Chapter 3.1
အပိုင်း ၃-၁
“ဖုန်းနံပါတ်နဲ့ လိပ်စာက။”
ရဲအရာရှိ၏ စကားများမှာ သိသိသာသာ တိုတောင်းလာသည်။ သူ့အကြည့်က ဆောယောင်း၏ မျက်နှာတွင် စူးစူးစိုက်စိုက် ကပ်ငြိလျက်။ ဘာပါ…လိမ့်။
“အဲ့ဒါကြောင့် ရှင်းရှင်းလင်းလင်းပြောတာ ကောင်းပါလိမ့်မယ်၊ ဟန်ဆောယောင်းခင်ဗျ။”
“…”
“အဲ့ဒီသွေးက၊ ဘယ်သူ့သွေးလဲဗျ။”
ဆောယောင်းတစ်ယောက် သူ့ကိုယ်သူ မည်သို့သော အထင်လွဲမှုနှင့် ကြုံနေရမှန်း သိသလိုလိုရှိသည်။ သွေးဘယ်လောက်များသလဲဆိုသည်မှာ မသေချာသော်လည်း မျက်နှာကို လက်နှင့်ပွတ်ထားမိသည့်အတွက် လုံးဝ ရစရာမရှိဖြစ်နေပေလိမ့်မည်။
သို့သော် ဆောယောင်းက အသားအလှီးခံထားရသည့်နေရာကို တမင်ဖုံးကွယ်ထားခဲ့သည်။ ဆောက်တည်ရာမရမှုနှင့် ပျက်ယွင်းနေခဲ့သည့် သူ့မျက်နှာက ဖျော့တော့ပြီး ခံစားချက်ကင်းမဲ့သည့် မျက်နှာထားအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာ၏။
ရုတ်တရက်ကျရောက်လာသော တိတ်ဆိတ်မှုထဲတွင် တစ်နေရာရာမှ နာရီလက်တံမြည်သံ တချက်ချက်ကိုသာ ကြားနေရသည်။ ဂယောက်ဂယက်ဖြစ်နေသည့် မျက်လုံးများက ခဏနေတော့ ရဲအရာရှိ၏ မေးရိုးအနားသို့ ကျရောက်သွားတော့သည်။
“ဒါက အကယ်၍…အမျိုးသားရဲ့သွေး ဖြစ်နေမယ်ဆိုရင် ပိုပြီးတော့ မြန်မြန်လေး ရှာပေးမှာလား။”
~~~~~
ရှာဖွေရေးကို မြန်မြန်ပင် ဆောင်ရွက်ခဲ့ကြသည်။
ထိုအချိန်အတွင်းတွင် ဆောယောင်းတစ်ယောက် ဘဝတွင် အရှည်ကြာဆုံးဟု ထင်မှတ်ရသည့် အချိန်ကို သည်းခံခဲ့ရသည်။ တစ်နေ့တာအတွင်း သူ့နှုတ်ခမ်းများ ဖြူဖျော့အက်ကွဲကုန်ကာ၊ လည်ချောင်းထဲမှ ချဉ်စုပ်စုပ်အရည်များသာ ပျို့ပျို့တက်လာ၏။
ခင်ပွန်းသည် ပျောက်သွားချေပြီ။
ငြင်းမရသည့် ယင်းအမှန်တရားက ဆောယောင်း၏စိတ်ကို လေးလံစွာ ရိုက်ခတ်လေတော့သည်။
ရဲသားများက ဗီလာအိုကြီးကိုဝိုင်းပြီး ဆောယောင်း၏ အိမ်ထဲသို့ အလုံးအရင်းဝင်ခဲ့ကြသည်။ သူတို့က ခင်ပွန်းဖြစ်သူနှင့် ပတ်သက်သမျှ ကိုယ်ရေးအချက်အလက်များအားလုံးကို စုဆောင်း၊ တွေ့သမျှ CCTV မှတ်တမ်းတိုင်းကိုယူကာ၊ တစ်အိမ်တက်ဆင်း မေးမြန်းခဲ့ကြ၏။
သို့သော် အလိမ်အညာက လုံးဝ ထင်မှတ်မထားသည့်နေရာမှ ပေါ်လာခဲ့သည်။ ဆောယောင်းမဟုတ်ဘဲ ဂင်ဟျွန်းနှင့်ပတ်သက်၍။
“ခရက်ဒစ်ကတ် သုံးထားတဲ့မှတ်တမ်း မရှိပါဘူး။ ကုမ္ပဏီက လုပ်ငန်း မှတ်ပုံတင်ထားတာမျိုးမရှိဘဲ ကားလိုင်စင်နံပါတ်ကလည်း ကိုက်ညီမှုမရှိဘူးဗျ။ ပြီးတော့…”
