Chapter 0 (Prologue)
နိဒါန်း
“သမီး ဘာဖြစ်လို့ ဒီကိုလာရတာလဲဆိုတာ သိတယ်။”
မျက်နှာပြည့်ပြည့် သေးသေးလေးတွင် အမူအရာဆိုတာ ခြေရာတောင်ရှာမရသည့် ကလေးမလေးက ပြောခဲ့သည်။
သူ့ခမျာ သုံးရက်တိုင်တိုင် မှောင်မှောင်မှိုင်းမှိုင်းအခန်းထဲတွင် ထိန်းသိမ်းခံထားခဲ့ရပြီး သေချာရေချိုးသန့်စင်ခြင်းပင်မပြုနိုင်ဘဲ ယိမ်းထိုးအသံမြည်နေသည့် ဗန်ကားပေါ် တက်လာခဲ့ရခြင်းဖြစ်သည်။
ဆာလောင်မှုကြောင့် သူ့ဗိုက်ထဲက အသံမြည်ခဲ့ပြီး သေးသေးကွေးကွေး ခန္ဓာကိုယ်တွင် နွမ်းရိနေသည့် အဝတ်အစားများ ဝတ်ထားသော သူ့ပုံစံလေးက နွမ်းဖပ်ဖပ်ဖြစ်နေတော့၏။ ကားစီးလာသည့် တစ်လျှောက်လုံးတွင် ကလေးမလေးက မျက်လုံးကို ပြူးနေအောင် ဖွင့်ထားခဲ့သည်။
အဖြူရောင်နံရံကပ်စက္ကူများ ပတ်ပတ်လည်ကပ်ထားသည့် နေရာထဲသို့ အပို့ခံလိုက်သည်မှာ အတန်ပင်ကြာခဲ့လေပြီ။ ကလေးမလေးက ခဏတဖြုတ်နားရန်ကိုပင် ငြင်းဆန်ခဲ့သည်။ တောင့်တောင့်မတ်မတ်ရှိနေသည့် သူ၏ လည်တိုင်တွင် ပြေလျော့သွားမည့်အရိပ်အယောင်ဟူ၍ တစ်စက်ပင်မတွေ့ရချေ။
အဖြူရောင် ဂျူတီကုတ် ဝတ်ထားသည့် စိတ်ရောဂါကုထုံးပညာရှင်နှင့် မျက်နှာချင်းဆိုင်ရှိနေရာက ဆရာဝန် ဘောပင်ဖြင့် ရေးမှတ်နေချိန်တွင် ကလေးမလေးက ခြောက်သွေ့အက်ကွဲနေသည့် သူ့နှုတ်ခမ်းများကိုသာ ကိုက်ဝါးနေခဲ့သည်။
“မိဘမဲ့ဂေဟာက ကလေးတွေနဲ့ ရန်ဖြစ်ခဲ့ပေမဲ့ ခြစ်ရာတစ်ချက်မရှိဘဲ ထွက်လာခဲ့တာ။ သမီး ငိုတောင်မငိုဘူး…”
“ဟုတ်လား။”
ဆရာဝန်က ငွေရောင်ဘောပင်ဖြင့် တစ်စုံတစ်ရာကို ရေးလိုက်သည်။
“ဒါပေမဲ့ မင်းကြည့်ရတာလည်း တော်တော်လေး ထိခိုက်ထားပြီး နာကျင်နေသလိုပဲနော်။”
“ဒါလား။ တစ်စက်လေးတောင် မနာပါဘူး။”
“ဒီဒဏ်ရာတွေဆိုတာ အဲ့ဒီလောက်လည်း ထွေထွေထူးထူးမဟုတ်ဘူးလေ။ ဆရာမက ဒီလိုဘာမဟုတ်တာလေးကို ပိုပိုကဲကဲတွေ လုပ်နေတာတွေ့တော့ ရယ်စရာကောင်းတာပဲလို့တောင် ထင်မိသေးတယ်။ အဲ့ဒီဆရာမက ငပျော့လေးပဲဖြစ်မယ်…”
“သမီးရိုက်လိုက်တဲ့ကလေးတွေက ပိုပြီးတော့တောင် ဒဏ်ရာရထားကြသေးတာ။”
ကလေးမလေးက ကျေနပ်အားရမှုအပြည့်ဖြင့် ဖြည့်ပြောခဲ့သည်။
