Chapter 4.1

အပိုင်း ၄ – ၁
ပြစ်ဒဏ်မချမှတ်မီ ပြန်ခေါ်လာချင်သည်။ မမုန်းခင် မေးကြည့်ချင်သည်။ ရှင့်ကို ပြန်ရှာချင်သည်။ ကျွန်မဘဝတွင် တစ်ခုတည်းသော ကျွန်မပိုင်သည့်အရာကို ပြန်ရယူချင်သည်။ သို့သော်…
“ညီမတော်။”
သူစိမ်းတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။ ထိုအခါမှပင် ဆောယောင်းလည်း သူ့ကိုယ်သူ မယ်တော်မေရီ၏ ရုပ်တုရှေ့တွင် ရပ်နေမိကြောင်း သတိထားမိသွားတော့သည်။
“…”
…ထူးဆန်းလိုက်တာ။
ဆောယောင်းက လျင်မြန်စွာ မျက်လုံးဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်း တစ်ချက်လေး တွေဝေသွားမိသည်။ ဝိုးတဝါးပုံရိပ်လောက်သာ မြင်ရမှာဖြစ်သည့် ရုပ်တုကို ရှင်းလင်းပြတ်သားစွာ မြင်နေရသလိုပင်။
ထပ်ပြီးအနားတိုးသွားလျှင် ပို၍ပင် ရှင်းလင်းပြတ်သားစွာမြင်ရတော့မလို ခံစားနေရသော်လည်း…
ရောဂါလက္ခဏာ စတင်လာပြီးသည့်နောက်တွင် ပထမဆုံးခံစားရသည့် ခံစားချက်ပင်။ ‘မြင်ရတော့မလိုပဲ’ တဲ့လား။ အဓိပ္ပာယ်မရှိပေ။
သို့သော် ထူးဆန်းသည့် ခံစားချက်ကြောင့် မျက်လုံးကိုပွတ်ကာ အရှေ့တိုးသွားလိုက်သည့် အခိုက်အတန့်တွင်….
“ညီမတော်၊ နှာခေါင်းသွေးတွေ….”
ဘုန်းတော်ကြီးနို၏ မျက်နှာက ဖြူဆုတ်သွားတော့သည်။
“အာ…”
ကြောင်တောင်တောင်ဖြစ်နေသည့် ဆောယောင်းတစ်ယောက် မယ်တော်မေရီရုပ်တုကြားတွင် ညှပ်နေသည့် လက်ကမ်းစာစောင်ကိုဆွဲယူကာ နှာခေါင်းကို သုတ်လိုက်သည်။
“မျက်နှာက တော်တော်လေး မကောင်းဘူးနော်။ ဘုရားသခင်၊ တကယ်ကို မကောင်းတာပါလား…”
“ဘာမှမဖြစ်ပါဘူး။ ကျေးဇူးတင်ပါတယ်ရှင့်။”
ဆောယောင်းက အလောတကြီး တစ်ဖက်လှည့်လိုက်သည်။ ထို့နောက် တဒေါက်ဒေါက်နှင့် လမ်းလျှောက်တုတ်ကိုထောက်ရင်း ဘုန်းတော်ကြီးနိုအား တစ်ဖန်ပြန်လှည့်ကြည့်ခဲ့သည်။
“ဘုန်းတော်ကြီးက တကယ်ပဲ မမြင်ရတဲ့အရာတွေကို ယုံကြည်လားရှင့်။”
ဆိုင်းမဆင့်ဗုံမဆင့် တဲ့တိုးမေးလိုက်သည့် မေးခွန်းဖြစ်သော်လည်း ဘုန်းတော်ကြီးနိုက ကြောင်တောင်တောင်ဖြစ်မသွားခဲ့။ နှုတ်ခမ်းလေးများ တဆတ်ဆတ်တုန်ယင်နေသည့် ဆောယောင်းက အင်မတန်ဖြူဖျော့ အားနည်းစွာရှိနေသောကြောင့်ဖြစ်သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် မြဲမြဲမြံမြံ မားမားမတ်မတ်ထိန်းထားပုံက ထူးထူးဆန်းဆန်း ဆွဲဆောင်မှုရှိလှပေသည်။
