Chapter-3
ကျောင်းပိတ်ရက်တွင်ညီသုတဟာကျူရှင်ချိန်လည်းစောသေးသည်ဖြစ်ရာ မနက်စာထွက်စားရင်း အမြွှာနှစ်ယောက်၏အိမ်ဘက်သို့ထွက်လာခဲ့သည်။ အမြွှာနှစ်ယောက်၏အိမ်သည် ခါတိုင်းထက်ပို၍တိတ်ဆိတ်နေသည်ကို မြင်သောအခါ ညီသုတလည်းအိမ်ထဲသို့သတိထား၍ ဝင်လာလေသည်။
“လင်းထက်!! စွမ်းထက်!! ”
ညီသုတ၏ခေါ်သံကိုကြားသောအခါ မီးဖိုချောင်ထဲတွင်ရှိနေသော အမြွှာနှစ်ယောက်၏အမေကချက်ချင်းထွက်လာလေသည်။
“သြော် သုတပါလား လာလေ”
အိမ်ထဲသို့ရောက်လာသည်အထိ ညီသုတမှာအမြွှာနှစ်ယောက်၏အရိပ်အယောင်ကိုမမြင်လေသောအခါ သူတို့၏အမေကိုမေးလိုက်ရသည်။
“အန်တီ လင်းထက်တို့ရော”
အမြွှာနှစ်ယောက်၏အမေဟာညီသုတကိုအရှေ့ခန်းရှိထိုင်ခုံတွင်ထိုင်စေ၍ သူ့အတွက်မုန့်တချို့ချပေးရင်း မကျေမနပ်ညည်းညူလေတော့သည်။
“အမလေး သုတရယ် ဒီမျောက်လောင်းနှစ်ကောင်ကိုအန်တီလည်းမနိုင်တော့ဘူး မနေ့ညကသူတို့ဖုန်းခိုးသုံးနေတာမြင်လို့ ဆူမိတာကိုနှစ်ယောက်လုံးဆောင့်ကြီးအောင့်ကြီးနဲ့ပြောဆိုနေကြတာ”
ညီသုတသည်အမြွှာနှစ်ကောင်ဖြစ်ပျက်နေမည့်ပုံကို တွေးရင် ခပ်ဖွဖွပြုံးလိုက်မိသည်။
“အန်တီတို့ရန်ဖြစ်ထားကြတာပေါ့”
“အေးပေါ့ကွယ် ဖုန်းကိုင်မယ့်အစားစာသာကြေအောင်လုပ်လို့ပြောလိုက်တာကိုစိတ်ဆိုးဆိုးနဲ့ စာကြေအောင်လုပ်ပြမယ်ဆိုပြီး ခေါင်းအုံးအောက်ကိုစာအုပ်တွေခုပြီးအိပ်နေကြတယ်လေ အခုထိမထကြသေးဘူး”
ညီသုတလည်းအမြွှာနှစ်ယောက်၏အမေကိုအားမနာနိုင်တော့ဘဲ အော်ရယ်မိလေတော့သည်။ ညီသုတ၏သူငယ်ချင်းပီသပါပေ့။
ဤအတိုင်းသာဆိုလျှင် စာကြေမကြေတော့ညီသုတမသိ။ စာအုပ်တော့ကြေသွားမည်မှာအမှန်ပင်။
“သွား သွား သူတို့အခန်းထဲမှာရှိတယ် သားကိုယ်တိုင်သာဝင်နှိုးလိုက်တော့”
အမြွှာနှစ်ယောက်၏အမေဟာညီသုတကိုထားခဲ့၍ မီးဖိုချောင်ထဲသို့ပြန်ဝင်သွားလေသည်။ ညီသုတလည်း ရယ်ချင်ပက်ကျိဖြစ်နေသောရုပ်ဖြင့် အမြွှာနှစ်ယောက်၏အခန်းဆီသို့ချီတက်လာခဲ့သည်။
အခန်းတံခါးခေါက်မနေတော့ဘဲဝင်သွားလိုက်လေရာ ကုတင်တစ်ခုစီတွင် ကို့ရို့ကားယားနှင့်အိပ်နေကြသောညီအစ်ကိုနှစ်ယောက်ကို ထင်းထင်းရှင်းရှင်းမြင်လိုက်ရသည်။ သူတို့၏ခေါင်းအုံးများအောက်တွင်လည်း ဓာတုဗေဒစာအုပ်များကိုထိုးသိပ်၍ထည့်ထားသေးသည်။
