Chapter 4
2000
အပိုင်း (၄)
မခ၏သတိပေးမှုအား ခပ်ချေချေပြန်ဖြေခဲ့ကြသော်လည်း လင်္ကာနှင့်နေခိုးသည် မခ၏အမေ ဒေါ်ကြည်ဖြူခင်နှင့် အငယ်ဆုံးလေးငယ်ထွေးအိပ်နေသည့်အခန်းအား သွားချောင်းကြည့်လိုက်သေးသည်။ အိပ်မောကျနေသည့်သားအမိအားမြင်မှသာလျှင် အခန်းတံခါးကိုအသာစေ့ခဲ့ပြီး မခအခန်းထဲသို့သွား၏။
” ဒီကောင် စာရေးဖြေနေတာကွ ”
လင်္ကာက စားပွဲပေါ်ရှိမခ၏ရေးဖြေစာအုပ်များအားလှန်လောကြည့်၍ဆိုသော်လည်း နေခိုးက မထူးဆန်းသလိုနှင့် တိပ်ခွေတွေသွားမွှေေနေသည်။
မခတွင် သူ့အဖေဆီမှလက်ဆင့်ကမ်းရထားသည့်တိပ်ခွေများစွာနှင့် ကက်စက်ရှိ၏။ မခတို့သူငယ်ချင်းသုံးယောက်လုံးသည် တိပ်ခွေဖွင့်၍ သီချင်းနားထောင်ရခြင်းအား အလွန်ပင်နှစ်သက်ကြသေးသည်။
” သီတင်းကျွတ်ကျရင် ဘာသီချင်းဆိုကြမလဲ ”
” ဟိုဘက်လမ်းက ဆယ်တန်းမမတွေအိမ်ရှေ့သီချင်းသွားဆိုကြမယ် ”
တိပ်ခွေတွေမွှေနေရင်းမေးသည့် နေခိုး၏အမေးအား လင်္ကာကချက်ချင်းပြန်ဖြေ၏။
” ဘာလဲ ရေဒီယိုကမာရွတ်လား ”
” အေး ”
” မင်းက တော်တော်လေးအဆိုကောင်းတာဆိုတော့ ”
လင်္ကာက နေခိုးကို ခဲဖျက်နှင့်ကောက်ပေါက်သည်။ မခဆီသို့ စာကျက်ရန်လာခြင်းဖြစ်သော်လည်း ယခုအခါ စာကျက်သည်မှလွဲ တခြားကိစ္စအကုန်လုံးကို စိတ်ဝင်စားနေ၏။
နေခိုးသည် တိပ်ခွေတစ်ခွေချင်းတွင်ပါသည့်စာများအား စာလုံးပေါင်းဖတ်နေသဖွယ် အာရုံစူးစိုက်၍ဖတ်နေပြီး လင်္ကာသည် မခရထားသည့်ဆုများအား မမြင်ဖူးသည့်နှယ် တစ်ခုချင်းသေချာကြည့်နေတော့သည်။
၁၈၊၁၀၊၂၀၂၃။ ဗုဒ္ဓဟူး။
ချစ်ခြင်းမေတ္တာဖြင့်
ကိုကို