Chapter 2
အပိုင်း ၂
ဆောယောင်းက မကြာမကြာ စိုးရိမ်ကြောင့်ကြတတ်သည့်စိတ်ကို ဖိနှိပ်ချွန်းအုပ်ကာ နူးညံ့ကြင်နာသည့် မျက်နှာကို ပြခဲ့သည်။ သာမန်ဘဝကို နေချင်လျှင် သာမန်အမျိုးသမီး ဖြစ်လာရပေမည်။
“ဒီနေ့ ဘယ်အချိန် ရုံးဆင်းမှာလဲ။ ကုမ္ပဏီ ညစာစားပွဲ မရှိဘူးမဟုတ်လား။”
ခဏလေးအတွင်းမှာ လွှာစောင်အပါးလေး သွားယူလာသည့် ဂင်ဟျွန်းက ဘာမှမပြောဘဲ ဆောယောင်း၏ကိုယ်တွင် ခြုံပေးခဲ့သည်။ သူက နမ်းတော့မည့်အလား ခေါင်းကိုငုံ့ကိုင်းလာပြီးမှ အသာလေး ပြန်ခွာသွားသည်ကို ခံစားလိုက်ရသည်။
“အအေးမိမယ်။ အကယ်၍ အမှာပို့တဲ့လူ လာရင်လည်း တံခါးမဖွင့်ပေးနဲ့နော်။”
“နေ့တိုင်း အဲ့ဒီစကားချည်းပဲ။ ဒါနဲ့ တစ်ယောက်ယောက် အိမ်ပြောင်းမလို့ထင်တယ်နော်။”
“ဘာဖြစ်လို့လဲ။”
“နည်းနည်း ဆူညံနေလို့လေ။ အထုပ်အပိုးသိမ်းသလိုမျိုး တဒုန်းဒုန်းအသံတွေ တစ်ချက်တစ်ချက် ကြားနေရလို့ပါ။”
“နားငြီးလို့လား။”
ဂင်ဟျွန်းက ဆောယောင်း၏ နားရွက်လေးကို ညင်သာစွာ ပွတ်သပ်ခဲ့သည်။ အထိအတွေ့က ညင်သာသော်လည်း ပုံမှန်လိုမဟုတ်ဘဲ သူက ခဏတွင်းချင်း လက်ပြန်ရုပ်သွား၏။
“ဒီအတိုင်း သိချင်လို့ပါ။ ကျွန်မတို့ဗီလာမှာက အိမ်နီးနားချင်းတွေ ရင်းရင်းနှီးနှီး နေကြတယ်မဟုတ်လား။”
“မကြာခင် တိတ်ဆိတ်သွားလိမ့်မယ်။”
“ရှင်။”
“ကိုယ် သွားတော့မယ်နော်။”
ထိုအခိုက်အတန့်တွင် ဆောယောင်းက “အချစ်ရေ” ဟုခေါ်ကာ လက်လှမ်းလိုက်သည်။ အာခြောက်မှုကို မျိုသိပ်ထားရင်းကနေ ကြင်ကြင်နာနာ ချစ်စနိုးခေါ်သံက သူ့အလိုလို ပွင့်အန်ထွက်လာ၏။
သို့သော် သူက တစ်ချက်ရပ်ရုံသာရပ်ကာ တုံ့ပြန်ခြင်းမရှိခဲ့။ ကြင်ကြင်နာနာလေးပြုံးကာ အလားတူ ပြန်ခေါ်ခြင်းမျိုးမရှိသလို၊ ပျော်ရွှင်စွာ အနမ်းလေးပေးတာမျိုးလည်း မရှိပေ။
“…”
“…”
ထူးဆန်းပြီး ရှင်းပြ၍မရသည့် တိတ်ဆိတ်မှုတစ်မျိုး လေထဲတွင် ဝေ့ဝဲနေသည်။
ရုတ်တရက် မျက်လုံးချင်းဆုံသွားသလို ခံစားလိုက်ရ၏။
သို့သော် ဂင်ဟျွန်းက ပြုံးမနေပေ။
ခင်ပွန်းဖြစ်သူ ပြုံးသည့်အခါ ထူးခြားသည့်အသံနှင့် အင်အားတစ်မျိုး အတူကပ်ပါလာတတ်သည်။ မမြင်ရဘဲနှင့်တောင် ခံစားနိုင်သည့်အရာပင်။ ဇနီးမောင်နှံဖြစ်နေသောကြောင့်။ အသားချင်းထိကပ်ရင်း အတူတူနေခဲ့ကြသည့် ဇနီးမောင်နှံဖြစ်နေသောကြောင့်။
