Chapter-2
ညီသုတ၊စွမ်းထက်ပိုင်နှင့် လင်းထက်ပိုင်တို့ဟာ အတန်းပိုင်ဆရာမခိုင်းလိုက်သောအလုပ်ကိုလုပ်ရန် ကျောင်းအုပ်ကြီးရုံးခန်းသို့သွားသောလမ်းတွင် ရှိနေကြလေ၏။
အမှန်ဆိုလျှင်ကျောင်းအုပ်ရုံးခန်းသည်သူတို့အခန်း၏အပေါ်ထပ်တည့်တည့်တွင်ရှိသည်။ သို့သော် လမ်းကိုတည့်တည့်မတ်မတ်မသွားတတ်ကြသောသူတို့သုံးယောက်ကတော့ ကျောင်းအုပ်ကြီးရုံးခန်းသို့မဝင်ခင် ကျောင်းကိုတစ်ပတ်အရင်ပတ်ကြသည်။
” သူ ဒီီနေ့ဘာလို့ကျောင်းမလာတာလဲမသိဘူး”
သုံးယောက်သားဟာအေးအေးလးလူလမ်းလျှောက်နေရင်းမှ ကာရန်ရှင်းအကြောင်း ဆွေးနွေးခန်းဝင်နေကြလေသည်။
“နေမကောင်းလို့များလား”
စွမ်းထက်ပိုင်၏စကားကြောင့် ညီသုတသည်ပို၍စိုးရိမ်သွားရတော့သည်။
“နေမကောင်းရင်ခွင့်တိုင်မှာပေါ့ကွ အခုမှပထမဆုံးအချိန်ပဲရှိသေးတယ် ကျောင်းနောက်ကျနေတာလည်းဖြစ်နိုင်တာပဲ”
လင်းထက်ပိုင်၏စကားကိုကြားသောအခါတွင်လည်း ညီသုတမှာစိတ်အေးရပြန်သည်။ သူတို့နှစ်ယောက်သည် စွမ်းထက်ပိုင်အဖို့ ကောင်းစိတ်နှင့်ဆိုးစိတ်တို့လွန်ဆွဲနေသည်နှင့် တူလှသည်။
သုံးယောက်သားစကားတပြောပြောနှင့် ကျောင်းတစ်ပတ်ပတ်ပြီးသွားသည့်နောက်မှသာ ကျောင်းအုပ်ကြီးရုံးခန်းဆီသို့ ရောက်ကြတော့သည်။ ငါးမိနစ်ခန့်အကြာတွင် ရုံးခန်းထဲမှပြန်ထွက်လာခဲ့ပြီးနောက်တွင် အပေါ့သွားချင်သေးသဖြင့် ယောကျ်ားလေးအိမ်သာဘက်သို့သွားရပြန်သေးသည်။
အားလုံးပြီးစီး၍ကျောင်းခန်းဆီသို့ပြန်သွားသည့်အခါတွင် စာသင်ချိန်တစ်ဝက်ကျိုးနေလေပြီ။
“ဆရာမ ဝင်ခွင့်ပြုပါ”
“ဟဲ့ ညီသုတတို့သုံးယောက် ငါကမေ့တောင်မေ့နေပြီ နင်တို့ကိုကျောင်းအုပ်ကြီးရုံးခန်းကိုသွားခိုင်းတာလေ ဘာလို့အခုမှပြန်လာတာလဲ”
“ဟို အဲ့ဒါက..”
စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်ကအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသဖြင့် ညီသုတကပင်ခပ်တည်တည်နှင့်လိမ်ရလေတော့သည်။
“အဲ့ဒါလေ အုပ်ကြီး…အဲ ကျောင်းအုပ်ကြီးကကျောင်းတစ်ပတ်Roundလှည့်နေလို့ ကျွန်တော်တို့လည်းကျောင်းတစ်ပတ်ပတ်ပြီးလိုက်ရှာနေရလို့ပါ”
ဆရာမကသူ၏စကားကိုယုံသွားပြီးဝင်ခိုင်းတော့မည့်ဆဲဆဲတွင် အရှေ့ဆုံးတန်းတွင်ထိုင်သောကာရန်ရှင်းကချောင်းဟန့်ပြီး ဝင်ပြောလေသည်။
“ဆရာမ ကျောင်းအုပ်ကြီးကအခုမှRoundလှည့်လာတာပါ”
အပေါ်ထပ်ကအခုမှဆင်းလာသောဆရာကြီးကိုပြတင်းပေါက်မှတစ်ဆင့် ထင်းထင်းကြီးမြင်နေရသဖြင့် ညီသုတတို့ဖြေရှင်းစရာမရှိတော့ပေ။ သူတို့၏ခေါင်းကိုဆင်နင်းလေခြင်း….။
“ချီးပဲ သူကဘယ်အချိန်ကရောက်နေတာလဲ”
စွမ်းထက်ပိုင်ကကာရန်ရှင်းကိုကြည့်ရင်းတိုးတိုးရေရွတ်သောအခါ ညီသုတကလည်းမျက်နှာကြီးရှုံ့မဲ့လျက် မကျေမနပ်ပြောဆိုနေတော့သည်။
“သောက်ကျိုးမပေးတဲ့Crush စိတ်ပူမိတဲ့ငါ့ကိုယ်ငါပဲသနားတယ်”
ကာရန်ရှင်းကတော့ထုံးစံအတိုင်းသူတို့ကိုလှည့်ပင်မကြည့်။ သူ၏စာအုပ်ကိုသာကြည့်နေပြီး ရုပ်ကလည်းခပ်တည်တည်ပင်။
“အတန်းချိန်ကိုမလေးမစားလုပ်တဲ့သုံးကောင် သွားစမ်း အခန်းရှေ့မှာဒူးထောက်လက်မြှောက်ထား”
မနက်စောစောစီးစီး ဆယ်တန်းအေခန်းရှေ့မှဖြတ်လျှောက်သွားကြသောကျောင်းသားများဟာ အခန်းရှေ့တွင်အပြစ်ပေးခံထားရသောညီသုတတို့သုံးယောက်ကို ပြုံးစိစိနှင့်ကြည့်သွားကြလေသည်။
“မကျေနပ်ဘူးနော် တော်တော်မကျေနပ်ဘူး အခဲမကျေလွန်းလို့သူ့ကိုငါ့အပိုင်ဖြစ်အောင် မြန်မြန်လုပ်မှဖြစ်တော့မယ်”
ကြိတ်မနိုင်ခဲမရဖြစ်နေဟန်နှင့် တောက်တခေါက်ခေါက်လုပ်ကာပြောနေသောညီသုတကြောင့် လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့ညီအစ်ကိုမှာ ခပ်အုပ်အုပ်ရယ်မောကြလေသည်။
“ဘာဆိုင်လို့လဲ”
“ဘာလို့မဆိုင်ရမှာလဲ သူနဲ့ငါရည်းစားဖြစ်တော့မှ သူ့ရဲ့မကောင်းတဲ့အဲ့ဒီအကျင့်တွေကို ကိုယ်ဖိရင်ဖိသင်ပေးရဦးမယ်လေ”
“မင်းကကိုယ့်ဘက်ကိုယက်တဲ့ခွေးပဲကွ”
စွမ်းထက်ပိုင်ကသတိလက်လွတ်နှင့်အကျယ်ကြီးအော်မိတော့မတတ်ဖြစ်သွားသည်မို့ လင်းထက်ပိုင်နှင့်ညီသုတတို့က သူ၏ပါးစပ်ကိုအုပ်ထားရသေးသည်။
“လိပ်လောက်တော့လုပ်ပါကွ”
“ဟင့်အင်း သူ့ရဲ့Crushကိုယ်တိုင်ကသူ့ကိုခွေးListသွင်းထားတာလေ”
“မနောက်ပါနဲ့ကွာ ဖိနပ်ချီသွားတဲ့ငါတို့ရဲ့ခွေးလေးကို”
စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်ကနှစ်ယောက်ပေါင်း၍ ညီသုတကိုစနောက်နေလေရာ ညီသုတကလည်းသူတို့နှစ်ယောက်ကို ခြေဖြင့်ကန်ဆောင့်နေလေ၏။ စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်တို့ကလည်းနှစ်ယောက်ပေါင်း၍ ညီသုတ၏ကျောင်းစိမ်းပုဆိုးကိုဆွဲချွတ်ရန်လုပ်ကြသည်။
“အား!! သူတောင်းစားတွေ ပုဆိုးကိုမထိကြနဲ့”
အပြစ်ဒဏ်ပေးခံထားရသောသုံးယောက်သားသည် အခန်းရှေ့တွင်ပျော်ပျော်ပါးပါးကစားနေကြသည်ကို အခန်းထဲရှိဆရာမမြင်သွားသောအခါ ကြိမ်တုတ်နှင့်ဆော်ပါတော့သည်။ အတန်းချိန်ပြီး၍သူတို့သုံးယောက် အခန်းထဲသို့ပြန်လာသည့်အခါတွင် သူတို့၏ခြေသလုံးတွင်ကြိမ်လုံးရာကိုယ်စီပါလာကြလေ၏။
သူတို့၏ထိုင်ခုံဆီသို့လျှောက်သွားသည့်လမ်းတွင်လည်း ကာရန်ရှင်းကိုအငေးမပျက်သည့်ညီသုတကို လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့က စကြပြန်သည်။
“လင်းတကြီးလည်လိမ်နေတာကိုမမြင်ဖူးရင်ကြည့်ထားကြနော်”
“အချစ်မှာနစ်မြောနေတဲ့လင်းတပေါ့”
လူကြားသူကြားထဲတွင်အော်ဟစ်၍ပြောလိုက်လေရာ မိန်းကလေးအတန်းဘက်မှတော်တော်များများက အော်ရယ်ကြသည်။ ညီသုတကလည်း အထိတ်တလန့်ဖြင့်ခေါင်းပြန်လှည့်လိုက်ရသည်။
ညီသုတကသူ့ကိုချောက်ချရန်ကြိုးစားနေသောအမြွှာနှစ်ယောက်ကို သင်ပုန်းဖျက်နှင့်လိုက်ထုလေရာ အတန်းထဲတွင်ပတ်ပြေးနေကြသောသူတို့သုံးယောက်ကိုကြည့်၍ မိန်းကလေးတော်တော်များများကလည်းပြုံးစိစိလုပ်နေကြပြန်သည်။
ငါးမိနစ်မျှပြေးလွှားပြီးကြသည့်နောက်တွင် ညီသုတနှင့်အမြွှာနှစ်ယောက်ဟာ သူတို့၏ထိုင်ခုံနေရာကိုပြန်ရောက်လာကြသည်။ မောဟိုက်လွန်း၍ဟောဟဲဆိုက်နေသောသုံးယောက်ကို သူတို့၏အနောက်ခုံမှကောင်လေးတစ်ယောက်က စကားစပြန်သည်။
“သူတို့အမြွှာနှစ်ယောက်ကို မင်း ဘယ်လိုများခွဲလဲ ငါတော့အမြဲတမ်းလူမှားနေတဲ့အခါချည်းပဲ”
“ငါတို့ကငယ်ငယ်လေးကတည်းကပေါင်းခဲ့တာလေ သိတာပေါ့ဟ ဒါပေမယ့်မင်းလူမလွဲချင်ဘူးဆိုရင် စစ်တဲ့နည်းတစ်ခုတော့ရှိတယ် သိချင်လား”
“အေး ပြောကြည့်လေ”
စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်တို့ကိုယ်တိုင်ကလည်း ထိုနည်းလမ်းကိုသိချင်စိတ်ဖြင့်နားစွင့်နေကြသည်။ ညီသုတကဟိတ်ကြီးဟန်ကြီးထုတ်ပြပြီးနောက် ချောင်းတစ်ချက်ဟန့်လိုက်သည်။ ထို့နောက်သူ၏လက်ရှညိအင်္ကျီကိုခေါက်တင်လိုက်သည်။
အားလုံးစိတ်ဝင်တစားဖြစ်နေကြသောအချိန်ကျမှ စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်တို့၏ တင်ပါးကိုလက်ဖဝါးဖြင့်ဖြောင်းခနဲမြည်အောင် အားရပါးရလွှဲရိုက်လိုက်လေသည်။
