Chapter-1
“ပေါက်သွားပြီဟေ့ မေးခွန်းပေါက်သွားပြီဟ”
ညီသုတ၏အော်ဟစ်သံကြောင့် ကျူရှင်တစ်ခုလုံးအထိတ်တလန့်ဖြစ်သွားကြသည်။ အထူးသဖြင့်ဂုဏ်ထူးတန်းမှကျောင်းသားများပင်။ ဂုဏ်ထူးတန်းဟုခေါ်ရခြင်းကလည်း အကြောင်းရှိသည်။ သူတို့၏သင်တန်းဆရာသည် ယခုနှစ်ဆယ်တန်းအတွက် ဂုဏ်ထူးရရန်အလားအလာရှိသူများနှင့် သာမန်အောင်မှတ်ကျောင်းသားများကို Sectionခွဲ၍ သင်ကြားပေးသည်။
ဂုဏ်ထူးတန်းကျောင်းသားများကအတွင်းခန်းတွင်သင်ရပြီး ကျန်ကျောင်းသားများကအပြင်ခန်းတွင်သင်ကြရ၏။ လူတန်းစားခွဲခြားသလိုဖြစ်သော်လည်း မတတ်နိုင်ပေ။ ထိုသို့မှမသင်လျှင် သင်ခန်းစာကိုလိုက်နိုင်သူများကမလိုက်နိုင်သူများကို စောင့်ပေးနေရလျှင် သင်ကြားရေးကနှောင့်နှေးသွားနိုင်သည်။
ယခုမှကျောင်းဖွင့်ခါစမို့ လပတ်စာမေးပွဲကလည်း ပထမအကြိမ်ဖြေဆိုရခါနီးအချိန်ဖြစ်သော်လည်း ယခုလိုကျောင်းပိတ်ရက်မျိုးတွင်မချန် သင်တန်းဆရာကသူ၏စာများကိုသာ ဂရုတစိုက်သင်ကြားသည်။
ယခုကဆရာမလာသေး၍ ကျောင်းသားများအားယားနေကြချိန်တွင် ယခုမှရောက်လာသောညီသုတသည် အော်ဟစ်ရင်းပြေးဝင်လာသောကြောင့် အားလုံးအလန့်တကြားဖြစ်ကုန်ကြသည်။
“ဘာလဲ တကယ်လား”
“ငါတို့ကိုလည်းပြဦး ဘာမေးခွန်းလဲ”
“သင်္ချာမေးခွန်းဟ”
အကြောက်ဆုံးဘာသာကမေးခွန်းပေါက်သည်ဆိုလေတော့ ကျောင်းသားများပျော်ကြသည်ပေါ့။ ထို့ကြောင့် အပြင်ခန်းရှိကျောင်းသားများသာမက အတွင်းခန်းရှိကျောင်းသားများကပါ စိတ်ဝင်တစားဖြစ်နေကြသည်။
ညီသုတကိုယ်တိုင်ကလည်းအတွင်းခန်းတွင်သင်ရသည်မို့ အတွင်းခန်းဘက်သို့သွားကာတံခါးပေါက်နားတွင် မတ်တပ်ရပ်လိုက်သည်။
“သင်္ချာမေးခွန်းကိုဘယ်ကရတာလဲ မင်းက”
ညီသုတနှင့်တပူးပူးတတွဲတွဲနေကြသည့် လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့အမြွှာနှစ်ယောက်က လက်ပိုက်ထားလျက်ဖြင့် စစ်ဆေးသလိုမေးမြန်းနေသည်။
“ညီသုတပါကွ ငါ့ကိုဘာများအောက်မေ့နေလဲ”
ညီသုတဟာမြင်ပြင်းကပ်စရာကောင်းအောင်ဟန်ထုတ်ရင်း မေးစေ့ကလည်းတပွတ်ပွတ်။
“ဘယ်မှာလဲ ပြ”
အားလုံးကလည်းသူ့အနားတွင်ဝိုင်းအုံနေသည်ဖြစ်ရာ ညီသုတကပတ်ပတ်လည်ရှိလူအားလုံးကိုအကြည့်ဝေ့လိုက်သည်။ ကျူရှင်တွင်ရှိသမျှလူအားလုံးကသူ့အနားတွင် ရပ်နေကြသော်လည်း တုတ်တုတ်ပင်မလှုပ်ဘဲနေရာမှာတင်ထိုင်နေသူတစ်ဦးရှိသည်။
