Chapter-5
စာသင်ချိန်ပြီး၍ အပြင်သို့ခြေချလိုက်သည်နှင့် စိတ်ကြည်နူးဖွယ်မြေသင်းနံ့လေးကို ညီသုတရှူရှိုက်မိလိုက်သည်။ မိုးရိပ်သမ်းနေ၍အုံ့မှိုင်းမှိုင်းဖြစ်နေသောရာသီဥတုကြောင့် အရင်လိုနေပူထဲချွေးသံတရွှဲရွှဲဖြစ်စရာမလိုတော့။ ခပ်အေးအေးဖြတ်တိုက်လာသောလေကလည်းတဟူးဟူး။
ညီသုတ၏စိတ်ဟာ တစ်ဖန်ပြန်၍လန်းဆန်းလာပြန်လေပြီ။ ဤသည်မှာလည်းထုံးစံပင်။ တစ်စုံတရာစိတ်မကြည်လျှင်တောင် မြန်မြန်ဆန်ဆန်ပြေပျောက်တတ်သည်က သူ၏အကျင့်ဖြစ်လေရာ အခုလည်းရွှင်ရွှင်ပျပျ ညီသုတ ပြန်ဖြစ်သွားလေပြီ။
သူများတွေလိုကျူရှင်ဆင်းသည်နှင့် အိမ်သို့တစ်ချိုးတည်းလစ်ပြေးတတ်သည့်အလုပ်မျိုး ညီသုတမလုပ်။ မပြန်ခင်တွင် အနီးအနားတစ်ဝိုက်၌ဟိုယောင်ယောင်ဒီယောင်ယောင်လျှောက်သွားလိုက်ရမှ ကျေနပ်သည်။
ညီသုတနှင့်အမြဲမခွဲမတူရှိကြသည့်လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့ညီအစ်ကိုကလည်း ထူးမခြားနားပင်။ အကျင့်စရိုက်တူ၍လည်း သုံးယောက်သားပေါင်းမိကြခြင်းဖြစ်၏။
“သုတ မင်းရဲ့Mr.Silentကြီးကိုအခုထိအိမ်ကလာမကြိုသေးဘူးထင်တယ်”
ကျူရှင်ဘေးရှိလက်ဖက်ရည်ဆိုင်တွင် သုံးယောက်သားအမြဲထိုင်တတ်သဖြင့် ဆိုင်ပိုင်ရှင်နှင့်ပင်ဘော်ဒါများဖြစ်နေလေပြီ။ ယခုလည်း ဆိုင်ပိုင်ရှင်နှင့်စကားတပြောပြောလုပ်၍ထိုင်နေခိုက် ကျူရှင်အရှေ့ရှိခုံတန်းလေးတွင်တစ်ယောက်တည်းထိုင်နေသောကာရန်ရှင်းကိုကြည့်၍ စွမ်းထက်ပိုင်ကပြောလာခြင်းပင်။
“ဘာလဲ ချောင်းရိုက်ကြတော့မလို့လား”
ညီသုတ၏Crushအပေါ်ထားသောစိတ်များပေါက်ထွက်လာသလားဟုပင် အမြွှာနှစ်ယောက်တွေးလိုက်မိသည်။ ဘယ်ကတည်းကရိုက်စေချင်နေသလဲမသိ။
“တော်တော်ရိုက်စေချင်နေတာလား။ ငါပြောနေတာတခြားတစ်ခု။ အဲ့ဒါခွင်ပဲကွ”
နံဘေးရှိလင်းထက်ပိုင်ကလက်ဖျောက်တစ်ချက်တီးရင်း ဟန်ပါပါနှင့်ဝင်ပြောလေရာ စွမ်းထက်ပိုင်ကလည်း သူ့ကိုဘုကြည့်ကြည့်လိုက်သည်။
“ဘာခွင်လဲ။ ချိန်ခွင်လား။ ခုနကမှသူ့လက်ချက်ကြောင့်အဆူခံထားရတာမမေ့နဲ့ဦး”
“အဲ့ဒီလောက်လည်းအငြှိုးမကြီးကြပါနဲ့။ အေးဆေးပေါ့”
စွမ်းထက်ပိုင်၏စကားကိုညီသုတကဝင်ဖြန်ဖြေသလိုပြောလေရာ လင်းထက်ပိုင်ကလည်းခေါင်းတညိတ်ညိတ်လုပ်နေသည်။ ထို့နောက်ညီသုတသတိမထားမိချိန်တွင် စွမ်းထက်ပိုင်ကိုမျက်နှာရိပ်မျက်နှာကဲပြရန်ကြိုးစားသည်။
“ငါတို့ရဲ့အစီအစဥ်ကိုအခုစလို့ရတယ်ကွ”
ဤသို့ဖြင့် အမြွှာနှစ်ကောင်၏အောင်သွယ်ရေးအစီအစဥ်ဟာ ရုတ်တရက်ကြီးစတင်ဖြစ်ကြတော့သည်။ ဇာတ်လမ်းနှင့်ဇာတ်ညွှန်းမှာစွမ်းထက်ပိုင်ဖြစ်ပြီး ဒါရိုက်တာကတော့လင်းထက်ပိုင်ဖြစ်လေရဲ့။
…….
