကားကြောင့် ဗန် မျက်ခုံးပင့်သွားရ၏။
“အာ အိမ်မှာဘယ်သူရှိလဲ”
“ဘယ်သူမှမရှိဘူး တစ်ယောက်ထဲ”
ဗန်ကပိုလို့တောင်မျက်လုံးကလေးဝင့်သွားရ၏။ဘယ်လိုတောင်ကလေးတစ်ယောက်ကအခုလိုမျိုးနေနေရသလဲဟုတစ်ဖက်သတ်စိတ်ပူမိသွားရ၏။
“ဗန်ဗန် ရဲ့နောက်ဆုံးလူနာအနေနဲ့ တစ်ခုလောက်တောင်းဆိုလို့ရမလား”
“အာ..အင်း..ကိုယ်ကူညီနိုင်တာရှိကူညီမယ်လေ”
“အာ..ဟုတ်သား ဗန်ဗန့်အမျိုးသမီးကခွင့်ပြုပါ့မလား”
“အာ..အမျိုးသမီးကဆုံးသွားတာကြာပြီ”
အဂ္ဂက ထိုစကားကြောင့်ဗန်မသိအောင်ပြုံးလိုက်မိ၏။ သူသိသားဘဲ..။သုသုမိဘတွေ၏နောက်ကြောင်းမှန်သမျှသူအကုန်စုံစမ်းထားတာ..။သုသု၁၃နှစ်သမီးကတည်းကမြန်မာပြည်ကိုရောက်လာတာလည်းသူသိသလို သူ့အဖေသည်ခုလူလွတ်ဖြစ်နေပြီဆိုတာကိုလည်းသူသိ၏။ အဓိကကတော့သူ့လိုအဖြောင့်တစ်ယောက်က Gay တစ်ယောက်ဖြစ်သည့်သူ့အဖေကိုဆွဲဆောင်ရမှာဖြစ်သည်ကြောင့် ခေါင်းတော့နည်းနည်းကိုက်၏။သူ့ဘဝနှင့်ပါရင်း၍လက်စားချေသည်မို့ ချုပ်ကွက်ကတော့ပြီးပြည့်စုံနေမှဖြစ်မည်လေ။
“ကျွန်တော်ပတ်တီးဖြေပြီးတဲ့အထိ ကျွန်တော့်ရဲ့ဆရာဝန်အနေနဲ့ပြုစုပေးပါလား ခြေထောက်ကနှစ်ဖက်လုံးထိသွားတာဆိုတော့အခက်အခဲဖြစ်လို့တောင်းဆိုတာပါ..”
ဗန်က မျက်မှောင်တစ်ချက်ကြုတ်ရင်းစဥ်းစားမိ၏။ ရှေ့ကလူနာကုတင်တွင်သူ့အားမျက်နှာငယ်ကလေးနှင့်ကြည့်နေသည့်လူသားအားကြည့်ခါ ဆုံးဖြတ်ရခက်ခဲလာမိ၏။
“ကိုယ့်ကြောင့်ဖြစ်သွားတာမို့ တကယ်တာဝန်ယူပေးချင်ပေမဲ့…..”
“အဲ့တာဆိုလည်းရပါတယ်ဗျာ..ကိုယ့်ဘာသာကိုယ်ဘဲ…”
“အာ..အင်း။ကိုယ်ကူညီပါ့မယ်”
“ကျွန်တော်လည်းဗန်ဗန့်ကိုအကူအညီတောင်းရတာအားတော့နာပေမဲ့ ကျွန်တော်ခက်ခဲနေတော့ မျက်နှာပူပူနဲ့ဘဲတောင်းဆိုတာပါ”
“ရတယ် ၂ပတ်လောက်ဆိုတော့ကိုယ်ကူညီနိုင်ပါတယ်…”
“ရက်စ်..ဒီလိုမှပေါ့…”
လက်သီးကလေးစုတ်၍အားတက်သွားသလိုဖြစ်သွားသည့်ကောင်ကလေးကသူ့အပျော်နှင့်သူ။ငယ်ရွယ်နုပျိုနေသည့် မျက်နှာပေါ်ရှိအပြုံးလှလှတို့ကြောင့် ဗန် ပါလိုက်လံပြုံးလိုက်မိသလို။
“ဗန်ဗန် ကျွန်တော်တို့ ဘယ်အချိန်လောက်ပြန်ကြမလဲ”
