Part 4
းစံအတိုင်း ဗန်တစ်ယောက် အပူရှိန်ဟပ်နေ သောပျဥ်ထောင်အိမ်ခပ်ကျဥ်းကျဥ်းကလေးထဲတွင် အဂ္ဂရဲ့အနီးကပ်ဆရာဝန်အဖြစ်ပြုစုပေးလို့နေခဲ့၏။ ထမင်းမချက်နိုင်၍ နေ့လည်စာထမင်းကို ဗန်ကဆိုင်ကမှာပေး၍ ထမင်းကျွေးနေခြင်းဖြစ်သည်။ဟိုဟိုဒီဒီအစားမရွေးသည့်အပြင် သူ့ရှေ့ရောက်တိုင်းနာခံနေတက်သည့်ကလေးငယ်ဟာ သူဘာကျွေးကျွေးမငြင်းဘဲစား၏။ ခုလိုမြိန်ရေရှက်ရေစားနေသည့်ပုံစံကလေးအားကြည့်ခါ ဗန် ဂရုဏာသက်မိ၏..။
“ဗန်ဗန်…”
ကြည်လင်ပျက်သားနေသည့်အသံကလေးအားအစွဲပြုလို့ ဗန့်နာမည်အား ဗန်ဗန်ဟုခပ်ချွဲချွဲကလေးခေါ်လိုက်သည့်အခါ ဗန် ဖျက်ခနဲလှည့်ကြည့်လိုက်၏။
“ဟင်..စားလို့ဝပြီလား”
“အင်း..ကျွန်တော်ဝပြီ”
“ကောင်းပြီ..ကိုယ်ပန်းကန်တွေသိမ်းလိုက်အုံးမယ်”
ထိုအခါယပ်တောင်တဖြတ်ဖြတ်ခပ်နေတဲ့ဗန်က ယပ်တောင်အားဘေးဘက်ချလိုက်ရင်းစားပွဲအသေးကလေးပေါ်က စားပြီးသားပန်ကန်းများအား ဟိုဟိုဒီဒီသိမ်းဆည်းလို့နေခဲ့၏။ဒါကို မျက်စိဒေါက်ထောက်ပြီးကြည့်နေသည့် အဂ္ဂက မျက်မှောင်တစ်ချက်ကြုတ်ရင်း ဘာအကြံထုတ်ရမလဲဟူ၍ပင်စဥ်းစားဉာဏ်တို့အားထုတ်နေလေပြန်သည်။
“ဗန်ဗန့်အသက်ကဘယ်လောက်လဲဟင်”
ရုတ်တရက်ထမေးလိုက်သည့် မေးခွန်းကြောင့်ဗန် ပန်းကန်တွေသိမ်းနေရာမှ သမင်လည်ပြန်ကလေးနောက်လှည့်ကြည့်လိုက်၏။ သူ့အားစိတ်ဝင်တစားကြည့်နေသည့် ကောင်ငယ်ကလေးအား အပြုံးချိုချိုကလေးဖြင့်ပြုံးပြလိုက်ရင်း ပြန်မေးလိုက်၏။
“အဂ္ဂက ကိုယ့်ကိုဘယ်လောက်လို့ထင်လို့လဲ”
“ကျွန်တော့်အထင်..၃၀များလား”
“မင်းကိုယ့်ကိုမြှောက်လွန်းအားကြီးနေပြီ”
“အမ်..ဒါဆို ၃၂လား”
“No”
“အာ..ဘယ်လောက်လဲ..ကျွန်တော်ခေါင်းရှုပ်လာပြီ”
စိတ်ဆိုးသည့်အမူအရာကလေးနှင့်ထပ်ပြီးမစဥ်းစားချင်တော့အောင်တကယ်ခေါင်းရှုပ်နေပြီဖြစ်သော အဂ္ဂဟာ ခေါင်းကဆံပင်တွေအားထိုးဖွရင်း သက်ပြင်းကိုတွင်တွင် ခံတွင်းမှ မှုတ်ထုတ်ပစ်လိုက်၏။
