Chapter 3.2
အပိုင်း ၃-၂
ဂင်ဟျွန်း ပျောက်သွားခဲ့သည်မှာ တစ်လနီးပါးရှိပေတော့မည်။
ဟင့်အင်း၊ ယခု ထိုလူ၏ နာမည်အစစ်အမှန်မှာ ဘာမှန်းပင်မသိတော့။ ပထမတော့ ငါးထပ်ဆောင် ဗီလာကို မနားတမ်းတရစပ် အတက်အဆင်းလုပ်ကာ လက်များကြမ်းတမ်းလာသည်အထိ တံခါးတွေလိုက်ခေါက်ခဲ့သည်။ သို့သော် ဘယ်သူမှမရှိပါဘူးဟု ပြောခဲ့သည့်အတိုင်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။
အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး…လုံးဝ အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိဘူးလို့…သူက ငါ့ကို လှည့်စားစရာ အကြောင်းမရှိပါဘူး…အိပ်မက်များလား။ မဟုတ်ရင် ငါပဲ ရူးသွားတာများလား။ အဖြစ်ဆိုးရအောင် မျက်လုံးကပါ ကန်းနေတော့ သရဲခြောက်ခံရတာ ထင်ပါရဲ့။
ထို့နောက်တွင် ဆောယောင်းတစ်ယောက် နေ့စဉ်နေ့တိုင်း ရဲစခန်းသို့ သွားခဲ့သည်။ ထို့သို့မှ အတင်းမလုပ်ဘူးဆိုလျှင် စိတ်ကို လွှတ်လိုက်မိတော့မလို ခံစားရသောကြောင့်ပင်။
“ဒါပေမဲ့ ကျွန်မရဲ့ ငွေးကြေးပိုင်ဆိုင်မှုကို ထိပါးသွားတာမျိုးမရှိပါဘူး၊ စုံထောက်ကြီးရဲ့။”
မှုန်ဝါးဝါးအမြင်လွှာ၏အလွန်တွင် ဝိုးတဝါးပုံရိပ်များ တရုန်းရုန်းလှုပ်ရှားနေသည်။ ဆောယောင်းနှင့် ရက်သတ္တပတ်ပေါင်းများစွာ အဆက်အဆံလုပ်ခဲ့ရာက စိတ်ကုန်လာကြပြီဖြစ်သော ရဲအရာရှိများက ‘ဒီနေ့လည်း စလာပြန်ပြီ…’ ဟု ပြောနေသလို မျက်နှာထားများနှင့် မျက်မှောင်ကြုတ်ကုန်ကြတော့သည်။
“ဘယ်လိုရည်ရွယ်ချက်မျိုးပဲရှိရှိ ထွက်ပြေးသွားတဲ့လူပဲ သိမှာပေါ့ဗျာ။ ကျွန်တော်က အဲ့ဒီ ဖြစ်ကြောင်းကုန်စင်အထိ ဘယ်လိုလုပ် သိမလဲဗျ။”
“အခုခေတ် ရာဇဝတ်သားတွေက သာမန်မဟုတ်ဘူးလေရှင့်။ အကယ်၍ ကျွန်မအမျိုးသားက ပစ်မှတ်ဖြစ်နေမယ်ဆိုရင်ရော…။ အဲ့ဒါကြောင့် အမျိုးသားက အစအနရှာမရအောင် ပျောက်သွားတာဆိုရင် ဘယ်လိုလုပ်မလဲ…။ ကျေးဇူးပြုပြီး ဒီမှာ အသာလေး မနေနေပါနဲ့၊ နည်းနည်းလောက်လေး ထပ်ပြီးရှာပေးပါဦးရှင်။ မဟုတ်မှ စစ်ဆေးအတည်ပြုလို့မရတဲ့ အလောင်းတွေဘာတွေ ပေါ်လာတာတို့ ဘာတို့ဆို….”