“ဘယ်နှယောက်ကို ရိုက်ခဲ့တာလဲ။”
“ငါးယောက်။”
“…”
“တစ်ယောက်ကို လက်ချိုးလိုက်တယ်၊ နောက်တစ်ယောက်ကို လဲသွားအောင်လုပ်လိုက်တယ်၊ တစ်ယောက်ကိုကျတော့ ဖင်ကို ကန်ထည့်ပေးလိုက်တယ်၊ တစ်ယောက်ကို လည်ပင်းညှစ်ပြီးတော့ နောက်တစ်ယောက်ကို ခြေထိုးခံလိုက်တယ်။”
ကလေးမလေးက လက်ချောင်းလေးတွေ တစ်ချာင်းချင်းစီချိုးကာ ပြောခဲ့သည်။ ထူးထူးဆန်းဆန်းကို ခံစားချက်မပါသည့် လေသံပင်။
“ဟုတ်လား။ သူငယ်ချင်းတွေ ငိုကုန်ကြတော့ ဘယ်လိုခံစားရလဲ။”
“ပျော်စရာကောင်းတယ်။”
“ဘာလို့ ပျော်စရာကောင်းတာလဲ။”
ဆရာဝန်၏ လက်က ရပ်တန့်သွားခဲ့သည်။ ငွေရောင်ဘောပင် တိတ်တဆိတ် ရွေ့လျားနေတဲ့ဆီကနေ တစ်ချက် အကြည့်မလွှဲဘဲ ကလေးမလေးက စကားဆက်ခဲ့၏။
“သူတို့က နာတာကို ငိုကြလို့။ တကယ့်အရူးတွေ။ အဲ့ဒါက ငိုရမဲ့အရာမဟုတ်ဘူးလေ၊ တင်းခံရမဲ့အရာ။ အဲ့ဒီလိုကနေမှ ပိုပြီးကျန်းမာလာမှာ။ အရိုးတွေက ကျိုးပြီးပြန်ဆက်သွားရင် ပိုပြီးကြံ့ခိုင်လာကြတယ်တဲ့။”
“သမီးဆို ပိုပြီးသန်မာလာအောင်ဆိုပြီး ကိုယ့်ဒူးဆစ်ကိုယ် သစ်ကိုင်းတွေနဲ့ တမင်ရိုက်တာ။ အဲ့ဒီလိုကနေမှ နောက်ဆို သမီးရဲ့ဒူးခေါင်းတွေက သံလို မာလာမှာလေ။”
ပထမဆုံးအကြိမ်အဖြစ် စောစောတုန်းက ခံစားချက်မဲ့နေခဲ့သည့် မျက်နှာတွင် ဂုဏ်ယူမှု ပေါ်လာခဲ့သည်။
“သိလား ကိုယ်ခံပညာ အားကစားသမားတွေဆိုရင် အဲ့ဒီလို လေ့ကျင့်ကြတာ။ သမီးရဲ့ ဒူးဆစ်ကို ပြရမလား။”
“ကြီးလာရင် ကိုယ်ခံပညာ အားကစားသမား ဖြစ်ချင်တာလား။”
“ဟင့်အင်း။”
“ဒါဆို ဘာဖြစ်လို့ အဲ့ဒီလို လေ့ကျင့်မှုမျိုးကို လုပ်ရတာလဲ။”
“…”
ငှက်ကလေးတစ်ကောင်အလား စကားတွေ ပြောနေခဲ့သည့် ကလေးမလေးက ရုတ်တရက် တိတ်ကျသွားတော့သည်။ မေးခွန်းက သူ လုံးဝ စဉ်းစားမထားမိတဲ့အရာ ဖြစ်တဲ့အလား ပြုံးခဲ့၏။
ဆရာဝန်က ကလေးမလေး စကားပြောလာအောင် စောင့်စားခဲ့သည်။
အခုနောက်ပိုင်း မိဘမဲ့ဂေဟာတွေမှာ ဘဲလေးက သင်ပေးကြတာများလား။ ဆရာဝန် တွေးလိုက်၏။