မနေ့ညကတည်းက ရှင် ထူးဆန်းနေတယ်။
တကယ်ပဲ ဘာဖြစ်နေတာလဲ။
သို့ရာတွင် မေးကြည့်ဖို့ရန် အင်မတန် ကြောက်နေမိ၏။
နောက်ဆုံးတွင် ခေါင်းခါပြီး လက်ချလိုက်သည်။ ‘ဘာမှမဟုတ်ပါဘူး…’ ။ တစ်ညလုံး ညည်းထားရသဖြင့် ဝင်နေသည့်အသံက လေသံလေးလောက်သာ ထွက်လာခဲ့သည်။
ကလစ်၊ တီ….
နောက်ဆုံးတွင် တံခါးပိတ်သွားတော့သည်။ အမြဲတမ်း ‘ပြန်လာခဲ့မယ်’ ဟု နှုတ်ဆက်စကားပြောတတ်သည့် ခင်ပွန်းပင်။ ထုံးစံအတိုင်း နူးညံ့ညင်သာနေသော်လည်း ဘာကိုမှန်းမသိ ဆက်တိုက် အာရုံစိုက်နေမိသည်။
ဟင့်အင်း….စိတ်မပူဘဲနေရအောင်။
ဆောယောင်းက ခေါင်းကိုတွင်တွင်ခါလိုက်သည်။ အခုလိုမျိုး တစ်ခုတစ်ခုချင်းစီ လိုက်စိစစ်ပြီး သံသယဝင်ခြင်းက ကောင်းသောလက္ခဏာမဟုတ်ဟု ဆရာက သတိပေးခဲ့ဖူး၏။
ဆောယောင်းလည်း မိမိ၏ အစွဲအလမ်းကြီးသော အတွေးများကို ဖြတ်တောက်ပစ်သည့်အလား ခြေလှမ်းစလှမ်းဖို့ပြင်လိုက်တော့သည်။
-….ရုံးဆင်းပါပြီ။ ပြန်လည် ဆုတ်ခွာလာပါပြီ။
ထိုအခိုက်အတန့်တွင် အိမ်ရှေ့တံခါးထူထူကိုကျော်ကာ သူ၏ အေးရာအေးကြောင်းခြေသံက စကားသံနှင့်ရောပြီး ပျံ့လွင့်လာခဲ့သည်။
‘ငါ နားကြားမှားတာများလား။’
‘အခုမှ ရုံးသွားမှာကို ရုံးဆင်းပြီတဲ့…’
ဆောယောင်း မျက်မှောင်ကြုတ်မိသွားပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်ဆူလိုက်သည်။
‘ငါ နားကြားမှားတာပဲနေမှာပါ။’
ဆောယောင်းတစ်ယောက် ဟူးခနဲ တမင်သက်ပြင်းကြီးကြီးချလိုက်သည်။
ဒီလောက်အထိဆို တကယ် ရောဂါပင်။
~~~~~
-စက်ပိတ်ထားပါရှင်။ ‘ပီ’ ဆိုသော အသံအနောက်တွင် အသံမက်ဆေ့ဂ်ျနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး ဆက်သွယ်ခ ဖြတ်တောက်သွားမှာဖြစ်ပါတယ်ရှင်။
ရူးတော့မည်ထင်သည်။
လက်ရှိ မနက်လေးနာရီရှိပြီ။ ခင်ပွန်းဖြစ်သူက ဖုန်းမကိုင်သေး။
ညတိုင်း ၇နာရီတွင် အချိန်မှန် ရုံးဆင်းနေကျ ခင်ပွန်းနှင့် အဆက်အသွယ်မရသည်မှာ ၉နာရီကျော် ကြာသွားခဲ့ပေပြီ။
တရစပ် ကိုက်ထားခဲ့သည့် လက်သည်းများက ယခုတွင်မူ အက်ကွဲကာ သွေးများစို့လျက်။ စူးရှရှသွေးညှီနံက နှာခေါင်းထဲ လာရိုက်ခတ်၏။ ဆောယောင်းတစ်ယောက် ဘာမှမတွေးဘဲ နောက်လက်တစ်ဖက်က လက်သည်းတွေကို စပြီးကိုက်ပါတော့သည်။