“ဟာ၊ တကယ်ပါပဲ။”
နောက်ဆုံးတွင် အတောမသတ်နိုင်သော အသနားခံတောင်းဆိုမှုများကြောင့် ဦးခေါင်းပေါက်ထွက်တော့မလိုဖြစ်နေသည့် ရုပ်ကြမ်းကြမ်းနှင့် စုံထောက်လည်း နေရာမှ ဝုန်းခနဲ ထရပ်လိုက်တော့သည်။
“တကယ်ပဲ ဒီစကားတွေချည်း ဘယ်နှကြိမ်တောင် ပြောနေရမှာလဲဗျ။ အမျိုးသား ပျောက်ပျောက်၊ မပျောက်ပျောက် ခင်ဗျားတို့ လက်ထပ်ထားပါတယ်ဆိုတဲ့ တရားဝင်သက်သေလည်းမရှိ၊ စနစ်ထဲမှာ ဘာမှတ်တမ်းမှလည်းမရှိနဲ့ တကယ်ပဲ ဘာကို သွားရှာရမှာလဲလို့။ စိတ်မကောင်းပေမဲ့ မိန်းကလေး အလိမ်ခံလိုက်ရပါပြီ။”
“…”
“ကျေးဇူးပြုပြီး နည်းနည်းလောက် စိတ်လေးထိန်းပါဦးဗျ။ မြင်ရတွေ့ရလို့ စိတ်မကောင်းဖြစ်ရတာလည်း တစ်ခါနှစ်ခါမကတော့ဘူး…။ ဒီလိုမျိုး အလုပ်လုပ်လို့မရအောင် လာနှောင့်ယှက်နေမယ်ဆိုရင် ဝတ္တရားနှောင့်ယှက်မှုနဲ့ အချုပ်ထဲထည့်ထားရပါတော့မယ်။”
အရာရှိက အော်ကြီးဟစ်ကျယ်နှင့် ခပ်တင်းတင်း သတိပေးခဲ့သည်။ မြို့နယ်စခန်းကနေ ဗဟိုရဲဌာနချုပ်အထိ တက်ပြီးတိုင်ကြားသော်လည်း တုံ့ပြန်မှုများက အကုန်နီးပါး အတူတူချည်းသာ။
ဘာကြောင့် အားလုံးက သူ့ကို မှားပြီးတိုင်ကြားတာပါလို့ ပြောနေကြမှန်း မသိတော့…ဆောယောင်းက ဒီအတိုင်း အသာလေး လက်မခံနိုင်ခဲ့ပေ။ အတူတူ အတွေးချင်းဖလှယ်ခဲ့ကြ၊ ချစ်ခဲ့ကြ၊ နေထိုင်ခဲ့ကြသောကြောင့် သူ သိသည်။ ဂင်ဟျွန်းက လုံးဝ ထိုသို့သောလူစားမျိုးမဟုတ်။ ထိုသို့ဖြစ်နိုင်စရာအကြောင်းမရှိသောလူပင်။
“စုံထောက်ကြီးရယ်၊ ကျေးဇူးပြုပြီးတော့ တစ်ခါလေးပဲထပ်ပြီး စုံစမ်းစစ်ဆေးရေးကို…”
ထိုအချိန်တွင် ဆံပင်တွေ ရှုပ်ပွနေသည့်လူက သွားချင်းကြိတ်ရင်း ပြောလာသည်။
“ဟန်ဆောယောင်းခင်ဗျ၊ ရှာကြည့်လိုက်တော့ စိတ်ကျန်းမာရေးကုထုံး ခံယူထားဖူးတဲ့မှတ်တမ်းရှိနေတာ တွေ့ရပါတယ်။”
“…”
“ဒီမှာ ဒီလိုတွေ လုပ်မနေဘဲ ဆေးရုံသွားသင့်တယ်မဟုတ်ဘူးလားခင်ဗျ။”
ဝိုးတဝါးအမြင်လွှာကနေတောင် သူ့မျက်လုံးများထဲမှ ရန်လိုစိတ်ကို မှန်းကြည့်၍ရပေသည်။ စကားတစ်ခွန်းချင်းကို ဝါးနေသကဲ့သို့ ကြိတ်ပြီးပြောနေသည့် သူ့အသံက မျက်နှာကို ဖြတ်ရိုက်လိုက်သလို စူးခနဲဆစ်ခနဲ။
“ကနဦးတိုင်ကြားချက်မှာပါတဲ့ အကြောင်းအရာကိုကြည့်လိုက်တော့ အစက ခင်ပွန်းဖြစ်သူ သွေးထွက်နေပါတယ်ဆိုပြီး တိုင်ကြားထားတယ်ဆို။ စုံစမ်းစစ်ဆေးရေး ပြန်လုပ်ပေးတဲ့လားဗျ။ အဲ့ဒီလိုဆို ခင်ဗျားပဲ အရင်ဆုံး ထိခိုက်မှာပါ။ ဟန်ဆောယောင်းကို သနားလို့ ကျွန်တော်တို့ဘက်က လွှတ်ပေးထားတာဆိုပေမဲ့ မဟုတ်မမှန် တိုင်တန်းမှုဆိုတာ ပေါ့သေးသေးမှတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဒီမှာ ဆက်လုပ်မနေဘဲ ဆေးရုံကို သွားလိုက်ပါ။”
“…”
“အခု ဒီလောက်နဲ့ရပ်ပြီး လက်တွေ့ကို နည်းနည်းရင်ဆိုင်လိုက်လို့…”
ဆောယောင်းတစ်ယောက် အေးခဲနေသည့်မြေအပေါ်သို့ လွှင့်ပစ်ခံရသလို ခံစားလိုက်ရသည်။ အအေးဓာတ်က အရိုးထဲအထိ စိမ့်ဝင်လာ၏။ မိဘရော၊ မိတ်ဆွေသူငယ်ချင်းရော မရှိသည့် သူ့မှာ ဤအခိုက်အတန့်ကို အတူတူခံစားပေးမည့်လူမရှိပေ။ တစ်ယောက်တည်း သည်းခံရမည့် ပင်ပန်းဆင်းရဲမှုပင်။
“ခင်ဗျားလည်း နေဖို့စားဖို့ လုပ်ရဦးမယ်မဟုတ်ဘူးလား။ ဘယ်အချိန်အထိ ပြီးဆုံးသွားတဲ့အရာတစ်ခုအပေါ် ဖက်တွယ်ထားဦးမလို့လဲ။”
“မပြီးဆုံးသေးလို့ပေါ့ရှင့်….”
