အချပ်ပို (၁)
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- အချပ်ပို (၁) - တောက်တိုမယ်ရအလုပ်များနှင့်လေ့ကျင့်ခန်းလုပ်ခြင်း
အချပ်ပို (၁) – တောက်တိုမယ်ရအလုပ်များနှင့်လေ့ကျင့်ခန်းလုပ်ခြင်း
👻👻👻
အခန်းအတွင်း၌ နံရံကပ်လေအေးပေးစက်သံ ခပ်တိုးတိုးထွက်ပေါ်နေသည်။လေအတိုက်တွင် ဟနေသည့်ခန်းစည်းလိုက်ကာကြားမှ နံနက်ခင်းနေရောင်ခြည်တချို့က အိပ်ရာပေါ်ကျရောက်လျက်ရှိသည်။
ဝမ်ကယ် အနမ်းခံရတာကြောင့်အိပ်ရာနိုးလာသည်။ သူအိပ်နေတုန်းနှုတ်ခမ်းထောင့်၌ ရင်းနှီးသောအနွေးဓာတ်လေးကိုခံစားမိတော့ သူ့ခန္ဓာကိုယ်က အနွေးဓာတ်ရှိရာဆီအလိုလိုတိုးကပ်သွားသည်။ သူ့ဘက်ကစ၍အနားတိုးသွားတော့ ပေါ့ပါးသည့်အနမ်းများက တဖြည်းဖြည်းပိုမိုနက်ရှိုင်းသွားသည်။ အဆုတ်ထဲတွင်လေများကုန်ခမ်းလာမှ ဝမ်ကယ်မဖွင့်ချင်ဖွင့်ချင်နှင့် မျက်လုံးများဖွင့်လိုက်သည်။
“မောနင်း။”
ဝမ်ကယ်နိုးလာတာမြင်တော့ ကုန်းကျယ် ဝမ်ကယ့်နှုတ်ခမ်းများပေါ်မှခွာကာ ဝမ်ကယ့်ခေါင်းကိုမှီပြီး ညင်သာစွာပြုံးလိုက်သည်။
“မောနင်း။”
ဝမ်ကယ်က အိပ်ချင်မူးတူးပြန်ပြောပြီး အိပ်ရာထဲပြန်ကွေးလိုက်သည်။ ထို့နောက် ကုန်းကျယ်ရင်ဘတ်ကိုမျက်နှာအပ်ပြီး မျက်လုံးများမှိတ်ကာပြောလိုက်သည်။
“ငါဗိုက်ဆာတယ်။”
“ကောင်းပြီ၊ ငါမနက်စာသွားပြင်ပေးမယ်။”
ကုန်းကျယ်ပက်လက်လှန်ကာ ကုတင်တစ်ဖက်တွင်ပြန်လှဲလိုက်သည်။ ထို့နောက်သူက ဝမ်ကယ်၏နူးညံ့သောပွယောင်းယောင်းဆံစလေးများကိုပွတ်သပ်ကာမေးလိုက်သည်။
“မင်းရော။ ထပ်အိပ်ဦးမှာလား ထမှာလား။”
ဝမ်ကယ် သန်းဝေပြီးထထိုင်သည်။
“ထတော့မယ်၊ ငါမင်းနဲ့နေချင်လို့။”
“ကောင်းပြီ။”
ကုန်းကျယ်တစ်ယောက် မျက်နှာပေါ်ကအပြုံးကိုမဖုံးနိုင််မဖိနိုင်ဖြစ်ကာ မနေနိုင်ဘဲဝမ်ကယ်ကိုထပ်နမ်းလိုက်သည်။
ထို့နောက် သူတို့နှစ်ဦး ရေချိုးခန်းထဲအတူလျှောက်သွားသည်။ ဘေစင်ထောင့်၌ ကင်မရာအချို့တပ်ထားတာမြင်တော့ ဝမ်ကယ်ခဏအံ့အားသင့်သွားသည်။ နောက်တော့ သူတို့နှစ်ယောက် အစီအစဉ်တစ်ခုရိုက်ကူးနေမှန်းသတိရသွားကာ ခုနအိပ်ရာထဲက သူ၏ရဲတင်းသည့်လုပ်ရပ်များကိုပြန်အမှတ်ရပြီး အနည်းငယ်ရှက်သွားသည်။
ကုန်းကျယ်က ဝမ်ကယ်နည်းနည်းထူးဆန်းနေတာသတိထားမိတော့ သူ့မျက်နှာလေးကိုညှစ်ပြီး သွားတိုက်တံကမ်းပေးသည်။ ထို့နောက် ဝမ်ကယ့်ကိုနောက်ကနေသိုင်းဖက်ကာ ညစ်ကျယ်ကျယ်ပြုံးပြီးမေးလိုက်သည်။
