အချပ်ပို (၃)
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- အချပ်ပို (၃) - ဖွင့်ပြောခြင်း။
အချပ်ပို (၃) ဖွင့်ပြောခြင်း။
အချိန်ကာလ: ဝမ်ကယ်နှင့်ကုန်းကျယ် အထက်တန်းတက်နေစဉ်။ (လက်ရှိတွင်ချစ်သူတွေမဖြစ်ကြသေး။)
👻👻👻
ညနေ (၅) နာရီထိုးတော့ ကျောင်းကစားကွင်းထဲ သိသိသာသာလူနည်းသွားသည်။ ကျောင်းဘတ်စကက်ဘောအဖွဲ့သားများကတော့ နေ့စဉ်လေ့ကျင့်ရေးဆင်းနေကြဆဲဖြစ်သည်။
အဖွဲ့ခေါင်းဆောင်ဖြစ်သူကုန်းကျယ်က အဖွဲ့ဝင်များကို ကိုယ်ကာယစစ်ဆေးမှုပြုလုပ်နေသည်။ နောက်ဆုံးအဖွဲ့ဝင် မီတာ (၅၀) အမှတ်ကိုကျော်သွားတော့ ကုန်းကျယ်က အချိန်ဖမ်းနာရီကိုဖိကာ လက်ခုပ်တီးပြီး အဖွဲ့ဝင်များကိုလူစုဖို့ပြောလိုက်သည်။
“ဒီနေ့လေ့ကျင့်ရေးကတော့ဒီလောက်ပဲ။ လူစုခွဲလို့ရပြီ။”
လူကောင်ကြီးကြီးကောင်လေးတစ်စုက ပျော်ရွှင်စွာလက်ခုပ်တီးလိုက်သည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောပြီးနောက် ကျောပိုးအိတ်ကိုယ်စီလွယ်ကာ အသီးသီးထွက်ခွာသွားသည်။
ကုန်းကျယ်ကတော့ လေ့ကျင့်ရေးပစ္စည်းများကို ပြန်လည်နေရာချရင်းကျန်ရစ်ခဲ့သည်။ ကျောင်းဘတ်စကက်ဘောအသင်း၏ ဒုခေါင်းဆောင်းလည်းဖြစ်၊ ကုန်းကျယ်၏သူငယ်ချင်းလည်းဖြစ်သူ ဘီခ်ျက ကုန်းကျယ်နှင့်အတူနေခဲ့ပြီး ကူညီပေးနေသည်။
ဘီခ်ျမှာဗြိတိန် – တရုတ်သွေးနှောဖြစ်ပြီးကလေးဘဝကတည်းက ဗြိတိန်တွင်နေထိုင်ခဲ့သူဖြစ်သည်။ သို့သော် တရုတ်စကားကောင်းကောင်းပြောတတ်ကာ တရုတ်လူမျိုးကုန်းကျယ်နှင့်ဆုံတော့ မြင်မြင်ချင်း အလျင်အမြန်သူငယ်ချင်းဖြစ်သွားသည်။
သူတို့နှစ်ဦး စကားစမြည်ပြောကြရင်း ဘတ်စကက်ဘောများကို ပြန်လည်သိမ်းဆည်းနေသည်။ ရုတ်တရက် ဘီခ်ျကရပ်ပြီး ကုန်းကျယ်ကိုပခုံးနှင့်တိုက်လိုက်၏။
“ဘာလဲ?။”
ကုန်းကျယ်က သူ့ကိုပြန်ကြည့်သည်။
ဘီခ်ျက ကွင်းအပြင်ဘက်လှမ်းကြည့်ကာ ကုန်းကျယ်ကို ဘာလိုလိုမျက်လုံးတစ်ဖက်မှိတ်ပြပြီးပြောသည်။
“မင်းရဲ့ဇနီးလေး လာကြိုနေပြီ။”
ထိုအပြောကိုကြားတော့ ကုန်းကျယ်ကွင်းအပြင်ဘက်လှမ်းကြည့်လိုက်သည်။ ထိုအခါ ဘက်စကတ်ဘောကွင်းအပြင်ဆုံး၌ သူတို့ကိုကျောပေးရပ်နေသည့် အမည်းရောင်ဆံပင်တိုလေးနှင့်ပိန်ပိန်ပါးပါးပုံရိပ်လေးတစ်ခုကိုတွေ့လိုက်ရသည်။