သူ့နာမည်ကကာရန်ရှင်း..။ ဒီကျူရှင်ကိုရှစ်တန်းနှစ်မှာပြောင်းလာပြီး ညီသုတနှင့်စတွေ့ခဲ့ကြသည်။ အတန်းထဲတွင်အမြဲလိုလိုထင်ပေါ်အောင်နေတတ်ပြီး အတန်းဖော်များနှင့်ရင်းရင်းနှီးနှီးရှိသည့်ညီသုတအတွက် ကာရန်ရှင်းဟာပစ်မှတ်တစ်ခုဖြစ်မှန်းမသိဖြစ်လာရသည်။ ညီသုတကသူတစ်ပါးထံမှအာရုံစိုက်ခံရလျှင် အလွန်သဘောကျသည်။ အာရုံစိုက်ခံရအောင်လည်း အမျိုးမျိုးလုပ်ပြတတ်သည်။
သို့သော် သူ ဘာပဲလုပ်လုပ် ကာရန်ရှင်းကတော့လုံးဝဂရုမစိုက်ပေ။ ထိုအချက်ကညီသုတကိုအလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။
ယခုလည်းကျူရှင်တစ်ခုလုံး၏အာရုံကသူ့ထံတွင်ရှိနေသော်လည်း ကာရန်ရှင်းကတော့ခုံမှာတင်ထိုင်ကာ စာဖတ်နေလေ၏။
“သင်္ချာမေးခွန်းကတစ်မှတ်တန်တွေပဲလား သုံးမှတ်တန်ရောပါလား”
“ငါတို့ကိုခဏလောက်ပဲဖြစ်ဖြစ်ပြလေဟာ”
အားလုံးကတောင်းဆိုနေကြတော့လည်း ညီသုတကပြရတော့သည်ပေါ့။
“အင်း အင်း ငါပြမယ် လွယ်အိတ်ထဲမှာပါတယ်”
လွယ်လာသောကျောပိုးအိတ်ကိုဇစ်ဖွင့်၍ အတွင်းမှစာရွက်ကိုရှာဖွေနေခိုက်တွင် လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့ကလည်း သူ့ကိုမယုံသင်္ကာနှင့်စိုက်ကြည့်နေလေသည်။ ညီသုတကတော့ ကာရန်ရှင်းရှိရာဘက်ကို စောင်ငဲ့ကြည့်ရင်းအကဲခတ်နေသည်။ ကာရန်ရှင်းကတော့ ထုံးစံအတိုင်းဂရုမစိုက်ပေ။
“ဒီမှာတွေ့ပြီ”
ညီသုတကမေးခွန်းစာရွက်ကိုလွယ်အိတ်ထဲမှထုတ်လိုက်ချိန်တွင် အောင်ပွဲရစစ်သူကြီးအလား မာန်ဝင့်လျက်..။ ဘေးပတ်ပတ်လည်ရှိကျောင်းသားများကလည်း မေးခွန်းစာရွက်ကိုကြည့်၍ ဆွံ့အသွားရရှာသည်။
ထိုမေးခွန်းသည်မနှစ်ကမေးခွန်းဟောင်းစာရွက်ဖြစ်နေသဖြင့် အားလုံးကမကျေမနပ်ရေရွတ်ကြတော့သည်။
“ဘယ်မှာလဲ မင်းစာရွက်မှားနေပြီထင်တယ် ဒါကမနှစ်ကဟာကြီးလေ”
“အေးလေ ငါဘာပြောမိလို့လဲ”
“မင်းပဲမေးခွန်းပေါက်တယ်ဆို”
“ဟုတ်တယ်လေ ဒီမှာမေးခွန်းပေါက်နေတာပဲလေ သေချာကြည့်ပါ့လား”
အလယ်တွင်အပေါက်အကြီးကြီးဖြစ်နေသောမေးခွန်းစာရွက်ကိုသေချာဖြန့်ပြ၍ပြောလိုက်သောအခါ လူအုပ်ကြီးထံမှ ဆဲဆိုသံများကမိုးပေါက်များအလား။ ထို့နောက် ညီသုတ၏အကျင့်ကို သိရက်နှင့်အညာခံလိုက်ဖို့ရွေးချယ်မိကြသည့်သူတို့၏တုံးအသည့်ဦးနှောက်များကိုသာ အပြစ်တင်နေကြတော့သည်။
“မျိုးလွင်ဦးရဲ့သားကတော့ လုပ်ချလိုက်ပြန်ပြီ”
အမြွှာနှစ်ယောက်ထံမှပြိုင်တူထွက်ကျလာသောစကားပင်။ ညီသုတကလည်းမေးခွန်းစာရွက်ကိုလွယ်အိတ်ထဲသို့ပြန်ထည့်ရင်း အမြွှာနှစ်ကောင်ကိုလက်ညှိုးတထိုးထိုးလုပ်နေသည်။