“ရှက်နေတာလား။”
ဝမ်ကယ့်နားရွက်များနီမြန်းသွားသည်။ သူကလူကိုတံတောင်ဖြင့်တွန်းထုတ်ကာ ဘာမှမပြောဘဲသွားတိုက်လိုက်သည်။
ကိုယ်လက်သန့်စင်ပြီးနောက် သူတို့နှစ်ယောက်အတူ အောက်ထပ်ဆင်းလာသည်။ ကုန်းကျယ်မနက်စာပြင်နေတုန်း ဝမ်ကယ်ကင်မရာများကိုလိုက်လံရေတွက်လိုက်သည်။ အိမ်အပေါ်ထပ်ရောအောက်ထပ်ပါ လျှို့ဝှက်ကင်မရာဆယ်လုံးမက တပ်ဆင်ထားသည်။ ယခုကဲ့သို့ မိမိလှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ခံနေရသည့်ခံစားချက်က သူ့ကိုနည်းနည်းစိတ်ကသိကအောက်ဖြစ်စေသည်။ သို့သော် သူမည်မျှအနေရခက်ခက် ကောင်းသည့်အချက်တစ်ခုက ပရိုဂရမ်အဖွဲ့သည် စက်ကိရိယာများကိုသာတပ်ဆင်ပြီး အိမ်ထဲသို့ သူစိမ်းလူများမထည့်ထားခြင်းဖြစ်သည်။
သူတို့အခုရိုက်ကူးနေသည့်ပရိုဂရမ်နာမည်က <<ဘယ်လိုအတူနေမလဲ>> ဖြစ်သည်။ ဒါက ဖင်းကော်(ပန်းသီး)ရုပ်သံလိုင်း၏ နာမည်ကြီးရသစုံရှိုးအဟောင်းတစ်ခုလည်းဖြစ်သည်။ ဒီပရိုဂရမ်က စုံတွဲများကြားဘယ်လိုသင့်မြတ်အောင်နေထိုင်ကြသလဲဆိုတာရိုက်ကူးတင်ဆက်သည့်အစီအစဉ်ဖြစ်သည်။ အစီအစဉ်သို့ဖိတ်ကြားခံရသည့်ဧည့်သည်များမှာ အိမ်ထောင်သက်ဆယ်နှစ်မပြည့်သေးသူ ညားခါစစုံတွဲများ၊ ပျားရည်ဆမ်းခရီးထွက်နေသည့် အနုပညာရှင်စုံတွဲများပါဝင်သည်။ သူတို့က မတူညီသောစုံတွဲများကိုဖိတ်ခေါ်၍ သူတို့ချင်းမည်သို့မည်ပုံပေါင်းသင်းဆက်ဆံကြသည်ကိုစောင့်ကြည့်ကာ စုံတွဲများကြား စံပြဆက်ဆံရေးတစ်ခုကိုရှာဖွေလေ့လာသောအစီအစဉ်ဖြစ်သည်။ အစီအစဉ်တွင်ပင်တိုင်ဧည့်သည်ဟူ၍မရှိဘဲ အပတ်တိုင်းစုံတွဲတစ်တွဲပြောင်းကာ ၎င်းတို့အနောက်မှ (၄၈) နာရီကြာလိုက်လံရိုက်ကူးခြင်းဖြစ်သည်။
ကုန်းကျယ်နှင့်ဝမ်ကယ်တို့နှစ်ဦး မိမိတို့၏ဆက်ဆံရေးကိုလူသိရှင်ကြားထုတ်ပြခဲ့တာ ယခုဆိုတစ်နှစ်ကျော်ကြာမြင့်ခဲ့လေပြီ။ တစ်နှစ်ကြာကြိုးစားပြီးနောက် သူတို့နှစ်ဦး၏ဆက်ဆံရေးကို လူအများက တဖြည်းဖြည်းနားလည်လက်ခံလာသည်။ လက်ရှိတွင် သူတို့က ပြည်တွင်းလိင်တူချစ်သူအသိုင်းအဝိုင်း၏စံပြပုဂ္ဂိုလ်များဖြစ်လာသည်။ လူတော်တော်များများက မိမိတို့ရပိုင်ခွင့်အတွက် မားမားမတ်မတ်ရပ်တည်ရင်ဆိုင်ရန်သတ္တိများပိုရှိလာကြသည်။ လူတိုင်း၏အားထုတ်ကြိုးပမ်းမှုကြောင့် လူမှုအသိုင်းအဝိုင်းကလည်း လိင်တူနှစ်သက်သူများအပေါ် တဖြည်းဖြည်းပိုမိုလက်ခံလာသည်။ ထိုမှတစ်ဆင့် လူအများက လိင်တူချစ်သူများကြား