Chapter 5.1

အပိုင်း ၅ – ၁
တစ်ချိန်က ရဲစခန်းသို့ နေ့စဉ်နေ့တိုင်း သွားခဲ့သော ခြေလှမ်းများလည်း တုံ့ခနဲရပ်သွားပေပြီ။ ယခုကား တခြားနည်းလမ်း ရှာဖွေရမည့်အချိန်ပင်။
“ဘုရားသခင်၏ အလိုတော်ဖြစ်မည်” ဟုပြောရင်း စေတနာနှင့် ဤနေရာကို ညွှန်းပေးခဲ့သည့် ဘုန်းတော်ကြီး၏ အကြံပြုချက်အတိုင်း ကြော်ငြာစာရွက်ကို ဓာတ်ပုံရိုက်ကာ အသံဖြင့်စာဖတ်ပေးသည့် app ကို သုံးပြီး ဖတ်ခဲ့သည်။ နောက်ဆုံးရောက်လာခဲ့သည့်နေရာကား ဤနေရာပင်။
“ဒါဆို အိမ်နီးချင်းတွေအကြောင်းကနေ စပြောကြမလား…ရှင့်။ မှတ်မိသလောက် အကုန်လုံးလေ။”
ဆောယောင်း မျက်မှောင်ကြုတ်လိုက်သည်။ ကျိန်းသေပေါက် ချဉ်းကပ်နည်းအသစ်ပင်။
“အဲ့ဒီကောင်နဲ့၊ အဲလေ…အဲ့ဒီတော့က အလုပ်ရှင်ရဲ့ အမျိုးသားနဲ့ အဲ့ဒီအိမ်နီးချင်းတွေက ဧကန္တ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဖြစ်လိမ့်မယ်လို့ မထင်မိဘူးလား…ရှင့်။”
အသက်နှစ်ဆယ်ကျော်ခါစ ဖြစ်လောက်မလား။ ဝန်ထမ်းအမျိုးသမီးလေးက ချောင်းဟန့်ကာ စကားအဆုံးသတ်ကို အကျင့်ပါနေသကဲ့သို့ ပြင်ပြောလေ့ရှိပြီး ကွတ်ကီးနှင့် ဆေးလိပ်နံ့က လေထုထဲတွင် ရောယှက်နေသည်။
ဒီကလေးမက ဆံပင်ကုပ်ဝဲလေးနဲ့များလား။
ဆောယောင်းက မျက်လုံးကို ကျုံ့လိုက်သည်။ ကျိန်းသေပေါက် ဤအခိုက်အတန့်တွင်လည်း အမြင်အာရုံက ဖြည်းဖြည်းချင်းစီ ကြည်လင်ရှင်းလင်းလာ၏။
“ကျိန်းသေပေါက် အမိန့်ရပြီး စနစ်တကျ လှုပ်ရှားကြတဲ့ပုံစံပါ။ အဆင့်ဆင့်လိမ်လည်မှုဖြစ်ဖြစ်၊ လျှို့ဝှက်အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်၊ အလုပ်ရှင်ကို တကယ်ပဲ တစ်ပြားမှမကျန်အောင် ကုပ်သွေးစုပ်ဖို့ပဲဖြစ်ဖြစ်၊ ဒီကိစ္စတွေအားလုံးကို အမိန့်ပေးစေခိုင်းနေတဲ့လူ ရှိမှာကို။ အဲ့ဒါက တကယ်ပဲ ဘယ်က ဘယ်သူလဲ…”
ကီးဘုတ်သံ တတောက်တောက်ထွက်လာသည်။ အိမ်နီးချင်းများနှင့်ပတ်သက်၍ ဆောယောင်း မှတ်မိသမျှက နာမည်တချို့၊ ကျောင်းများနှင့် အလုပ်လုပ်သည့်ကုမ္ပဏီလောက်သာ။ သူက စိတ်ထဲပေါ်လာသမျှကို ကြုံရာကျပန်း ပြောပြလိုက်သည်။