“ဒီလိုစကားမျိုးပြောရတာ အားနာပေမဲ့ အလှည့်စားခံနေရလောက်မလား မသိပါဘူး။ နောက်မှ ကျွန်မလိုမျိုး အရူးလုပ်မခံဘဲ မြန်မြန်လေး မျက်လုံးဖွင့်လိုက်ပါ။”
“ညီမတော်၊ ဆက်ဆက်မြင်တွေ့ရမှ သိနိုင်မဲ့ကိစ္စ မဟုတ်ပါဘူး။”
“အဲ့ဒါက ထင်ယောင်ထင်မှားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။”
“တစ်စုံတစ်ရာကို ယုံကြည်ဖို့အတွက် မဖြစ်မနေ အကြောင်းရင်းရှိဖို့ လိုအပ်လို့လား။”
ဟောဟဲဆိုက်ကာ အသက်ရှူနေရသည့် ဆောယောင်းက မျက်နှာပေါ်သို့ လျှောကျလာသောဆံပင်ကို စိတ်မရှည်စွာ သပ်တင်လိုက်သည်။ ဘယ်တုန်းက ဝင်လာမှန်းမသိရသည့် ပြင်းပြင်းထန်ထန် စွဲကပ်တွယ်ငြိနေသော ပူပန်မှုနှင့် မယုံကြည်မှုတို့က ရုတ်တရက် ထိန်းချုပ်မရအောင် ပေါက်ကွဲပါတော့သည်။ ပါးစပ်ကို တားနိုင်ခြင်းမရှိတော့။
“ကျွန်မလည်း မသိတော့ပါဘူး။ မသိလို့ ဒီလိုဖြစ်နေတာပေါ့…”
ဆောယောင်းက လမ်းလျှောက်တုတ်ကို ကိုင်ထားလျက်နှင့် အော့အန်တော့မလို ခါးကိုကိုင်းလိုက်သည်။ ချောင်းခြောက်က အာခေါင်ကိုခြစ်ပြီးထွက်လာရာ ခြောက်ကပ်နေသည့် လည်ချောင်းက မီးတောက်သလို နာလာတော့သည်။
“အဲ့ဒီလူကို မျက်နှာတောင်မသိဘဲ ကိုယ့်စိတ်တိုင်းကျ အရင်စပြီး ချစ်ခဲ့မိပါတယ်…ကျွန်မ ကိုင်ဖူးသမျှလက်တွေထဲမှာ အနွေးထွေးဆုံး၊ အကြီးဆုံးဖြစ်နေလို့ သူကတော့ ကျွန်မကို ကယ်တင်လိမ့်မယ်လို့ ထင်ခဲ့မိတာပါ။ သဘောမကျဘဲ မနေနိုင်ခဲ့ပါဘူး။ ကျိန်းသေပေါက် အဲ့ဒီလိုဖြစ်မှာပေါ့…ကြမ်းကြမ်းတမ်းတမ်း လူနာတွေရဲ့လက်တွေကိုပဲ ကိုင်ဖူးခဲ့ပြီး အဲ့ဒီလိုအရာကို ပထမဆုံးအကြိမ် ကိုင်ဖူးတာမို့လို့…”
“…”
“ကျွန်မရဲ့ ကမ္ဘာမှာ ဒီလိုလူမျိုး မရှိခဲ့တာကို…”
ဆောယောင်းတစ်ယောက် ဤတစ်ကြိမ်တွင်တော့ နှာခေါင်းမဟုတ်ဘဲ မျက်လုံးကိုသုတ်လိုက်သည်။ မျက်လုံးအတွင်းဘက်မှ ပူတက်လာ၏။ တစ်ချိန်တည်းတွင် ဘယ်မှာမှ ပြောမထွက်ခဲ့သည့် စကားများ သူ့အလိုလို ပွင့်အန်ထွက်ကျလာပါတော့သည်။
“ကောင်းကောင်းအိပ်ပျော်ရဲ့လား၊ အစာကို ကြေကြေညက်ညက် ဝါးစားရဲ့လားဆိုပြီးတော့ အရွယ်ရောက်နေပြီးသားမိန်းမအပေါ် သိချင်တာက အဲ့ဒီလိုအရာလေးတွေအပြင် မရှိဘူးထင်ပါရဲ့။ ကျွန်မက နည်းနည်းလေးပဲ ပင်ပန်းတဲ့ပုံပေါ်နေရင်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားပြီးတော့လေ။”