တိတ်ဆိတ်ငြိမ်သက်နေသောလမ်းကြားထဲသို့ခပ်သွက်သွက်ခြေလှမ်းလာနေသောမိန်းကလေးနှစ်ယောက်။ ထိုမိန်းကလေးနှစ်ယောက်သည် ရွယ်တူယောကျ်ားလေးများအကြားတွင်အလွန်နာမည်ကြီးသည်။ ထိုနာမည်ကြီးရသည့်အကြောင်းအရင်းကြောင့် ယောကျ်ားလေးအများစုဟာ သူတို့နှစ်ယောက်အရှေ့တွင် အနေအထိုင်ဆင်ခြင်ကြသည်။ အကြောင်းမှာ ထိုမိန်းကလေးနှစ်ဦးဟာ Fujoshiများပေတည်း။
အစိမ်းရောင်တီရှပ်နှင့်မိန်းကလေးသည် ကျန်တစ်ယောက်ထက်ပိုဆိုးသည်။ သူမ၏နာမည်မှာချယ်ရီလင်းဖြစ်သည်။ သူတို့နှစ်ယောက်လုံးဟာညီသုတတို့၏ပြိုင်ဘက်ကျူရှင်တွင်တက်နေကြသူများလည်းဖြစ်သည်။ ယခုမူအကြောင်းတိုက်ဆိုင်၍ဤလမ်းကြားထဲသို့ရောက်လာကြခြင်းပင်။
“ဟဲ့ ချယ်ရီမ ဟိုးအရှေ့မှာထိုင်နေတဲ့တစ်ယောက်ကချောလိုက်တာဟာ။ ကိုရီးယားမင်းသားလေးကျနေတာပဲ”
ဘေးနားရှိသူငယ်ချင်းဖြစ်သူမှဝမ်းသာအားရဖြင့်လက်ညှိုးထိုးပြလျက်ပြောလေရာ ချယ်ရီလင်းကလည်းလက်ညှိုးညွှန်ရာဘက်ကိုလှမ်းကြည့်သည်။ သို့သော်လည်းသူဟာအဝေးမှုန်သမားမို့ ထိုလူ၏ရုပ်ကိုကောင်းစွာမမြင်ရ။
“အရေးရယ်အကြောင်းရယ်ဆို အဝေးမှုန်သမားတွေမှာလည်းငမ်းရမယ့်အရေးကိုမျက်မှန်ရှာနေရတာကတစ်မျိုး”
လွယ်အိတ်ဘေးဘက်ထဲတွင်ထည့်ထားသောမျက်မှန်ဘူးကိုအမြန်ဆွဲထုတ်ရင်း မကျေမနပ်ရေရွတ်သည်။ ဘေးနားကတစ်ယောက်ကတော့အပီအပြင်ငမ်းနေလေပြီ။
” နှင်းနှင်းရာ နင်ပြောတာဟုတ်တယ်ဟ”
မျက်မှန်တပ်ပြီးနောက်မှအသေအချာကြည့်မိသောအခါ တကယ်ပင်နှင်းနှင်းအပိုပြောနေခြင်းမဟုတ်။ ခုံတန်းလေးတွင်ထိုင်ကာစာအုပ်ဖတ်နေသောထိုကောင်လေးဟာအရပ်လည်းရှည်သည်။ ချောလည်းချောသည်။ မျက်နှာပေါက်လည်းလှသည်။ ပြစ်မျိုးမှဲ့မထင်ဟုတင်စားထိုက်သည်။
“တယ်လည်းချောပေသကိုး..”
