Chapter 7
2000
အပိုင်း (၇)
” မခ လင်္ကာက သီတင်းကျွတ်ကျရင် ရေဒီယိုကမာရွတ်ဆိုမလို့တဲ့ ”
” ဖွီး … ”
ရေမော့သောက်နေသည့်မခမှာ ပါးစပ်ထဲမှ ရေများပြန်ထွက်ကုန်သည်။ ရေသီးတော့မတတ်ဖြစ်သွား၍ မခက ချောင်းတဟွတ်ဟွတ်။
” အဟွတ် အဟွတ် ပေါက်ပန်းလေးဆယ်ကွာ…. အဟွတ် ”
မခကပြောရင်းဆိုရင်းဖြင့် ပါးစပ်ကိုသုတ်ရင်း ရေဘူးအဖုံးပိတ်သည်။ ထို့နောက် ရေစိုသွားသည့်စာအုပ်များကို ဖြန့်နေလေသည်။
” မင်းတို့က ငါ့ကိုအထင်သေးတာ…”
လင်္ကာကနှုတ်ခမ်းစူလာ၏။ စာရေးဖြေမည်ဆိုသည့်နေခိုးသည် စာအုပ်တွင် ဟိုခြစ်သည်ခြစ်နှင့် ပုံဆွဲနေပြီး လင်္ကာက စိတ်ဆိုးသည်ဟူသောသဘောဖြင့် ဖတ်စာအုပ်ကိုထောင်၍မျက်နှာကိုကွယ်ထားသည်။
မခနှင့်နေခိုးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အသံတိတ်တိုင်ပင်လိုက်ကြ၏။ ထို့နောက် နှစ်ယောက်သား လင်္ကာ့ကို ခုန်အပ်ကာ…
” ယားတယ်ကွ ခွေးကောင်တွေ ယားတယ်လို့ ဟားဟား…. ဘောလိုပဲ အားဟား….ယားတယ်လို့ ”
နှစ်ယောက်အားဖြစ်၍ အပေါ်မှစီးကာကလိထိုးနေသည်ကို လင်္ကာမခုခံနိုင်။ နဂိုကတည်းက သုံးယောက်ထဲတွင် လူကောင်အသေးဆုံးဖြစ်သည့်လင်္ကာသည် အောက်မှနေ၍ လူးလိမ့်နေအောင်ခံရ၏။ ကြမ်းပြင်ပေါ်တွင် သုံးယောက်သားလုံးထွေးနေပြီး မခနှင့်နေခိုးမှာ လင်္ကာ့ကို အံကြိတ်၍ချုပ်ကာ ကလိထိုးရခြင်းကို သိပ်ပီတိဖြစ်နေဟန်။
” အား… မရတော့ဘူး ဗိုက်အောင့်လာပြီ အားဟား…. ဗိုက်နာလာပြီလို့….”
ဒုန်း!
” အ ”
ရုန်းရင်းဆန်ခတ်ဖြစ်နေရင်း ခုတင်ခြေထောက်နှင့်ခေါင်းဆောင့်မိသွားသည့်လင်္ကာ့အော်သံကြောင့် မခနှင့်နေခိုးက ချက်ချင်းရပ်သွား၏။ အသံကျယ်သလောက် အတော်နာသွားပုံရသည့်လင်္ကာသည် ဆောင့်သွားသည့်ခေါင်းနားကို လက်နှစ်ဖက်လုံးနှင့်အုပ်ထား၍ ခန္ဓာကိုယ်ကိုကွေးထားသည်။ နာလွန်း၍ ရှုံ့မဲ့နေသည့်မျက်နှာလေးနှင့် မျက်လုံးတွေကိုမှိတ်ထားသေး၏။
” အား……ဟား…..”
ရုတ်တရက်ဆိုသလို အသံပြဲကြီးနှင့် ထအော်ငိုသည့်လင်္ကာကြောင့် မခနှင့်နေခိုးမှာ ပျာယာခတ်စွာ။
” ဘာလို့လဲ ဘာလို့လဲ အရမ်းနာသွားလား…”
မခက လင်္ကာကိုဆွဲထူကာ လက်တစ်ဖက်နှင့်ပွေ့ထားပြီး ဆောင့်သွားသည့်နားလေးကို ခပ်ဖွဖွပုတ်ပေးသည်။ ထို့နောက် အင်္ကျီကိုအာငွေ့ပေးကာ ကြပ်ပူထိုးပေး၏။ နေခိုးသည်ကား မျက်ရည်ရွှဲလဲဖြစ်နေသည့်လင်္ကာ့ကို မျက်ရည်တွေပွတ်သုတ်ပေးပြီး အင်္ကျီနှင့်နှပ်ချေးညှစ်ပေးလိုက်သေးသည်။
” ဥုံဖွ ဥုံဖွ နာသေးလား…”
” အင်း… ”
မခက ကြပ်ပူထိုးပေးရင်း တယုတယမေးသည့်အခါ လင်္ကာကလည်းကလေးသေးသေးလေးလို ခေါင်းတဆတ်ဆတ်ညိတ်၏။
” ဉုံဖွ ဉုံဖွ တိတ်တိတ် ပဲနို့ဝယ်တိုက်မယ် ”
” ဟင့်အင်း အိုဗာတင်းသောက်မှာ ”
နေခိုး၏ချော့မော့သည့်စကားကို ချက်ချင်းခွန်းတုံ့ပြန်သည့်လင်္ကာက နှာတရှုံ့ရှုံ့။ နေခိုးနှင့်မခက မနိုင်ဘူးဟူသောသဘောဖြင့် ခေါင်းတခါခါသာလုပ်နေတော့သည်။
လင်္ကာသည် သူတို့သုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်၍ မခနှင့်နေခိုးသည် ညီအရင်းလေးသဖွယ်ချစ်၏။ အလိုလိုက်၏။ ငယ်စဉ်ကတည်းကချူချာသည့်လင်္ကာအပေါ်ကိုဆိုလျှင် နှစ်ယောက်သားမှာ ဂရုတစိုက်နှင့်အရိပ်တကြည့်ကြည့်ပင်ရှိတတ်သည်။ လင်္ကာ့အပေါ်ကိုဆိုလျှင် ဘယ်သောအခါမှ အပြစ်မမြင်တတ်ကြပေ။
၈၊၁၁၊၂၀၂၃။ဗုဒ္ဓဟူး။
ချစ်ခြင်းမေတ္တာဖြင့်
ကိုကို