“အောင်ချမ်းရဲ့သားတွေကလည်းစွာလှချည်လား”
ညီသုတကအနားတွင်လူရှင်းသွားသည်နှင့် အတွင်းခန်းထဲသို့ဝင်ကာ သူ၏နေရာကိုလျှောက်သွားလိုက်သည်။ သူ၏နေရာသည် ညာဘက်အတန်း၏ဒုတိယခုံတွင်ရှိသည်။ ထိုနေရာကိုလည်း တခြားလူတစ်ယောက်နှင့်အသည်းအသန်ပြိုင်လုထားရခြင်းဖြစ်၏။
အကြောင်းမှာ အရှေ့ခုံတွင်ကာရန်ရှင်းရှိသောကြောင့်ဖြစ်သည်။ နေ့ရှိသရွေ့ ကာရန်ရှင်းကိုစနောက်ရန်သာစိတ်ကူးထားသောညီသုတအဖို့နေရာကောင်းတစ်ခုဖြစ်လာနိုင်သည်မဟုတ်လား။
သို့သော်လည်းရှစ်တန်းနှစ်မှစခဲ့သည့်အစီအစဥ်ဟာ အခုထိအလုပ်မဖြစ်သေးပေ။ ကာရန်ရှင်းဟာသူ့ကိုလုံးဝဂရုမစိုက်သလို တခြားလူများကိုလည်းလုံးဝAttentionမပေးပါ။ စကားလည်းလုံးဝမပြောဘဲတိတ်ဆိတ်နေတတ်သူဖြစ်ပြီး စာသင်ချိန်တွင်ပင် လိုအပ်မှစကားပြောသည်။
“ရုပ်ကဘာဖြစ်နေတာလဲ အီကြာကွေးမိုးမိထားတဲ့ရုပ်နဲ့”
စွမ်းထက်ပိုင်ကရှုံ့မဲ့နေသောညီသုတ၏အမူအရာကိုကြည့်၍ လှောင်ပြောင်နေသည်။ လင်းထက်ပိုင်ကတော့ အထာနပ်နေသည့်ဟန်ဖြင့် မျက်ခုံးပင့်ပြသည်။
“ဘာရှိရမှာလား သူ့ရဲ့ Mr.Silentပေါ့ ဟုတ်တယ်မလား”
ငြင်းမရအောင်မှန်နေသည့်လင်းထက်ပိုင်၏စကားကြောင့် ညီသုတဟာမျက်ခုံးကိုသာတွန့်ချိုးထားမိသည်။ လောလောဆယ်တွင် ကာရန်ရှင်းကသူ၏နေရာတွင်မရှိသဖြင့် လွတ်လပ်စွာတိုင်ပင်နိုင်နေခြင်းပင်။
“သူ့ကိုလိုက်နေတာနှစ်နှစ်ရှိပြီကွာ ငါ့ခံစားချက်ကိုမရိပ်မိရင်တောင်တစ်ခါလောက်လေးပဲဖြစ်ဖြစ် လှည့်ကြည့်သင့်တယ်ထင်တယ် အခုကျတော့လုံးဝကိုလျစ်လျူရှုခံထားရတာမကျေနပ်ဘူး”
ညီသုတဟာ ကာရန်ရှင်းထံမှအာရုံစိုက်မှုရအောင်ကြိုးစားရင်း ထိုလူကိုတဖြည်းဖြည်းသဘောကျလာရာမှ ထူးဆန်းသောခံစားချက်များဆီကို ဦးတည်လာခဲ့ခြင်းပင်။
အစကတော့စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်တို့ညီအစ်ကိုသည် လက်မခံချင်ခဲ့သဖြင့်ညီသုတကိုရှောင်နေခဲ့ကြသော်လည်း ထိုကိစ္စသည်သူတို့၏သူငယ်ချင်းသံယောဇဥ်အပေါ်သက်ရောက်မှုမရှိနိုင်ကြောင်း သိလိုက်ရသည့်နောက် ပုံမှန်လိုပြန်ဖြစ်လာခဲ့သည်။
ယခုတော့သူတို့နှစ်ဦးကပါ ညီသုတ၏အချစ်ရေးအောင်သွယ်တော်ဖြစ်မှန်းမသိဖြစ်လာခဲ့လေပြီ။
“အဲဒီအပူပေးလို့မရတဲ့ရေခဲတုံးကို ထုသတ်လိုက်တာကမှတော်ဦးမယ်”
ညီသုတကမကျေမနပ်ရေရွတ်နေသည်ကိုလင်းထက်ပိုင်က အားရပါးရလှောင်ရယ်လေသည်။ စွမ်းထက်ပိုင်ကတော့ သူတို့နှစ်ယောက်ကိုတစ်လှည့်စီကြည့်ရင်း အကြံထုတ်နေလေသည်။