နှစ်ယောက်သားငေးရင်းငမ်းရင်းဖြင့်လမ်းလျှောက်လာကြရာ သူတို့ငမ်းနေသောကောင်လေးနှင့်မလှမ်းမကမ်းနေရာရှိလူသုံးယောက်ကိုမြင်သောအခါတွင် ခဏမျှအကဲခတ်ကြည့်မိကြသည်။
ထိုသုံးယောက်ကိုသူတို့နှစ်ယောက်လုံးသိသည်။ ကျောင်းရှိအကျော်ဇေယျအပြောင်အပျက်သုံးယောက်ပင်။ ညီသုတ၊လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့သုံးယောက်ကိုကျောင်းတွင်မသိသူမရှိကြ။ ဆရာ၊ဆရာမများကိုပါမကျန် နောက်ပြောင်တတ်ကြသောကြောင့်ပင်။
လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်သည်ညီသုတကိုတစ်စုံတစ်ရာအတွက် တိုက်တွန်းအားပေးနေပုံရသည်ဟုချယ်ရီလင်းကယူဆသည်။
ညီသုတကအရှေ့သို့သွားရမည်ကိုတွန့်ဆုတ်နေဟန်ဖြစ်နေသဖြင့် စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်ကသူ၏ကျောကိုတွန်းကာ အတင်းသွားခိုင်းနေသည်။ ခုံတန်းတွင်ထိုင်နေသောကာရန်ရှင်းကိုလည်း လက်ညှိုးတထိုးထိုးလုပ်နေကြသေးသည်။
ညီသုတ၏မျက်နှာထက်ရှိမဝံ့မရဲဖြစ်နေဟန်၊ စွမ်းထက်ပိုင်တို့အမြွှာနှစ်ယောက်၏အမူအရာများနှင့် ညီသုတ၏လက်ထဲတွင်ကိုင်ထားသောရောင်စုံစာရွက်လေးကိုကြည့်၍ ချယ်ရီလင်းနှင့် နှင်းနှင်းတို့၏ Fujoshi Radarသည် အသက်ဝင်လာသည်။
ထို့ကြောင့်နှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက် အဓိပ္ပါယ်ပါပါကြည့်လိုက်ကြသည်။ ထို့နောက်ကာရန်ရှင်းရှိရာသို့ပြန်ကြည့်သည်။
ထိုအချိန်မှာပင်ခုံတန်းလေး၌တစ်ယောက်တည်းထိုင်နေသောကာရန်ရှင်း၏အနားသို့ ညီသုတကတဖြည်းဖြည်းချဥ်းကပ်လာလေသည်။ သူ၏လက်ထဲတွင်လည်း Sticky Note အဝါရောင်လေးတစ်ရွက်ကိုကိုင်လာသည်။
ရတက်မအေးဖြစ်နေရသောညီသုတခမျာ ကာရန်ရှင်းအနားသို့မရောက်ခင် အနောက်တွင်ကျန်ရစ်နေခဲ့ကြသောအမြွှာနှစ်ယောက်ကို တလှည့်ကြည့်ကြည့်လုပ်နေမိသည်။ ဤအကြံကိုယုံကြည်ချင်မိသော်ငြား အမြွှာနှစ်ယောက်ကိုလည်းစိတ်မချနိုင်။
ကာရန်ရှင်းကတော့သူ့အနားကိုတစ်ယောက်ယောက်တိုးလာသည်ကိုပင် အာရုံမရနိုင်သည်အထိ လက်ထဲရှိစာအုပ်ကိုစိတ်ဝင်တစားဖတ်နေလေ၏။ ရုတ်တရက်ဆိုသလို သူ၏ဘေးတွင်တစ်စုံတစ်ယောက်နေရာယူလိုက်သည်ကိုခံစားမိသွားသောအခါတွင်တော့ သူ၏ခန္ဓာကိုယ်ဟာတောင့်ခဲသွားရသည်။ ဘေးကလူကိုလည်းလှည့်မကြည့်မိအောင်ကြိုးစားရင်း မျက်လုံးကစားနေရသည်။