အမည်းရောင်ပုံရိပ်လေးက ဘောလုံးလေးတစ်လုံးလို ကိုယ်ကိုကျုံ့လိုက်တာမြင်ဝောာ့ ကုန်းကျယ်မျက်လုံးထဲ နူးညံ့မှုများပြည့်နှက်သွားသည်။ သူက ဘောလုံးသိမ်းသည့်နှုန်းကိုအရှိန်တင်လိုက်ကာ ဘီခ်ျကိုအမြန်ပြောပြီး ကစားကွင်းထဲမှပြေးထွက်သွားသည်။
ဝမ်ကယ်ထိုင်ချပြီး စာအုပ်တစ်အုပ်ထုတ်ဖတ်ဖို့လုပ်လိုက်သည်။ သို့သော် သိပ်မကြာလိုက် သူ့မျက်စိရှေ့ အရိပ်တစ်ခုကျလာသည်။
ဝမ်ကယ့်ည်း လက်ပတ်နာရီကိုကြည့်လိုက်ကာ ခေါင်းမော့ပြီးပြောလိုက်သည်။
“ဘာလို့ဒီနေ့အစောကြီးပြီးနေတာလဲ။ ငါစာအုပ်ခဏဖတ်မလို့လုပ်တုန်းရှိသေးတယ်။”
ကုန်းကျယ် ဝမ်ကယ့်လက်ထဲကစာအုပ်ကိုဖယ်ပြီး လူကိုဆွဲထူလိုက်သည်။
“ဒီနေ့နည်းပြမရှိဘူးလေ၊ ပုံမှန်လေ့ကျင့်ရေးက ပြီးသွားပြီ။”
ကုန်းကျယ်က လက်ထဲပါလာသည့်စာအုပ်အထူကြီးကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့ဒါဘာစာအုပ်လဲ။ ဘာလို့အရမ်းထူနေတာလဲ။မနေ့ကဖတ်တဲ့ ‘အချိန်သမိုင်းကြောင်းအကျဉ်း’ စာအုပ်ပဲလား။”
“‘အချိန်သမိုင်းကြောင်းအကျဉ်း’ ကို ငါမနေ့ကဖတ်ပြီးသွားပြီ။ ဒါ ငါအခုလေးတင်စာကြည့်တိုက်ကငှားလာတဲ့ ‘ရှိတ်စပီးယားကဗျာများ’ စာအုပ်။”
ကုန်းကျယ် မျက်မှောင်ပိုကြုတ်သွားကာ ထူထူလေးလေးကဗျာစာအုပ်ကြီးကို ကျောပိုးအိတ်ထဲထည့်လိုက်သည်။ ထို့နောက် သူ ဝမ်ကယ့်လက်ထဲက ကျောပိုးအိတ်ကိုပါသယ်ကာ လက်ချင်းတွဲပြီး ကျောင်းဂိတ်တံခါးဆီလျှောက်လာလိုက်သည်။ သူက လမ်းလျှောက်ရင်း ဝမ်ကယ့်ကိုနားချသည်။
“စာလျှော့ဖတ်ပြီး လေ့ကျင့်ခန်းပိုလုပ်ဦး။ မင်း စာကြမ်းပိုးဖြစ်တော့မယ်။”
ဝမ်ကယ့်က သူတို့တွဲထားသည့်လက်များအပေါ်သာအာရုံရောက်နေပြီး ကုန်းကျယ်ဘာပြောမှန်းမသိတာကြောင့် ဝတ်ကျေတမ်းကျေသာပြန်ဖြေလိုက်သည်။ ထို့နောက် ကျောင်းမဆင်းခင် သူ့အတန်းဖော်ပြောသည့်စကားကိုပြန်တွေးမိတော့ ဝမ်ကယ့်မျက်လုံးများ၌ ရှုပ်ထွေးသည့်အကြည့်တစ်ခုဖြတ်ပြေးသွားသည်။ သူက ပါးစပ်တင်းတင်းစေ့ကာ တွဲထားသည့်လက်ကိုပြန်ရုပ်လိုက်၏။