“ဟုတ်ပြီ..ခဏစောင့်။ကိုယ် ခဏနေဆိုရင်ပြီးပါပြီ…”
“ဟုတ်..ကျွန်တော်စောင့်ပါ့မယ်”
ငချွတ်ကလေးက လူနာကုတင်ပေါ်မှနေခါ ကျောပိုးအိတ်ပိုက်ရင်းဆိုလာတော့ ဗန်ကသူ၏သွားစွယ်ထက်ထက်ကလေးများပေါ်လာအောင်ပြုံးလိုက်ရင်း ဆေးဗန်းကိုကိုင်လို့နေရာမှထွက်ခွာသွား၏။
ဗန်ပြန်သွားမှ အဂ္ဂတစ်ယောက်ကုတင်ပေါ်ကျောချလိုက်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်၏။
“လုန ရှို့ဒ်လပ်ဗန်ဒ်…မကြာခင်အတွင်းခင်ဗျားကြီးကိုသိမ်းပိုက်ပြီး ခင်များသမီးရဲ့မျက်ရည်တွေနဲ့ကျွန်တော်အောင်ပွဲခံမယ်”
အဘန်ဒိုနိလပ်ဗန်ဒ်ဟုအမည်ရပြီး သုသုသွေးနီဟူသောအလှပလေး၏အချစ်လှည့်ကွက်အောက်တွင် ကျရှုံးခဲ့သောအဂ္ဂအဏ္ဏဝါဟာ အရှက်ကြိုးပျက်အောင် အရှက်ခွဲခဲ့သည့်သူမှာသူအရမ်းချစ်ခဲ့ရသည့်အမျိုးသမီးထံမှဖြစ်လေသည်။ သူငယ်ချင်းများ၏လောင်းကြေးစားကြေးနှင့် အဂ္ဂအချစ်အားသိမ်းပိုက်ရင်း လူတကာရှေ့တွင် လောင်းကြေးဖြင့် အနိုင်ယူခဲ့သော်လည်း သူမ မသိသည့်အကြောင်းအရာကား အဂ္ဂဟာမည်မျှအထိ အညှိုးအတေးထားတက်သည့်လူလဲဆိုတာကိုတော့မသိလိုက်ချေ။
အဂ္ဂအဏ္ဏဝါဟူသောအမျိုးသားသည် အဂ္ဂ မြင့်မြတ်သော အဏ္ဏဝါ ပင်လယ်၏မာယာကဲ့သို့ ဉာဏ်များသည့်အမျိုးသားဟာအချစ်တစ်ခုအတွက်နှင့်သူ့ကိုယ်သူလည်းစတေးခံမည်။သူ့အားနာကျင်အောင်လုပ်ခဲ့သည့် ချစ်ခင်မြတ်နိုးခဲ့ရသော အမျိုးသမီးကိုလည်း မျက်ရည်အား ဒူးနဲ့သုတ်ရလောက်အောင်အထိ အဆပေါင်းတစ်ထောင်ပို၍နာကျင်စေချင်သည်။အဂ္ဂ၏အဆိပ်ပြင်းမှုအား သူမအားမြင်စေတွေ့စေချင်မိသည်အထိ ဆန္ဒမှာ အသွေးအသားထဲမှနေခါပြင်းပြနေခဲ့၏။
ခဏကြာတော့ ဘီးတပ်ကုလားထိုင်နှင့်ပြန်ရောက်လာသည့် သူမ၏ဖခင်အားတွေ့လိုက်ရတော့ အဂ္ဂ၏နှုတ်ခမ်းတွေကိုခပ်ပြုံးပြုံးကလေးဖြစ်နေစေရန်အလုပ်ပေးလိုက်၏။
“ဗန်ဗန် ပြန်လာပြီ..”
“တက်…”ဟူသောစကားနှင့်အတူ ဗန်က ကုတင်ပေါ်ကမဂ္ဂအားဂျိုင်းအောက်မှ မရင်းဆွဲထူခါ ကုလားထိုင်တွင်ထိုင်စေလိုက်၏။
“ကိုယ်ဘယ်ကိုမောင်းပေးရမလဲ”
“ကံ့ကော်လမ်း မြို့သစ်ရပ်ကွက်ကို မောင်းပေးပါ..”