“…”
“ကျွန်မအတွက် အဲ့ဒီလူက ဆန်းကြယ်တဲ့ အံ့ဖွယ်ရာလေးဖြစ်ခဲ့တာကို။”
သို့သော် ဘဝက မျက်စိတစ်မှိတ်လေးအတွင်းတွင် ပျက်စီးပြိုလဲသွားနိုင်သည်ဟူသောအချက်ကို အကြာကြီးမေ့ထားကာ နေခဲ့မိသည်။
“အဲ့ဒီလူက ပျောက်သွားပါတယ်…အငွေ့ပျံသွားသလို ပျောက်သွားတာပါ…”
ဆောယောင်းက ကိုယ့်ကိုယ်ကိုယ်လှောင်သလို ရယ်လိုက်သည်။ အချိန်အခါမရွေး စူးခနဲတက်လာတတ်သော ရင်ဘတ်အောင့်မှုကိုလည်း ယခုတော့ ရင်းနှီးအသားကျနေပေပြီ။
ရှင့်ကို ရှာချင်ပေမဲ့။ လုံးဝ ဒီအတိုင်း လက်လျှော့ပြီး အဆုံးသတ်နိုင်စရာ အကြောင်းမရှိဘူးဆိုပေမဲ့။
“…ဘာကြောင့်မှန်းမသိ ကျွန်မဆီကို အဲ့ဒီလိုအရာက တအားလွယ်လွယ်လေးရောက်လာတာ။”
သွေးရောင်ပျောက်သွားသည့်မျက်နှာက ယခင်အတိုင်း လက်တွေ့ကို လက်မခံနိုင်သည့်အလား အကြောင်သားရှိနေဆဲ။ လမ်းလျှောက်တုတ်လေးကိုသာ အားပြုနေသည့် ဆောယောင်းတစ်ယောက် လမ်းပျောက်နေတော့သည်။
“ဒါပေမဲ့လည်း ညီမတော်ရဲ့။ ဒီကနေ့ရဲ့ တိုက်ဆိုင်မှုကလည်း ဘုရားသခင်ရဲ့ အလိုတော်ပဲဖြစ်မလား မသိဘူးနော်။”
အသာလေး နားထောင်နေခဲ့သည့် ဘုန်းတော်ကြီးနိုက ဆောယောင်း၏ လက်ထဲမှ လက်ကမ်းစာစောင်ကို ညင်သာစွာယူကာ သတိထားပြီး ဖြန့်ပြခဲ့သည်။
“မက်ဿရူးကျမ်း အခန်း ၇၊ အပိုဒ် ၇။ ဆက်တိုက်ဆုတောင်းပါ။ သို့ဆိုလျှင် ပြည့်ပါလိမ့်မည်။ ဆက်တိုက် ရှာဖွေပါ။ သို့ဆိုလျှင် တွေ့ပါလိမ့်မည်။ ဆက်တိုက် တံခါးခေါက်ပါ။ သို့ဆိုလျှင် ပွင့်ပါလိမ့်မည်။”
ဆောယောင်းက ဘုန်းတော်ကြီး၏ တည်ကြည်လေးနက်သော စကားများကို နားထောင်ရင်း ကြောင်တောင်တောင်နှင့် လက်ကမ်းစာစောင်ကို ယူလိုက်မိသည်။
ထင်ယောင်ထင်မှားဖြစ်နေခြင်းမဟုတ်။
ယခင်အတိုင်း မှုန်ဝါးဝါးဖြစ်နေသေးသော်လည်း အမြင်လွှာထဲမှ မြူခိုးက တစ်ချက်ကလေး ပျောက်သွားသလို ထင်ရ၏။ အံ့ဩမှင်တက်သွားသည့် ဆောယောင်းတစ်ယောက် မျက်လုံးကို အဖွင့်အပိတ် လုပ်မိသည်။
[ဘာမဆို ရှာပေးသည်။ ငွေ/လူ/ပစ္စည်း ★☆သင့်တင့်သည့်နှုန်းထား☆★ပြီးပြည့်စုံသည့် လျှို့ဝှက်သိုသိပ်မှု★☆
※တရားမဝင် ထောက်လှမ်းရေးအေဂျင်စီမဟုတ်ပါ။
NIS အေးဂျင့်ဟောင်းမှ ဦးစီးဆောင်ရွက်သည့် အေဂျင်စီ။
010-XXX-XXXX]
****
Miel’s Translations