“ခွေးသား”
လင်းထက်ပိုင်ကသူ၏တင်ပါးကိုပွတ်သပ်ကာ ညီသုတကိုမိုးမွှန်နေအောင်ဆဲတော့သည်။ စွမ်းထက်ပိုင်ကတော့အသံတစ်သံမှမထွက်ဘဲ နှုတ်ခမ်းတင်းတင်းစေ့ထားရင်း ညီသုတ၏ကျောပြင်ကို လက်သီးဆုပ်ဖြင့်ထုလေတော့သည်။ သို့သော်အထာနပ်နေသောညီသုတက အလျင်အမြန်ရှောင်လိုက်နိုင်၍ လွတ်ခဲ့ရသည်။
“တွေ့ပြီလား သူတို့ကိုအသားနာအောင်လုပ်တဲ့လူကို အရင်ဆုံးအဆဲနဲ့တုံ့ပြန်တာက လင်းထက်ပိုင်ပဲ ပြန်အကြမ်းဖက်ဖို့လုပ်တဲ့တစ်ယောက်ကတော့စွမ်းထက်ပိုင်ပဲ ဘယ်လိုလဲ မပိုင်ဘူးလား”
“ပိုင်ပါ့ကွာ”
တစ်ယောက်ကိုတစ်ယောက်ချောက်ချနေတတ်သော သူတို့သုံးယောက်၏ထုံးစံအတိုင်း မကြာခင်မှာပင် ညီသုတသည်အမြွှာနှစ်ကောင်၏ပူးပေါင်းကြံစည်မှုကို ခံရပေတော့သည်။
ဖြစ်ပုံက ညီသုတ၏အဖြစ်သည်းပုံမှစတင်သည်။ ညီသုတက ကာရန်ရှင်းနှင့်အလွန်တရာမှနီးစပ်ချင်နေသောစိတ်ကို အခွင့်ကောင်းယူ၍ အမြွှာနှစ်ကောင်သည်သူတို့၏အစီအစဥ်ကို ရုတ်တရက်စဖြစ်ကြသည်။
“ငါစဥ်းစားနေတာကွာ”
ညီသုတကရုတ်တရက်အဆက်အစပ်မရှိသည့်စကားကို ပြောခါနီးတွင်ထိုသို့စကားအစပျိုးတတ်သည်။ လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့ကလည်း နံဘေးမှယှဥ်လျှောက်နေကြရင်းမှ သူ့ကိုလှည့်ကြည့်လာကြသည်။
“ဆင်းစားလို့ပြီးရင်လည်း ပြန်တက်ခဲ့”
ပြောင်ချော်ချော်လုပ်နေကြသောနှစ်ယောက်ကို ညီသုတမျက်စောင်းတစ်ချက်ပစ်သွင်းလိုက်သည်။ မိုးပြိုလာလျှင်တောင် ပြောင်မြဲပြောင်ဆဲဖြစ်နေဦးမည့်နှစ်ယောက်ကတော့ အချင်းချင်းတွန်းထိုးရုန်းကန်ရင်း ဟာသလုပ်နေကြသည်။
“တော်ပြီ”
“အဲ စတာကို သူငယ်ချင်းလေးကလည်း ဘာပြောမှာလဲ ပြော”
“ငါ ကာရန်ရှင်းဆီကAttentionရအောင်ကြိုးစားနေတာ နှစ်နှစ်လောက်ရှိပြီ ဒါတောင်အခြေအနေထူးခြားမလာသေးဘူး”
ထိုအချိန်၌ညီသုတကရုတ်တရက်ဘေးမှဖြတ်သွားသောခွေးတစ်ကောင်ကို ဝင်တိုက်မိလိုက်သဖြင့် ခပ်စွာစွာခွေးဟာ သူတို့ကိုမာန်မဲရင်း ထဟောင်လိုက်သဖြင့် အားလုံးအလန့်တကြားဖြစ်သွားရသည်။
“ချီးပဲ ခွေးမသား လန့်တာ”
“မဆဲစမ်းနဲ့ လင်းထက်ရာ”
စွမ်းထက်ပိုင်ကအရိုင်းတုန်းလင်းထက်ပိုင်၏ကျောပြင်ကို ထုလိုက်ရင်းပြောလေရာ လင်းထက်ပိုင်ကလည်းနာကျင်သွားရသောသူ၏ကျောကိုပွတ်သပ်ကာ စွမ်းထက်ပိုင်ကိုပြန်ထုသည်။
“ငါကဆဲတာမှမဟုတ်တာ ဒီခွေးကခွေးမသားမဟုတ်လို့ မင်းရဲ့သားလား”
