Chapter-4
ဒီနေ့အတွက်လည်းကာရန်ရှင်း၏တစ်နေ့တာဟာ စာလုပ်ရမည့်သံသရာထဲတွင်သာ လည်ပတ်ဆဲ။ ကျောင်းပိတ်ရက်မို့ နည်းနည်းအနားရ၍သာတော်တော့သည်။ ကျောင်းဖွင့်ရက်များဆိုလျှင်ဖြင့် ကျောင်းရောက်တော့ကျောင်းစာ၊ ကျူရှင်ရောက်တော့ကျူရှင်စာ၊ အိမ်ပြန်ရောက်ပြန်တော့လည်းအိမ်စာနှင့် လုံးလည်ချာလည်လိုက်နေရပေသည်။
ဒီကြားထဲတွင် လောဘကြီးလွန်းသောအမေဖြစ်သူက ဟိုဟိုဒီဒီသင်တန်းများထပ်တက်ခိုင်းသေးသည်။ ထိုသင်တန်းများကလည်း ဆယ်တန်းနှင့်လားလားမှမသက်ဆိုင်သောအရာများသာဖြစ်သည်။ ကာရန်ရှင်းက မိသားစုတွင်ကျန်ရစ်သည့်တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်သည့်အားလျော်စွာ သူ့အပေါ်၌ထားသောမိသားစု၏မျှော်မှန်းချက်များကလည်း အလွန်မြင့်မားသည်။
ထို့ကြောင့် ကာရန်ရှင်းမှာအသက်ဆယ့်ခြောက်နှစ်အရွယ်လေးနှင့် Managementပိုင်းဆိုင်ရာသင်တန်းပေါင်းစုံနှင့် Leadershipသင်တန်းများကို တက်နေရခြင်းပင်။
ဘဝကိုသံပတ်ပေးထားသလိုရှင်သန်နေရသည်ကို တချို့ကကာရန်ရှင်းအစားအားမလိုအားမရဖြစ်ကြသည်။ သို့သော် ကာရန်ရှင်းကတော့ မိဘစကားကိုတသဝေမတိမ်းလိုက်နာနေဆဲ။ အာခံရန်လည်းအကြောင်းပြချက်ကောင်းကောင်းမရှိသောကြောင့်ပင်။
အပေါင်းအသင်းဟူ၍လည်း လက်ညှိုးထိုးပြစရာမရှိ။ ငယ်ငယ်ကတော့ သူ့တွင်အလွန်ခင်မင်ရပါသောသူငယ်ချင်းတစ်ယောက်ရှိဖူးသည်။ သို့သော် ထိုသူငယ်ချင်းဟာ သူ့ကြောင့်အပြင်းအထန်ဒဏ်ရာရခဲ့ပြီးနောက်တွင် သူတို့၏ခင်မင်မှုကလည်း ဆုံးခန်းတိုင်သွားခဲ့ရသည်။
ကာရန်ရှင်း၏အဖေဟာ ပြည်တွင်းတွင်ထိပ်တန်းစီးပွါးရေးလုပ်ငန်းရှင်ငါးဦးအနက်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့်လည်း သူ့တွင်ရန်သူများ ဝိုင်းရံနေတတ်သည်။ ပြိုင်ဘက်လူတစ်စုက ကာရန်ရှင်းကိုပြန်ပေးဆွဲရန်ကြိုးစားသည့်အရေးတွင် ကာရန်ရှင်း၏သူငယ်ချင်းကမဆိုင်ဘဲ ဓားစာခံဖြစ်ခဲ့ရသည်။ သေလုမျောပါးဒဏ်ရာရပြီး သေဘေးနှင့်ရင်ဆိုင်ခဲ့ရသောသူ၏သူငယ်ချင်းက ကာရန်ရှင်းကိုထာဝရအတွက်တာ့တာပြပြီး နေရပ်ကိုစွန့်ခွါသွားခဲ့ချိန်မှစ၍ ကာရန်ရှင်းဟာတစ်စုံတစ်ယောက်နှင့်မိတ်ဆွေဖွဲ့ရမည်ကိုကြောက်ရွံ့တတ်လာသည်။