ကလေးမလေးက လူချမ်းသာ သားသမီးတစ်ယောက်အလား ခမ်းနားတင့်တယ်သည့် ကိုယ်နေဟန်ထားဖြင့် ထူးထူးခြားခြား တောက်ပနေခဲ့သည်။ အသေးစိတ်ကျနသည့် မျက်နှာအစိတ်အပိုင်းများ၊ မျက်တောင်ရှည်ရှည်များနှင့်အတူ အရုပ်ကလေးလို အရည်အသွေးတစ်မျိုး ရှိနေပေ၏။
“သမီးမှာရှိတာ အဲ့ဒါအကုန်ပဲဆိုတော့ လက်လွှတ်လိုက်လို့မဖြစ်ဘူးလေ။ အဲ့ဒါကို ဆက်တိုက်လုပ်နေပြီး မေ့ပစ်လိုက်လို့မဖြစ်ဘူး။ အခု သမီးမှာ အမေရော၊ အဖေရော၊ မွေးရပ်မြေရော မရှိတော့ဘူးဆိုတော့ ကိုယ်သင်ထားတာကို ကိုယ့်လက်နဲ့ကိုယ် လွှတ်ချလိုက်ရင် အရမ်းအထီးကျန်ရမှာပေါ့။”
မရေမရာ ဖော်ပြချက်ဆိုပေမဲ့ ဆရာဝန်က ချက်ချင်းတန်းပြီး သဘောပေါက်သွားခဲ့သည်။
“သမီးက ကိုယ့်အပိုင်ဖြစ်တဲ့အရာကို သဘောကျတယ်။”
အခုအချိန်အထိ မှုန်ရီရီရှိနေခဲ့သည့် မျက်လုံးများတွင် အလင်းရောင်တစ်ချက် တဒင်္ဂ လက်သွားခဲ့သည်။
“လောလောဆယ်တော့ အဲ့ဒီလိုအရာမျိုး မရှိသေးပေမဲ့ လူကြီးဖြစ်လာလို့ အဖိုးတန်တဲ့သူတစ်ယောက် တကယ်ရှာတွေ့ခဲ့ရင် အရာအားလုံးကို စွန့်လွှတ်ပစ်မှာ။ အဲ့ဒါကို ကောင်းကောင်းဂရုစိုက်ပြီး တအားမြတ်နိုးပေးမှာ။”
“မြင့်လှချည်လား။”
လူတစ်ယောက်ကိုတောင် “အဲ့ဒါ” လို့ ရည်ညွှန်းပြောဆိုခဲ့သည့် ကလေးမလေး၏ ရဲတင်းသည့် မှတ်ချက်ပြုစကားကြောင့် ဆရာဝန်က ရယ်လိုက်မိသည်။
“ပြီးရင် အဲ့ဒါကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး။”
“ဟင်။”
ဖိုင်လ်တောင့်တောင့်ပေါ်တွင် တစ်စုံတစ်ရာကို ရေးနေခဲ့သည့် ဆရာဝန်က တစ်ချက်နောက်ကျပြီးမှ ခေါင်းထောင်ကြည့်လိုက်မိသည်။ စတင်ခဲ့သည့် စကားဝိုင်းက ထိုနေရာမှစ၍ ဦးတည်ချက် ပြောင်းသွားတော့၏။
“အဲ့ဒါက သမီးအပိုင်ပဲ။”
“…”
“အဲ့ဒါကို ဘယ်တော့မှ သမီးရဲ့ဘေးကနေ ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး။ သွားဖို့ကြိုးစားရင် ပြန်ဖမ်းထားမှာ။ အဲ့ဒါက ထွက်ပြေးခဲ့မယ်ဆိုရင် လိုက်ဖမ်းပြီးတော့ သမီးနဲ့ အတူတူနေအောင် သေချာလုပ်ထားမှာ။”
ကလေးမလေး၏ မွတ်သိပ်နေသည့် မျက်လုံးတို့က ပြင်းထန်သည့် တမ်းတမှုတစ်မျိုးဖြင့် တောက်လောင်နေတော့သည်။