ဤအချင်းအရာအားကြည့်ရင်းမျက်ခုံးပင့်လိုက်မိသည့် ဗန်ကပင် သူ့ဘက်ကအလျော့ပေးသောအပြုံးကလေးနှင့်မျက်လွှာချလို့ပြုံးရင်း အဂ္ဂအနားလျှောက်လှမ်းခါ ဆံပင်အုပ်အုပ်အိအိကလေးအား သဘောကျစွာ ခပ်နာနာကလေးပွတ်ဖွပေးလိုက်၏။
“ကျွန်တော့်ခေါင်းကိုမကိုင်နဲ့မကြိုက်ဘူး။ပြီးတော့ဗန်ဗန့်လက်မှာဟင်းနံ့တွေစွဲနေတာ”
မကြိုက်ကြောင်းခေါင်းကိုခါရင်းလက်ကိုပုတ်ထုတ်လိုက်သည့်အခါ ဗန်က ပိုလိုတောင်ပြုံးရယ်လိုက်မိ၏။
“ကိုယ့်အသက် ၃၈ နှစ်”
ထိုစကားအားကြားသည့်အခါ အဂ္ဂတစ်ယောက် မေးရိုးများပင်ပြုတ်ကျသွားသယောင်ပါးစပ်အဟောင်းသားဖြစ်လို့နေခဲ့၏။
“ချီး..တကယ်ကြီး၃၈လား။ ဗန်ဗန်ကျွန်တော့်ကိုမနောက်နဲ့”
“ကိုယ်ကဘာလို့နောက်ပြောင်ရမှာလဲ”
“ဒါဆို ဗန်ဗန်အသက်ဘယ်လောက်မှာအိမ်ထောင်ကျတာလဲ”
“ကိုယ့်အသက်၂၁မှာ..အဲ့တုန်းက သုသုလေးက သူ့အမေဗိုက်ထဲမှာ 5 လသမီးလေးဘဲ ရှိသေးတာလေ..”
ထိုစကားအားကြားရသည့်အခါ အဂ္ဂက သဘောမကျသလိုမျက်ခုံးနှစ်ဖက်တို့အားတွန့်ချိုးထားလေ၏။ ထိုသို့တွန့်ချိုးနေသည့်မျက်ခုံးတို့အားမြင်လိုက်ရသည့် ဗန်က စိတ်ကြေနပ်နေသည့်အပြုံးတို့မှာမျက်နှာတွင် သိသိသာသာဖြစ်ထွန်းလျှက်ရှိ၏။ ဗန်၏လတ်တလောအတွေးမှာ သူ့အားသဝန်တိုနေသည့်ကောင်လေးတစ်ယောက်အဖြစ်သာအတွေးထဲပုံဖော်နေခဲ့ပေမဲ့ လက်ရှိတွင် အဂ္ဂတွေးနေသည့်အတွေးတို့အား ဗန် မသိရှိလိုက်ရချေ။
အဂ္ဂတွေးနေသည့်အတွေးတို့မှာ ပူလောင်မွန်းကြပ်၍ ရွံရှာစက်စုတ်နေသောအတွေးများသာဖြစ်လေသည်။လိင်တူကြိုက်နှစ်သက်သည့်သူ့မျက်စိရှေ့ကလူသားအားအဖေတော်ထားရသည့် သုသုသွေးနီအားတစ်ဖက်တလှည့်မှ ကိုယ်စား မုန်းတီးနေမိသလို ရွံစရာသတ္တဝါတစ်ကောက်အဖြစ်သာစိတ်ထဲမွန်းကြပ်လို့နေခဲ့၏။ ဖြစ်နိုင်လျှင် ဒီကိစ္စကြီးကိုခုချက်ချင်းတောင်ရပ်တန့်ပစ်ချင်လိုက်မိသည်အထိ အဂ္ဂ၏စိတ်အခြေအနေမှာ ဆိုးရွားလှ၏။ သုသုသွေးနီ၏ပျော်ရွှင်စရာမိသားစုကမ္ဘာလေးထဲသို့ သူဝင်ရောက်ဖျက်စီးမည်။အဆုံးသတ်တွင် သူအလွန်နှစ်ခြိုက်ရသည့် သူမနှင့်သူမဖခင်တို့စိတ်ဝမ်းကွဲတာကိုမြင်ချင်လှ၏။သူ့အချစ်ကိုလက်မခံဘဲ စိတ်ကြိုက်ကစားပြီးအရှက်ကွဲစေခဲ့သူကို