42
💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}
Extra 2.
1.
ဖန်သားပြင်ပေါ်တွင် မြင်နေရသောမျက်နှာလေးက အလိုမကျဟန်ဖြင့် တွန့်ခေါက်နေသောကြောင့် ကျွန်တော် ပြုံးလိုက်ပြီး
” ဟောဗျာ … စိတ်ကောက်ပြန်ပြီလား ”
ဟု မေးလိုက်သည် ။
” မကောက်ပါဘူး ”
ဟူသော အဖြေစကားကိုပြန်ရသော်ငြား မျက်နှာက မှုန်နေဆဲဖြစ်သောကြောင့်
” ကိုယ့်ကလေးလေးက ကိုယ့်ကိုစိတ်ကောက်နေတာပဲ … အာဘွားပေးရမယ် ”
ဟု ပြောကာ ဖန်သားပြင်အနားသို့ မျက်နှာကိုတိုးကပ်လိုက်သည် ။ ထိုအခါ
” သွား … အခုမှလာချော့မနေနဲ့ … ပစ်တုန်းကပစ်ထားပြီးကာမှ ”
ဟူသော စကားကိုကြားရသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး
” မပစ်ရပါဘူးဗျာ … ကိုယ့်မှာမင်းလေးအနားကို အမြန်ဆုံးပြန်လာနိုင်ဖို့ အလုပ်တွေကြိုးစားနေတာပါဗျာ ”
ဟု ပြောလိုက်သည် ။
သို့သော် …
စိတ်ကောက်နေသူက စိတ်ဆိုးမပြေသေး ။
” လူကိုလုပ်ချင်တိုင်းလုပ်ပြီးပစ်သွားတယ် … ကိုကြီးက မကောင်းဘူး ”
ဟု ပြန်ပက်သည် ။ တကယ်တမ်းလည်း ထိုကဲ့သို့ထင်ရသည့်အခြေအနေဖြစ်နေသောကြောင့် ခေါင်းကုတ်လိုက်ပြီး
” ဘေဘီကလည်းကွာ … လက်ထပ်မယ်လို့ ကတိပေးထားတာပဲကို … ပြီးတော့ ကိုယ်တို့နှစ်ယောက်လည်း လက်စွပ်လဲပြီးပြီ … ဘာဖြစ်လို့ပစ်ရမှာလဲ ”
ဟု ဖြေရှင်းချက်ပေးမိသည် ။
2.
ယနေ့ ကျွန်တော် အောင်စာရင်းထွက်မည့်နေ့ဖြစ်သည် ။
သို့သော် …
အလုပ်များနေသောကိုကြီးက သတိမရသဖြင့် ကိုကြီးကိုစိတ်ကောက်ကာ ဂျစ်တိုက်နေမိသည် ။
ကိုကြီးကလည်း အလုပ်ရှုပ်နေသော်ငြား ကျွန်တော်ရစ်သမျှကို သည်းခံသည် ။ ကျွန်တော်ကလည်း ကိုကြီးသည်းခံမှန်းသိသောကြောင့် ပို၍ဆိုးသည် ။ ယနေ့လည်း မနေ့ညက ကျွန်တော်ခေါ်သည့်ဖုန်းကို ကိုကြီးက မကိုင်သည်ကိုအကြောင်းပြု၍ ကိုကြီးအားစိတ်ကောက်နေခြင်းဖြစ်သည် ။ စိတ်ကောက်ကာ ကိုကြီးနှင့် ကျွန်တော်အတူနေပြီးသောအခါမှ ကိုကြီးက ပစ်သွားသည်ဟု ပြသနာမရှိ ပြသနာရှာသည် ။ ကိုကြီးက
” ကလေးကလည်းကွာ … ကိုယ်မင်းကိုတကယ်ပစ်ထားတာမဟုတ်ပါဘူးကွာ ”
ဟု ပါးစပ်မှ အမြှုပ်ထွက်မတတ်ချော့သော်လည်း ကျွန်တော်က စိတ်ဆိုးမပြေ ။ နောက်ဆုံးတွင်
” ကိုယ်မနက်ဖြန် အဲ့ဒီကိုအရောက်လာမယ်ဆိုရင်ရော ကလေးကစိတ်ကောက်ပြေမှာလား ”
ဟူသော ကိုကြီး၏မေးခွန်းကို
” အင်း … ပြေမယ် ”
ဟု အဖြေပြန်ပေးခြင်းဖြင့် ကျွန်တော်တို့နှစ်ယောက်၏ စကားပြောခြင်းက ရပ်တံ့သွားသည် ။
3.