ပြီးမှသာသူ၏ဘေးတွင်လာထိုင်နေသူဟာ ညီသုတမှန်းသိသွားသည့်အခါ ဖတ်လက်စစာအုပ်ကိုသာပြန်ဖွင့်လိုက်သည်။ သူ့အားအန္တရာယ်ပေးမည့်လူမဟုတ်လျှင်ရပြီ။
စာအုပ်ကိုသာအာရုံတစိုက်ရှိနေရင်းမှ သူ၏ဘေးရှိညီသုတကစကားတစ်ခွန်းမှမပြောသည်ကိုလည်းသတိထားမိသည်။ ညီသုတ၏အကျင့်အရ ဤကဲ့သို့တိတ်ဆိတ်နေခြင်းမှာထူးဆန်းလှသော်လည်း ကာရန်ရှင်းကတော့မသိသလိုသာနေနေလိုက်သည်။
ညီသုတကလည်းအနားသို့လူတစ်ယောက်လုံးလာထိုင်သည်ကိုတောင် မသိသလိုလုပ်ကာလှည့်ပင်မကြည့်လာသောကာရန်ရှင်းကို စိတ်တိုမိသည်။ သို့သော် သူ၏အဓိကရည်ရွယ်ချက်ကိုလည်း မမေ့။
ကာရန်ရှင်းစိတ်ဝင်တစားဖတ်နေသောစာမျက်နှာတွင် သူယူလာသောSticky Noteလေးကို ဖျတ်ခနဲလှမ်းကပ်လိုက်သည်။ ကာရန်ရှင်းဟာသူ၏စာအုပ်ကိုပိုင်စိုးပိုင်နင်းနှင့် လာကပ်သောအပြုအမူကြောင့် မယုံကြည်နိုင်ဟန်ဖြင့် ညီသုတဘက်သို့လှည့်ကြည့်လိုက်သည်။ မျက်ခုံးတို့ကိုတွန့်ချိုးထားပြီး သူ၏အကြည့်ကလည်းစိတ်ရှုပ်နေလေဟန်အထင်းသား။
ညီသုတကပထမဆုံးအနေနှင့်ကာရန်ရှင်းထံမှအာရုံစိုက်မှုကိုရလိုက်သဖြင့် ပျော်မဆုံးဖြစ်နေရှာသည်။ ထို့ကြောင့်စိတ်လိုလက်ရရယ်ချလိုက်ချင်စိတ်ကိုမြိုသိပ်၍ မျက်နှာထားကိုအတတ်နိုင်ဆုံးတည်ထားရသည်။
ညီသုတကစာရွက်ကိုသာမေးဆတ်ပြနေသဖြင့် ကာရန်ရှင်းလည်း သူ့ကိုမျက်မှောင်ကြုတ်လျက်ကြည့်နေရာမှ စာအုပ်ပေါ်ရှိစာရွက်ကိုကြည့်ရန်ခေါင်းကိုပြန်ငုံ့ချလိုက်သည်။
“You don’t need to look but listen! Music will complete my words.”
[မင်းအနေနဲ့ ဘာကိုမှကြည့်ပေးဖို့မလိုပါဘူး။ ဒါပေမယ့်နားထောင်ပေးပါ။ သီချင်းတွေကငါပြောချင်တဲ့စကားတွေကို ပြီးပြည့်စုံအောင်ဖော်ပြပေးလိမ့်မယ်]
ကာရန်ရှင်းကရေးထားသည့်စာကိုကြည့်လိုက် ညီသုတကိုကြောင်အအနှင့်ကြည့်လိုက်လုပ်ရင်း သူ့ကိုသီချင်းများနှင့်ဘာများပြောလေမလဲဟုတွေးနေသည်။ ညီသုတကတော့ မြင်ဖူးသမျှထဲတွင်အချိုသာဆုံးဟုဆိုနိုင်လောက်သောအပြုံးမျိုးကိုဆင်မြန်း၍ ကာရန်ရှင်းကိုမျက်နှာချိုသွေးနေလေသည်။
ထိုအခိုက်တွင်မလှမ်းမကမ်းရှိလက်ဖက်ရည်ဆိုင်ဘက်ဆီမှ သီချင်းသံခပ်အေးအေးပျံ့လွင့်လာသည်။ လေထုထဲ၌လွှမ်းခြုံထားသောမြေသင်းနံ့နှင့်ပနံရနေသည့်သံစဥ်တစ်ခုဟာ နားဝင်ပီယံရှိလှသော်လည်း ညီသုတအတွက်တော့ဘဝင်မကျချင်စရာ။