မည်သို့မည်ပုံသင့်မြတ်အောင်နေထိုင်ကြသလဲဆိုတာ တစ်စတစ်စစတင်စိတ်ဝင်စားလာသည်။ <<ဘယ်လိုအတူနေမလဲ>> အစီအစဉ်အကြောင်းကြားတော့ လူအများက ကုန်းကျယ်နှင့်ဝမ်ကယ်ကို အစီအစဉ်သို့လာစေချင်ကြသည်။ အစီအစဉ်သည် စတင်ထုတ်လွှင့်ကတည်းက မရေမတွက်နိုင်သောလိင်ကွဲစုံတွဲများကို ဖိတ်ခေါ်ခဲ့သော်လည်း လိင်တူစုံတွဲများကိုတော့ တစ်ခါမှဖိတ်ခေါ်ခဲ့ဖူးခြင်းမရှိသလို၊ လွန်ခဲ့သောတစ်နှစ်ကအထိ သူတို့မှာဒီလိုအတွေးမျိုးလုံးဝမရှိခဲ့ပေ။
မူလက ကုန်းကျယ်နှင့်ဝမ်ကယ်ကို အစီအစဉ်တွင်ပါဝင်ရန်သဘောတူအောင်လုပ်ဖို့ခက်ခဲလိမ့်မည်ဟုသူတို့ထင်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ဝန်ထမ်းများက အစီအစဉ်အကြောင်းရှင်းပြပြီးနောက် သူတို့ဘက်က တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းသဘောတူခဲ့သည်။
မနက်စာစားပြီးနောက် ဝမ်ကယ် ဆိုဖာပေါ်လှဲကာ သကြားခဲလေးကိုသူ့ကိုယ်ပေါ်တက်ဆော့ခွင့်ပေးထားသည်။ သူကဖုန်းစခရင်မ်ကိုတစ်ချက်ကြည့်ပြီးနောက် သကြားခဲလေးကိုချီပြီးထထိုင်လိုက်သည်။ ထို့နောက် ဆိုဖာနောက်မီကိုအားပြုပြီး မီးဖိုခန်းထဲပန်းကန်ဆေးနေသော ကုန်းကျယ်ကိုလှမ်းမေးသည်။
“အဖေနဲ့အမေဒီနေ့ရောက်မှာမလား။”
“အင်း၊ ဒီနေ့နေ့ခင်းရောက်မှာ။”
ကုန်းကျယ်က မီးဖိုခန်းထဲမှလှမ်းဖြေသည်။
“ဘယ်အချိန်လဲ။”
“လေးနာရီ။”
“အိမ်ပြန်ရောက်ရင် ညစာစားချိန်ဖြစ်နေပြီ။”
ဝမ်ကယ်က အချိန်တွက်ကြည့်ပြီးပြောလိုက်သည်။
“ဒီနေ့ည ဆိုင်မှာပဲစားကြရအောင်။ ငါတို့အပြန်ကျ ညနေ(၆)နာရီကျော်လောက်ပြီ။ ကိုယ့်ဟာကိုယ်ချက်စားရင် တော်တော်နောက်ကျမှစားရလိမ့်မယ်။”
ကုန်းကျယ်လည်းအကျိုးအကြောင်းစဉ်းစားကြည့်ပြီး ခေါင်းညိတ်သဘောတူလိုက်သည်။
“ဒါဆို ငါတို့သွားနေကျဆိုင်ပဲသွားရအောင်။ အဲ့ဒီဆိုင်ကလေဆိပ်နဲ့လည်းနီးတယ်။ ထမင်းအရင်စားပြီး ပြန်လို့ရတယ်။”
“ကောင်းပြီ။”
ဝမ်ကယ် ဖုန်းဆက်ပြီးဘိုကင်တင်လိုက်သည်။
ကုန်းကျယ်ပန်းကန်ဆေးပြီးနောက် ဧည့်သည်အိပ်ခန်းထဲဝင်သွားသည်။ ဝမ်ကယ်က သကြားခဲလေးချီကာ ကုန်းကျယ်နောက်လိုက်လာသည်။ ကုန်းကျယ် အခန်းသန့်ရှင်းရေးလုပ်တော့မှာမြင်တော့ ဝမ်ကယ်ရှေ့ထွက်တားလိုက်သည်။
“အချိန်ပိုင်းအလုပ်သမားခေါ်လိုက်လေ၊ အခုလာရင်မီပါတယ်။”
သို့သော် ကုန်းကျယ်ကမထင်မှတ်ဘဲငြင်းလိုက်သည်။
“မလိုပါဘူး၊ အခန်းကညစ်ပတ်နေတာမှမဟုတ်တာ။ ကိုယ့်ဟာကိုယ်သန့်ရှင်းရေးလုပ်လိုက်တာပိုမြန်တယ်။”