ဆောယောင်းက ဝိုးတဝါးသာမြင်ရသည့် ရဲအရာရှိ၏မျက်နှာကို မျက်တောင်မခတ်စတမ်း တည့်တည့် စိုက်ကြည့်လိုက်သည်။ အဓိပ္ပာယ်မရှိသလို ထင်ရသော်လည်း သူ့ကြည့်ရတာ တွေဝေတုံ့ဆိုင်းကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည့်ပုံပင်။
“ဂင်ဟျွန်းဆိုတဲ့နာမည်က နိုင်ငံသား မှတ်ပုံတင်စာရင်းထဲမှာ ပေါ်မလာပါဘူး။”
“…”
“ဧကန္တ ဟန်ဆောယောင်းက တစ်ခုခုကို အသိမှားနေတာများလား။”
လုံးဝ ကြောင်သွားတော့သည်။ လုံးဝ အဓိပ္ပာယ်မရှိသည့်အရာကို ကြားလိုက်ရသလိုပင်။ အောက်မှ ခြေထောက်များ အားပြတ်ကာ ယိုင်သွားသောကြောင့် စောင့်နေသည့် အရာရှိများက မြန်မြန်အမိဖမ်းလိုက်ရသည်။ သို့သော် အေးစက်စိုထိုင်းနေသည့်အသားကို လာထိသော သူတို့လက်များမှ ကိုယ်ငွေ့က မနှစ်မြို့စရာကောင်းသောကြောင့် တွန်းဖယ်ခဲ့မိသည်။
အသက်လည်းမရှူနိုင်ဘဲ အမြင်အာရုံကလည်း ဝေဝါးလာ၏။ ဘာကိုမှ ဟုတ်တိပတ်တိ မမြင်ရသော်လည်း မျက်နှာကြက်နှင့်ကြမ်းခင်းက ချာချာလည်နေသလိုပင်။
ဆောယောင်း အကြောင်သားရပ်နေမိစဉ်တွင် ရဲအရာရှိများက အကြည့်ချင်းဖလှယ်ကာ သူတို့အချင်းချင်း တီးတိုးပြောနေကြသည်။
လူပျောက်မှုမဟုတ်ဘူး၊ လက်ထပ်မယ်လို့ ကတိပေးပြီး ကာမလိမ်လည်ရယူမှု….ပြောနေကြသည့်စကားများကို တစ်စွန်းတစ်စ ကြားမိသော်လည်း လုံးဝ အဓိပ္ပာယ်မရှိ။
ဆောယောင်း ခြောက်ကပ်ကပ်ရယ်လိုက်သည့်အခါ သူတို့လည်း တိတ်ကျသွားတော့သည်။ သို့သော် အဆုံးအထိ မလိုချင်သော အကြံပေးမှုများကို ဆက်လုပ်ခဲ့ကြ၏။
“လက်ထပ်ဖို့ကတိပေးပြီးတော့ ကာမလိမ်လည်ရယူမှုက…တကယ်တော့ ဥပဒေ ဖျက်သိမ်းထားပါတယ်။ ဒါပေမဲ့ လိမ်လည်လှည့်ဖျားပြီး လက်ထပ်တာကို ဦးတည်သွားတဲ့ လိမ်လည်မှုဆိုရင်တော့ နစ်နာမှုအတွက် အမှုဖွင့်လို့ရပါတယ်ခင်ဗျ။”
“…”
“ဒီအတိုင်း သိထားရင် ကောင်းမယ်ထင်လို့ပါ။ ဥပဒေကိုသိထားရင် ကိုယ့်ဘက်က တစ်ပန်းသာလို့လေ။”
ဖြူဖျော့ပြီး မလှုပ်မယှက်ရှိနေသည့် အမျိုးသမီးက ရုတ်တရက် ရဲအရာရှိ၏ ဂျက်ကတ်ကို ဆွဲလိုက်သည်။
“အဲ့…အဲ့ဒီလို မဖြစ်နိုင်ပါဘူး။”
ဤနေရာတွင် ဤကဲ့သို့သော ကြောင်တောင်တောင်နည်းလမ်းနှင့် ခင်ပွန်းသည်ကို ပျောက်သွားနိုင်စရာ အကြောင်းမရှိ။ အဓိပ္ပာယ်၊ အဓိပ္ပာယ်လည်းမရှိသော ကိစ္စပင်။ အားလုံး သူ့ကို လိမ်နေတာပဲ ဖြစ်ရမည်။