‘ဘယ်လိုလုပ်ပြီး ကိစ္စတွေက ဒီလိုဖြစ်လာတာလဲ။’
‘ကိစ္စတစ်ခုခုရှိလို့နေမှာပါ။’ ဆိုတာကနေ စလိုက်သည့်အတွေးက ‘ရုံးမှာ အရေးကြီးတဲ့ အခြေအနေ ပေါ်လာလို့ဖြစ်မှာပါ။’၊ ‘ရုတ်တရက် အလုပ်ခရီးထွက်ရင်းနဲ့ ကုမ္ပဏီညစာစားနေတာ နေမှာပါ။’ ဆိုတာတွေအထိ ဆက်သွားခဲ့သည်။
ချည်ကိုယက်နေသည့်အလား ရရာနည်းနှင့် အကောင်းဘက်သွားပြီး အကျိုးသင့်အကြောင်သင့်ရှိသည့်အတွေးများ တွေးရန်ကြိုးစားခဲ့၏။ ထိုသို့မှမလုပ်လျှင် ‘ကြည့်ပါလား။ တခြားမိန်းမရှိနေလောက်မှာပါဆို။’ ကနေ အစပြုကာ ‘သူ နင့်ကို မချစ်တော့ဘူး။’ ဟူသော အတွေးများ ထိန်းမနိုင်သိမ်းမရ ဝင်လာမည်ထင်သည်။
ဤသို့သော အရည်မရအဖတ်မရ ထင်ယောင်ထင်မှားဖြစ်မှုများတွင် ပိတ်မိမနေစေရေးအတွက် ဒီအတောအတွင်း ဆရာ့ကို လိုအပ်ပေသည်။
ဆောယောင်းတစ်ယောက် အသက်ပြင်းပြင်းရှူသွင်းကာ စောင့်ပြီးရင်းစောင့်နေခဲ့သည်။ သူက အရင် တံခါးဖွင့်ကာ ပြန်လာစေဖို့အတွက်။ ဤမှောင်မိုက်မှုကို မောင်းထုတ်ပေးစေဖို့အတွက်။
-လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ တပ်ဆင်ထားခြင်းမရှိပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်။ ထပ်မံစစ်ဆေး၍ ပြန်လည်ခေါ်ဆိုပါရှင်…
သို့သော် ကုမ္ပဏီဖုန်းနံပါတ်က တပ်ဆင်ထားခြင်းမရှိဟု ကြားလိုက်ရချိန်တွင် ထိတ်ထိတ်ပျာပျာတွေ ဖြစ်လာပါတော့သည်။
“ချီးပဲ၊ ဒါက ဘာလဲ။”
ရုတ်တရက် ဆောယောင်း၏မျက်နှာတွင် အေးစက်စက်အပြုံးတစ်ခုပေါ်လာ၏။ ခင်ပွန်းဖြစ်သူက ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပြုလုပ်ရောင်းချသည့် ကုမ္ပဏီအသေးစားလေးတွင် အလုပ်လုပ်ပြီး ဤဖုန်းနံပါတ်မှာ သူကိုယ်တိုင်ပေးထားသော ဖုန်းနံပါတ်ပင်။
ဧကန္တ ကုမ္ပဏီ ဒေဝါလီခံသွားတာဖြစ်မလား။
အဲ့ဒါကြောင့်…အာ၊ အဲ့ဒါကြောင့်…
ဆောယောင်း နောက်တစ်ကြိမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြန်သည်။
သို့သော် စားပွဲကို တတောက်တောက်ခေါက်နေမိသည်ကိုတော့ ရပ်တန့်နိုင်ခြင်းမရှိခဲ့။ ကုမ္ပဏီမှာ အလုပ်များစွာ ပြေးလွှားလှုပ်ရှားနေမည့် ခင်ပွန်းကို တွေးကြည့်ဖို့ အသည်းအသန်ကြိုးစားခဲ့သည်။