“ရင်နာစရာဇာတ်လမ်းလေးတစ်ပုဒ်ကို ငါအခုပြောပြမယ် ဇာတ်လမ်းလေးကဒီလိုစတယ်…”
သီချင်းသံကိုစကြားရကတည်းကညီသုတ၏မျက်နှာက မသိမသာရှုံ့မဲ့သွားရသည်။ ကာရန်ရှင်းကလည်းပါးစပ်အဟောင်းသားနှင့် သီချင်းသံလာရာဘက်ကိုလှမ်းကြည့်နေသည်။
ဆိုင်ထဲရှိSound Boxကြီးနားတွင် အချေအတင်ဖြစ်နေကြသောအမြွှာနှစ်ယောက်ကတော့ ထိုလူနှစ်ယောက်၏တုံ့ပြန်မှုကိုသတိမထားမိကြပေ။
“ဟေ့ကောင် စလာကတည်းကရင်နာခိုင်းနေတာဟုတ်တော့မဟုတ်သေးဘူး။ အချစ်သီချင်းတွေဒီလောက်ပေါတာကို။ ဖယ်စမ်းပါ။ ငါသီချင်းရွေးလိုက်မယ်”
စွမ်းထက်ပိုင်ကလင်းထက်ပိုင်၏လက်ထဲမှRemoteကိုလုယူလိုက်သည်။ သို့သော်လင်းထက်ပိုင်ကလက်မခံ။ သူကိုယ်တိုင်နောက်တစ်ပုဒ်ပြောင်းမည်ဟုပြောသည်။ စွမ်းထက်ပိုင်ကလည်းလက်မလျှော့ပေ။ ဤသို့ဖြင့်နှစ်ယောက်သား Remoteတစ်ခုတည်းကို အသည်းအသန်ဝိုင်းလုကြပေတော့သည်။
နှစ်ယောက်သားအပြင်းအထန်လုနေကြရင်းမှ Remoteရှိခလုတ်များကိုမတော်တဆနှိပ်မိကြသည်။ သူတို့ကတော့တစ်ယောက်ကိုတစ်ယောက်အလျှော့မပေးဘဲလုနေဆဲအချိန်တွင် သီချင်းကနောက်တစ်ပုဒ်ပြောင်းသွားလေပြီ။
“ဓားပြတွေရွာထဲကိုဝင်လာပြီဟေ့ ပြေး ပြေး ပြေး ပြေး…..”
ကာရန်ရှင်းကစိတ်ကုန်သည့်အမူအရာမျိုးနှင့် သူတို့ကိုလှမ်းကြည့်နေသည်။ ညီသုတကတော့ သူ့ကိုချောက်ချသည့်အမြွှာနှစ်ယောက်၏အကြံအစည်ကိုသဘောပေါက်သွားလေပြီ။ ထို့ကြောင့်သူ၏မျက်နှာကိုလက်ဖဝါးနှစ်ဖက်လုံးဖြင့်အုပ်ထားရင်း တိတ်တဆိတ်ဒေါသဖြေနေရသည်။
ဆိုင်ထဲရှိနှစ်ယောက်ကတော့ယခုထိပွဲမပြီးနိုင်သေးပေ။ လုကြရန်ဖြစ်ကြရင်းမှ ခလုတ်များကိုနောက်ထပ်မှားနှိပ်မိကြပြန်သည်။
“အကြွေးငါးထောင်ပြန်ပေး…ငါ့အကြွေးငါးထောင်ပြန်ပေး..”
ညီသုတကတော့အမြွှာနှစ်ကောင်ကိုစိတ်ထဲတွင်ကျိန်ဆဲရလွန်း၍ အရိုင်းအစိုင်းလုံးလုံးဖြစ်နေလေပြီ။ တစ်ခါမှမသုံးခဲ့ဖူးသည့်အသုံးအနှုန်းများကအစ ခေါင်းထဲကိုရောက်ရောက်လာသည်။
ကာရန်ရှင်းကလည်း ဤအခြေအနေကြောင့် ဖော်ပြစရာစကားမရှိလောက်အောင် စိတ်ကုန်သွားရှာသည်။ ထိုအခိုက်မှာပင် သူ၏အိမ်မှကားရောက်လာသဖြင့် ကယ်တင်ရှင်ကိုတွေ့လိုက်ရသလိုဝမ်းသာသွားရသည်။ ညီသုတကိုတော့ သူပေးထားသည့်Sticky Note၌ပင် စာကြောင်းတချို့ရေးပြီး ပြန်ပေးခဲ့လိုက်သည်။ ထို့နောက် နောက်ကိုပင်ပြန်လှည့်ကြည့်မနေတော့ဘဲ ကားရှိရာဆီသို့ခပ်အေးအေးလျှောက်သွားလိုက်သည်။