သူ့လိုလူတစ်ကာအလယ်မှာအရှက်ပြန်ကွဲစေချင်သည်။ ပြီးလျှင်တော့ နိဂုံးသတ်အနေနှင့် သူမကို သူ့အရှေ့ဒူးထောက်ကျလာအောင်သိမ်းသွင်းပစ်တော့မည်။ ထိုသို့အတွေးစကလေးကပင်သူ့အားပျော်ရွှင်လာစေသည်အထိလုပ်ဆောင်နေနိုင်လျှင် တကယ့်အဖြစ်အပျက်ကြီးသာ ဖြစ်လာခဲ့လျှင်သူဘယ်လောက်တောင်ပျော်ရွှင်နေရလိမ့်မည်နည်း။
“အဂ္ဂ..ဘာတွေပျော်နေတာလဲ”
ဗန့်အသံကြောင့်အဂ္ဂစိတ်မလုံခြုံစွာခေါင်းမော့ကြည့်လိုက်လျှင် ဗန်ကသူ၏ဘေးလွယ်အိတ်ကိုတောင်လွယ်ပြီးနှင့်ပြီဖြစ်၏။ အဂ္ဂအလန့်တကြားကြည့်ရင်း ဟန့်တားလိုက်မိ၏။
“ဗန်ဗန်..ဒါကဘယ်ကိုလဲ”
“အော..ကိုယ်ဒီနေ့ ဆိုင်ဝင်ရမှာ..စောစောပြန်မှရမယ်”
“ဟင့်အင်း ဗန်ဗန်ကျွန်တော့်အနားမှာဘဲနေပေးရမယ်..ဗန်ဗန်မရှိရင် ကျွန်တော်မနေတက်ဘူး”
ထိုစကားကြောင့်ဗန်၏ပါးနှစ်ဖက်ရဲတက်သွားလေသည်။
“မဆိုးလေ .. ကိုယ့်ဧည့်သည်လာမှာမို့လို့”
“ဘယ်ကဧည့်သည်လဲ”
“အသိကလေးလေးပါ..မုန့်အရမ်းကြိုက်လို့ ကိုယ့်ဆိုင်ကိုလာဖို့ကို ကိုယ်က ဖိတ်ထားတာမို့လို့လေ”
အသိကလေးလေးဟူသောနာမ်စားအောက်တွင် အဂ္ဂ၏သိသိသာသာကြုတ်ဝင်သွားသောမျက်ခုံးများအောက်က မျက်လုံးနက်နက်များမှာ scan ဖတ်နေသလိုတစ်ခုခုအားသိရှိသွားတော့၏။ သူအရင်တစ်ခါတွေ့ခဲ့သည့် ဘေးအိမ်က အီစီကလီအနေအထားရောက်နေတဲ့ကောင်လေး..။ ကြည့်ရသလောက် ဗန့်၏အသွင်အပြင်နှင့်ယှဥ်လျှင်သိသိသာသာကွဲပြားနေသည့်အမူအရာနှင့်အတူကောင်လေးက ထိုလူ၏အကြိုက်ပုံစံများလား။ သွက်သွက်လက်လက်ရှိလွန်းသည့်ထိုကောင်လေးသည် ဗန်နှင့်ဘယ်အဆင့်ထိရောက်နေပြီလဲဟူ၍စိတ်ထဲမှစိတ်ပူမိပြန်သည်။ သူတို့ဆက်ဆံရေးထဲကြားလူမဝင်နိုင်စေရန်ခုကတည်းကဖယ်ရှားသင့်တာဖယ်ရှားရမည်မဟုတ်လား။
“အင်း အာ့ဆို ဒီတစ်ခါတော့လွှတ်ပေးလိုက်မယ်။”
“အင်း .. အဂ္ဂရောဘာစားချင်လည်းကိုယ်မနက်ဖြန် ဆိုင်ကနေကိတ်ဝယ်ခဲ့ပေးမယ်”
“ဗန်ဗန်”
“အင်းအင်း..ကိုယ်နားထောင်နေတယ်”
“မနက်ဖြန် အချိန်ပိုအနေနဲ့ ကျွန်တော့်အိမ်မှာအိပ်ရမယ်”
“ဟမ်..မ..မရလောက်..”