နဂိုဗီဇကိုထိန်းချုပ်မရသည့်ညီသုတကလည်း အမြွှာနှစ်ကောင်ကိုချက်ချင်းမနှိုးသေးဘဲ အခန်းထဲသို့အကြည့်ဝေ့လိုက်သည်။
ညကအသီးထည့်ထားခဲ့ပုံရသောစတီးဇလုံနှစ်ခုဟာ စာကြည့်စားပွဲပေါ်တွင်တင်ထားသည်ကိုမြင်သွားသောညီသုတသည် ခပ်အုပ်အုပ်ရယ်ရင်း စတီးဇလုံနှစ်ခုကိုတိတ်တိတ်သွားယူလေသည်။
ထို့နောက်အမြွှာနှစ်ယောက်၏အလယ်နားတွင်ရပ်၍ စတီးဇလုံနှစ်ခုကိုအချင်းချင်းထုရိုက်၍ နားမခံသာသောအသံများကိုဖန်တီးလေတော့သည်။ စူးရှရှအသံကျယ်များဟာ အခန်းထဲတွင်ပဲ့တင်ထပ်သွားသောအခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသောအမြွှာနှစ်ယောက်ကလည်း အလန့်တကြားနှင့်နိုးလာကြသည်။
“ခွေးမကြီးပြေးသွားပြီ…”
ကယောင်ကတမ်းအော်ဟစ်ရင်းအဆဲတစ်ပိုင်းဖြင့်နိုးလာသူကတော့ လင်းထက်ပိုင်ပင်။ စွမ်းထက်ပိုင်ကတော့ ကြောက်လန့်တကြားနှင့် အကျင့်ပါနေသောခန္ဓာကိုယ်ဟာ အသံလာရာဘက်ကို လက်သီးလက်မောင်းတန်းရင်းကန်လိုက်လေရာ သူ၏ခန္ဓာကိုယ်ကလည်း ကုတင်ပေါ်မှဝုန်းခနဲပြုတ်ကျလာလေတော့သည်။
” အား!!! ”
ကုတင်တိုင်နှင့်ခေါင်းဟာအားပြင်းပြင်းနှင့်ဆောင့်မိသွားသည်မို့ ဖရဲသီးကွဲသံနှင့်တူသောအသံတစ်ခုဟာ ကျယ်လောင်စွာထွက်လာလေသည်။ ညီသုတကတော့နှစ်ယောက်သားဖြစ်ပျက်သွားပုံကိုကြည့်ရင်း အောင်ပွဲခံသည့်အနေနှင့်စတီးဇလုံများကို တဒေါင်ဒေါင်တဒင်ဒင်တီးခတ်နေသေးသည်။
ယခုမှညီသုတကိုသတိထားမိသွားကြသောအမြွှာနှစ်ယောက်မှာ ညီသုတကိုသူတို့၏ခေါင်းအုံးများနှင့်ပစ်ပေါက်ကြလေသည်။ ပါးစပ်ကလည်း အယုတ္တအနတ္တများစုံနေအောင်ဆဲလေတော့သည်။
“ဘယ်လိုလဲ စာကြေကြရဲ့လား”
နှစ်ယောက်လုံးဟာအိပ်ရာပေါ်တွင်အိပ်ချင်မူးတူးရုပ်များဖြင့် ဖင်ကုတ်လိုက်၊ခေါင်းကုတ်လိုက် လုပ်နေကြသည်။ ညီသုတကိုအခုထိအစာမကြေသေးဟန်နှင့်စိုက်ကြည့်နေကြသည်။
“မင်းမျက်နှာကြီးကြေမွသွားအောင်ထုပစ်လိုက်မှာနော် အေးဆေးနေ”
လင်းထက်ပိုင်ကအိပ်ရာထဲမှထလာပြီးညီသုတကိုကြိမ်းမောင်းသည်။ ညီသုတ၏မျက်နှာကတော့ ယခုထိပြုံးစိစိ။
“ဘယ်နှနာရီရှိပြီလဲ”