နှစ်ယောက်သားစကားများနေကြစဥ်းမှာပင် ဟောင်ရုံလောက်ဟုထင်ထားခဲ့သောခွေးကသူတို့သုံးယောက်ကို လိုက်ဆွဲလေသောအခါ သုံးယောက်သားလည်းဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေးကြရတော့သည်။
“ခွေးသား မင်းမှာငါတို့ကိုလိုက်ဆွဲဖို့အပြင်တခြားအလုပ်မရှိဘူးလား အေးဆေးသွားဖွန်ကြောင်နေစမ်း”
ညီသုတကမကျေမနပ်အော်ဟစ်ရင်း အရှေ့ဆုံးမှ ဒုန်းစိုင်းထွက်ပြေးနေသည်။ အမြွှာနှစ်ယောက်ကလည်း အနောက်မှအသည်းအသန်ပြေးလိုက်နေရလေ၏။
မီးရထားသံလမ်းကိုဖြတ်ကျော်လာသည့်အချိန်မှသာ ထိုခွေးကသူတို့နောက်မှပြေးလိုက်နေခြင်းကိုလက်လျှော့လိုက်ပြီး လာရာလမ်းကိုအမြှီးတနှံ့နှံ့နှင့်ပြန်ပြေးသွားလေသည်။
ထိုအခါမှသာစိတ်အေးသွားနိုင်သောသုံးယောက်ကလည်း အပင်ရိပ်အောက်တွင်ထိုင်ကာအမောဖြေကြရသည်။
“သောက်ကျိုးမပေးတဲ့Crush!! မနက်ကလည်းသူ့ကြောင့်အပြစ်ပေးခံရပြီးပြီ အခုလည်းသူ့နာမည်ကြားတာနဲ့ လမ်းဘေးကခွေး လိုက်ဆွဲတာတောင်ခံရတယ်”
ညီသုတ၏မကျေမနပ်ရေရွတ်သံကြောင့် အမြွှာနှစ်ယောက်ဟာ ဟောဟဲဆိုက်နေသည့်ကြားမှ အူလှိုက်သည်းလှိုက်ရယ်မောမိကြတော့သည်။ ရယ်သံပေါင်းစုံလုပ်ရယ်ရင်း ညီသုတကိုလည်း ပြောင်ကြသည်။ ညီသုတကတော့ သူတို့နှစ်ယောက်ကို မြင်ပြင်းကပ်စွာငေးကြည့်နေရှာသည်။
“အဲ့လောက်အကျိုးမပေးတဲ့Crushကို ဝဲပစ်လိုက်တော့ကွာ အာရုံစိုက်မနေစမ်းနဲ့”
“မရဘူး ငါ့ကိုဒီလောက်ဒုက္ခပေးထားတဲ့ကာရန်ရှင်းဆီက အချစ်ကိုမရရအောင်ယူမှဖြစ်မှာ”
လင်းထက်ပိုင်၏စကားကို မာန်ပါပါနှင့်ကန့်ကွက်ရင်း ဆန္ဒတို့ကိုထုတ်ဖော်နေသောညီသုတသည် အမှန်တကယ်ဆုံးဖြတ်ချက်ချလိုက်ဟန်ပင်။
“မင်းကတော့စံပဲ”
“ဘာဖြစ်လဲ နောက်ဆိုရင်လေ ငါ့ဆီမှာတစ်နေ့တခြားကျရှုံးလာမယ့်ကာရန်ရှင်းက တစ်ချိန်ကသူဂရုမစိုက်ခဲ့တဲ့လူကို ချစ်မိနေပါလားလို့တွေးမိသွားစေတဲ့အထိ အပိုင်သိမ်းပြမယ်”
“လုပ်ပါ လုပ်စမ်းပါဦး”
“အဲ့ဒီအတွက် မင်းတို့ကလည်းငါ့ကိုကူညီရမယ်”
လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့က ညီသုတ၏ပြုံးစစမျက်နှာပေးကြောင့် “စလာပြန်ပြီ” ဟုရေရွတ်ရင်း သက်ပြင်းချလိုက်မိတော့သည်။
ထိုအခိုက်မှာပင်သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်အဓိပ္ပါယ်ပါပါကြည့်လိုက်မိကြပြီး သူတို့နှစ်ယောက်၏အတွေးက ထပ်တူကျနေသည်ကိုနားလည်လိုက်သောအခါ နှစ်ယောက်သားလည်း တစ်ယောက်ကိုတစ်ယောက်မသိမသာမျက်စပစ်ပြရင်း လျှို့ဝှက်အကြံအစည်ကို အကောင်အထည်ဖော်ကြတော့သည်။
လာမည့်မနက်ဖြန်များတွင်ညီသုတဟာ အချွန်နှင့်’မ’ခြင်း ခံရပေတော့မည်။