ကိုကြီးက လက်ထပ်ရန်ပြောသော်လည်း ကျွန်တော်က စာမေးပွဲအောင်သောအခါမှ လက်ထပ်မည်ဟုပြောထားသောကြောင့် ကျွန်တော်တို့နှစ်ယောက်သည် အကြင်လင်မယားအဖြစ် အတူနေနေကြသော်လည်း လက်မထပ်ကြရသေး ။ ထို့သို့အတူနေကြရင်း ကိုကြီး၏ နိုင်ငံကူးလက်မှတ်က သက်တမ်းကုန်သွားသည် ။ ထို့အပြင် ကိုကြီးက မြန်မာနိုင်ငံတွင် လုပ်စရာကိစ္စအချို့ရှိနေသေးသဖြင့် မြန်မာနိုင်ငံသို့ခတ္တပြန်သွားသည် ။ ထို့ကြောင့် ကျွန်တော်လည်း စာမေးပွဲဖြေ၍ ကိုကြီးပြန်အလာကိုစောင့်သည် ။
သို့သော် …
အလုပ်ရှုပ်လွန်းနေသောကိုကြီးက ခြောက်လနီးပါးကြာသည်အထိ ပြန်မလာနိုင်သေး ။ ဤမျှလောက်ကြာနေသောကြောင့် ကျွန်တော်ကလည်း စိတ်မရှည်တော့ ။ စိတ်မရှည်သော်ငြား ထုတ်မပြောဖြစ် ။ ဤသို့နှင့် အောင်စာရင်းထွက်မည့်နေ့သို့ပင်ရောက်လာသည် ။ ကိုကြီးအလုပ်ရှုပ်သလို ကျွန်တော်လည်း အလုပ်များသည်သာပင် ။ အလုပ်များသော်လည်း ကိုကြီးနှင့်ပတ်သတ်သည့် မည်သည့်အရာကိုမှမမေ့ ။ ကိုကြီးကမူ ထိုသို့မဟုတ် ။ ကျွန်တော့်ဘဝတွင် အရေးပါသည့် အောင်စာရင်းထွက်မည့်နေ့ကိုပါ မေ့နေသောကြောင့် အမှန်တကယ်စိတ်မကောက်သော်လည်း စိတ်ကောက်ဟန်ဆောင်ကာ မြန်မာနိုင်ငံမှ လန်ဒန်မြို့ရှိ ကျွန်တော့်အိမ်သို့ ညတွင်းချင်း ကိုကြီးရောက်လာလျှင် စိတ်ကောက်ပြေမည်ဟု မဖြစ်နိုင်သောစကားကို ပြောလိုက်ခြင်းဖြစ်သည် ။
4.