စွမ်းထက်ပိုင်ကဖောင်းမို့နေသောမျက်လုံးကိုပွတ်သပ်နေရင်းဖြင့် မေးသည်။
“ခုနစ်နာရီထိုးပြီ မနက်စာထွက်စားရအောင် ကျူရှင်လည်းသွားရဦးမယ်လေ မြန်မြန်လုပ်ကြ”
ညီသုတကလောဆော်လေတော့အမြွှာနှစ်ယောက်ကလည်း မြန်မြန်ဆန်ဆန်ပြင်ဆင်ရတော့သည်။ သူတို့သုံးယောက်စလုံးမနက်စာစားရန်တစ်လမ်းကျော်ရှိဆိုင်သို့သွားကြသည့်အချိန်ဟာ ခုနစ်နာရီနှင့်ငါးမိနစ်မျှသာရှိသေးသည်။
“အန်တီ ကျွန်တော်တို့ကိုမုန့်ဟင်းခါးတစ်ပွဲရယ်…”
ညီသုတကသူ့အတွက်မှာပြီးနောက် ကျန်နှစ်ယောက်ဆက်မှာနိုုင်ရန် စကားစပျိုးပေးလိုက်သည်။
“ကျွန်တော်က မုန့်တီသုပ်တစ်ပွဲ”
“ကျွန်တော့်ကိုတော့ဆီချက်တစ်ပွဲလုပ်ပေးပါ”
“ဟုတ်ပြီ ခဏစောင့်နော် သားတို့”
မှာစရာရှိတာမှာပြီးပြီမို့ ဖိုက်ဘာစားပွဲခုံလေးတစ်ခုတွင် သုံးယောက်သားဝိုင်းထိုင်ရင်း စောင့်နေကြသည်။
ယနေ့ရာသီဥတုဟာနေရောင်ပြင်းပြင်းဖြာမကျပါဘဲ အနည်းငယ်အုံ့မှိုင်းနေလေသည်။ မနက်ခင်းလေပြည်အေးအေးလေးကလည်း သူတို့၏ခန္ဓာကိုယ်များကိုပွတ်သပ်ကာကလူကျီစယ်နေလေ၏။ မိုးရွာမည့်အရိပ်အယောင်လည်းမရှိပေ။ ဤကဲ့သို့သောရာသီဥတုမျိုးသည် လမ်းလျှောက်ထွက်ရန်သင့်လျော်လှသောကြောင့် ညီသုတတို့သုံးယောက်သားလည်း ကျူရှင်သို့စက်ဘီးနှင့်မဟုတ်ဘဲ လမ်းလျှောက်၍သာသွားရန်သဘောတူလိုက်ကြသည်။
“စွမ်းထက် မနေ့ကငါပေးတဲ့စာရွက်ကိုဘယ်မှာသိမ်းထားလဲ”
လင်းထက်ပိုင်ကဆိုင်ရှင်အဒေါ်ကြီးလာချပေးသောမုန့်တီပန်းကန်ကိုနယ်နေရင်းမှ စွမ်းထက်ပိုင်ကိုမေးလိုက်သည်။
“ငါ့လွယ်အိတ်ထဲမှာ သိမ်းထားတယ်လေ”
“အိုခေ သေချာသိမ်းထား ငါတို့အစီအစဥ်စရတော့မှာ”
ညီသုတကသူ၏ဘေးရှိအမြွှာနှစ်ယောက်အပြန်အလှန်ပြောနေကြသော စကားများကိုနားမလည်၍ ကြောင်အအဖြစ်နေရသည်။ တပြိုင်တည်းမှာပင် ဟာသဆန်သည်ဟုလည်းတွေးနေမိ၏။ အမြွှာနှစ်ယောက်ဟာပေါ့တီးပေါ့ပြက်နေတတ်သူများမဟုတ်သော်လည်း ဤကဲ့သို့တစ်စုံတစ်ခုကိုအကြီးအကျယ်အစီအစဥ်ဆွဲနေသယောင်လုပ်နေသည်မှာ ရယ်ချင်စဖွယ်ကောင်းနေသည်။
“မင်းတို့နှစ်ယောက် ဘာတွေကြံစည်နေကြတာလဲ”
“မင်းကိုကာရန်ရှင်းနဲ့အောင်သွယ်ပေးဖို့လေ”