“ဗန်ဗန်”
“ဟင်”
အဂ္ဂကဘာစကားမှမပြောဘဲတစ်ချက်သာစိုက်ကြည့်နေသည်မို့ ဗန် ညာဘက်ပါးပြင်ကလေးအားလက်ညှိုးဖြင့်ခပ်ဖွဖွကုတ်ခြစ်ရင်းမျက်လုံးကလေးလည်လို့စဥ်းစားမိ၏။ အဖြေပြန်မရသေးသဖြင့် အကြည့်မခွာသေးသည့်အဂ္ဂကတော့ မျက်လုံးတွေကိုပင်မှေးကျဥ်းလို့ကြည့်လိုက်မိသေး၏။
“အာ..ဟုတ်ပြီ..ကိုယ်လာအိပ်ပါ့မယ်”
အဂ္ဂကပြုံးပြုံးကလေးဖြင့်သူ၏ချောမောလွန်းသည့်မျက်နှာကလေးအားအသုံးချလိုက်ရင်း တစ်ဖက်လူ၏နှလုံးသားအားကလူကျီစယ်လိုက်၏။
“အင်း..ဗန်ဗန်နောက်ကျနေအုံးမယ် သွားတော့လေ”
ဗန်က အဂ္ဂအားတာ့တာပြလိုက်ရင်း သွားညီညီအတန်းကလေးပေါ်လာအောင်သွားစိလို့ရယ်ပြလိုက်လျှင် အဂ္ဂကပြုံးသည်ဆိုယုံကလေးသာပြုံးပြရင်း အိပ်ယာထဲပြန်လှဲလိုက်၏။
ထို့နောက်ကားစက်နှိုးသံတစ်ခုအားကြားလိုက်ရပြီးသည့်နောက် လျှင်မြန်စွာထွက်ခွာသွားသောကားအဖြူကလေးမှာအတော်ဝေးဝေးရောက်သွားပြီဖြစ်ကြောင်းအတည်ပြုပြီးမှ ဗန် အိပ်ယာထဲမှလျှင်မြန်စွာထလိုက်၏။ ချည်နှောင်ထားသောပတ်တီးများကအဂ္ဂခြေထောက်အားအနှောက်အယှက်မပြုကြသည့်ပုံပင်။ စားပွဲခုံထဲတွင်ထည့်ထားသော နောက်ဆုံးထွက်ထားသည့် ဖုန်းအားယူခါ တစ်စုံတစ်ယောက်အားဖုန်းထုတ်ဆက်နေသံအားကြားနေရ၏။
“ကားထုတ်ပြီးခုချက်ချင်း ကျုပ်ကိုလာခေါ် ..။ ဝတ်ရမဲ့အဝတ်တွေပါတစ်ခါထဲထည့်ခဲ့..”