ဗန်ကမျက်ခုံးတစ်ချက်ပင့်လို့လှမ်းကြည့်ရင်း ကောင်လေးအားမေးလိုက်၏။
“ဒီနားရပ်ကွက်ကမဟုတ်ဘူးထင်တယ်..ကိုယ်အဲ့လိုရပ်ကွက်မျိုးမကြားဖူးဘူး”
“ဟုတ်တယ်…လမ်းကြိုလမ်းကြားထဲက ကျူးကျော်ရပ်ကွက်လေ..မကြာသေးခင်ကမှ ရပ်ကွက်ဖြစ်လာလို့ မြို့သစ်ရပ်ကွက်လို့ခေါ်တာ”
“အာ..ဟုတ်လား..ဒါနဲ့ ဆိုင်ကယ်ကြီးကမင်းဟာလား”
“ဟင့်အင်း သူငယ်ချင်းအကိုရဲ့ဟာ…ပျက်စီးသွားပြီဆိုတော့ ကျွန်တော်ဘဲပြန်လျော်ပေးရတော့မှာ…”
“တစ်ယောက်ထဲနေတယ်လို့လည်းပြောသေးတယ်။ မင်းအသုံးစရိတ်ကျတော့ရောဘယ်သူရှာပေးလဲ”
“ဟားဟား…ဗန်ဗန်ကတကယ်ရယ်ရတာဘဲ..ကျွန်တော်မရှာလို့ဘယ်သူဌေးကလာပေးမှာလဲဗျာ..အလုပ်လုပ်ရတာပေါ့..။ညနေကျောင်းပြန်ရင် ရေလိုက်ပို့တယ်လေ..။အဲ့တာပြီးရင် ဟိုဘက်ရပ်ကွက်ကဦးတုပ်ကြီးဆိုင်မှာ မီးသွေးဝင်လုပ်တယ်..။ညကျရင်တော့ စံပါယ်ပန်းတွေသီရတယ်လေ။ မနက်ကျကလေးတွေကလာယူပြီးလိုက်ရောင်းကြတယ်”
“အဲ့တော့ မင်းရဲ့တနေ့ဝင်ငွေကဘယ်လောက်လဲ”
“အမ်..ရေလိုက်ပို့လို့ရတာက ၅၀၀၀ မီးသွေးဖုတ်တာက ၃၀၀၀ စံပါယ်ပန်းသီတာက ၂၀၀၀လါးဘဲ…စံပါယ်ပန်းကတော့အမြဲမသီရဘူး..သူ့ရာသီနဲ့သူဆိုတော့..အဲ တစ်ခုတော့ရှိတယ် စံပယ်တွေရောင်းအားကောင်းရင်တော့နှစ်ဆလောက်ပိုရတယ်လေ”
ဗန်ကမျက်ခုံးတစ်ချက်ကြုတ်ရင်း ကုလားထိုင်ပေါ်တွင်ထိုင်နေသည့်မျက်ခုံးနက်နက်အသားဖြူဖြူနှင့်လူရည်သန့်ကလေးအားကြည့်ခါ စိတ်မကောင်းဖြစ်သွားရ၏။
“ဒါဆိုဆိုင်ကယ်ပြင်ခဘယ်လိုဆပ်မလဲ..တနေ့တနေ့စားဖို့တောင်မလောက်တာ…”
“ရပါတယ်..ကျွန်တော်ကျောင်းနှစ်ပတ်လောက်နားလိုက်ပြီးရသမျှအလုပ်အကုန်ဝင်လုပ်လိုက်ရင် ဆပ်နိုင်မှာပါ”
“အဂ္ဂ…”
“ခင်မျာ”
“အခုမင်းခြေထောက်ပတ်တီးစီးထားတာအချိန်နှစ်လယူရမယ်လေ”
“အာဟုတ်သားဘဲမေ့နေတာ..ရပါတယ်..လက်တွေကောင်းနေသေးတော့…နေ့ခင်းဘက်အရုပ်ချည်ထိုးပြီးအင်္ကျီကြယ်သီးအလှတပ်တာတွေ..အလုပ်တွေအများကြီးရှိပါတယ်”
“ဒါဆို..ကိုယ့်အတွက် လစာကရော”
“ဗန်ဗန်တာဝန်ယူရမှာလေဒါက…ဗန်ဗန့်ကားနဲ့တိုက်လို့ကျွန်တော့် အဖိုးတန် ခြေထောက်တွေနဲ့ငွေမရှာနိုင်တော့တာ”
“ဟားဟား…မင်းတော့ကွာ..ဟုတ်ပါပြီ…။ထူးထူးစမ်းစမ်းတွေထမလုပ်ရင်ဘဲတော်ရာကျနေပါပြီ”
“ကျွန်တော်ဘာထူးထူးစမ်းစမ်းလုပ်မိလို့လဲ”