မုန့်ဟင်းခါးသောက်နေသည့်ညီသုတ၏မျက်လုံးများသည် ထိုစကားကြောင့်အရောင်တဖိတ်ဖိတ်တောက်ပသွားရသည်။ သူကိုယ်တိုင်ကလည်းကာရန်ရှင်းနှင့်နီးစပ်ရေး တို့အရေးဖြစ်နေသော်လည်း စာကိုအသည်းအသန်ကြိုးစားရမည့်ဆယ်တန်းလိုအခိုက်အတန့်မျိုးဟာ ထိုကိစ္စကိုဦးစားပေးရန်အခြေအနေမပေး၍ ဆန္ဒများကိုခဏမြိုသိပ်ထားရခြင်းသာ။
“ဘယ်လိုအောင်သွယ်မှာလဲ”
“အဲ့ဒါတွေကိုငါအဆင့်ခွဲထားပြီးသား။ ဘယ်အချိန်မှာဘာလုပ်ရမယ်ဆိုတာကအစ planချပြီးသားနော် မင်းကငါတို့ခိုင်းတဲ့အတိုင်းလုပ်ရုံပဲ”
လင်းထက်ပိုင်ကအမှန်အကန်အစီအစဥ်ဆွဲသူတစ်ယောက်၏မာန်ဖြင့် ပြောနေလေရာ ညီသုတကလည်းသဘောကျလို့မဆုံးပေ။
“ဟုတ်ပြီလေ။ အရှုံးမရှိပါဘူး။ လုပ်ကြည့်တာပေါ့”
“အိုကေ ဒီလိုဆိုရင်ငါတို့ပထမဆုံးလုပ်ရမှာက….”
လင်းထက်ပိုင်ဟာဟိတ်ကြီးဟန်ကြီးထုတ်ကာပြောနေသည်ကိုပင် ညီသုတဟာအမြင်ကပ်ချိန်မရ။ ဆက်ပြောလာမည့်စကားကိုသာ အာရုံစိုက်၍နားထောင်နေသည်။
“အင်း ဘာလုပ်ရမှာလဲ”
“ပထမဆုံးလုပ်ရမှာကဘာလဲဆိုတာကို စွမ်းထက်ပြောလိမ့်မယ်”
ဟိတ်ကြီးဟန်ကြီးထုတ်လိုက်နိုင်သည့်အချိန်ဟာစက္ကန့်ပိုင်းမျှသာ။ အကြောင်းမှာ လင်းထက်ပိုင်သည်မနေ့ကရေးမှတ်ထားသောအကြောင်းအရာများကို မမှတ်မိတော့သောကြောင့်ပင်။ ထို့ကြောင့်ညီသုတ၏အဆဲကိုခံလိုက်ရသလို စွမ်းထက်ပိုင်၏နားရင်းအုပ်ခြင်းလည်းခံရသည်။
“ဒီလိုလေကွာ လူတစ်ယောက်နဲ့တစ်ယောက်အချစ်ရေးအရနီးစပ်ဖို့ဆိုတာ ရင်းနှီးဖို့လည်းလိုတယ်လေကွာ ဟုတ်တယ်မလား”
စွမ်းထက်ပိုင်ကပညာရှင်ဆန်ဆန် ဆန်းစစ်ပြနေလေရာ ညီသုတကလည်းမြန်မြန်ဆန်ဆန်ထောက်ခံလိုက်သည်။
“အင်း”
“အဲ့ဒီတော့သူနဲ့အရင်ရင်းနှီးအောင်လုပ်ရမယ်။ ဒါပေမယ့်တအားရင်းနှီးသွားလို့လည်းမဖြစ်ဘူး။ အကွာအဝေးတစ်ခုထားရမယ်”
“ဘာလို့လဲ”
“ဘာရမှာလဲကွ တအားရင်းနှီးသွားရင်Friend Zoneထဲ ဝင်သွားမှာပေါ့ အဲ့ဒီအခါကျမှဂွတီးဂွကျဖြစ်သွားလိမ့်မယ်”
“အင်း ဒါလည်းဟုတ်တာပဲ ဒါပေမယ့်ကွာငါသူ့ကိုအမျိုးမျိုးချဥ်းကပ်ကြည့်ပြီးပြီလေ။ ရင်းနှီးဖို့နေနေသာသာလှည့်တောင်မကြည့်တာမင်းတို့အသိပဲလေ”
ညီသုတကတစ်ချိန်လုံးကျရှုံးနေရသည့်အကြောင်းများကို မအီမသာပုံစံနှင့်ထုတ်ပြောပြန်သည်။ ထိုအခါ စွမ်းထက်ပိုင်ကလည်းခေါင်းတညိတ်ညိတ်လုပ်ရင်းဆက်ပြောသည်။