ကုန်းကျယ်ကတော့ ယနေ့ကြုံတွေ့ခဲ့သည့် စိတ်ဝင်စားစရာကိစ္စများအကြောင်းဝမ်ကယ့်ကိုပြောပြနေသည်။ ရုတ်တရက် လက်ထဲဟာတာတာဖြစ်သွားတော့ ကုန်းကျယ် လမ်းလျှောက်နေတာကိုရပ်ပြီး ဝမ်ကယ့်ကိုလှမ်းကြည့်သည်။
“ဘာဖြစ်လို့လဲ။ ငါနာအောင်ကိုင်မိလို့လား။”
ကုန်းကျယ် ဝမ်ကယ့်လက်ကို နောက်တစ်ကြိမ်ဖမ်းဆုပ်လိုက်၏။ ဒီတစ်ခါတော့ လက်ကိုင်သည့်အားရော၊ လှုပ်ရှားမှုများကပါ ပို၍ညင်သာနေသည်။
ဝမ်ကယ် ခေါင်းခါပြလိုက်၏။ အစကတော့ သူ လက်ပြန်ရုပ်ချင်ခဲ့သည်။ သို့သော် ကုန်းကျယ်က မရမကဆုပ်ကိုင်ထားတော့ သူလက်လျှော့ကာ မခံချင်စိတ်ဖြင့်ခြောက်ကပ်ကပ်ပြောလိုက်သည်။
“ကျွမ်းကျွမ်း၊ ငါက (၁၇) နှစ်တောင်ဖြစ်နေပြီ။ လမ်းကူးရင်လက်ကိုင်ဖို့မလိုတော့ဘူး။ ပြီးတော့ ငါကမင်းအစ်ကို၊ ကာကွယ်ရမယ်ဆို ငါကပဲမင်းကိုကာကွယ်ပေးသင့်တာ။”
ကုန်းကျယ်ကတော့ ဝမ်ကယ့်စကားများထဲမှမခံချင်စိတ်ကိုမကြားပေ။ သူက ဝမ်ကယ့်လက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားဆဲ။ ဝမ်ကယ်က သူအသက်ကြီးကြောင်းပြောလာတာကိုကြားတော့ ကုန်းကျယ်နှုတ်ခမ်းများကွေးညွတ်သွားကာ ကျန်လက်တစ်ဖက်ဖြင့် အရပ်ချင်းတိုင်းသည့်အမူအရာလုပ်လိုက်သည်။
“မင်းကငါ့ကိုဘယ်လိုကာကွယ်မှာလဲ။ငါတို့နှစ်ယောက်ရဲ့ကိုယ်လုံးကိုယ်ပေါက်အရဆို ဘယ်သူကဘယ်သူ့ကိုကာကွယ်ရမလဲငြင်းခုံနေဖို့လိုသေးလို့လား။ သုံးနှစ်ပိုကြီးတော့ရောဘာအရေးလဲ။ ငါကမင်းထက်ပိုအားကိုးရတယ်လို့ အန်တီဝမ်ကပြောတယ်။ ငါပဲမင်းကိုကောင်းကောင်းဂရုစိုက်ပါရစေ။”
ဝမ်ကယ်က ကုန်းကျယ်ထက်အသက်သုံးနှစ်ပိုကြီးသော်လည်း ကုန်းကျယ်ထက် (၇) စင်တီမီတာ (၈) စင်တီမီတာလောက်အရပ်ပိုပုသည်။ အခုသူအသက် (၁၇) နှစ်မှာ သူ့အရပ်ကကုန်းကျယ်မေးစေ့သာရှိပြီး၊ ခန္ဓာကိုယ်အရွယ်အစားကလည်းကုန်းကျယ်ထက်တစ်ဆိုဒ်ပိုသေးသည်။ ဒါကဝမ်ကယ့်ကိုအလွန်စိတ်ဓာတ်ကျစေသလို၊ အစ်ကိုတစ်ယောက်၏ဂုဏ်သိက္ခာကိုစိန်ခေါ်နေသည်ဟု အမြဲခံစားရသည်။ ယခုဆို ကုန်းကျယ်ကသူ့ကို တဖြည်းဖြည်း အစ်ကိုတစ်ယောက်ဟုပင်မမြင်တော့။ သူက ဝမ်ကယ့်ကို အစ်ကိုဟုမခေါ်တော့သည့်အပြင် သူ့လက်ဖဝါးထဲထည့်ကာ အရိပ်တကြည့်ကြည့်ကာကွယ်ပေးနေသည်။ လမ်းမပေါ်လမ်းလျှောက်လျှင်တောင် ကုန်းကျယ်က ဝမ်ကယ့်ကိုအတွင်းဘက်ထား၍ ကာကွယ်ပေးတတ်သည်။