ဝမ်ကယ်က ကုန်းကျယ်တစ်ယောက်တည်းတံမြက်စည်းလှဲ၊ ကြမ်းတိုက်၊ အိပ်ရာသိမ်း၊ စောင်ခေါက်လုပ်နေတာကြည့်ပြီး ပါးစပ်ကတီးတိုးပြောလိုက်သည်။
“ရှားရှားပါးပါးနားရတဲ့ဟာ၊ အေးအေးဆေးဆေးကိုမနားဘူး။”
သူ့အသံကအလွန်တိုးသော်လည်း ကုန်းကျယ်ကတော့ကြားဖြစ်အောင်ကြားလိုက်သည်။ သူကဖုန်စုတ်စက်ကိုပိတ်ကာ ဝမ်ကယ့်ကိုနံရံနှင့်ကပ်လိုက်သည်။ ထို့နောက်နဖူးချင်းအပ်ကာ ပြုံးပြီးမေးလိုက်၏။
“စိတ်မကောင်းဖြစ်နေတာလား။”
“သွားစမ်းပါ။ မရှက်ဘူးလား။”
ဝမ်ကယ်မျက်ဖြူလှန်ပြကာ လူကိုတွန်းထုတ်ပြီး သကြားခဲလေးကိုချီကာ ထွက်သွားသည်။
“မင်း ကိုယ့်ဟာကိုယ်အေးအေးဆေးဆေးသန့်ရှင်းရေးလုပ်။”
ထိုအချိန်ကုန်းကျယ်က ဝမ်ကယ့်ကိုရုတ်တရက်လှမ်းဆွဲကာ:
“ဘေဘီ၊ မင်းလည်းလှုပ်လှုပ်ရှားရှားလုပ်သင့်တယ်။ မင်းကိုယ်မင်းကြည့်ဦး၊ ဝလာပြီ။”
ဝမ်ကယ်ကသူ့ခါးလေးကိုကိုင်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်အိပ်မွေ့ချသလိုပြောလိုက်သည်။
“မဝပါဘူး။”
“ဝတယ်၊ တကယ်ဝနေပြီ။”
ကုန်းကျယ်ရှေ့တိုးပြီး ဝမ်ကယ့်ခါးလေးကိုပွေ့ဖက်လိုက်သည်။
“ငါက မင်းကိုနေ့တိုင်းဖက်နေတာ၊ မင်းဝလားမဝလား ငါမင်းထက်ပိုသိတယ်။”
“မဝဘူးဆိုမဝဘူးပဲ။”
ဝမ်ကယ်နှုတ်ခမ်းဆူကာ မိမိဝနေသည်ကိုဝန်ခံဖို့ငြင်းဆန်လိုက်၏။
“အင်းပါ။ မဝပါဘူး။”
ကုန်းကျယ်က သူတို့ဆက်ရန်ဖြစ်နေလျှင်မနက်ဖြန်ရောက်သွားမည်စိုးတာကြောင့် အလိုက်အထိုက်ပြောလိုက်သည်။
“ဒါပေမဲ့ မဝရင်တောင် လှုပ်လှုပ်ရှားရှားနေသင့်တယ်၊ မင်းခန္ဓာကိုယ်ကကြံ့ခိုင်မှု တော်တော်အားနည်းတယ်။”
ဝမ်ကယ်က ဖုန်စုပ်စက်ကိုစိတ်ပျက်သလိုလှမ်းကြည့်ရင်း:
“အဲ့လိုဆိုလည်းကြမ်းတိုက်ပြီးလေ့ကျင့်ခန်းလုပ်လို့ရတယ်လို့ ငါတစ်ခါမှမကြားဖူးဘူး။”
“ရတယ်လေ၊ ဒါဆိုခဏနေ ငါတို့ gym ခန်းထဲသွားပြီး ပရော်ဖက်ရှင်နယ်ပစ္စည်းတွေနဲ့လေ့ကျင့်ခန်းလုပ်မယ်။”
သူ့အကြံအောင်မြင်သွားတော့ ကုန်းကျယ်က ဝမ်ကယ့်မျက်နှာကိုညှစ်လိုက်ပြီး အိမ်သန့်ရှင်းရေးကူလုပ်ဖို့မပြောတော့ပေ။
“ဧည့်ခန်းထဲအရင်သွားထိုင်စောင့်နေ။ ငါသန့်ရှင်းရေးလုပ်ပြီးရင် မင်းနဲ့လေ့ကျင့်ခန်းသွားလုပ်မယ်။”
ကုန်းကျယ်က တံခါးဝဆီတွန်းလွှတ်တော့ ဝမ်ကယ်မူးနောက်သွားသည်။
“ငါလေ့ကျင့်ခန်းလုပ်မယ်လို့ဘယ်တုန်းကပြောလို့လဲ။”
