Chapter 3
2000
အပိုင်း (၃)
” ဘယ်သွားမလို့လဲ လင်္ကာ ”
စာအုပ်လေးကိုင်၍ လင်္ကာအခန်းထဲမှထွက်လာစဉ် ဧည့်ခန်းတွင်ရှိနေသည့် အဒေါ်ဖြစ်သူဒေါ်မေမြတ်ဦးက မေးသည်။
” မခဆီကို အန်တီမေမေ ”
လင်္ကာ အဒေါ်ဖြစ်သူအား ထိုမျှသာပြောခဲ့ပြီး မခတို့အိမ်ဘက်သို့ပြေးထွက်လာလိုက်၏။ စာမေးပွဲလေးဘာသာဖြေပြီးနောက် ကျောင်းနှစ်ရက်ပိတ်သည်ဖြစ်ရာ နောက်နှစ်ဘာသာအား တစ်ယောက်တည်းကျက်ရမည်ကို လင်္ကာပျင်း၏။
ထို့ကြောင့် ကပ်လျက်တွင်ရှိသည့်မခတို့အိမ်သို့ ကူးလာခြင်းဖြစ်သည်။
” လင်္ကာ မခဆီသွားမလို့လား ”
မခတို့ခြံတံခါးကိုဖွင့်နေသည့်လင်္ကာ့လှုပ်ရှားမှုများရပ်တန့်သွားပြီး နောက်သို့လှည့်ကြည့်သည်။ မခတို့အိမ်နှင့်သူတို့အိမ်၏မျက်နှာချင်းဆိုင်ခြံမှ နှစ်ထပ်အိမ်အပေါ်ထပ်ဝရန်တာတွင်ရှိနေသည့် ရှင်းနေခိုးသည် စာအုပ်လေးကိုင်ကာမတ်တတ်ရပ်လျက်သားဖြင့် လှမ်းမေးနေခြင်းဖြစ်သည်။
” အေး ဟုတ်တယ် ”
” ငါလည်း လာမယ် ”
ပြောရင်းနှင့် ရှင်းနေခိုးက ချာခနဲလှည့်ထွက်၏။ လင်္ကာက မခတို့ခြံတံခါအားဖွင့်လျက်စောင့်နေသည်။ တခဏအတွင်း အိမ်ရှေ့သို့ရောက်ချလာသည့်ရှင်းနေခိုး၏ဘယ်လက်တွင် စာအုပ်လေးနှစ်အုပ်နှင့် ညာလက်တွင်ခေါက်ဆွဲခြောက်သုံးထုပ်ကိုပိုက်လာသေး၏။
” ဒါတွေက ဘာလုပ်ဖို့တုန်း ”
လင်္ကာကဆီးကြို၍မေးသည်။
” ပြုတ်စားမယ်လေ။ ဒီအတိုင်းစာကျက်ရမှာ ပျင်းစရာကြီး။ ”
” အေးနော် ကြက်ဥနဲ့ကြက်သားနဲ့ အရွက်လေးတွေပါ, ပါရင်ကောင်းမယ်။ ”
” အန်တီကြည်ဖြူ့ဆီမှာရှိလောက်တယ်ကွ ။ ငါတို့ဆိုရင် ပြုတ်ကျွေးမှာပါ ”
” လာ လာ ဝင်ရအောင် ”
လင်္ကာက တက်တက်ကြွကြွနှင့် အရှေ့မှဝင်သွား၏။ပန်းပင်များစွာစိုက်ထားသည့်ခြံဝင်းလေးထဲ ကွန်ကရစ်ခင်းလမ်းလေးအတိုင်းလျှောက်လာပြီးနောက် အမြဲလိုလိုသော့မခတ်ထားသည့်အိမ်တံခါးမကြီးအား နှစ်ယောက်သားတွန်းဖွင့်၍ ဝင်သွားလိုက်သည်။
စိုင်းရန်မခသည် သူတို့နှစ်ယောက်ရောက်လာမည်ကို သိသည့်အလား ပန်းသီးကိုက်စားကာ ဧည့်ခန်းတွင်မတ်တတ်ရပ်စောင့်နေ၏။
” မခ ခေါက်ဆွဲပြုတ်ကျွေး ”
လင်္ကာက မျက်နှာချိုသွေး၍ဆိုသည်။ မခက ပန်းသီးတစ်ကိုက်,ကိုက်ချလိုက်ရင်း…
” စာကျက်ဖို့လာတာမဟုတ်ဘူးလား။ မပြုတ်ပေးဘူး။ ”
မခက ခပ်ပြတ်ပြတ်ပင်ဆိုကာ လှည့်အထွက်
” အန်တီကြည်ဖြူရေ့ မခက သားကို ခေါက်ဆွဲပြုတ်မပေးဘူးတဲ့ …”
လင်္ကာ အားကုန်အော်လိုက်သည့်အခိုက် မခသည် လင်္ကာ့ပါးစပ်ကိုဆွဲပိတ်၏။ လင်္ကာ့အား သားအရင်းလိုချစ်လှသည့် စိုင်းရန်မခ၏အမေ ဒေါ်ကြည်ဖြူခင်သည် ဘယ်အခြေအနေမျိုးတွင်မဆို လင်္ကာ့ဘက်မှပါတတ်သည်။
” ပြုတ်ပေးမယ် ပြုတ်ပေးမယ် ဟုတ်ပြီလား ကျေနပ်လား ”
လင်္ကာ့အနောက်မှနေ၍ ဆွဲပိတ်ထားသည့်ပါးစပ်မှလက်ကိုဖယ်လိုက်ရင်း မခက ဘာမှမတတ်နိုင်တော့သလိုသာဆိုသည်။
” သုံးထုပ်လုံးပြုတ် ”
ရှင်းနေခိုးက မခလက်ထဲသို့ ခေါက်ဆွဲခြောက်သုံးထုပ် ထိုးထည့်ပေးသည်။
” ကြက်ဥရော အရွက်ရော အသားရောထည့် ”
လင်္ကာကဆိုသည့်အခါ မခက စိတ်ကျေနပ်ရင်ပြီးရောဆိုသည့်သဘောဖြင့် မေးငေါ့ပြ၏။ ထို့နောက် လင်္ကာနှင့်ရှင်းနေခိုးသည် အပေါ်ထပ်ရှိ မခ၏အခန်းဆီသို့တက်ရန်ပြင်စဉ်တွင်….
” ငယ်ထွေးရောအမေရော အိပ်နေတယ်နော် ဟေ့ကောင်တွေ တိုးတိုးတိတ်တိတ်နေ ”
” သိပါတယ် ”
မခ၏သတိပေးမှုအား လင်္ကာနှင့်ရှင်းနေခိုးသည် ခပ်ချေချေခပ်ဆောင့်ဆောင့်လေသံနှင့် ပြိုင်တူပြန်ဖြေရင်း အပေါ်ထပ်သို့တက်သွားတော့သည်။
၁၆၊၁၀၊၂၀၂၃။ တနင်္လာ။
ချစ်ခြင်းမေတ္တာဖြင့်
ကိုကို