အမြင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို အားကိုး၍မရသောကြောင့် ဆောယောင်းက ခြေသံများ၊ ရနံ့များ၊ အသံများနှင့် အာလာပသလာပ စကားများကဲ့သို့ အသေးစိတ်အချက်အလက်များကို မှတ်သားရာတွင် ပို၍စေ့စေ့စပ်စပ်ရှိလာရ၏။
ဆောယောင်းက မှတ်ဉာဏ်များကို အကုန်စုစည်းကာ အရေးမပါဘူးဟုထင်ရသည့် သတင်းအချက်အလက်များကို ဝန်ထမ်းလေးဆီ ပေးလိုက်သည်။
“ဒါဆို အိမ်နီးချင်းတွေကနေစပြီး တူးဆွကြည့်ပါမယ်…”
တစ်ပတ်တိတိ ကြာပြီးသည့်နောက်တွင် ဆောယောင်းဆီ ဖုန်းဝင်လာသည်။
-တကယ်ပဲ ဘယ်လို မကောင်းတဲ့ကောင်နဲ့ နေနေခဲ့တာလဲ။
လုံးဝ စိတ်လွတ်နေသည့်အသံပင်။ ‘ဟဲ့၊ နင့်ရဲ့ ဝဲနေတဲ့လေသံ…’ ဟူ၍ ဖုန်းစကားပြောခွက်ကိုကျော်ကာ ကြမ်းကြမ်းတမ်းတမ်း ဟိန်းထွက်လာသည့် အသံကို ကြားလိုက်ရသည်။
~~~~~
“အလုပ်ရှင်…”
ယခင်အတိုင်း သက်တောင့်သက်သာမရှိသည့် ဆိုဖာပင်။
တစ်ပတ်ကြာမှ တွေ့ရသည့် ဝန်ထမ်းမိန်းကလေးထံမှ ယခင်အတိုင်း ချိုမြိန်သော ကွတ်ကီးနှင့် စီးကရက်အနံ့ကို ရောပြီးရနေ၏။
ထိုမိန်းကလေး၏ဘေးတွင် သက်လတ်ပိုင်းအရွယ်ယောက်ျားက လေးနက်သည့်မျက်နှာထားနှင့် လက်ပိုက်ထားလျက် ဆောယောင်းကို ကြည့်နေသည်။
ဝန်ထမ်းကလေးမလေး၏ ရွံ့တွန့်တွန့်ဖြစ်နေသည့် မျက်နှာထားရော၊ တောင့်တောင့်ဖိုင့်ဖိုင့်ခန္ဓာကိုယ်နှင့် ထိပ်ပြောင်နေသည့် ဆံပင်ကြောင့်ပါ သူ့အသက်ကို ခန့်မှန်းကြည့်၍ရ၏။
ကျိန်းသေပေါက် ယခင်ကထက်ပို၍ ကောင်းကောင်းမြင်နိုင်ပေပြီ။ ယခင်ကမူ အရာအားလုံးက မြူတွေစုဝေးပြီး အရာဝတ္ထုဖြစ်နေသကဲ့သို့ မှုန်ဝါးနေခဲ့သည်။ သို့သော် ယခုတော့ ဆောယောင်း၏အမြင်အာရုံက သန့်ရှင်းရေးမလုပ်ရသေးသော မှန်ပြတင်းမှ ကြည့်နေရသလိုအဆင့်အထိ တိုးတက်လာခဲ့ပြီ။
“မင်္ဂလာပါ၊ ဟန်ဆောယောင်းခင်ဗျ။”
အမျိုးသားက လက်ပိုက်ထားသည်ကိုဖြေပြီး နှုတ်ဆက်ခဲ့သည်။
“Blast ရဲ့ သတင်းအချက်အလက်စိစစ်ရေးအဖွဲ့ အဖွဲ့မှူး ဂျောင်ဖီလ်ဂယူပါခင်ဗျ။”
‘Blast ပေါ့လေ။ ဒီလို ထောက်လှမ်းရေးစင်တာ အသေးစားလေးမှာ အဲ့ဒီလိုနာမည်မျိုး ရှိတယ်လား။’