သူ၏မိဘများကိုယ်တိုင်ကလည်း သူ့ကိုသံယောဇဥ်ဆိုသောအရာနှင့်ဝေးဝေးထားချင်ခဲ့သည်။ ဖြစ်လာရသည့်အကျိုးဆက်တိုင်းတွင် အကြောင်းအရင်းများရှိနေတတ်သည့်အားလျော်စွာ ထိုကဲ့သို့သံယောဇဥ်တွယ်ရမည့်အရေးနှင့် ဝေးစေချင်သည်မှာလည်း အကြောင်းပြချက်ရှိသည်။ ကာရန်ရှင်းဟာမိသားစု၏အမွေဆက်ခံသူဖြစ်မလာခင်ကကာရန်ရှင်း၏အစ်ကို နေရန်ရှင်းက ပထမဦးစားပေးဖြစ်ခဲ့သည်။ အစပိုင်းတွင်အရာအားလုံးအဆင်ပြေချောမွေ့ခဲ့သော်လည်း အချစ်ကိုရှာတွေ့သွားသောနေရန်ရှင်းဟာ မိဘများအတွက် အခက်အခဲဖြစ်လာစေသည်။
တစ်ဖက်ကမိန်းကလေးသည် သူတို့နှင့်ဂုဏ်ရည်တူမဟုတ်ဘဲ ဆင်းရဲသည်ဆိုသောအချက်က မိဘများကိုနှစ်ခါပြန်တွေးစရာမလိုသည့်ကန့်ကွက်မှုမျိုးဖြစ်လာစေခဲ့သည်။
လူငယ်သဘာဝအတိုင်းအချစ်ကိုအရူးအမူးကိုးကွယ်လာသည့်နေရန်ရှင်းဟာ မိဘများသဘောမတူသည့်ကြားက ထိုမိန်းကလေးကိုခိုးပြေးခဲ့သည်။ အဆုံးထိ လက်မလျှော့သောမိဘများကလည်း ရေဆုံးမြေဆုံးလိုက်ရှာသည်။ အဆုံးသတ်တွင်တော့ နေရန်ရှင်းရောမိန်းကလေးပါ ကားမှောက်၍ပွဲချင်းပြီးဆုံးပါးခဲ့ရရှာသည်။
အစ်ကိုကိုသိပ်ချစ်သောကာရန်ရှင်းအဖို့ ကြီးမားသောတုန်လှုပ်မှုကိုဖြစ်စေခဲ့သောကာလများပါပင်။ ထိုအချိန်ကစ၍ တက်တက်ကြွကြွရှိတတ်သောကာရန်ရှင်းဟာ အချိန်အများစုတွင် တွေဝေငေးမောတတ်လာသည်။ အပြုံးအရယ်မရှိတော့ဘဲ မျက်နှာထားခပ်တင်းတင်းလုပ်တတ်လာသည်။ ရံဖန်ရံခါတွင် စကားတစ်ခွန်းမှမပြောဘဲတစ်နေကုန်သွားတတ်သည်။
ကာရန်ရှင်း၏စိတ်ဒဏ်ရာကိုပို၍အရောင်ဆိုးပေးလိုက်သောကိစ္စတစ်ခုလည်းရှိသေးသည်။ ကာရန်ရှင်း၏မိဘများဟာ သူ့အပေါ်ရည်မှန်းချက်ကြကြီးမားမားထားသဖြင့် အနည်းငယ်တိမ်းစောင်းသွားမည့်အဖြစ်မျိုးကိုပင် လက်မခံပေ။ အထူးသဖြင့် ရည်းစားသနာကိစ္စ။
တစ်ခါက ကာရန်ရှင်းအနားတွင်အမြဲကပ်နေတတ်သည့်ကောင်မလေးတစ်ယောက်ကို ကာရန်ရှင်း၏အမေက ရက်ရက်စက်စက်ပြောဆိုခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုကိုပါပေးခဲ့သည်။ ထိုမိန်းကလေးကရှက်လွန်း၍ ကျောင်းပြောင်းမည်အထိလုပ်လာသဖြင့် ကာရန်ရှင်းကပင် အနူးအညွတ်တောင်းပန်ခဲ့ရသည်။ အကျိုးဆက်အနေနှင့် ကာရန်ရှင်းဟာ ကျောင်းအသစ်၊ကျူရှင်အသစ်ဆီကို ရွှေ့ပြောင်းခဲ့ရသည်။