ကျိန်းသေပေါက် ထမင်းတောင်မစားနိုင်လောက်အောင် အာရုံမရစွာ အရှုပ်တွေကို လိုက်ရှင်းနေရလောက်မည်။
‘ဟုတ်တယ်၊ အဲ့ဒီလိုပဲဖြစ်မှာ။ အဲ့ဒါကြောင့် ငါက အနှောင့်အယှက်ပေးလို့မဖြစ်ဘူး။ တခြားဇနီးသည်တွေဆိုရင်လည်း သူတို့ခင်ပွန်းကို မဆိုင်းမတွ ယုံကြည်ကြမှာပဲကို။ ငါလည်း အဲ့ဒီလိုပဲ လုပ်မှဖြစ်မှာ…’
ကောင်းတဲ့အတွေးလေးတွေပဲ တွေးရအောင်။
ဆောယောင်းက တစ်စုံတစ်ရာ ဝင်ပူးခံရသည့်အလား မီးဖိုထဲဝင်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် တစ်ခုခု လုပ်နေချင်၏။ ကျိန်းသေပေါက် ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်လာမည့် ခင်ပွန်းဖြစ်သူအတွက် ပဲပင်ပေါက်ဟင်းချို နွေးနွေးလေးချက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ခင်ပွန်းဖြစ်သူက အန္တရာယ်များသည့်အတွက် ဟင်းမချက်ရန်တားလေ့ရှိသော်လည်း ဆောယောင်းက ချက်ပြုတ်ရာတွင် ပင်ကို အရည်အချင်းရှိ၏။ အိမ်အလုပ်အများစုကိုလည်း သူအိမ်ပြန်မလာခင် အကုန်နီးပါးပြီးစီးအောင် လုပ်ထားနိုင်လေ့ရှိသည်။
အရင်ဆုံး ပဲပင်ပေါက်ကိုရေဆေးပြီး ငရုပ်ပွသီး လှီးထားလိုက်ရမလား။
သို့သော် အချိန်ကုန်လာသည်နှင့်အမျှ စိတ်ငြိမ်သွားရမည့်အစား အသက်ရှူနှုန်းပိုမြန်လာကာ လက်များက ဂယောင်ချောက်ချားဖြစ်လာတော့သည်။ ထို့နောက် ငရုပ်ပွလှီးနေရင်း ‘အား…’ ဟူသော ညည်းသံခပ်အုပ်အုပ်ထွက်လာ၏။ လက်ချောင်းထိပ်က စူးခနဲနာသွားပုံထောက်လျှင် အသားကို နည်းနည်းလှီးမိသွားသည့်ပုံပင်။
ဆောယောင်းတစ်ယောက် ကုတ်အင်္ကျီဝတ်ရန်ပင်မတွေးတော့ဘဲ လမ်းလျှောက်တုတ်ကိုယူပြီး ဖိနပ်အပါးကို အလောတကြီးစီးကာ အပြင်ကို ဒရောသောပါး ပြေးထွက်မိပါတော့သည်။ အပြင်တွင် မိုးလေးတဖွဲဖွဲရွာလျက်။ တထောက်ထောက်နှင့် မြေပြင်ကိုရိုက်ခတ်နေသည့် လမ်းလျှောက်တုတ်မှအသံက အရေးတကြီးနိုင်လှပေသည်။
ခင်ပွန်းဖြစ်သူ ပျောက်ဆုံးမှု။
ဆောယောင်း၏ ခေါင်းထဲတွင် လွှမ်းမိုးနေသည့်အရာကား အဆုံးအထိ ယင်းစကားလုံးနှစ်လုံးအပြင်မရှိခဲ့။
~~~~~
