Chapter 8
2000
အပိုင်း (၈)
” ရေး…စာမေးပွဲပြီးပြီကွ ”
လက်နှစ်ဖက်လုံးမြှောက်၍ အော်ဟစ်နေသည့်လင်္ကာ့တစ်ဖက်စီတွင်ရှိသည့် မခနှင့်နေခိုးသည် သူတို့ကိုနှုတ်ဆက်သည့်အတန်းဖော်များအား ပြန်နှုတ်ဆက်ရင်း အလုပ်ရှုပ်နေ၏။သီတင်းကျွတ်ကျောင်းပိတ်ပြီဖြစ်၍ တခဏတာခွဲရမည်ကိုပင် နှုတ်ဆက်၍မဆုံးနိုင်။
စိုင်းရန်မခသည် ၈ တန်း (A) ခန်း၏မော်နီတာတစ်ဖြစ်လဲ ၈ တန်းတစ်တန်းလုံး၏ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး အရပ်ရှည်ရှည်နှင့်ရည်မွန်သည့်သူဖြစ်၍ အများကနှစ်သက်ကြသည်။ နေခိုးသည်အနေအေးပြီးမျက်နှာတည်သော်လည်း စာတော်သည့် ၈ တန်း (A) ခန်းမှ ဒုမော်နီတာဖြစ်၍ ကျောင်းသားကျောင်းသူများကြားတွင် နာမည်ကြီးသည်။ လင်္ကာသည်ကား ထိုကဲ့သို့နာမည်ကြီးသည့်ကျောင်းသားနှစ်ယောက်နှင့် အမြဲတတွဲတွဲရှိလှသည့် သွားစွယ်လေးနှင့်တစ်ယောက်ဟူသောဂုဏ်ပုဒ်ကလေးကိုပိုင်ဆိုင်ထားပေသည်။
စိုင်းရန်မခသည် အများအမြင်တွင်ရုပ်ဖြောင့်သည့်သူဖြစ်ကာ ရှင်းနေခိုးသည်ရုပ်တည်သည့်သူဖြစ်သည်။ စွမ်းလင်္ကာကိုသည်ကား မျက်နှာချိုသည့်ကောင်ငယ်လေးဖြစ်ပေ၏။
” ဟေ့ကောင်တွေ အုန်းမွှေးလုံးစားရအောင် ”
အလယ်မှလင်္ကာသည် တွေးဆဆလုပ်၍ဆိုသည်။ မခသည် အင်းအင်း ဟုဆိုရင်း အိတ်ထဲမှပိုက်ဆံနှိုက်ရန်ပြင်စဉ်တွင် နေခိုးကပိုက်ဆံထုတ်ပြီးပြီဖြစ်၏။
” ငါဝယ်ကျွေးမယ် ”
” ဟီးဟီး နေခိုးက အကောင်းဆုံး ”
လင်္ကာက နေခိုးလက်ကလေးကိုချိတ်ကာ ပခုံးလေးကိုမှီ၍ ပြုံးဖြီးဖြီးကြီးလုပ်နေသည်။ မခသည် မျက်လုံးထောင့်ကပ်ကြည့်၍သာ ပြုံးရိပ်ရိပ်ရှိသည်။
ကျောင်းရှေ့သို့ရောက်ချိန်တွင် အုန်းမွှေးလုံးရေခဲချောင်းသည်ဦးလေးကြီးဆီ၌ လူအုံနေပေ၏။ ကျောင်းဆင်းချိန်တိုင်း ကျောင်းရှေ့မှာလာရောင်းတတ်သည့်အုန်းမွှေးလုံးသည် ဤကျောင်းရှိကျောင်းသားကျောင်းသူတိုင်း၏ အကြိုက်ဆုံးကျောင်းဆင်းချိန်သားရေစာဟုဆို၍ရလောက်သည်အထိ လူကြိုက်များသည်။
မခသည် အုန်းမွှေးလုံးရေခဲချောင်းသည်နားတွင်ပတ်ပတ်လည်အုံနေသည့်လူအုပ်ကို စိတ်ရှည်လက်ရှည်စောင့်ရသည်။ ရေခဲချောင်းသည်ဦးလေးကြီးသည် လက်မလည်ရှိလှ၍ ကြည့်မနေနိုင်တော့သည့်မခက ဦးလေးကြီးအနားသို့တိုးသွား၏။
” ကျွန်တော် ကူလုပ်ပေးမယ် ”
” ဟာ မဟုတ်တာ သားကလည်း ”
ဦးလေးကြီးကတားသော်လည်းမရပေ။ မခသည် အင်္ကျီအဖြူလက်ရှည်ကို တံတောင်ဆစ်အထိခေါက်တင်လိုက်၏။ သူ့အပြုအမူတွေကိုတောက်လျှောက်မြင်နေရသည့် နေခိုးနှင့်လင်္ကာသည် ဘာမှမဆိုဘဲ အရိပ်ရသည့်တစ်နေရာသို့ရွှေ့၍ ထိုင်စောင့်ရန်ကြံစည်လိုက်တော့သည်။
၁၇၊၁၁၊၂၃။သောကြာ။
ချစ်ခြင်းမေတ္တာဖြင့်
ကိုကို