ထိုအချိန်ကစ၍ ကာရန်ရှင်းသဘောပေါက်လိုက်သည်က သူ့အနားတွင်ရှိသည့်ဘယ်သူမဆို တစ်ခုမဟုတ်တစ်ခု အန္တရာယ်ဖြစ်နိုင်သည်ဟူသောအတွေး။ သူချစ်သောလူ၊ သူအားကိုးရသောလူ၊ သူခင်တွယ်ရသောလူများဟာ တစ်နည်းမဟုတ်တစ်နည်းဖြင့် သူ့အနားမှထွက်ခွါသွားကြသည်ဟူသောအတွေးက သူ၏ခံယူချက်ကို ပို၍မှောင်မိုက်စေခဲ့သည်။ ထို့ကြောင့်လည်းဘယ်သူ့ကိုမှသူနှင့်ရင်းနှီးခွင့်မပေးသလို၊ အနားလည်းအကပ်မခံတော့ပါ။
လက်ရှိအနေအထားနှင့်နေသားကျလာခဲ့သောသူ့ကို မျိုးစုံအကြံထုတ်၍ချဥ်းကပ်လာသောလူတစ်ယောက်ပေါ်လာသောအခါတွင်တော့ သူ၏တစ်နေ့တာဟာ ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ ပို၍ရုပ်လုံးကြွလာခဲ့သည်။ သူကိုယ်တိုင်တည်ဆောက်ထားသောသီးခြားကမ္ဘာလေးကို စိန်ခေါ်လာလေသောလူဟာ အမြဲလိုလိုရွှင်ရွှင်ပျပျပြုံးတတ်ပြီး စကားလည်းအရမ်းများသည့်ညီသုတပင်။
ပြုံးလိုက်တိုင်းနစ်ဝင်သွားတတ်သည့်ပါးပြင်ထက်ရှိပါးချိုင့်လေးကလည်း သူ၏အကြည်ဓာတ်တစ်မျိုးပင်။ မျက်နှာမြင်ချစ်ခင်ပါစေဟူသောဆုတောင်းမျိုးကိုပြည့်ဝလေသူဟုပင် ခေါင်းစဥ်တပ်နိုင်သည်။ လေအဝှေ့မှာငြိမ့်ငြိမ့်ညောင်းညောင်းထွက်ပေါ်လာသောဆည်းလည်းသံလေးလို သူ့ကိုမြင်လိုက်လေတိုင်း လူကိုအေးချမ်းသောခံစားချက်မျိုးပေးနိုင်သည်မှာလည်း ထူးဆန်းသည်။
သူနှင့်ရင်းနှီးချင်၍ပဲလား၊ သူ့ကိုစနောက်ရုံသက်သက်ပေလား မသိသော်လည်း ညီသုတဟာသူ့ကိုချဥ်းကပ်သည့်အရေးကိုအားကြိုးမာန်တက်ကြိုးစားနေသည်ကတော့ သိသာသည်။
တစ်ခါသေဖူး ၊ ပျဥ်ဖိုးနားလည်တတ်သွားသောကာရန်ရှင်းကတော့ ထိုကြိုစားမှုကိုလျစ်လျူရှု၍ ခင်မင်မှုများကိုတံတိုုင်းခြားထားဆဲပင်။
လိင်တူချစ်သူဟူသောဝေါဟာရကိုယောင်လို့မှမကြားဖူးခဲ့သည့်ကာရန်ရှင်းကတော့ ညီသုတ၏ချဥ်းကပ်မှုများကိုတစ်မျိုးတစ်မည်မတွေးတတ်ခဲ့ပေ။ ယခုထိလည်းရိုးရိုးသားသားဟုသာ ထင်မိဆဲ။ ညီသုတကသူ့ကိုတမင်စနောက်ရန်ကြံစည်နေသည်ဟုသာအခိုင်အမာယူဆထားသည်။