“…ဘာပဲဖြစ်ဖြစ် ကျွန်မအမျိုးသား ပျောက်သွားတယ်ဆိုတာ”
မိုးရေစိုထားသည့် ခန္ဓာကိုယ်က ထိန်းမရအောင် တုန်ယင်နေ၏။ မရင်းနှီးသည့် အကြောက်တရားနှင့် တုန်ယင်နေသည့် အသံက ပုရွက်ဆိတ်သာသာလောက် တိုးတိုးလေးဖြစ်နေသည်။
သို့သော် ရဲစခန်းတံခါးကို တွန်းဖွင့်လိုက်သည့်အခိုက်အတန့်တွင် ရဲအရာရှိများ စပရင်လို ခုန်ထွက်လာကြကာ ငေါက်ငမ်းနေသည့်အလား မာထန်ထန် အသံများဖြင့် အော်ပြောခဲ့ကြသည်။
“ဓားကို ချလိုက်ပါ။”
“…ရှင်။”
“အဲ့ဒါက ဘယ်သူ့သွေးလဲဗျ။”
ဆူညံသံများက နားကွဲလုမတတ်။ ဘယ်ဘက်တွင် ရေဒီယိုသံက တဂျစ်ဂျစ်ထွက်နေကာ ညာဘက်တွင် အလောတကြီးလာနေကြသော ခြေသံများ ပဲ့တင်ရိုက်ခတ်နေသဖြင့် ကြောင်တောင်တောင်ဖြစ်သွားရသည်။ ရဲအရာရှိများ တဖြည်းဖြည်း အနားကပ်လာချိန်တွင် ဆောယောင်းက အနောက်မဆုတ်ဘဲ အရှေ့ကို တစ်လှမ်းတိုးလိုက်၏။
“နေပါဦး။ အခု ကျွန်မအမျိုးသား ပျောက်…”
“အား။ ဓားကိုချထားလိုက်ပါ။ ရဲသား အီ၊ ချုပ်ထားလိုက်။”
ရဲသားတစ်ယောက် အရှေ့တိုးလာချိန်တွင် ဆောယောင်းက လမ်းလျှောက်တုတ်ကို အလိုအလျှောက်လွှဲကာ ရိုက်လိုက်မိသည်။
ဝှစ်…
အသံအရ ပခုံးကို တည့်တည့်ထိသွားသည့်ပုံပင်။ ထိုလူ ‘အစ်’ ဟု ညည်းလိုက်သည့်အချိန်အတွင်းတွင် ဆောယောင်းက တစ်ခါထပ်ပြီး အော်ပြောလိုက်သည်။
“ကျွန်မအမျိုးသား ပျောက်သွားပြီထင်ပါတယ်ဆို။”
“ဟုတ်ကဲ့၊ သိပါပြီဗျာ။ သိပြီမို့လို့…အရင်ဆုံး ဓားကို ချထားပေးပါ။”
“…”
ထိုအခါမှသာ ငရုပ်ပွသီးလှီးသည့်ဓားကို အဲ့ဒီအတိုင်းယူကာ ဒီအထိ လောလောပျာပျာ လာခဲ့မိမှန်း သတိထားမိသွားတော့သည်။
ရှက်ကိုးရှက်ကန်းဖြစ်သွားသည့် ဆောယောင်းလည်း ဓားကို မြန်မြန်ကမ်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် တဝိုးဝိုး တဝါးဝါးဖြစ်နေသည့် ဦးလေးကြီးများ၏ အသံများ လှိုင်းလုံးကဲ့သို့ ရိုက်ခတ်သွား၏။ အန္တရာယ်ကင်းကင်း ဓားကို လက်လွှဲပေးလိုက်သည့် ဆောယောင်းက နောင်တရသည့်အလား သက်ပြင်းချလိုက်သည်။ စိတ်ကလည်း လွတ်တာမှ တော်တော်လွတ်နေခြင်းပင်။
သူက စောစောကတည်းက မျက်နှာတွင်ကပ်နေသည့် ဆံပင်ကို ဖယ်သပ်လိုက်ကာ မျက်နှာမှရေများကို ပွတ်သုတ်လိုက်သည်။ သို့သော် ထူးထူးဆန်းဆန်း အခန်းက ကြက်သီးထစရာကောင်းအောင် တိတ်ဆိတ်သွား၏။
