Chapter 6
2000
အပိုင်း (၆)
” စုံ စွမ် စိ ”
လင်္ကာ့မျက်နှာလေးက မဲ့သွားသည်။သူသည် စုံ၊စွမ်၊စိ ကစားတိုင်းရှုံးတတ်သူဖြစ်၏။
” ပန်းကန်သွားဆေးလိုက်တော့ ”
မခနှင့်နေခိုးဆီမှ စကားသံတစ်ပြိုင်တည်းထွက်လာပြီးနောက် လင်္ကာက ဟွန့်ခနဲရေရွတ်ရင်း မျက်နှာလေးမဲ့သွားပြန်သည်။ ခေါက်ဆွဲပြုတ်စားထားသည့်ပန်းကန်များကို သူဆေးရပေတော့မည်။ သူတို့သုံးယောက်သည် အစားစားဖို့ဆိုလျှင် ညီသလောက် ပန်းကန်းဆေးဖို့ရာ အလွန့်အလွန်ပျင်းသူများဖြစ်ကြပေ၏။
မခနှင့်နေခိုးက ဧည့်ခန်းစားပွဲမှပန်းကန်များအား မီးဖိုချောင်သို့ ပျော်ပျော်ကြီးရွှေေ့ပေးနေသော်လည်း လင်္ကာက မလှုပ်မယှက်ထိုင်နေဆဲပင်ဖြစ်သည်။
” ဆေးလိုက်တော့နော် မှူးလင်္ကာကိုလေး ”
နေခိုးက ပခုံးလေးကိုပုတ်ကာစသွား၍ လင်္ကာကမျက်စောင်းလှမ်းထိုးသည်။ မခသည် တုတ်တုတ်မလှုပ်သည့်လင်္ကာ့ကိုကြည့်၍ ပြုံးစိစိလုပ်နေ၏။ ထို့နောက် လင်္ကာ့ချိုင်းမှဆွဲမကာ…
” လာ ငါကူဆေးပေးမယ်။ မင်းပန်းကန်သုတ်ပေး ”
လင်္ကာသည် သူ့ကိုချိုင်းမှမထားသည့်မခအား ပစ်မှီထားကာ မော့ကြည့်၍ တဟီးဟီးရယ်ပြ၏။ မခသည် လင်္ကာ့ကိုသိပ်အလိုလိုက်ကာ အလျှော့ပေးလွွန်းပေသည်။
ထို့ကြောင့်ပင် မခအပေါ်ကိုဆိုလျှင် လင်္ကာကလည်း အနည်းငယ်အနိုင်ယူတတ်ပေ၏။
တိတ်ဆိတ်စွာ ပန်းကန်းဆေးပေးနေသည့်မခအနားတွင် လင်္ကာက ပန်းကန်သုတ်သည့်ပဝါလေးကိုင်ရင်း သံစဉ်ညည်းကာ လှုပ်စိလှုပ်စိလုပ်နေသည်။ အပူအပင်နည်းလှသည့်လင်္ကာသည် ထိုကဲ့သို့ သီချင်းတအေအေးနှင့်လှုပ်ကနေတတ်သူဖြစ်သည့်အလျောက် ယခုလည်း မနက်ကတည်းကစာတစ်လုံးမှမကြည့်ရသေးသည်ကိုပင် စိတ်အေးလက်အေးရှိလှ၏။
” မင်းကိုချစ်လိုက်တာ မခ ”
မခ၏လက်မောင်းလေးကိုမှီရင်းဆိုခိုက် မခက ကြက်သီးထသွားဟန်ဖြင့် ပခုံးတွန့်သွားသည်။ ထို့နောက် လင်္ကာ့ကိုတွန်းထုတ်ရင်း…
” ကြက်သီးထလိုက်တာကွာ အဲဒီလိုတွေမပြောပါနဲ့ဆိုမှ…”
မခမှာ စိတ်ဆိုးသည်မဟုတ်သော်လည်း အူယားလှသဖြင့် မျက်နှာကြီးရှုံ့မဲ့နေသည်။ လုပ်ချင်တိုင်းလုပ်ရပြီး ဖြစ်ချင်တိုင်းဖြစ်ရကာ စချင်တိုင်းစလိုက်ရသည့်လင်္ကာမှာ သွားစွယ်ရှည်ရှည်လေးတွေပေါ်အောင်ပင် သဘောတကျအော်ရယ်နေတော့၏။
၆၊၁၁၊၂၀၂၃။ တနင်္လာ။
ချစ်ခြင်းမေတ္တာဖြင့်
ကိုကို