အရင်ကတော့ ဒီကိစ္စကိုတစ်ခုခုမှားနေသည်ဟု ဝမ်ကယ်ဘယ်တုန်းကမှမတွေးမိပေ။ ဘာပဲပြောပြော သူတို့နှစ်ဦးသည် မွေးကတည်းကအတူတူနေခဲ့ကြပြီး ဆယ်နှစ်မက မခွဲအတူရှိခဲ့တာကြောင့် ညီအစ်ကိုတွေထက်ဝောာင် ပိုမိုရင်းနှီးကြသည်။ ထို့ကြောင့် ဒါကသူတို့နှစ်ယောက်အတွက်တော့ပုံမှန်ကိစ္စပင်။ ယခင်က အစ်ကိုဖြစ်သည့်သူ(ဝမ်ကယ်)က ညီလေးဖြစ်သူကုန်းကျယ်ကိုကာကွယ်ပေးပြီး ယခုတော့ညီလေးက အစ်ကိုကိုပြန်လည်ကာကွယ်ပေးနေသည်။
သို့သော် ယနေ့ကျောင်းမဆင်းခင် အတန်းဖော်တစ်ယောက်အမှတ်တမဲ့ပြောလိုက်သည့်စကားကို ဝမ်ကယ့်စိတ်ထဲ တနုံ့နုံ့အမှတ်ရနေသည်။ သို့နှင့် သူတို့နှစ်ယောက်ပေါင်းသင်းဆက်ဆံပုံကို သူစတင်သံသယဝင်လာသည်။
“ကျွမ်းကျွမ်း။”
ဝမ်ကယ်တီးတိုးခေါ်လိုက်၏။
“ဟမ်။ ဘာလဲ။”
လေအေးတစ်ချက်ဖြတ်တိုက်သွားတော့ ဝမ်ကယ် ဆတ်ခနဲတုန်သွားသည်။ ကုန်းကျယ်က ဝမ်ကယ့်လက်များကိုယူကာ သူ့အိတ်ကပ်ထဲ အလိုလိုထည့်လိုက်၏။
ကုန်းကျယ်၏လုပ်ရပ်က ဝမ်ကယ်ပြောမည့်စကားကို စကားစပြတ်သွားစေသည်။ သူက လက်ထည့်ထား၍ဖောင်းနေသောအိတ်ကပ်ကိုကြည့်ကာ မျက်နှာအမူအရာပိုမိုရှုပ်ထွေးသွားသည်။သူ အချိန်အကြာကြီးနေမှ ဘာပြောချင်မှန်းပြန်သတိရသွားသည်။
“မင်း…မင်းဘယ်လိုမိန်းကလေးမျိုးကိုသဘောကျလဲ။”
ဝမ်ကယ်က ကုန်းကျယ်မျက်နှာအမူအရာကိုသေချာကြည့်ပြီး မေးလိုက်သည်။
ကုန်းကျယ်က လမ်းလျှောက်နေတာကိုရပ်ကာ ဝမ်ကယ့်ကိုအံ့ဩသလိုကြည့်လာသည်။
“ဘာလို့ဒီအကြောင်းမေးရတာလဲ။”
“ဘာမှမဟုတ်ပါဘူး၊ သိချင်ရုံပါ။”
ဝမ်ကယ် ခံစားချက်များကိုဖုံးကွယ်ကာ ခပ်ဖွဖွပြုံးလိုက်သည်။
ကုန်းကျယ်က သူ့ကိုအကြာကြီးစိုက်ကြည့်နေပြီးမှ ခေါင်းပြန်လှည့်ကာ လမ်းဆက်လျှောက်လိုက်သည်။ သူက ဝမ်ကယ့်မေးခွန်းကိုအဖြေမပေးဘဲ အဲ့ဒီအစား မေးခွန်းပြန်မေးလိုက်သည်။
“ဒါဆိုမင်းရော။ မင်းရောဘယ်လိုပုံစံမျိုးကြိုက်လဲ။”
“ငါလား။”
ဝမ်ကယ် အံ့အားသင့်ကာ နည်းနည်းရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
“မစဉ်းစားကြည့်ဖူးဘူး။”
“တကယ်မစဉ်းစားကြည့်ဖူးတာလား ငါ့ကိုချော့ဖို့တမင်အဲ့လိုပြောတာလား။ မင်းတို့အတန်းက စူဆန်ဆိုတဲ့ကောင်မလေးတစ်ယောက် မင်းကိုအသည်းအသန်လိုက်နေတယ်လို့ငါကြားတယ်။ ရည်းစားစကားပြောတာလည်းအကြိမ်ပေါင်းမနည်းဘူးဆို။”