ဆောယောင်းက လုံးဝ အကြောင်သားနှင့် တီးတိုးရေရွတ်လိုက်မိသည်။
ကျွန်မဘက်က အခုအထိ ဘယ်အရာကိုမှ အဆုံးမသတ်နိုင်သေးလို့ပေါ့ရှင့်။ ဘာတစ်ခုကိုမှ နားမလည်နိုင်သေးလို့ပေါ့ရှင့်…။ ရှင်တို့ပြောနေတဲ့စကားတွေက ဘာတစ်ခုမှ နားလည်နိုင်စရာမရှိလို့ပေါ့ရှင့်…။
အင်မတန် မွန်းကျပ်လာသည့် ဆောယောင်းက ပူလောင်နေသည့် ရင်ဘတ်ကို ထုခဲ့သည်။
သူက လူလိမ်ဆိုသည့်စကားကို မကြားချင်ပေ။ ဆောယောင်း သိချင်သည့်အရာကား ခင်ပွန်းရှိနေသည့် နေရာပင်။
သူရှိနေသည့်အရပ်ကိုသာ သိချင်သည်။ အသက်ရှင်လျက်ရှိနေသလား၊ ထိခိုက်ဒဏ်ရာရထားသလား၊ တကယ်ပဲ တစ်ခုခုဖြစ်နေသလား၊ အစရှိသောအရာများ။
ဇနီးမောင်နှံဖြစ်နေသောကြောင့်၊ ဆောယောင်းက သူ၏ဇနီးဖြစ်သောကြောင့်၊ ထို့ကြောင့် စိတ်ပူမိမှာဖြစ်သည့် ထိုကဲ့သို့သောအရာများ။
သူ့ကိုသာ ရှာနိုင်မည်ဆိုလျှင် ဟိုးအရင်ကတည်းက တိုင်ကြားမိပေလိမ့်မည်။ ဟိုးအရင်ကတည်းက…
တရစ်ရစ်ဝဲတက်လာသည့် မျက်ရည်များက လမ်းကြောင်းပျောက်ကာ တုန်ယင်နေတော့သည်။ သို့သော် အစအနရှာမရအောင် ပျောက်သွားသည့် သရဲကို တိုင်ကြားရန်မှာ အစကတည်းက မဖြစ်နိုင်သည့်အရာပင်။
ကိုယ်တိုင် အရာဝတ္ထုများကို ခွဲခြား၍ရတော့မည်မဟုတ်ကြောင်း၊ လမ်းလျှောက်တုတ်မပါဘဲ ဝေးဝေးသွားနိုင်တော့မည်မဟုတ်ကြောင်းကို သိလိုက်ရတုန်းက ပူဆွေးဝမ်းနည်းနေဖို့ အချိန်မရှိခဲ့။ အမြင်အာရုံ ကွယ်လုနီးပါးဖြစ်နေပြီဟု စစ်ဆေးချက်ထွက်လာစဉ်ကလည်း ချိုမြိန်မှုတွင် နစ်မျောနေရသဖြင့် အရေးမစိုက်နိုင်ခဲ့။
ထိုနေ့က ဂင်ဟျွန်းနှင့် ပထမဆုံးအကြိမ် sex လုပ်ခဲ့သည်။
ရစ်ပတ်တိုးဝင်လာသည့်လျှာကို ပြန်လည်တွယ်ယှက်ကာ ခြေတံများကြားထဲတိုးဝင်လာသည့် ပူနွေးသောအရာကို ဖမ်းဆုပ်မျိုယူခဲ့၏။
ထပ်ပြီး အသုံးပြု၍ရတော့မည်မဟုတ်ဟုဆိုသော မျက်လုံးများက ထိုသို့ဆိုသည့်တိုင် ဂင်ဟျွန်းကိုရှာဖွေကာ လှုပ်ရှားခဲ့သည်။ အလောတကြီး အငမ်းမရ နှုတ်ခမ်းချင်းနမ်းကာ အဝတ်မဲ့အသားချင်း ဖိထပ်ထားသည့် အတောအတွင်း ဆောယောင်းတစ်ယောက် ကံမကောင်းအကြောင်းမလှမှုကိုလည်း ဖြေသိမ့်နိုင်ခဲ့၏။
ဂင်ဟျွန်းက ထိုသို့သော အင်အားမျိုးရှိသည့်လူပင်။ ဝမ်းနည်းစရာကို အမှတ်တရအဖြစ် ပြောင်းလဲပစ်နိုင်သည့်လူ။
‘အဲ့ဒါကို ဘယ်လိုလုပ်ပြီး ကျွန်မက ရှင့်ကို….ဒီအတိုင်း လွယ်လွယ်လေး လက်လွှတ်နိုင်ပါ့မလဲ။’
~~~~~
Miel’s Translations