“ဟုတ်ကဲ့ပါသခင်လေး”
တစ်ဖက်လူ၏ဖုန်းထဲမှပြန်ဖြေသံက ရိုကျိုးနေသည့်လေသံငြိမ်ငြိမ်ဖြင့်ပြန်ဖြေသံအား အဂ္ဂကစိတ်ဆက်နေသည့် လေသံဖြင့်ပြန်ဆိုလိုက်၏။
” ဖြိုးဟဲဈာန် ကို C&C cafe မှာ အဲ့လူအိုကြီးရဲ့အခြေအနေကို အရိပ်လို စောင့်ကြည့်ခိုင်းထားလိုက်”
“ဟုတ်ကဲ့ပါ သခင်လေး..ကျွန်တော်တို့လူပို့ထားလိုက်ပါ့မယ်”
အဂ္ဂဖုန်းချပြီးနောက် စားပွဲပေါ်သို့လှည့်ကြည့်မိတော့ ခုံပေါ်တွင် ထိုလူကြီးကျန်ခဲ့သည့် လက်ပတ်နာရီအားတွေ့လိုက်ရ၏။ နာရီမှာ လူငယ်ဆန်သည့်ဘက်မဟုတ်ဘဲ လူအိုကြီးများအဝတ်များသည့်ပုံစံမို့ အဂ္ဂနှာရှုံ့ရယ်လိုက်မိလေသည်။
“အကြိုက်ကအစ ပုံတုံးတုံးနာမည်မရှိတော့တဲ့ဒီဇိုင်းကြီးကို ဟောင်းကလည်းဟောင်းနေပြီကို ဘာကိစ္စနဲ့များဝတ်ထားနေရတာလဲ”
အဂ္ဂရယ်သွမ်းသွေးရင်းမှနောက်နေ့ပြန်တွေ့ရင်ပြန်ပေးဖို့သူ့စားပွဲခုံပေါ်ပြန်တင်လိုက်သော်လည်း တစ်ခုခုကခေါင်းထဲမြည်ဟီးလို့ဝင်လာလေသည်။
ဟောင်းနွမ်းနေပြီဖြစ်သောနာရီကိုဆောင်ထားပုံအရ ထိုနာရီဟာတစ်ခုခုဖြစ်မှန်းသူသတိထားလိုက်မိသည်ကြောင့် နှုတ်ခမ်းတွေအားခပ်မဲ့မဲ့ကလေးပြုံးလိုက်ရင်း နာရီကိုသူ့လက်တွင်ပတ်စေလိုက်၏။
“သုသုသွေးနီ..မင်းရဲ့အဖေကငါ့လက်ထဲမှာ မကြာခင်ငါ့ရဲ့လူဖြစ်လာတော့မှာ.. ဘယ်အရာကိုမှမကြောက်တက်တဲ့မင်းက မင်းရဲ့အဖေကိုထိမိရင်တော့မျက်ရည်ပေါက်ပေါက်ကျအောင်နာတက်တဲ့သူမို့ မင်းရဲ့မျက်ရည်တွေကိုမြင်ချင်နေပြီ။ ”
ရေရွတ်တီးတိုးသံအဆုံးတွင်ခြံအပြင်ဝတွင်ဆိုက်ရပ်လာသည့်အနက်ရောင်ပြောင်လက်နေသည့်မြင့်မားသောကားကြီးအားတွေ့လိုက်ရ၏။ ထိုကားပေါ်မှ ရေးကြီးသုတ်ပြာဖြင့်ဆင်းလာသည့် လိုင်းနှစ်ကြောင်းဖောက်ထားသည့် ကုတုံးဆံပင်ပေါက်နှင့်လူမှာအနက်ရောင်နေကာမျက်မှန်အားစမတ်ကျစွာတပ်ဆင်ရင်း ခဲရောင်စတိုင်ပန်နှင့်အတူ အနက်ရောင်လည်သာဖိနပ်အားလိုက်ဖက်ညီညီဝတ်ထားသည့်ဖြိုးဟဲစျာန်အားတွေ့လိုက်ရ၏။အဂ္ဂ၏မျက်ခုံးများကတော့သိသိသာသာစုကြုတ်သွားရင်း စိတ်ပျက်သွားဖွယ်ရှိ၏။
“ဖြိုးဟဲစျာန်..မင်းကို ဟိုကောင်ငဒူးနဲ့ငါဘာမှာလိုက်သလဲ”