“အင်း သေချာတာပေါ့။ ရင်းနှီးဖို့ဆိုတာကလည်းပတ်ဝန်းကျင်အခြေအနေကောင်းဦးမှကွ။ မင်းတို့ကြားမှာပေါ့ပါးတဲ့လေထုလေးဖန်တီးနိုင်မှ တစ်ယောက်ကိုတစ်ယောက်အကောင်းမြင်နိုင်မှာပေါ့။ တင်းကြပ်နေတဲ့လေထုမျိုးမှာနှစ်ယောက်လုံးStressတွေပိနေတဲ့အခါ စကားလာပြောရင်တောင်ရိုက်သတ်ချင်စိတ်ပဲရှိနေမှာထုံးစံပဲလေ”
ညီသုတကကျိုးကြောင်းဆီလျော်လှသောစွမ်းထက်ပိုင်၏စကားများကိုအထူးတဆန်းဖြစ်မိသော်လည်း မထောက်ခံဘဲမနေနိုင်အောင်မှန်နေသည်ဟုလည်းတွေးမိပြန်သည်။ ထူးဆန်းသည်ဆိုတာကလည်း ထိုသို့ဆီလျော်လှသောအကြောင်းအရာများက တလွဲသာလုပ်တတ်လေ့ရှိသောအမြွှာနှစ်ယောက်နှင့် လားလားမျှမအပ်စပ်ပေ။
“ဒီတော့ငါတို့ကမင်းတို့နှစ်ယောက်ပဲရှိတဲ့အခြေအနေလေးတစ်ခုဖြစ်လာရင် မင်းတို့ကြားမှာလန်းလန်းဆန်းဆန်းလေထုလေးဖန်တီးပေးဖို့ သီချင်းတွေကိုသုံးမယ်”
“သီချင်း??”
“ဒါပေါ့။ လူတွေရဲ့စိတ်ကိုစိုးမိုးခြယ်လှယ်နိုင်စွမ်းရှိတာဂီတပဲ”
တစ်ချိန်လုံးငြိမ်နေသည့်လင်းထက်ပိုင်ကလည်း ထောက်ခံသလိုဝင်ပြောပြန်သည်။
ညီသုတမှာလည်းယောင်နနဖြင့်ခေါင်းညိတ်နေမိသည်။ ထိုအကြောင်းအရာများကမှန်ကန်သင့်သလောက်မှန်သော်လည်း အလွဲတစ်လိုင်းအမြွှာနှစ်ယောက်ကနေ့ချင်းညချင်း အချစ်ရေးကျွမ်းကျင်အတိုင်ပင်ခံများဖြစ်သွားကြသောကြောင့် စိတ်ထဲတွင်သိပ်မသင်္ကာပေ။
“ဟုတ်ပါပြီ။ ဒါပေမယ့်ဒါတွေကိုမင်းတို့ကဘယ်လိုသိလဲ။ ဘယ်ကရှာထားတာလဲ”
အရှိုက်ထိသွားသောအမြွှာနှစ်ယောက်သည် ညီသုတကိုဘုကြည့် ကြည့်လိုက်ကြပြီး လက်ညှိုးငေါက်ငေါက်ထိုးနေလေ၏။
“လျှာမရှည်နဲ့။ ငါတို့ပြောတာလက်ခံမခံဆိုတာပဲပြော”
“လက်ခံပါတယ် မင်းတို့စောက်တလွဲတွေမလုပ်ဘူးဆိုရင်ပေါ့”
“ဒီတစ်ခေါက်တော့ငါတို့ကိုစိတ်ချထားလိုက်”
ပြိုင်တူပြောလာသည့်အမြွှာနှစ်ယောက်၏စကားကြောင့် ညီသုတကပို၍စိတ်မချနိုင်ဖြစ်သွားရသည့်အကြောင်းကို ဘယ်သူ့အားဖွင့်ဟရပါ့မလဲလေ။ အမြွှာနှစ်ယောက်ဟာသူ့ကိုချောက်ချချင်သည့်အချိန်မျိုးတွင်သာ ဤကဲ့သို့ရှားရှားပါးပါးညီညွတ်နေတတ်သည်မလား။