သာမန်နေ့များထဲမှဒီနေ့တွင်လည်း ညီသုတတို့သုံးယောက်ဟာ သူတို့၏ထုံးစံအတိုင်းအများသူငါ၏အာရုံစိုက်မှုကိုရနေကြသည်။ အထူးသဖြင့် ညီသုတ။ ညီသုတကအများကြားတွင် ထင်ပေါ်နေသည်ကိုအလွန်သဘောကျသူတစ်ဦးဖြစ်သည်။ ထိုကဲ့သို့ထင်ပေါ်နေအောင်လည်းနေပြတတ်သည်။
ကာရန်ရှင်းဟာ အတွင်းခန်းထဲရှိသူ၏ခုံတွင်ထိုင်ကာ စာရေးနေခိုက် ညီသုတကသူ၏အရှေ့တည့်တည့်ရှိပြတင်းပေါက်နားတွင်ရပ်ကာအပြင်ခန်းမှလူများကိုမျက်လှည့်ပြနေလေသည်။ ညီသုတနှင့်အတူအမြွှာနှစ်ယောက်ကလည်း မျက်လှည့်ပစ္စည်းမျိုးစုံကို တစ်ခုပြီးတစ်ခုထုတ်ပြနေကြသည်။
ကာရန်ရှင်းအဖို့ကတော့ ရှုပ်ရှုပ်ယှက်ယှက်မြင်ကွင်းတစ်ခုထက််မပိုပါ။ ထို့ကြောင့်အနားတွင်ဆူညံနေသောလူအုပ်ကြီးကို မရှိသလိုသဘောထားပြီး ကိုယ့်စာကိုသာရေးနေလိုက်သည်။
ညီသုတဟာ ဂိုက်ဆရာမများအပါအဝင်ကျူရှင်တစ်ခုလုံးနီးပါး သူ့ထံတွင်အာရုံရောက်နေသည်ကိုကျေနပ်မိသော်လည်း တစ်စုံတစ်ယောက်ကတော့ဖြင့် အဖက်မတန်သလိုလျစ်လျူရှုထားသောကြောင့် ရင်ထဲတွင်ဟာတာတာဖြစ်နေရသည်။
အတိတ်မှာဆိုလျှင် တစ်ယောက်ဆိုသောအရေအတွက်လောက်လေးကိုဂရုမစိုက်သော်ငြား ဤလူကတော့ဖြင့်ချွင်းချက်ပင်။ တစ်ခါတရံတွင် ကိုယ့်ကိုယ်ကိုလည်းအံ့သြမိသည်။ ဤမျှအထိနင့်နင့်နဲနဲအာရုံစိုက်မိနေလေခြင်းဟူ၍..။
“ရုပ်ကိုကမျောက်အိုကြီးဖျားနေသလိုပဲ။ နည်းနည်းပါးပါးအိန္ဒြေဆည်ပါဦးဟ”
မျက်လှည့်ပြကွက်အပြီးတွင်ဆရာလည်းရောက်ပြီမို့ ကိုယ့်နေရာကိုဝင်ထိုင်ကြချိန်တွင် အရှေ့ခုံရှိကာရန်ရှင်း၏ကျောကိုစိုက်ကြည့်ပြီး မျက်စိမျက်နှာပျက်နေသောညီသုတကို လင်းထက်ပိုင်ကတီးတိုးကပ်ပြောသည်။
ညီသုတကတော့မှိုင်မြဲမှိုင်ဆဲ။ လင်းထက်ပိုင်ကိုမျက်လုံးလှန်ကြည့်၍ အမြင်မကြည်လင်ကြောင်းကိုအကြည့်များမှတစ်ဆင့်ဖော်ပြလေသည်။
“သူ့ဆီကAttentionယူရတာလည်းဘယ်လောက်အားပျက်ဖို့ကောင်းလဲ။ သမ္မတကိုသွားတွေ့လိုက်တာကမှလွယ်ဦးမယ်”
“မင်းကသမ္မတကိုသွားတွေ့ပြီးဘာလုပ်မလို့လဲ”
နားစွန်နားဖျားသာကြားလိုက်သောစွမ်းထက်ပိုင်ကဘေးနားမှနေ၍ ခပ်တိုးတိုးလှမ်းမေးသည်။ နဂိုကတည်းကစိတ်ကုန်နေသောညီသုတကလည်း လောကကြီးတစ်ခုလုံးကိုပါစိတ်ကုန်သွားဟန်ဖြင့် မကျေမနပ်ရေရွတ်တော့သည်။
“ရည်းစားစာပေးခိုင်းမလို့ဟေ့”