ဘုရားရေ…ဆရာဝန်က သူ့နဖူးသူ နှိပ်နယ်ချင်စိတ်အား အသည်းအသန် တွန်းလှန်လိုက်ရ၏။
“ကလေး၊ လူတစ်ယောက်ကို ဘယ်လောက်ပဲ သဘောကျပါစေ မင်းလိုချင်သလို သူတို့ကို ရနိုင်မယ်လို့တော့ မဆိုလိုဘူးလေ။”
“ဘာဖြစ်လို့လဲ။”
ကလေးမလေးက မယုံကြည်နိုင်တဲ့အလား ခေါင်းကလေးငဲ့လိုက်သည်။
“လူတွေရယ်၊ အချစ်ရယ်၊ အဲ့ဒါတွေကို တစ်ဖက်သတ်ကြီး ပိုင်ဆိုင်ချင်လို့ မရဘူးကွဲ့။ အခုတော့ နားလည်ဖို့ ခက်လောက်မယ်ဆိုပေမဲ့ တစ်စုံတစ်ယောက်ကို အမှန်တကယ် မြတ်နိုးတန်ဖိုးထားတယ်ဆိုတာ ပိုင်ဆိုင်မှုဆိုတဲ့ သဘောတရားမဟုတ်ဘူး။”
“ဒါပေမဲ့ သမီးလိုချင်တာက တစ်ခုတည်းပဲလေ။ သမီးရဲ့အပိုင်ကို သမီးလိုချင်တာ။ ပြီးတော့ ကိုယ်ပိုင်တဲ့ အရာတစ်ခုက ဘယ်တော့မှ အဝေးထွက်မသွားတာကို လိုချင်တာ…လောကမှာ သမီးရဲ့အပိုင်လို့ ခေါ်လို့ရတဲ့ တစ်ခုတည်းသောအရာ။”
ကလေးမလေးက ခေါင်းမာပြီး မျှော်လင့်တကြီးပင် ဖြစ်နေလိုက်ပါသေးသည်။ ပြီးတော့ အံ့ဩဖို့ကောင်းသည်မှာ သူက အချစ်ကို ခိုင်မာပြတ်သားစွာ ရှာဖွေနေခြင်းပင်။
ခံစားချက်ပိုင်းဆိုင်ရာ ချို့တဲ့မှုနှင့် နပန်းသတ်ခဲ့ရသည့်အတွက်ပဲ ဖြစ်လေမည်လား။ ကလေးမလေး လိုအပ်နေသည့်အရာကို မည်သို့ရှာဖွေရမည်မှန်း ဆရာဝန်က အလိုလို သိခဲ့သည်။ သူ၏ စူးရှသည့် အာရုံမှာ မုဆိုးတစ်ယောက်နှယ်ပင်။
ဆရာဝန်က သူ၏ ဘောပင်ကို တစ်ချက်ချထားလိုက်ပြီး ကလေးမလေး၏ တုန်ယင်နေသည့်အကြည့်များနှင့် ဆုံအောင်ကြည့်လိုက်သည်။
“ကဲ ဒါဆို မင်းကြည့်ရတာ တစ်ခုနှစ်ခုလောက် သင်ယူဖို့လိုနေတဲ့ပုံပဲ။”
“ဘာတွေများလဲ။”
“တစ်နေ့ကျလို့ မင်း သဘောကျတဲ့လူနဲ့ တွေ့တဲ့အခါ အမှားတွေ မလုပ်မိရအောင် သင်ယူရမယ်။ အရမ်း ကြမ်းကြမ်းတမ်းတမ်းနိုင်လွန်းရင် သူတို့ကို ခြောက်လှန့်သလို ဖြစ်သွားနိုင်တယ်လေ။ အမှားပိစိလေးကြောင့်တောင် ကိုယ်ချစ်ရတဲ့သူကို ထာဝရ ဆုံးရှုံးလိုက်ရတာမျိုးတွေ ခဏခဏရှိတယ်။”
ကလေးမလေးက ချစ်စရာလက်ကလေးကိုမြှောက်ပြီး မျက်နှာကို အုပ်လိုက်သည်။ တစ်စုံတစ်ယောက် ထွက်သွားသည်ဟူသော အတွေးက သူ၏ နှလုံးသားကို ထိုးဆိတ်နေသည့်ပုံပင်။ ဟင့်အင်း…ငါ တခြားဘယ်သူ့ကိုမှ ထပ်ပြီးဆုံးရှုံးလို့မဖြစ်ဘူး။