“မင်းကအိမ်အလုပ်လုပ်ပြီးလေ့ကျင့်ခန်းမလုပ်ချင်မှတော့ ပရော်ဖက်ရှင်နယ်ပစ္စည်းတွေနဲ့လုပ်ရုံပဲရှိတော့တာပေါ့။”
ကုန်းကျယ်က သူ့ကိုအပြစ်ကင်းစင်စွာကြည့်လိုက်၏။
“ကဲပါ၊ အဲဒီမှာအူကြောင်ကြောင်ရပ်မနေနဲ့၊ ဖုန်တွေထနေတယ်၊ သားကိုခေါ်ပြီး ဧည့်ခန်းထဲသွားနေ။”
အညာမိသွားသလိုခံစားရတာကြောင့် ဝမ်ကယ် ထွက်မသွားသေးဘဲ တံခါးလက်ကိုင်ကိုကိုင်ကာ သနားစဖွယ်ပြောလိုက်၏။
“ငါနောင်တရသွားပြီ။ အခု ကြမ်းတိုက်တာပိုကောင်းမယ်ထင်တယ်။”
ကုန်းကျယ်က သူ့ကိုချောမောခန့်ညားစွာပြုံးပြပြီး အခိုင်အမာခေါင်းခါပြလိုက်သည်။
“မရဘူး။”
ဝမ်ကယ်မသွားသေးတာမြင်တော့ ကုန်းကျယ်ကိုယ်တိုင် သူ့ကိုဧည့်ခန်းထဲပြန်ပွေ့ခေါ်လာသည်။
“ကဲပါ၊ ကိုယ့်ဟာကိုယ်တီဗွီကြည့်နှင့်ဦး။”
ဝမ်ကယ်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ဆိုဖာပေါ်ထိုင်ရင်း နှုတ်ခမ်းမဲ့ကာမကျေမနပ်ပြောလိုက်သည်။
“ကုန်းကျွမ်းကျွမ်း၊ သိပ်ရက်စက်တဲ့ယောကျာ်း။”
ကုန်းကျယ်က လှမ်းနေသည့်ခြေလှမ်းများယိုင်နဲ့သွားကာ ဝမ်ကယ့်ကိုစိတ်မကောင်းသလိုလှမ်းကြည့်သည်။
“ဘေဘီ၊ ပရိသတ်တွေရှေ့မှာ ငါ့ကိုမျက်နှာသာပေးလို့မရဘူးလား။”
“မင်းတောင်ငါ့ကိုမျက်နှာသာမပေးတာ၊ ငါကဘာလို့မင်းကိုမျက်နှာသာပေးရမှာလဲ။”
ဝမ်ကယ်က “ဘာလုပ်ချင်လဲ” ဆိုသည့်မျက်နှာထားဖြင့် သူ့ကိုဂျစ်ကန်ကန်ပြန်ပြောသည်။
သို့နှင့်ကုန်းကျယ်လည်း သူ့ကိုမနိုင်သလိုခေါင်းခါပြကာ ဧည့်သည်ခန်းထဲပြန်ဝင်သွားသည်။
ဝမ်ကယ်ကဖရဲသီးစား၊ တီဗွီကြည့်ရင်း ခွေးလေးကိုပွတ်ပေးနေသည်။ သူကနေရတာသက်တောင့်သက်သာရှိလွန်းသဖြင့် လေ့ကျင့်ခန်းလုပ်ရမည့်ကိစ္စကိုတဖြည်းဖြည်းလုံးဝမေ့လျော့သွားသည်။ တစ်နာရီအကြာတွင် ကုန်းကျယ်လေ့ကျင့်ခန်းဝတ်စုံနှင့် သူ့ရှေ့လာရပ်တော့ ဝမ်ကယ်လုံးဝသတိမထားမိတော့ပေ။ သူကရှေ့တည့်တည့်ရောက်လာသည့်အန္တရာယ်ကိုသတိမမူဘဲ စိတ်ပျက်သလိုဘေးသို့တွန်းထုတ်လိုက်သည်။
“ငါတီဗွီကြည့်နေတယ်၊ မနှောင့်ယှက်နဲ့။”
ကုန်းကျယ်က ရီမုလှမ်းယူပြီး တီဗွီပိတ်ကာ ဝမ်ကယ့်ကိုငုံ့ကြည့်သည်။
“မင်းဘာလို့ပိတ်ပစ်တာလဲ။ ကောင်းခန်းရောက်နေပြီလေ။”
ဝမ်ကယ်က သူ့ကိုမကျေမနပ်လှမ်းကြည့်ပြီး လက်ထဲရီမုကိုပြန်လုဖို့လုပ်လိုက်သည်။
“လေ့ ကျင့် ခန်း။”
ကုန်းကျယ် စကားသုံးလုံးကိုဖြည်းဖြည်းချင်းပြောလိုက်သည်။
ဝမ်ကယ် ကျောက်ရုပ်လိုခဏရပ်သွား၏။ ထို့နောက် သူက ရီမုကိုမလုတော့ဘဲ ဆိုဖာပေါ်ဘုန်းခနဲလှဲချကာ မလှုပ်မယှက်သေချင်ယောင်ဆောင်လိုက်သည်။