“သူမင်းကိုလှည့်ကြည့်လာမယ့်နည်းတစ်ခုစဥ်းစားမိတယ်ကွ”
“ဘာလဲ”
“သူလမ်းလျှောက်နေတဲ့အချိန် သူ့ဖင်ကိုသွားကိုင်လိုက် ဒါဆိုရင်သေချာပေါက် မင်းကိုလှည့်ကြည့်မှာပဲ”
စွမ်းထက်ပိုင်ဟာပြုံးစစနှင့်ချောက်ချလေရာ လင်းထက်ပိုင်ကလည်း တဟားဟားအော်ရယ်ရင်းလက်ခုပ်တီးနေလေရဲ့။
“သူတောင်းစား ငါကအကောင်းမှတ်လို့”
“အဲ့ဒါကသူမင်းကိုလှည့်ကြည့်ရုံတင်မဟုတ်ဘူး အာလူးသီးတွေပါလက်ဆောင်ပြန်ပေးလိုက်လိမ့်မယ် ဟားဟား”
ခွက်ထိုးခွက်လန်ရယ်မောနေကြသောအမြွှာနှစ်ကောင်ကို စားပွဲပေါ်တွင်တင်ထားသောမေးခွန်းဟောင်းစာအုပ်များနှင့်ကောက်ပေါက်ပြီးဒေါသဖြေနေရသည့်ညီသုတကတော့ နေရာကိုပြန်ရောက်လာသည့်ကာရန်ရှင်းကိုမြင်သည်နှင့် မျက်နှာပိုးသတ်ပြီးသားပင်။
တေမိမင်းသားဟုတစ်ကျောင်းလုံးကသတ်မှတ်ထားသောကာရန်ရှင်းကတော့ သူတို့ကိုရှိသည်ဟုပင်သဘောမထားပေ။ သူ ဒီလိုလုပ်လေညီသုတကပို၍စချင်လာလေပင်။
ဆရာဝင်လာ၍စာသင်နေချိန်တွင် ညီသုတဟာအငြိမ်မနေဘဲကာရန်ရှင်းချွတ်ထားသောဖိနပ်ကိုခုံအောက်မှနှိုက်ယူပြီး ဝှက်ထားလိုက်သည်။ ဒီလိုဆိုလျှင် သေချာပေါက်ကာရန်ရှင်းကသူ့ကိုစကားပြောလာရတော့မည်။
ဘေးနားရှိအမြွှာနှစ်ယောက်ကတော့ ညီသုတကိုလက်မတထောင်ထောင်နှင့် အားပေးနေကြသည်။
စာသင်ချိန်တစ်ချိန်ပြီး၍နောက်ဆရာမလာခင်တွင် အားလုံးက အခန်းထဲတွင်ဟိုသွားသည်သွားနှင့်အလုပ်ရှုပ်နေကြချိန်တွင် ကာရန်ရှင်း၏အသံသည်ပြတ်သားစွာပေါ်ထွက်လာလေသည်။
“အစ်မ”
အနောက်နားတွင်ထိုင်နေသည့်ဂိုက်ဆရာမများကိုကာရန်ရှင်းကအော်ခေါ်လိုက်သဖြင့် ဂိုက်များကလည်းကာရန်ရှင်းအနားသို့ အပြေးရောက်လာကြသည်။ ကာရန်ရှင်း၏မိသားစုနောက်ခံကြောင့် ထိုသို့ဆက်ဆံခြင်းဖြစ်မည်ဟု ညီသုတကတော့မှတ်ယူထားသည်။
“ဘာဖြစ်လို့လဲ ကာရန်”
ကာရန်ရှင်းဟာတော်ရုံနှင့်စကားမပြောတတ်သူမှန်း သိထားကြသည့်အပြင် သူ၏အဖေကလည်းကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ သတိပေးထားဖူးသည်မို့ သူမတို့ကအထူးတလည်ဂရုစိုက်နေကြခြင်းဖြစ်၏။
“ကျွန်တော့်ဖိနပ်ကိုခွေးဆွဲသွားလို့”
ညီသုတဟာခွေးနှင့်အနှိုင်းခံလိုက်ရသဖြင့် အောင့်သက်သက်ဖြစ်သွားရပြီး ဘေးနားရှိအမြွှာနှစ်ယောက်ကတော့ သူ့ကိုတိတ်တိတ်လှောင်ရယ်နေကြလေသည်။
ထို့နေညကMessenger Group Chatထဲတွင် ညီသုတသည် Crush၏ခွေးListအသွင်းခံရသူ ဟူသောNicknameကို ထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်းခံခဲ့ရလေသည်။