“အဲ့ဒါကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါ အမြဲတမ်း သတိထားမှဖြစ်မယ်။”
ကလေးမလေး၏ တုံ့ပြန်မှုကို ကျေနပ်အားရသွားရင်း ဆရာဝန်က သူ့လက်ဖက်ရည်သူ အေးအေးဆေးဆေး တစ်ငုံသောက်လိုက်၏။
“ဒါဆို သမီးရဲ့ဒူးဆစ်တွေကို ပိုပြီးရိုက်သင့်တယ်လို့ ပြောနေတာလား။”
ဆရာဝန်ခမျာ သောက်မိသည့် လက်ဖက်ရည်ကို ဖူးခနဲ ပြန်မှုတ်ထုတ်မိတော့သည်။ သူ၏ မေးစေ့နှင့် အဝတ်အစားများမှာ အခုတော့ ညစ်ပတ်စိုရွှဲကုန်ပေပြီ။ မည်သို့ပင်ဆိုစေ ကလေးမလေး၏ မျက်လုံးများကတော့ တောက်ပစွာ ရွှန်းလက်နေ၏။
“အဖိုးတန်တဲ့အရာကို ချိုးပစ်လို့မဖြစ်ဘူးလေ။ အဲ့ဒီလိုကနေ ခြေထောက်တွေပဲ သန်မာလာလို့ သမီးကို ထပ်ပြီးထားသွားရင် ဘယ်လိုလုပ်မလဲ။”
“…”
“သမီးက လိုက်ဖမ်းရမှာပေါ့။ သမီးကို ထားသွားလည်း အမြဲတမ်း ပြန်ခေါ်လာနိုင်တယ်။”
တစ်ချိိန်လုံး အမူအရာဗလာကျင်းနေခဲ့သည့် မျက်နှာတွင် တကယ့် တဒင်္ဂလေးကိုမှ မသိမသာ အပြောင်းအလဲလေး တစ်ချက်ဖြတ်သန်းသွားခဲ့သည်။
“သမီးက ပြန်ဖမ်းလာမှာ။”
ကလေးမလေး၏ မျက်လုံးများတွင် အနည်းငယ် ထူးဆန်းပြီး ပြတ်သားခိုင်မာသည့် အလင်းရောင်တစ်မျိုး ရှိနေ၏။
ထိုပထမဆုံးတွေ့ဆုံမှုအပြီးတွင် ကလေးမလေး ဟန်ဆောယောင်းတစ်ယောက် ဒီနေရာသို့ တစ်လတစ်ကြိမ် လာခဲ့သည်။ သူ့တွင် တစ်နေ့တစ်နေ့ ပြဿနာမတက်သည့်နေ့ဟူ၍မရှိဘဲ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာတွေချည်းပင်။
ထို့နောက် တစ်ချိန်အရောက်တွင် သူက အားကစားပြိုင်ပွဲများတွင် စတင်၍ ပါဝင်ယှဉ်ပြိုင်ပြီး သူ၏ ပါရမီကို ပြသခဲ့သည်။
သို့သော် အထက်တန်းကျောင်းတွင် အကြောင်းမလှသည့် အဖြစ်အပျက်တစ်ခုကြောင့် ကျောင်းထွက်ခဲ့ရပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျရှုံးခဲ့လေ၏။