ကုန်းကျယ်က အတော်သန်မာသည်။ သူကဘာမှမပြောဘဲ ဝမ်ကယ့်ကိုပွေ့ချီကာ gym ခန်းထဲဝင်သွားပြီးနောက် လူကိုပြေးစက်ပေါ်တင်လိုက်သည်။
“အရင်ဆုံး တစ်နာရီပြေးရမယ်။ ပြီးရင် အိပ်ထမ’တင် အခါ (၁၀၀) လုပ်။ မင်းနောက်လထဲ အယ်လ်ဘမ်မျက်နှာဖုံးဓာတ်ပုံရိုက်ရမှာလေ။ ကြွက်သားထွက်လာအောင်လေ့ကျင့်ဖို့ ဘယ်လောက်အရေးကြီးလဲ။”
ဝမ်ကယ်၏နောက်ထွက်မည့်အယ်လ်ဘမ်အသစ်က ရော့ခ်ဂီတဘက်သွားသည်။ ထို့ကြောင့် သီချင်းနှင့်လိုက်ဖက်အောင် မျက်နှာဖုံးဓာတ်ပုံကို ကျားကျားလျားလျားရိုက်ကူးရန်လိုပြိး ခန္ဓာကိုယ်အပေါ်ပိုင်းကိုပြသရမည်ဖြစ်သည်။ ယင်ယွီထျန်းက သူ့ကိုလေ့ကျင့်ခန်းလုပ်ဖို့ တကျည်ကျည်တိုက်တွန်းနေသော်လည်း ဝမ်ကယ်ကလေ့ကျင့်ခန်းလုပ်ရမှာအလွန်ပျင်းပြီး အားကစားလုပ်ရသည်ကိုလုံးဝမနှစ်သက်တာကြောင့် အခုချိန်ထိလေ့ကျင့်ခန်းစမလုပ်ရသေးပေ။ ယင်ယွီထျန်းက သူဘယ်လိုပြောပြော ဝမ်ကယ့်ကိုနားချမရတာကြောင့် ကုန်းကျယ်ကိုသာအပူကပ်ရသည်။ ကုန်းကျယ်၏အချစ်မေတ္တာတွေနှင့် အားပေးတိုက်တွန်းလိုက်လျှင် ဝမ်ကယ်စိတ်ပါပြီး လေ့ကျင့်ခန်းလုပ်ချင်စိတ်ရှိလာမည်ဟု သူကမျှော်လင့်နေသည်။
သို့သော် အချစ်မေတ္တာနှင့်တိုက်တွန်း၍ဖြစ်စေ၊ မေတ္တာဖြင့်အပြစ်ပေး၍ဖြစ်စေ အားလုံး ဝမ်ကယ်၏အပျင်းရောဂါကို ဦးညွတ်ရပေမည်။
ကုန်းကျယ်အပြောကိုကြားတော့ ဝမ်ကယ်ပြေးစက်ပေါ်လှဲကာ အိပ်ချင်ယောင်ဆောင်ပြီးပြောသည်။
“ငါအိပ်ပြီ၊ ကိစ္စမရှိရင် လာမနှောင့်ယှက်နဲ့၊ ခေါ ခေါ။”
ဝမ်ကယ်က တစ်ခုခုကိုမလုပ်ချင်သည့်အချိန်ဆို ယခုလိုပဲဂျစ်တိုက်တတ်သည်။ သူ့အပြုအမူက ကုန်းကျယ်အတွက်အလွန်ချစ်စရာကောင်းတာကြောင့် ကုန်းကျယ်လုံးဝစိတ်မဆိုးနိုင်ပေ။ သို့နှင့် သူ ဒူးထောက်ကာ ဝမ်ကယ့်မျက်နှာကိုငုံ့နမ်းလိုက်သည်။
ဘယ်လိုမှအိပ်ချင်ယောင်ဆောင်လို့မရတော့ ဝမ်ကယ်မျက်လုံးဖွင့်ကာ ကုန်းကျယ်ကိုမကျေမနပ်ကြည့်လိုက်သည်။ ကံဆိုးချင်တော့ ဒီတစ်ခေါက်ကုန်းကျယ်က သူလေ့ကျင့်ခန်းလုပ်တာကိုစောင့်ကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။ သူက ဝမ်ကယ့်ကိုအားဖြင့်ဆွဲထူကာ စက်တွင်ကြာချိန်နှင့်အရှိန်သတ်မှတ်ပေးလိုက်သည်။
တစ်ဖက်လူက သူ့ကိုဇွတ်လုပ်ခိုင်းနေတာမို့ သူဘယ်လိုမှရှောင်ပြေးမရတော့ပေ။ သို့နှင့်ဝမ်ကယ် မပြေးချင်ပြေးချင်စတင်ပြေးလိုက်သည်။ သူက ပြေးရင်း လှမ်းဈေးဆစ်လိုက်၏။