ဆောယောင်း မျက်မှောင်ကြုတ်လိုက်တော့ အမျိုးသားက ဆောယောင်း၏တုံ့ပြန်မှုကို နားလည်သည့်အလား ဝန်ထမ်းမိန်းကလေးကို နဖူးတောက်လိုက်သည်။
“သာမန်ပြည်သူတွေတော့ အကျွမ်းတဝင်ရှိလောက်ပါ့မလားမသိပေမဲ့ ကျွန်တော်တို့ရဲ့ ကုမ္ပဏီ Blast က ပုဂ္ဂလိက စစ်ဘက်ရေးရာကုမ္ပဏီပါ။ အစိုးရရဲ့ စီမံကွပ်ကဲမှုနဲ့အညီ လည်ပတ်ဆောင်ရွက်ပြီး ပြည်ပက ပဋိပက္ခဖြစ်တဲ့နေရာတွေကို စစ်ဘက်ဆိုင်ရာဝန်ဆောင်မှုတွေ ပေးပါတယ်ဗျ။”
အသက်နှစ်ဆယ်ကတည်းက ပြုစုစောင့်ရှောက်သူလုပ်ခဲ့သည့် ဆောယောင်းအဖို့တော့ ဤအရာအားလုံးက အလှမ်းဝေးကွာသော ကမ္ဘာတစ်ခုလိုပင်။
“ဒီထောက်လှမ်းရေးစင်တာလေးက တကယ်တော့ ကျွန်တော်တို့အဖွဲ့ လည်ပတ်နေတဲ့ လုပ်ငန်းအသေးစားလေးပေါ့။ ပုံမှန်အားဖြင့် ဝန်ထမ်းတွေကို လေ့ကျင့်ရေးပေးတဲ့အခါဖြစ်ဖြစ်၊ အထူးသဖြင့် စည်းကမ်းပေးတဲ့အခါတွေမှာ ဒီဘက်ကိုလွှတ်တာ များတယ်ခင်ဗျ။”
အံကြိတ်လိုက်သည့် အမျိုးသားက ဝန်ထမ်းမလေး ဟောချန်နာကို စိုက်ကြည့်လိုက်သည်။
“မိတ်ဆက်တာက ဒီလောက်ဆိုလုံလောက်ရောပေါ့၊ ဟန်ဆောယောင်းခင်ဗျ။”
“ဟုတ်ကဲ့။”
“တောင်းပန်ပေမဲ့ အလုပ်အပ်တာကို ကျွန်တော်တို့ဘက်က လက်ခံနိုင်မယ်မထင်ဘူးဗျ။”
ယဉ်ကျေးသော်လည်း ပြတ်သားသည့် ငြင်းဆန်မှုနှင့် ရင်ဆိုင်လိုက်ရသည်တွင် ဆောယောင်းလည်း တစ်ချက်နှုတ်ဆိတ်သွား၏။ တစ်ဖက်တွင် ဤအလုပ်အပ်မှုကို လက်ခံထားသော ချန်နာက ပို၍မချင့်မရဲဖြစ်တော့သည်။ ‘ဒီဦးလေးကြီးကတော့’ ဟု စူးစူးရှရှ အသံကျယ်ကျယ်နှင့်ပြောကာ အတိုက်အခံလုပ်သလို ဝှစ်ခနဲ ခေါင်းကိုလှည့်သွားသည်။ တဟူးဟူးနှင့် အသက်ရှူနေသည့် သူက တဟုန်းဟုန်းတောက်လောင်နေသော မျက်လုံးများဖြင့် ဆောယောင်းကို စိန်းစိန်ဝါးဝါးစိုက်ကြည့်နေ၏။
“အိမ်နီးချင်းတွေရဲ့နာမည်အများစုက အတုတွေပါ…။ ကျောင်းတို့၊ ကုမ္ပဏီတို့ကလည်း အကုန် အလိမ်အညာတွေပဲ။ ဒါပေမဲ့ အကုန်လုံးက အတုမဟုတ်ပါဘူးဆို။ ကျွန်မက အိမ်နီးချင်းတွေရဲ့ နောက်ကြောင်းကို ဒီလောက်အထိ နက်နက်နဲနဲ လိုက်တူးလိမ့်မယ်မှန်း အဲ့ဒီ မကောင်းတဲ့ကောင်လည်း သိလောက်မှာမဟုတ်ဘူး။”
