Chapter 2
2000
အပိုင်း (၂)
ရှင်းနေခိုးသည် စားမေးပွဲဖြေချိန်တစ်နာရီပြည့်၍ ခေါင်းလောင်းတီးချိန်မှ စာမေးပွဲခန်းထဲကထွက်လာ၏။ သစ္စာရှိသည့်သူငယ်ချင်းနှစ်ယောက်သည် သူ့အား ကျောင်းအုပ်ဆရာမကြီးရုံးခန်းနားရှိကုက္ကိုပင်အောက်တွင်စောင့်နေမည်ဖြစ်၍ သူ ထိုနေရာသို့ တန်းတန်းမတ်မတ်ထွက်လာခဲ့လိုက်သည်။
လင်္ကာသည် ဗိုက်ဆာလွန်း၍ စိုင်းရန်မခယူလာသည့်ပေါင်မုန့်အား စားနေပြီဖြစ်ပြီး စိုင်းရန်မခမှာ ပဲနို့ဘူးလေးကိုင်ထားပေး၏။ ရှင်းနေခိုးကိုမြင်သည့်အခါ လင်္ကာက မြူးကြွစွာလက်လှမ်းပြရင်း ’ နေခိုး ဖြေနိုင်လား’ ဟုအော်မေးလေသည်။ လေးထောင့်မကျတကျမျက်မှန်လေးအား ဟန်ပါပါပင့်တင့်လိုက်ရင်း ရှင်းနေခိုးက လက်မနှင့်လက်ညှိုးလေးကိုဝိုင်းပြကာ အိုကေဟုဆို၏။
” နည်းနည်းတိုက် ”
” ဒါမသောက်နဲ့ လင်္ကာ့အတွက် ”
အနားသို့ ရောက်ရောက်ချင်း သူ့လက်ထဲမှ ပဲနို့ဘူးအားယူတော့မည့်ရှင်းနေခိုးလက်အား စိုင်းရန်မခပုတ်ထုတ်သည်။ ထို့နောက် ကျောပိုးလွယ်အိတ်လေးထဲမှ ပဲနို့နောက်တစ်ဘူးထုတ်ပေး၏။
” ကျေးဇူး အဖေ ”
ရှင်းနေခိုးက ရွှတ်နောက်နောက်ဆိုသည့်အခါ စိုင်းရန်မခက ‘ ရပါတယ် သားလေးရဲ့ ‘ ဟု ပြန်နောက်သည်။ ငယ်သူငယ်ချင်းသုံးယောက်ထဲတွင် စိုင်းရန်မခသည်အကြီးဆုံးဖြစ်ကာ လူကြီးဆန်သည့်အလျောက် ရှင်းနေခိုးနှင့် မှူးလင်္ကာကိုတို့အပေါ် အစ်ကိုကြီးတစ်ယောက်နှယ်ဆက်ဆံ၏။ စောင့်ရှောက်၏။ ယခုလည်း စားမေးပွဲခန်းထဲမှထွက်လာလျှင် အဆာပြေစားရအောင်ဟုဆိုကာ အိမ်မှပေါင်မုန့်ထုပ်နှင့်ပဲနို့ဘူးများကို ယူထည့်လာခြင်းဖြစ်သည်။
” ဒါနဲ့ လင်္ကာ ဖြေနိုင်လား…”
” မသိဘူး မခကိုမေးလေ ”
လင်္ကာက ပေါင်မုန့်ပလုတ်ပလောင်းဝါးရင်း စိုင်းရန်မခကို လက်ညှိုးထိုးပြသည်။ အကြောင်းမှာ စိုင်းရန်မခနှင့်လင်္ကာသည် ခုံနံပါတ်ဘေးချင်းကပ်ထိုင်ရ၍ဖြစ်သည်။ လင်္ကာသည် သင်္ချာကိုမုန်းလှသည်ဖြစ်ရာ ကြည့်ချင်သည့်အပုဒ်များသာရွေးကြည့်တတ်ပြီး စာမေးပွဲခန်းထဲရောက်လျှင် စိုင်းရန်မခဆီမှ အမြဲတစေ အဖြေတိုက်ရေးလေ့ရှိ၏။
” ငါ ဖြေနိုင်တယ် ”
ရှင်းနေခိုး၏အကြည့်အား စိုင်းရန်မခခေါင်းညိတ်ရင်းဖြေသည်။
” ဒါပေမဲ့ ဒီတစ်ခါတော့ လင်္ကာ သူ့ဘာသာဖြေတာများပါတယ်။ ”
စိုင်းရန်မခက လင်္ကာ့ကို ထိုသို့ကာကွယ်ပြောတတ်သေး၏။
” သွားကြမယ်လေ ”
ရှင်းနေခိုးက ပဲနို့ဘူးခွံကို အနီးနားရှိအမှိုက်ပုံးထဲသို့ပစ်လိုက်ပြီးနောက် အရှေ့ဆုံးမှ လျှောက်သွားသည်။ ထို့နောက် လက်ထဲမှလက်ကျန်ပေါင်မုန့်အား ပါးစပ်ထဲအကုန်ထိုးထည့်၍ လက်ခါရင်း လင်္ကာက နောက်မှလိုက်၏။ စိုင်းရန်မခသည် လင်္ကာမသောက်တော့မည့်ပဲနို့ဘူးကို ကုန်အောင်သောက်လိုက်ကာ အမှိုက်ပုံးထဲပစ်ထည့်ပြီးမှ အနောက်ကလိုက်သွားလေတော့သည်။
၁၆၊ ၁၀၊ ၂၀၂၃။ တနင်္လာ ။
ချစ်ခြင်းမေတ္တာဖြင့်
ကိုကို