“ဟမ်”
စွမ်းထက်ပိုင်ကလည်းညီသုတ၏စကားကြောင့်အူကြောင်ကြောင်ဖြစ်သွားရသည်။ ထိုအခါလင်းထက်ပိုင်ကပင် အတိုင်အဖောက်မညီသောနှစ်ယောက်ကိုလူချင်းခွဲပေးရသည်။
“စိတ်မပူစမ်းပါနဲ့ကွာ။ ငါတို့ကူညီမယ်လို့ပြောထားပြီးသားပဲလေ။ မလောစမ်းပါနဲ့”
လင်းထက်ပိုင်ကအရှေ့တွင်ဆရာစာရှင်းနေပြီမို့ ညီသုတ၏အနားသို့ကပ်၍ တိုးတိုးကြိတ်ကြိတ်ဆွေးနွေးသည်။စွမ်းထက်ပိုင်ကတော့စကားဝိုင်းကိုဘေးနားမှအသာငြိမ်ပြီး နားထောင်နေသည်။
“မင်းတို့ကိုယုံစားရင် ငါသာအိုပြီးသေသွားလိမ့်မယ်။ သူ့ဆီကအဖြေမပြောနဲ့။ မျက်စောင်းတောင်အထိုးခံရမှာမဟုတ်ဘူး”
“ကျေးဇူးရှင်ကိုကျေးဇူးမကန်းစမ်းပါနဲ့ကွာ။ ငါတို့ကတကယ်ကူညီမှာ”
“ပြီးခဲ့တဲ့ကျောင်းပိတ်ရက်ကတည်းကမင်းတို့ပြောနေတာပဲ။ တစ်ပတ်သာကုန်သွားတယ်။ တက်လိုက်တဲ့အဆင့် သောက်ကျိုးတွေကိုနည်းလို့ပဲ”
“ဒီနေ့ကျူရှင်ဆင်းရင်အစီအစဥ်စမယ်ကွာ။ အိုကေလား။ ငါစီစဥ်ထားပြီးသား”
လင်းထက်ပိုင်ကညီသုတ၏လက်မောင်းကိုတံတောင်နှင့်တွန်းလိုက်ရင်းခိုင်မာစွာပြောနေသောအခါ ညီသုတကလည်း အနည်းငယ်မယုံသင်္ကာဖြစ်နေရာမှ အဆုံးတွင်တော့ခေါင်းညိတ်ပြ၍လက်ခံလိုက်သည်။
“ပွစိပွစိနဲ့ ဘယ်အကောင်တွေကစာသင်ခန်းထဲမှာစကားခိုးပြောနေတာလဲ”
ကျောက်သင်ပုန်းတွင်စာရေးနေသောဆရာက နားထဲတွင်တစီစီနှင့်ကြားနေရသောတီးတိုးသံများကြောင့် အနှောင့်အယှက်ဖြစ်သွားသည်။
မာန်ပါပါကြိမ်းမောင်းသံကြောင့် ညီသုတနှင့်အမြွှာနှစ်ယောက်တို့ဟာ အလန့်တကြားဖြင့်ခေါင်းထောင်လာကြသည်။ ဆရာကလည်းအခန်းတစ်ခုလုံးကိုအကြည့်ဖြန့်ကျက်၍ တရားခံကိုရှာဖွေနေသည်။ လူမမိလိုက်၍လွတ်လုဆဲဆဲအချိန်မှာပင် အရှေ့တည့်တည့်ရှိကာရန်ရှင်း၏လက်ညှိုးဟာ ညီသုတတို့သုံးယောက်ဆီသို့ တည့်တည့်မတ်မတ်ကျရောက်လာလေသည်။
ဆရာကလည်းလက်သည်တရားခံကိုတွေ့သွားလေပြီ။ ညီသုတို့ကိုလည်း အတွင်းခန်းတစ်ခုလုံးရှိကျောင်းသားများကဝိုင်းကြည့်နေကြလေပြီ။ သူတို့သုံးယောက်ကတော့ ကာရန်ရှင်း၏ရုတ်သိမ်းမသွားသေးသောလက်ညှိုးကိုစိုက်ကြည့်နေကြဆဲပင်။
“သုတ မင်းတို့ကိုအောင်သွယ်မပေးခင် သူ့ကိုတစ်ရက်လောက် ချောင်းရိုက်လို့ရမလား”