…ဘာကြီးလဲ။ မနက်လေးနာရီကျော်ပြီဖြစ်သည့် အချိန်အခါကို ထည့်တွက်လျှင်တောင် အေးစက်ပြီး လေးလံသည့်လေထုက ပုံမှန်ဟုမခံစားရ။
“သွေးက…”
“ရှင်။”
“ဟိုလေ၊ တိုင်ကြားသူခင်ဗျ။ အမျိုးသား ပျောက်သွားတယ်လို့ ပြောခဲ့တယ်နော်။”
“ဟုတ်ပါတယ်…။ လူပျောက်လာတိုင်တာပါ။ အဲ့ဒါကို မြန်မြန်လေး အမှုဖွင့်ပေးပါရှင်…”
“…”
သို့ရာတွင် အရေးတကြီး တောင်းဆိုလိုက်သော်လည်း ရဲအရာရှိက တုံ့ပြန်လာခြင်းမရှိခဲ့။ သူတို့အချင်းချင်းကြားမှ တီးတိုးပြောသံ တိုးတိုးလေးတွေသာ ရှိနေသည်။
သတ္တုထိုင်ခုံ ကြမ်းပြင်တွင် ပွတ်ဆွဲသွားသော နားမခံသာစရာအသံ ထွက်လာ၏။
“လောလောဆယ် ဒီမှာထိုင်လိုက်ပါဗျ။”
“အမှုဖွင့်တာကနေ စပါမယ်။ တိုင်ကြားသူရဲ့နာမည်က ဘယ်လိုခေါ်လဲခင်ဗျ။”
ရဲအရာရှိက တရားလွန် ပျာပျာသလဲ ဖြစ်မနေသော်လည်း တော်သေး၍ ဘာသိဘာသာလည်း ဖြစ်မနေခဲ့။ သူ့အသံက အိပ်ချင်စိတ် လုံးဝပြေသွားသူလို နိုးနိုးကြားကြားရှိနေသည်။
သို့သော် ရဲစခန်းသို့လာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် အမိုက်အမှောင် အတွေးပေါင်းစုံ တွေးလာခဲ့သည့် ဆောယောင်းက သူ စိတ်ကူးပုံဖော်ကြည့်ခဲ့သမျှ အဆိုးဆုံးအခြေအနေတွေအကုန်လုံး ရဲစခန်းသို့ရောက်သည့် အခိုက်အတန့်တွင် အမှန်ဖြစ်လာတော့မလို ခံစားနေရသည်။ စိတ်ထဲတွင် ဆောက်တည်ရာမရဖြစ်ရန် စက္ကန့်ပိုင်းလောက်သာ ကြာလိုက်၏။
“…ဟန်ဆောယောင်းပါ။”
“ဟုတ်ပါပြီ၊ ဟန်ဆောယောင်းခင်ဗျ။ အသက်ဘယ်လောက်ရှိပြီလဲ။”
“၂၇ နှစ်ပါ…”
“အမျိုးသားက ဘယ်လိုပုံပန်းသဏ္ဌာန်ရှိလဲဗျ။”
“အာ၊ ရဲကြပ်ကြီး…”
ငယ်ရွယ်နုနယ်သည့်အသံက ရဲကြပ်ဆိုသူ၏ခါးကို ထိုးလိုက်သလားမသိ၊ ‘အ…’ ဟူသောအသံ ထွက်လာ၏။ ဆောယောင်းက ဘာမှမမှုသလို ပြောလိုက်သည်။
“ကိစ္စမရှိပါဘူးရှင့်။ မြင်တဲ့အတိုင်း ကျွန်မက အမြင်အာရုံ ချို့ယွင်းနေလို့ အမျိုးသားက သတ်မှတ်ထားတဲ့ရက်မှာ သတ်မှတ်ထားတဲ့အဝတ်အစားကို ဝတ်ပါတယ်။ ဒီနေ့ဆိုရင် အဖြူရောင်ရှပ်အင်္ကျီရယ်၊ မီးခိုးရောင် အနောက်တိုင်းဝတ်စုံရယ်ဝတ်ပြီး အပြာရောင်လည်စည်းကို စည်းသွားလောက်မှာပါ။ ပြီးတော့….”