ဆောယောင်းက ခြောက်ကပ်ကပ်ရယ်ကာ ရဲအရာရှိ၏ဂျက်ကတ်ကို ပို၍ပင် တင်းတင်းဆုပ်ကိုင်လိုက်သည်။
“ဒီက အိမ်နီးနားချင်းတွေနဲ့ရော တွေ့ကြည့်ပြီးပြီလားရှင့်။ နောက်ဆုံး တွေ့လိုက်တဲ့လူရှိလားဆိုတာကိုရော ရှာကြည့်ပြီးပြီလား။”
“အာ…”
လေးလေးလံလံ အသက်ရှူထုတ်လိုက်သံက ဘာကြောင့်မှန်းမသိ နိမိတ်မကောင်းသလို ခံစားလိုက်ရသည်။ ထပ်ပြီး နားမထောင်လိုသည့် ဆန္ဒပြင်းပြင်းက တရစ်ရစ် တက်လာပါတော့သည်။
“ဟန်ဆောယောင်းခင်ဗျ၊ မသိဘူးလား။”
“…ဘာကိုလဲရှင့်။”
“ဒီ ဆမ်းဟွာ ဗီလာမှာ နေတဲ့သူက ဟန်ဆောယောင်းတစ်ယောက်အပြင် မရှိပါဘူးဗျ။”
“…”
နံရိုးအတွင်းဘက်မှ တစ်ခုခုနှင့် အထိုးခံလိုက်ရသလိုပင်။ ရက်စက်သည့် နောက်ပြောင်မှုပင် ဖြစ်ရမည်။ စိတ်ကုန်စရာ နောက်ပြောင်မှုမှလွဲ၍ ဘယ်လိုမှ အမှန်မဖြစ်နိုင်။ ခြောက်ကပ်ကပ်ပင် ထပ်၍မရယ်နိုင်တော့။
၂နှစ်တာလုံး ဤနေရာတွင် နေခဲ့၏။ ဝင်လိုက်ထွက်လိုက်နှင့် တွေ့ဆုံရသည့် အိမ်နီးချင်းများမှာ ဤဗီလာတွင် နေထိုင်ကြသူများပင်။ တစ်ဦးချင်းစီကို အသေးစိတ်မသိသော်လည်း အနည်းဆုံး တစ်လွှာချင်းစီတွင် နေထိုင်ကြသော မိသားစုများကိုတော့ ရင်းနှီးပေသည်။
သက်ကြီးရွယ်အို လင်မယားနှစ်ယောက်ရှိပြီး၊ သူတို့လို ကြင်စဦး ဇနီးမောင်နှံလည်းရှိကာ၊ ကလေးငယ်လေးမွေးထားသည့် မိသားစုလည်းရှိ၏။ ခွေးမွေးထားသည့် လူပျိုကြီးနှင့် တစ်ယောက်တည်းနေသည့် တက္ကသိုလ်ကျောင်းသားလေးလည်း ရှိပြန်သည်။ သို့သော်…
“အဲ့ဒါက ဘာစကားလဲရှင့်။”
“…”
“အဲ့ဒါက ဘာစကားလဲလို့…”
“ပြောလိုက်တဲ့အတိုင်း ဒီမှာ ဘယ်သူမှမနေကြပါဘူး၊ တိုင်ကြားသူခင်ဗျ။”
“…”
“အခန်းတိုင်းက အလွတ်ချည်းပါပဲ။
ခြေချောင်းများမှ သွေးများစီးထွက်သွားသလိုပင်။ ဆောယောင်းတစ်ယောက် ဘာမှမတွေးနိုင်တော့ဘဲ အင်္ဂတေရုပ်တုအလွတ်ကြီးတစ်ခုအပြင်မပိုသလို ဖြစ်သွားတော့သည်။
ခေါင်းထဲတွင် လောင်မြိုက်နေသည့်အပူများ ပေါက်ထွက်လုမတတ် ပြည့်လျှံတက်လာသော်လည်း တစ်ချိန်တည်းမှာပင် အေးစိမ့်စိမ့်ခံစားချက်က အသားပေါ်၌ တရွရွ တွားသွားနေတော့သည်။ ဆောယောင်းတစ်ယောက် မျက်နှာသေလေးနှင့် အသက်ကို မငြိမ်မသက် ခပ်ကြမ်းကြမ်းရှူရုံအပြင် မတတ်နိုင်ခဲ့။
ဆရာ….။ ဆရာ…ကျွန်မ ဘယ်လိုလုပ်မှ….
တစ်ရက်တာလေး အတွင်းမှာတင် ဆောယောင်း၏ ကမ္ဘာက တစ်စစီ ပြိုကွဲသွားတော့သည်။
သူ့ကို ပြန်ရှာတွေ့ပါ့မလား။
~~~~~
Miel’s Translations