“ဟဲ့၊ ဟဲ့၊ ဟောချန်နာ၊ စကားဝဲနေတာလေးလည်း တစ်ချက်ထိန်းစမ်းပါဦး။”
ဂျောင်ဖီလ်ဂယူက ကျောကုန်းကို တစ်ချက်ချလိုက်ချိန်တွင်တောင်မှ ဝန်ထမ်းမိန်းကလေး၏ ဟုန်းဟုန်းတောက် ခိုင်မာပြတ်သားမှုက နည်းနည်းလေးပင် ယိမ်းယိုင်သွားခြင်းမရှိခဲ့။
“အဲ့ဒီ ခွေးမွေးပြီးနေတဲ့ ဆံပင်တိုတိုနဲ့ လူလွတ်ရှိတယ်မဟုတ်လား။ တခြားလူတွေက အကုန်အတုဆိုပေမဲ့ အဲ့ဒီခွေးရဲ့နာမည်က အစစ်ပါဆို…”
ထင်မှတ်မထားသည့် သဲလွန်စကြောင့် ဆောယောင်းတစ်ယောက် မျက်ခုံးကိုပင့်လိုက်သည်။
“တိရစ္ဆာန်ဆေးရုံမှာ စာရင်းသွင်းထားတဲ့ ခွေးနာမည်ကို ရှာကြည့်လိုက်တော့ ကျွန်မတို့ တောင်ဂျိုဆွန်းအစ်မရဲ့ အိမ်ကနေ တစ်နာရီခွဲလောက်ဝေးတဲ့နေရာမှာ နေတာတဲ့။ ဒီကနေစပြီး အနံ့ကထွက်နေပြီလေ။ ဆေးမှတ်တမ်းမှာရှိတဲ့ အုပ်ထိန်းသူနာမည်က မတူဘူးဖြစ်နေတယ်။ ၆၇နှစ်အရွယ် ဂင်ယွန်းမီတဲ့။”
“…”
“အဲ့ဒါနဲ့ ဂင်ယွန်းမီရဲ့ အကြွေးဝယ်ကတ်ပြေစာတွေကို ငါးနှစ်စာလောက် ရှာကြည့်လိုက်တာ၊ ရား…ကျွန်မတို့ တော်တော်နုခဲ့တာပဲ။”
ရွဲ့တဲ့တဲ့ပြောနေသည့် ဟောချန်နာက စကားကိုရပ်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
“ဒီလိုမျိုး ထွက်လာတယ်လို့။”
တစ်ချိန်တည်းမှာပင် ချန်နာက ဘေးတွင်ရှိနေသော အမျိုးသားကို တံတောင်နှင့်တွတ်လိုက်သည်။
ဟောချန်နာ မြောက်ကိုရီးယားလေသံဖြင့် စကားစပြောကတည်းက ထိပ်ပြောင်နေသော ကိုယ့်ခေါင်းကိုယ် စိတ်ကျဉ်းကျပ်သလို တဖတ်ဖတ်ရိုက်နေခဲ့သည့် အမျိုးသားလည်း မကျေမနပ် သက်ပြင်းချကာ tablet တစ်လုံး ကမ်းပေးလာခဲ့သည်။
သို့သော် ဆောယောင်းက မည့်သို့သော တုံ့ပြန်မှုကိုမျှမပြခဲ့။ ကိုယ့်အမှားကိုယ် သဘောပေါက်သွားသည့် ချန်နာလည်း ပြေစာအသေးစိတ်ကို အသံထွက်ပြီး ဖတ်ပြတော့သည်။
“National Intelligence Service (NIS) အဆင့် ၉ မေးခွန်းဟောင်းများ၊ အမျိုးသားထောက်လှမ်းရေး NIAT (အခြေခံ၊ အသုံးချ၊ အဆင့်မြင့်)၊ အမျိုးသားထောက်လှမ်းရေးအရာရှိဝင်ခွင့် ရေးဖြေစာမေးပွဲ ပြင်ဆင်မှု။”
“…”
~~~~~
Miel’s Translations