ဆောယောင်းတစ်ယောက် လမ်းလျှောက်တုတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ ခေါင်းငုံ့လိုက်သည်။ လည်ချောင်းထဲ တရစ်ရစ်တက်လာသည့် ခါးသီးမှုကို မနည်းမျိုသိပ်ပြီး အံတင်းတင်းကြိတ်ထားလိုက်မိ၏။
“သူ့မျက်နှာကို မသိပါဘူး။ ဒါပေမဲ့ ဓာတ်ပုံ၊ အိမ်မှာ မင်္ဂလာဓာတ်ပုံရှိပါတယ်။”
“အမျိုးသားနဲ့ အဆက်အသွယ်မရတာ ဘယ်လောက်ကြာသွားပြီလဲဗျ။”
“ကိုးနာရီရှိသွားပါပြီ။”
“အမ်…”
ထိုအချိန်တွင် ရဲအရာရှိ၏အသံက ဘယ်လိုပြန်ဖြေလို့ဖြေရမှန်းမသိသည့်အလား တွေဝေသွား၏။ ခေါင်းကုတ်နေသလို တဂျစ်ဂျစ်အသံ ကြားလိုက်ရသည်။
“ကျွန်တော်တို့က ချက်ချင်းတော့ လှုပ်ရှားနိုင်မယ်မထင်ဘူးဗျ။ ပျောက်သွားတဲ့ပုဂ္ဂိုလ်နဲ့ အဆက်အသွယ်ပြတ်ပြီးလို့ တစ်ရက်ကြာမှ ရှာဖွေရေးစလို့ရမှာပါ။”
“…”
“ပျောက်ဆုံးသူအများစုက ၂၄နာရီကျော်လောက်ကြာရင် ပြန်လာတတ်ကြတဲ့အဖြစ်တွေ အများကြီးရှိပေမဲ့…ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ အမှုဆိုရင်တော့ ချက်ချင်း လှုပ်ရှားကြပါတယ်။”
“ရာဇတ်မှုနဲ့ဆိုင်တဲ့ အမှုလား။”
ဆောယောင်းတစ်ကိုယ်လုံး အခု စတင်တုန်ယင်လာတော့သည်။ ရေစိုစိုအဝတ်များက ကိုယ်ငွေ့ကို စုပ်ယူသွားသောကြောင့်ပဲလား၊ သို့မဟုတ် ခင်ပွန်းဖြစ်သူ သူ့ဘဝထဲမှ ပျောက်ကွယ်သွားသည့် အသံကို စက္ကန့်နှင့်အမျှ ကြားနေရ၍ပဲလား မပြောနိုင်ချေ။
“ဥပမာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို လူပျောက်မှုအဖြစ် ပုံဖျက်တာမျိုးပေါ့။”
“….”
~~~~~
Miel’s Translations