“တစ်နာရီကကြာလွန်းတယ်။ နာရီဝက်ပဲလုပ်ရအောင်။ ငါလေ့ကျင့်ခန်းမလုပ်တာအရမ်းကြာနေပြီ။ ပြင်းပြင်းထန်ထန်တွေချက်ချင်းမလုပ်နိုင်ဘူး။”
ကုန်းကျယ် ရယ်ရမလိုငိုရမလိုဖြစ်သွားသည်။
“တစ်နာရီတည်းပါ။ အရှိန်လည်းမမြန်ပါဘူး။ ဘယ်မှာပြင်းထန်လို့လဲ။ အထွန့်တက်မနေနဲ့၊ တစ်နာရီဆိုတစ်နာရီပဲ။”
ဝမ်ကယ်နှုတ်ခမ်းထောင့်များမဲ့သွားကာ စိတ်ထဲက ဆက်တိုက်မကျေမနပ်ပြောနေခဲ့သည်။သို့သော် သူ့ခမျာပြေးရင်းပင်ပန်းလာတာကြောင့် စကားပြောဖို့ပင်အားမရှိတော့ပေ။
တစ်နာရီပြည့်တော့ ဝမ်ကယ်ချွေးများစိုရွှဲကာ မောဟိုက်နေပြီး ပြေးစက်ပေါ်မှောက်သွားသည်။ ကုန်းကျယ်က တဘက်ဖြင့်သူ့ကိုချွေးသုတ်ပေးပြီး ရေနည်းနည်းတိုက်ကာ ပြောသည်။
“ဆယ်မိနစ်နား၊ ပြီးရင် အိပ်ထမ’တင်စလုပ်မယ်။”
“အဟွတ်၊ ဟွတ် ဟွတ်။”
ဝမ်ကယ် ရေသီးသွားသည်။ ကုန်းကျယ်က သူ့ကျောကိုအမြန်ပုတ်ပေးလိုက်သည်။
ဝမ်ကယ်က ကုန်းကျယ်၏အင်္ကျီကော်လံကို ဒေါသတကြီးဖမ်းဆွဲကာ:
“ကုန်းကျွမ်းကျွမ်း၊ မင်းငါ့ကိုပင်ပန်းပြီးသေစေချင်တာလား။ အချစ်သစ်တွေ့နေပြီပေါ့လေ။ မင်းကိုယ့်ယောကျာ်းကို ဒီလိုပဲဆက်ဆံရသလား။”
ဝမ်ကယ်အရမ်းပင်ပန်းနေတာမြင်တော့ ကုန်းကျယ်ဘယ်လိုလုပ်စိတ်မကောင်းမဖြစ်ဘဲနေမှာလဲ။ သို့သော် ယခုချိန်တွင်သူတင်းတင်းကျပ်ကျပ်မလုပ်ထားလျှင် ကာဗာဓာတ်ပုံထွက်လာပြီး စိတ်တိုင်းမကျဖြစ်သည့်အခါ ဝမ်ကယ်ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမှာသေချာသည်။ ထိုသို့အဖြစ်ခံမည့်အစား နောင်ကိုစိတ်မထိခိုက်ရအောင် သူ့ကို ယခုအချိန်နည်းနည်းပိုအပင်ပန်းခံခိုင်းတာပိုကောင်းပေသည်။
“ကောင်းပြီ၊ ဒါဆိုနာရီဝက်အရင်နား။”
နောက်ဆုံးတော့ ကုန်းကျယ်လည်းလုံးဝစိတ်မမာနိုင်ပေ။
သို့သော် ဝမ်ကယ်က သဘောမတွေ့သေး။
“ဒီနေ့ဖျက်လိုက်လို့မရဘူးလား၊ ဒါမှမဟုတ် အိပ်ထမ’တင်ကို မနက်ဖြန်မှလုပ်မယ်လေ။”
“မရဘူး။ မနက်ဖြန်ကျရင် လုပ်ရမဲ့လေ့ကျင့်ခန်းသက်သက်ရှိတယ်။”
ကုန်းကျယ်က နောက်ဆုံးမှာ သူ့ကိုယတိပြတ်ပြောလိုက်သည်။ ထို့နောက် သူ ကြမ်းပြင်ပေါ်ထိုင်ကာ ဝမ်ကယ့်ခြေသလုံးများကိုနှိပ်နယ်ပေးလိုက်သည်။
“မင်းငါ့ကိုနှိပ်စက်တယ်လို့ အဖေနဲ့အမေကိုတိုင်ပြောမယ်။”
ဝမ်ကယ် ကုန်းကျယ်ကိုဒေါသတကြီးကြည့်လိုက်သည်။
ကုန်းကျယ်က ချက်ချင်းမျက်နှာပျက်သွားကာ:
“အချစ်လေး၊ ငါ့အဖေနဲ့အမေက ငါ့အပေါ်သိပ်ကောင်းတယ်များထင်နေလား။ မင်းကငါ့ကိုရက်စက်တယ်ပြောနေ၊ မင်းကသာရက်စက်တာ။ မင်းအဲ့လိုတစ်ခွန်းပြောလိုက်တာနဲ့ သူတို့က ငါ့ကိုအရေခွံလှန်ပစ်လိမ့်မယ်။”
ဝမ်ကယ်က တမင်စနောက်နေခြင်းသာဖြစ်သည်။ သူတကယ်ကြီးပြောလိုက်လျှင် ကုန်းကျယ်ဘယ်လိုဖြစ်သွားမလဲဆိုတာတွေးမိတော့ ဝမ်ကယ်မနေနိုင်ဘဲရယ်မိသွားသည်။ တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲကမကျေမနပ်ဖြစ်နေသည်များလည်း အများကြီးသက်သာသွားသည်။ ဝမ်ကယ်ရယ်တာမြင်တော့ ကုန်းကျယ်လည်းပြုံးလိုက်သည်။ သူက ဝမ်ကယ့်ပခုံးကိုပွတ်ကာ မျက်နှာချိုသွေးလိုက်သည်။
“စိတ်မဆိုးတော့ဘူးမလား။”
“ငါဘယ်တုန်းကစိတ်ဆိုးလို့လဲ။”
ဝမ်ကယ်က မဝန်ခံဘဲငြင်းလိုက်သည်။
“တော်ပြီ၊ တော်ပြီ။ မနှိပ်နဲ့တော့။ ငါအိပ်ထမ’တင်လုပ်တော့မယ်။ ဆက်နှိပ်နေရင် အဖေနဲ့အမေ သူတို့ဟာသူတို့အိမ်ရောက်လာလိမ့်မယ်။”
အခန်းထဲတွင် အိပ်ထမ’တင်လုပ်ဖို့အထူးကိရိယာများရှိသည်။ သို့သော် ကုန်းကျယ်က နောက်ဆုံးမှာစိတ်ပြောင်းသွားသည်။ သူက ဝမ်ကယ့်ကိုဆွဲခေါ်ကာ ယောဂဖျာပေါ်ထိုင်ခိုင်းသည်။ ထို့နောက် ဝမ်ကယ့်ခြေသလုံးများကိုင်ပြီး ရုပ်တည်ဖြင့်ပြောလိုက်သည်။
“မင်းဒီလောက်ကြိုးစားနေမှတော့ ငါမင်းကိုဆုချမယ်၊ အိပ်ထမ’တင်တစ်ခါလုပ်ရင် ငါ့ကိုတစ်ခါနမ်း။”
ဒီတော့မှ ကုန်းကျယ် ဘာလို့ကိရိယာမဲ့အိပ်ထမ’တင်လုပ်ခိုင်းမှန်း ဝမ်ကယ်သဘောပေါက်သွားသည်။ သူ ကုန်းကျယ်ကိုမျက်ဖြူလှန်ပြပြီး ပြောလိုက်သည်။
“အကွက်လေးလှတယ်နော်။”
ဝမ်ကယ် ယောဂဖျာပေါ်လှဲကာ လက်ကိုနားရွက်ပေါ်အုပ်လိုက်သည်။ ကုန်းကျယ်က လက်မလျှော့ဘဲထပ်မေးသည်။
“တကယ်မလုပ်ချင်ဘူးလား။”
“မလုပ်ချင်ဘူး။”
ဝမ်ကယ်က အခိုင်အမာပြန်ပြောသည်။
ကုန်းကျယ်ကခေါင်းငုံ့၍တစ်ချက်ပြုံးလိုက်ပြီး အတင်းမတိုက်တွန်းတော့ပေ။ သို့သော် သူ့မျက်လုံးများကတော့ ယုံကြည့်ချက်အပြည့်ဖြင့်တလက်လက်တောက်ပနေသည်။
ဝမ်ကယ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခါးနှင့်ဝမ်းဗိုက်ပေါ်အားထည့်လိုက်၏။ ထို့နောက်ခန္ဓာကိုယ်အပေါ်ပိုင်းကိုကြွကာ တဖြည်းဖြည်းနီးကပ်လာသော ကုန်းကျယ်မျက်နှာကိုကြည့်ရင်း နောက်ဆုံးတော့အနားတိုးကာ ငုံ့နမ်းလိုက်လေသည်။
အိပ်ထမ’တင်လုပ်ရတာအရမ်းပင်ပန်းတယ်၊ အဲ့တော့လုပ်ချင်စိတ်ရှိအောင် ကိုယ့်ကိုယ်ကိုယ်မိုတီပေးဖို့လိုတယ်။
*****
Aurora Novel Translation Team