နိုအာနှင့်စကားပြောပြီးနောက် ကျွန်တော် ကွန်ပြူတာကိုပိတ်ကာ စိတ်လိုလက်ရ ပြုံးလိုက်မိသည် ။ ထို့နောက် မနက်ဖြန်မနက် နိုအာ့ထံသွားလျှင် ယူသွားရန်ပန်းစည်းမှာရန် ပန်းဆိုင်သို့ ဖုန်းဆက်၍ ကြိုတင်မှာထားလိုက်သည် ။
နိုအာက ကျွန်တော်မြန်မာနိုင်ငံတွင် ရှိနေဆဲဖြစ်သည်ဟု ထင်နေပုံရသည် ။ ထို့ကြောင့် ကျွန်တော့်၏ မနက်ဖြန်မနက်တွင် နိုအာရှိနေသောနေရာသို့ ရောက်အောင်လာလျှင် စိတ်ကောက်ပြေပေးမည်ဟူသော မဖြစ်နိုင်သည့်စကားကို လက်ခံလိုက်ခြင်းဖြစ်ဟန်တူသည် ။ နိုအာက ကျွန်တော့်ကို မြန်မာနိုင်ငံတွင်သာရှိနေဆဲဖြစ်သည်ဟု ထင်နေသော်လည်း ကျွန်တော်ကမူ မြန်မာနိုင်ငံတွင်လုပ်ရမည့်ကိစ္စများကို အကုန်လက်စဖြတ်၍ နိုအာအောင်စာရင်းထွက်သည့်နေ့အမှီ လန်ဒန်သို့ရောက်အောင် ပြန်လာပြီးပြီဖြစ်သည် ။ မူလက အောင်စာရင်းထွက်သည့်အချိန်ရောက်သည်နှင့် နိုအာ့ထံသွားရန် စိတ်ကူးထားသော်လည်း ယခုကမူ နိုအာက စိတ်ကောက်နေသောကြောင့် အစီအစဉ်ပြောင်းလိုက်ခြင်းဖြစ်သည် ။
5.
နိုအာ့ကို တွေ့ချင်စိတ်ကြောင့် ညကတစ်ညလုံးအိပ်မပျော် ။ ထို့ကြောင့် မနက်အရုဏ်တက်သည်နှင့် မနေ့ကအဆင်သင့်ဝယ်ထားသောပန်းစည်းကိုယူကာ နိုအာ့အိမ်သို့ ထွက်လာခဲ့လိုက်သည် ။ သော့အပိုတစ်ချောင်းက ကျွန်တော့်ထံတွင်ရှိသဖြင့် အိမ်ထဲဝင်ရန်မခက်ခဲ ။ အလွယ်တကူပင် အိမ်ထဲသို့ရောက်သွားသည် ။ အိမ်ထဲသို့ရောက်သောအခါ နိုအာက အိပ်နေဆဲဖြစ်သည် ။ ကြည့်လက်စတီဗီကပွင့်နေသည့်အပြင် ကွန်ပြူတာကိုလည်း မပိတ်ရသေး ။ အအေးမိမည်စိုး၍ ကုတင်ပေါ်တွင်သာအိပ်ရန် အတန်တန်မှာသော်ငြား ယခုအခါ ကုတင်ခြေရင်းတွင် စောင်ခြုံ၍ကွေးနေသည် ။ ထို့ကြောင့်
” ဒီကလေးဆိုးဟာလေ လစ်ရင်လစ်သလိုဖြစ်သလိုနေတော့တာပဲ ”
ဟု ပြောကာ ပန်းသည်းကိုစားပွဲခုံပေါ်တင်၍ ကြမ်းပြင်ပေါ်တွင်အိပ်နေသောနိုအာ့ကို အသာပွေ့ချီလိုက်သည် ။ ထိုအခါ နိုအာက အင်းအဲနှင့် လူးလွန့်လှုပ်ရှားလာသည် ။ အိပ်ချင်မူးတူးနှင့် ကျွန်တော့်ကိုမြင်သွားလျှင် အံ့သြသွားမည့် နိုအာ့မျက်နှာကို မြင်ယောင်မိသောအခါ ခပ်သဲ့သဲ့ရယ်လိုက်ပြီး နှုတ်ခမ်းကို ဖွဖွနမ်းလိုက်သည် ။
6.