“ကိုယ့်ပါးကိုနမ်းတယ်လေ”
“အာ…ကျွန်တော်ဗန်ဗန့်ကိုသဘောကျတယ်။ ကျွန်တော်ကဆင်းရဲပေမဲ့ ဗန်ဗန့်တစ်ယောက်စာတော့ရှာကျွေးနိုင်ပါတယ်”
ကုလားထိုင်ပေါ်မှကားပေါ်သို့အနည်းငယ်နာနေသည့်ခြေထောပ်များအားအားပြုရင်းတွယ်တက်သွားသည့်ကောင်လေးအားဗန်ကြောင်ကြည့်နေမိ၏။ ဒီနေ့မှစတွေ့ပြီးဒီနေ့တင်အတင့်ကျော်ပြီးတွေးနေသည်က မူလတန်းကလေးလေးဟာတက္ကသိုလ်ကျောင်းသားပါလို့ကြွေးကျော်နေသလိုဗန့်အားစနောက်နေသလိုရှိ၏။
“ဟုတ်လား…” ဟုသည့်စကားမှ
ယုံတန်းပုံပြင်ကလေးအားဆက်လို့ရအောင်
စခါနောက်ခါနှင့်ပြောလိုက်တော့အဂ္ဂကရယ်နေလေသည်။
သိပ်မကြာခင်အတွင်း ကံ့ကော်လမ်းက မြို့သစ်ရပ်ကံက်ကလေးသို့ရောက်လာ၏။ ကတ္တရာလမ်းမဟုတ်ဘဲ ရွံ့အိုင်ဗွက်အိုင်ထပြီး မြောင်းပုတ်နဲ့ရနေသည့်ရပ်ကွက်ကလေးမှာလူစီလွန်းလှ၏။အထူးသဖြင့်ဘောင်းဘီမပါဘဲလမ်းပေါ်လျှောက်ပြေးနေသည့်ကလေးငယ်ငယ်ကလေးများ နှာချေးတွဲလောင်းကလေးများနှင့်ဂျစ်တူးကလေးများက ဗန်၏ကားဖြူဖြူကလေးအားအားကျသဖွယ် ငေးမောလို့လိုက်ကြည့်နေကြ၏။ ထမိန်အားဂမုန်စထွက်အောင်ခပ်တိုတိုဝတ်ထားသည့်ဆံပင်စုတ်ဖွားနှင့်အမျိုးသမီးကြီးတစ်ချို့ဟာလည်း စူးစမ်းသလိုလိုက်လံကြည့်နေကြ၏။
“ရပြီရပြီ..ဒီအိမ်….”
ဗန် ကားစက်သတ်လိုပ်ရင်း အဂ္ဂညွှန်ပြသည့်အိမ်အားကားထဲမှနေခါ ငုံ့ကြည့်မိတော့ ခြံအပြင်လမ်းနှင့်ခြံအတွင်လမ်းအားထိုးထားသော သစ်သားတံတားကလေးနှင့်ခြံထဲကစိုစိစိမြေပြင်ဟာ ရေညှိတို့နှင့်ချော်လဲသွားမည်တောင်စိုးရ၏။ အိမ်ကလေးမှာ သစ်သားပျဥ်ကာတို့နှင့်ပေါ့ပျက်ပျက်ဆောက်ထားပြီး အဝတ်တချို့အား ခြံရှေ့တွင် တန်းထိုးပြီး လှမ်းထားသည်ကြောင့် ညစ်ပတ်နေသည်ဟုထင်ရ၏။
“ဗန်ဗန်..ဒါကျွန်တော့အိမ်ဘဲ”
“အာ..ဟုတ်ပြီ..ကိုယ်ကူညီပေးမယ်”
ဗန်ကပြောရင်းကားပေါ်မှဆင်းခါတစ်ဖက်ကားတံခါးအားဆွဲဖွင့်ရင်း အထဲကလူငယ်ကလေးအားကူတွဲလိုက်၏။
“ကျေးဇူးပါဗန်ဗန်”
“ရပါတယ်..ကိုယ်မင်းကိုကူညီမယ်လို့ပြောထားတာဘဲလေ”
ဆံပင်ဖြူဖြူတွေနှင့်ဗန့်အားလူအများကသိသိသာသာဝိုင်းကြည့်ခြင်းခံနေရသည်ကြောင့် ဗန်အလိုလိုပင်ကျောမလုံသည့်စိတ်က အနည်းငယ်လန့်နေသယောင်။
“အဂ္ဂ…”
“ဟုတ် ဗန်ဗန်”
“မင်းခြေထောက်တွေကောင်းသွားရင် ကိုယ့်ကော်ဖီဆိုင်မှာ အမြဲတမ်းဝန်ထမ်းလုပ်ချင်လား..လစာလည်းအသင့်အတင့်ရှိမှာပါ”