မိဘမဲ့ဂေဟာမှ ထွက်လာသည့် အရွယ်ရောက်ပြီးသူတစ်ယောက်အဖြစ် ဆောယောင်းတစ်ယောက် အတုံ့တုံ့အဆိုင်းဆိုင်းဖြင့်ပင် အလုပ်ဈေးကွက်ထဲသို့ ခုန်ဝင်ခဲ့ရသည်။ ထိုအချိန်များတွင်တောင် မကြာမကြာမဟုတ်သည့် ဆွေးနွေးအကြံပြုမှု ကုထုံးကို အဆက်မပြတ် ဆောင်ရွက်ခဲ့၏။ လူကိုယ်တိုင် လာတွေ့ဖို့ ခက်ခဲခဲ့လျှင် ရိုးရိုးဖုန်းခေါ်ဆိုမှုကိုရွေးပြီး ဆွေးနွေးအကြံပြုခြင်းကို ပြုလုပ်ခဲ့ကြသည်။
ချို့တဲ့မှုများကို ကျော်လွှားပြီး လူကြီးတစ်ယောက်ဖြစ်လာသည့် ဆောယောင်းတစ်ယောက် အားကစားလုပ်တုန်းက သင်ယူလေ့ကျင့်ခဲ့သည့် နည်းလမ်းများကိုသုံးပြီး အနှိပ်ပညာ အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပြီးတော့ သက်ကြီးရွယ်အို သူနာပြုအကူအဖြစ် အတန်ကြာအောင် အလုပ်လုပ်ခဲ့၏။
အလုပ်က ပင်ပန်းသော်လည်း ပုံမှန်ဝင်သည့် ဝင်ငွေဖြင့် တည်တည်ငြိမ်ငြိမ်နှင့် သာမန်ဘဝလေးကို နေနိုင်တာကြောင့် ကျေးဇူးတင်မိကြောင်း ပြောပြခဲ့သည်။
သို့သော် ဘဝဆိုသည်မှာ ထင်မှတ်မထားသည့် အရာများဖြင့် ပြည့်နေသည့် နေရာပင်။
“ဆရာ နောက်လကျရင် ကျွန်မ လက်ထပ်တော့မယ်။”
နှစ်များစွာကြာမှ ပြန်လာသည့် ကလေးမလေးက လက်ထဲတွင် အမြင်အာရုံ ချို့တဲ့သူများ ကိုင်လေ့ရှိသော ခေါက်သိမ်းနိုင်သည့် လမ်းလျှောက်တုတ်ကို ကိုင်ထားခဲ့သည်။ သို့သော် သူ့မျက်နှာထားကတော့ တစ်လောကလုံးကို ပိုင်စိုးထားရသူအလား တောက်ပရွှင်ပျလှ၏။
ကလေးဘဝတွင် မတွေ့နိုင်ခဲ့သည့် ပျော်ရွှင်မှုက ယခုတွင်မူ သူ့မျက်နှာတစ်ခုလုံးအပြည့် အတိလွှမ်းလျက်ရှိပြီး ကြည်နူးဝမ်းမြောက်မှုကို ထုတ်လွှတ်နေခဲ့သည်။ သူက ရှက်ရဲရဲလေးပြုံးရင်း ပန်းရနံ့တို့ လေတွင်မွှေးပျံ့စေသည့် မင်္ဂလာဆောင်ဖိတ်စာကို ကမ်းပေးခဲ့၏။
“နောက်ဆုံးတော့ မင်းရဲ့လူကို တွေ့သွားပြီပေါ့လေ။”
အံ့ဩတကြီး အော်ပြောလိုက်မိရင်း ဆရာဝန်က ဆောယောင်း၏ မျက်လုံးများတွင် မျက်ရည်တို့ ဝိုင်းတက်လာသည်ကို သတိထားမိလိုက်သည်။
“အဲ့ဒါဆိုရင် ပျော်ပျော်ရွှင်ရွှင်နေသွားပေါ့ကွယ်။”
သို့ရာတွင် လက်ထပ်ပြီးနောက်ပိုင်း သတင်းမကြားရတော့သည့် ကလေးမကို နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရသည်က….
၉နာရီသတင်းတွင် ဖြစ်နေ၏။
~~~~~
Miel’s Translations