ဖြိုးဟဲစျာန်ဆိုသည်မှာ အဂ္ဂထက်အသက်၅နှစ်ပိုကြီးသည့်လုပ်ဖော်ကိုင်ဖက်လုပ်ငန်းတူအကျိုးပူးပေါင်းထားသည့်အလွန်ရင်းနှီးသည့်အဖွဲ့သားများသာဖြစ်၏။ အဂ္ဂအဏ္ဏဝါမောင်၏ မိဘများချန်ခဲ့သောလုပ်ငန်းများစွာများထဲမှတစ်ချို့တစ်ဝက်အားစီမံအုပ်ချုပ်နေရသည့် အကိုကြီးတစ်ယောက်လိုမျိုးအဖွဲ့ဝင်သားဖြစ်သည်မို့ အဂ္ဂလိုဂုဏ်မောက်လွန်းသည့်ငချွတ်ကလေးတစ်ယောက်အတွက်ကတော့ တန်းတူဆက်ဆံနေသည့်လယ်ဗယ်တမ်းတစ်ယောက်လို..။ခင်မင်လွန်းအားကြီးသည့်ဖြိုးဟဲစျာန်ကလည်း အဂ္ဂဆိုသမျှအားညီငယ်လေးတစ်ယောက်လိုသာ ဆန္ဒဖြည့်ဆည်းပေးသည့်အကိုကြီးတစ်ယောက်လို။
“ငါ ရန်လေးကိုပို့ထားလိုက်ပါပြီကွာ..လောလောဆယ် ငါ့အခြေအနေက သူများကော်ဖီဆိုင်မှာသွားဆော့ကစားနေရမဲ့အခြေအနေနဲ့တူနေလို့လား..ရန်လေးသွားတာနဲ့တင်လုံလောက်နေပါပြီ”
အဂ္ဂကနှာတစ်ချက်မှုတ်ထုတ်လိုက်ရင်း ဖြိုးဟဲစျာန်ယူလာသည့်အင်္ကျီအားအလုံးစုံလဲပြီးနေပြီဖြစ်၏။
“သွားမယ်..ဟိုလူအိုကြီးဆီကို”
ဖြိုးဟဲစျာန်က မျက်ခုံးတစ်ချက်ပင့်ရင်းလေများကိုမှုတ်ထုတ်လိုက်မိ၏။ ခုတလော အချစ်ရေးမှာဂျုံးဂျုံးကျနေတဲ့ကားပျက်ကြီးလိုဖြစ်နေတဲ့သူတို့ညီငယ်လေးက ဘာတွေပွေလီနေသလဲဆိုတာကိုလိုက်မမှီနိုင်အောင်နားလည်ရခက်လွန်းလှ၏။
“အဂ္ဂ မင်းဘာတွေအရူးထနေတာလဲ… ဒါမျိုးက ဆော့ကစားလို့ကောင်းတဲ့အရာမဟုတ်ဘူးနော်”
“မင်းဘာသိလို့လဲ အဲ့ဒိမိန်းမကို ငါအနိုင်ပြန်ယူပြမှာ”
“မင်းကြားထဲကိုအပိုလူတွေဆွဲထည့်နေတာဘဲ အဂ္ဂရာ…”
“ကံကြမ္မာအရဘဲ ကိုယ့်လူ..အဲ့မိန်းမရဲ့စနက်ကြောင့်လို့သာမှတ်..အပစ်တင်ချင်ရင် သူ့သမီးကိုသူပြန်တင်လေ..”
ဖြိုးဟဲစျာန် ကားမောင်းနေရင်းမှ တစ်စုံတစ်ခုအားရေရွတ်ပြောလိုက်၏။
“အချစ်မပါစေနဲ့ အဂ္ဂ…ရှိတက်ကြတယ်လေ လူတွေကအနေနီးရင် အကုန်လုံးသံယောဇဥ်တွယ်သွားတက်ကြတာချည်းဘဲ”
အဂ္ဂကတော့ ဖြိုးဟဲစျာန်ပြောသမျှစကားအားလှောင်ပြောင်ရယ်မောရင်း ဂရုမစိုက်သလိုအာရုံလွှဲလိုက်တော့၏။
…………………..
11.5.2024.
11:00 pm.