ထိုအခါ အိမ်ထဲကထိုင်ခုံတစ်ခုတွင်ဝင်ထိုင်ရင်းပြုံးလိုက်သည့်အဂ္ဂကတစ်စုံတစ်ခုအားအားထုတ်ရကျိုးနပ်သွားအောင်ပြုံးရယ်လိုက်မိ၏။
“တကယ်လား ဗန်ဗန်”
“အင်း..မင်းကလူငယ်လေးတစ်ယောက်ပါ..မင်းမှာကြိုးစားပိုင်ခွင့်လည်းရှိတယ်..စနေနဲ့တနင်္ဂနွေနေ့တွေမှာ သာသာစကားတစ်ခုခုသင်ချင်လား..ကိုယ်မင်းကိုထောက်ပံ့ပေးမယ်လေ..အိမ်ကကိုယ့်သမီးနဲ့အတူတူတက်ချင်လား”
“အာ..ဗန်ဗန်ကလည်း..ကျွန်တော့်ကိုအလုပ်ပေးတာနဲ့တင်ရနေပါပြီ။ဗန်ဗန့်သမီးနဲ့လည်းမရင်းနှီးချင်ဘူး။ဗန်ဗန်နဲ့ဘဲရင်းနှီးချင်တာ”
စကားအဆုံးသပ်တွင်လမ်းတလမ်းသို့ရောက်သွားသည့်ဆိုလိုရင်းအား ဗန် မျက်လုံးကလေးလွှဲလို့ရှောင်လိုက်မိ၏။
အဂ္ဂ၏အမည်မသိဖော်ပြထားသောအပြုံးကား ဝမ်းသာအားရနေသည့်အကြံသမားတစ်ယောက်ကဲ့သို့ ခပ်မဲ့မဲ့ဖြစ်နေ၏။ အဂ္ဂသူဒီလိုအစပျိုးဖို့အတွက်ကို လွန်ခဲ့သည့်တစ်လခန့်ကတည်းကကြိုတင်ပြင်ဆင်ထားရခြင်းဖြစ်ပြီး ဒီလိုရပ်ကွက်မျိုးနှင့်လည်းလိုက်ရောညီထွေးဖြစ်အောင်ကြိုးစားခဲ့ရ၏။ အဓိကကတော့ ပတ်ဝန်းကျင်ရှိနေထိုင်သူများအားငွေပေး၍အသံတိတ်ထားစေပြီး သူ့အားဆင်းရဲသားတစ်ယောက်ကဲ့သို့ဆက်ဆံရန်နည်းလမ်းအဖျာဖျာနှင့်ဇယားချခဲ့ခြင်းဖြစ်၏။
ဗန့်အားသူစိတ်ဆင်းရဲစေချင်သည်။
ဗန်စိတ်ဆင်းရဲလျှင်တော့ ဗန့်၏ချစ်သမီးလေးကပါ အလိုလိုစိတ်ဆင်းရဲမည်ဖြစ်၏။အဓိကအချက်ကတော့ ဗန်ဟာ သူ့အားစုံလုံးကန်းနေအောင်ချစ်သွားရဖို့သာဖြစ်လေသည်။ဒါမှသာ သားအဖနှစ်ယောက်ကြားထဲသို့ပဋိပက္ခများအားသယ်ဆောင်ရင်း သာယာနေသောမိသားစုကမ္ဘာကလေးပျက်စီးသွားလိမ့်မည်သာ။
ဗန်ဟာ Gay တစ်ယောက်ဆိုတာကိုလည်း သူ့သမီးအားပေးသိစေချင်သည်။ထိုအခါတွင်ချစ်ဖေဖေ၏လိင်စိတ်တိန်းညွတ်မှုအပေါ်သူမဘယ်လိုလက်ခံမလဲဆိုတာကိုလည်း အားရပါးရထိုင်ကြည့်မည်။အဆိုးဆုံးကတော့ သူ့ချစ်ဖေဖေ၏ခင်ပွန်းလောင်းဟာ အဂ္ဂအဏ္ဏဝါဆိုသည့်သူသာဖြစ်နေလျှင် စိတ်ဆိုးမာန်ဆိုးနှင့် ဒေါသထွက်နေမည့် သူ၏အချစ်ဟောင်းကလေး၏မျက်နှာအားဇိမ်ကျကျနှင့်ကြည့်ချင်မိသည်သာ..။ပြီးလျှင်တော့ သူမ၏အချစ်ကိုမရမကသူပြန်ယူပြီး သူ့ခြေထောက်နားတွင်ပြားပြားဝပ်ခစားနေစေရမည်။
…………………….
1.5.2024
11:16 pm.