ညီသုတခမျာလည်းညှိုးငယ်နေသောမျက်နှာထားဖြင့်နေရာတွင်ကျန်ရစ်နေခဲ့သည်။ ကာရန်ရှင်းရေးခဲ့သောစာကိုဖတ်လိုက် အမြွှာနှစ်ယောက်ကိုကြည့်လိုက်နှင့် ဒေါသကငယ်ထိပ်ရောက်လာရသည်။
“မင်းတို့နှစ်ကောင် တမင်လုပ်တာမလား”
ကာရန်ရှင်းပေးခဲ့သောစာကိုကိုင်ရင်း အမြွှာနှစ်ယောက်ဆီသို့အပြေးသွားရင်း နှစ်ယောက်သား၏ညှို့သကျည်းကိုအားပါးတရကန်လိုက်သည်။ သို့သော်လည်းအထာနပ်နေသောနှစ်ယောက်က အမြန်ရှောင်တိမ်းလိုက်သည်။ ထို့ကြောင့် ညီသုတ၏ဒေါသကပိုဆိုးသွားရတော့သည်။
“ဟဲဟဲ”
လင်းထက်ပိုင်ကစပ်ဖြဲဖြဲလုပ်နေပြီး စွမ်းထက်ပိုင်ကတော့မသိချင်ယောင်ဆောင်နေလေ၏။
“ငါထင်တော့ထင်တယ်။ မင်းတို့ဗရုတ်ကျတော့မယ်ဆိုတာ”
“ပြစမ်းပါဦး။ ဒီစာရွက်ထဲမှာသူဘာရေးပေးလိုက်တာလဲ”
စွမ်းထက်ပိုင်ကညီသုတ၏လက်ထဲမှစာရွက်ကိုလုယူ၍ကြည့်လိုက်ရာ စာရွက်ထဲတွင် “ငါမင်းဆီကဘာအကြွေးမှယူမထားဘူး” ဟု ရေးထားလေသည်။
စွမ်းထက်ပိုင်နှင့်လင်းထက်ပိုင်တို့နှစ်ယောက်လုံးဟာ စာကိုဖတ်၍ ရူးမတတ်ရယ်နေကြတော့သည်။ တစ်ယောက်ကိုတစ်ယောက်ရိုက်ရင်းပုတ်ရင်း အတောမသတ်နိုင်အောင်ရယ်နေကြသည်။
ထို့ကြောင့်ညီသုတက အမြွှာနှစ်ယောက်ကို ဒေါသတကြီးဖြင့်ကြည့်လိုက်ပြီးနောက် တစ်ဖက်သို့မျက်နှာလွှဲသွားလေသည်။
“တော်ပြီ။ မင်းတို့နှစ်ကောင်ကိုအောင်သွယ်မလုပ်ခိုင်းတော့ဘူး”
ညီသုတကလက်ညှိုးတထိုးထိုးလုပ်ကာအခဲမကျေလေဟန်ပြပြီး အနားမှထွက်သွားတော့သည်။ လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့ကလည်း ပြုံးစစနှင့်အနောက်မှပြေးလိုက်ကာညီသုတကိုနှစ်သိမ့်ရန်ပြင်ကြလေသည်။
အဖြစ်အပျက်များကိုအစအဆုံးမြင်လိုက်ကြားလိုက်ရသောချယ်ရီလင်းနှင့်နှင်းနှင်းတို့ကလည်း ရယ်ရအခက်၊ငိုရအခက်ပင်။
“သြော်…တယ်လည်းချောပေသကိုး”
နှင်းနှင်းကမတိုင်မီကချယ်ရီလင်းပြောခဲ့သည့်စကားကိုပြန်ရွတ်ပြ၍စနောက်လေသောအခါ ချယ်ရီလင်းကလည်း မကျေနပ်ချက်ကိုလက်သီးဆုပ်ပြ၍တုံ့ပြန်သည်။
ဤသည်ကိုနှင်းနှင်းခမျာမရပ်တန့်နိုင်သေး။ ထပ်၍စနောက်ပြန်သည်။
“သူ့ချည်းသာလော..”
“ukeလေးနဲ့ပါဘုရား”
ချယ်ရီလင်းကလည်းခပ်တည်တည်နှင့်ပြန်ဖြေသည်။ နှင်းနှင်းခမျာ ချယ်ရီလင်း၏အဖြေကို သဘောကျလွန်း၍ ဗိုက်နှိပ်၍ပင် ရယ်နေလေတော့သည်။