မိုးလင်းကာနီးမှ အိပ်ပျော်သွားသောကြောင့် နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေစဉ် ကိုကြီးထံမှရနေကျအနံ့ဖြစ်သည့် စံပယ်အနံ့သင်းသင်းက နှာခေါင်းထဲသို့ တိုးဝင်လာသည် ။ ကိုကြီးက မြန်မာနိုင်ငံတွင်သာရှိနေဆဲဖြစ်ပြီး ကျွန်တော့်ထံသို့ မလာနိုင်သေးကြောင်း သိသဖြင့် မျက်လုံးဖွင့်မကြည့်ပဲ စောင်ကိုခပ်တင်းတင်းဆွဲခြုံကာ ပြန်အိပ်ရန်ဟန်ပြင်လိုက်သည် ။ ထိုစဉ် ကျွန်တော့်နှုတ်ခမ်းကို တစ်စုံတစ်ဦးက ခပ်ဖွဖွနမ်းလိုက်သည်ကို ခံစားလိုက်ရသဖြင့် လန့်သွားပြီး မျက်လုံးများကို အထိတ်တလန့်ဖြင့် ဖွင့်ကြည့်လိုက်သည် ။ ထိုအခါ ကျွန်တော့်ဘေးတွင်လှဲ၍ ကျွန်တော့်အား ပြုံး၍ကြည့်နေသော ကိုကြီးကိုတွေ့ရသည် ။ ကိုကြီးက ကျွန်တော့်ကိုပြုံးပြ၍
” စိတ်ကောက်ပြေပြီလား ”
ဟု မေးသည် ။ ထိုအခါမှ ကျွန်တော်လည်း သတိဝင်လာပြီး ကိုကြီး၏ပါးတစ်ဖက်ကို လက်ဖြင့်ဖွဖွထိလိုက်ပြီး
” ကိုကြီးအစစ်လား … ဒါမှမဟုတ် …. ကျွန်တော်အိပ်မက်,မက်နေတာလား ”
ဟု မေးလိုက်သည် ။ ကိုကြီး၏
” ကိုယ်နေဘုန်းခန့်အစစ်ပါ ”
ဟူသော အဖြေစကားကိုကြားသောအခါမှ
” ကိုကြီး ”
ဟု ခေါ်ကာ ကိုကြီး၏နှုတ်ခမ်းများကို မက်မောစွာနမမးရှိုက်လိုက်သည် ။
7.
ကျွန်တော်
” စာမေးပွဲအောင်တဲ့အတွက် ဂုဏ်ယူပါတယ် ကိုယ့်ကလေးလေး ”
ဟု ပြောသည်အထိ နိုအာက ကျွန်တော့်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေဆဲဖြစ်သည် ။ ထို့ကြောင့်
” ကဲ … ဘယ်လိုမှ ကလေးရှေ့မှာရှိနေတဲ့လူက ကိုယ်ဆိုတာယုံမှာလဲ ”
ဟု မေးလိုက်သည် ။
သို့သော် …
နိုအာက ပြန်မဖြေ ။
” လွမ်းနေခဲ့တာ … ဟင့် ”
ဟု မျက်ရည်ဝဲလျက်ပြောကာ ကျွန်တော့်ကိုဖက်သည် ။ ထို့ကြောင့် ကျွန်တော်လည်း နိုအာ့ဆံပင်များကို ဖွဖွနမ်းလိုက်ပြီး
” အခုကိုယ်ပြန်လာပြီ … မငိုနဲ့တော့ ”
ဟု ပြောလိုက်သည် ။ ကျွန်တော်ကပြောသော်လည်း နိုအာ့ခန္ဓာကိုယ်လေးက တသိမ့်သိမ့်တုန်နေဆဲဖြစ်သည် ။ ချော့၍မရသော ကလေးဆိုးလေးကို အငိုတိတ်အောင်လုပ်ရန် အခြားနည်းလမ်းမရှိသောကြောင့် ရင်ခွင်ထဲမှ အသာဆွဲထုတ်လိုက်ကာ နှုတ်ခမ်းများကို ဖွဖွနမ်းလိုက်သည် ။ မိနစ်ပိုင်းအတွင်းမှာပင် နိုအာက ကျွန်တော့်အနမ်းများကို တုံ့ပြန်လာသောကြောင့် မနမ်းရသည်မှာကြာပြီဖြစ်သော နိုအာ့လည်တိုင်ဖွေးဖွေးလေးကိုပါ စုပ်ယူနမ်းရှိုက်လိုက်သည် ။
။ ပြီးပါပြီ ။
A/N
Extra 2 ထပ်တောင်းဆိုထားတဲ့ Niners တွေအတွက် ထပ်ရေးပေးလိုက်ပါပြီ ။