“မင်းဘယ်ကကြားလာတာလဲ။”
ဝမ်ကယ် ရုတ်တရက်နည်းနည်းအပြစ်ရှိသလိုခံစားလိုက်ရသည်။ သူတို့နှစ်ဦးကအခန်းချင်းမတူသလို၊ ကုန်းကျယ်ကိုလည်းဒီအကြောင်းတစ်ခါမှမပြောပြဖူးပေ။ အကြောင်းက ဝမ်ကယ်ကသူ့ကိုမသိစေချင်သောကြောင့်ပင်။ ဘာကြောင့်မသိစေချင်သလဲဆိုတော့ လောလောဆယ် သူ့ကိုပေးသိလို့မဖြစ်ပေ။
ကုန်းကျယ်က စကားပြန်မပြောဘဲ ဝမ်ကယ့်ကိုရှားရှားပါးပါးအလေးအနက်စိုက်ကြည့်နေသည်။ သူ့အကြည့်များက ဒေါသအနည်းငယ်စွက်နေသည်။
ဝမ်ကယ် သူ့အကြည့်များအောက်တွင်အရှုံးပေးလိုက်ကာ အပြစ်ရှိသလို မြေကြီးကိုစိုက်ကြည့်ပြီးပြောလိုက်သည်။
“ငါသူ(မ)ကိုအခါခါငြင်းပြီးပြီ။ နောက်ပြီးသူ(မ)အပေါ်ဘာခံစားချက်မှမရှိဘူးလို့လည်း သေချာပြောပြီးပြီ။ ဒါပေမဲ့ သူ(မ)လက်မလျှော့တာတော့ ငါဘာမှမတတ်နိုင်ဘူးလေ။”
ပြောရင်း သူ့အသံက တဖြည်းဖြည်းတိုးဝင်သွားသည်။
ကုန်းကျယ်တစ်ယောက် မျက်လုံးများမှောင်မိုက်သွားသော်လည်း စိတ်ထဲကတော့ တော်ပါသေးရဲ့ဟုဆိုကာသက်ပြင်းချမိသည်။ သူက ပေါ့ပေါ့ပါးပါးဟန်ဆောင်ကာ မေးလိုက်သည်။
“ဒါဆို မင်းဘယ်သူ့အပေါ်ခံစားချက်ရှိတာလဲ။ အိုလီဗီယာလား။”
အိုလီဗီယာဆိုတာ ဝမ်ကယ့်အခန်းထဲတွင် အချောဆုံးအလှဆုံးကောင်မလေးဖြစ်သည်။ တစ်ကျောင်းလုံးကလည်း သူ(မ)ကို ကျောင်းဘုရင်မအဖြစ်သတ်မှတ်ထားကြသည်။ ယောကျာ်းလေး ဆယ်ယောက်တွင်ရှစ်ယောက်က သူ(မ)ကိုလိုက်ချင်ကြသည်။
ကုန်းကျယ်နှင့်ရင်းနှီးသည့်သူငယ်ချင်းများလည်း အိုလီဗီယာကိုလိုက်နေသည်။ သို့သော် သူတို့တစ်ယောက်မှမအောင်မြင်ကြပေ။ အကြောင်းမှာ အိုလီဗီယာက သူတို့ကိုငြင်းဆိုပြီး သူ(မ)တွင်သဘောကျသူရှိကြောင်းကိုယ်တိုင်ပြောခဲ့သည်။ အိုလီဗီယာက ဘယ်သူဘယ်ဝါရယ်လို့သေချာမပြောသော်လည်း ကုန်းကျယ်ကတော့ ထိုသူကဝမ်ကယ်ဖြစ်ရမည်ဟုတွေးလိုက်သည်။
အရင်ဆုံး သူတို့နှစ်ယောက်ကတစ်ခန်းတည်းဖြစ်သလို အချိန်အကြာကြီးအတူရှိနေသည်။ နောက်ပြီး ဝမ်ကယ့်ရုပ်ရည်က ဗြိတိန်ကောင်မလေးများသဘောကျသည့်ပုံစံဖြစ်တာကြောင့် ကျောင်းတွင်အတော်နာမည်ကြီးပေသည်။
အိုလီဗီယာကိုယ်တိုင်လည်း ဝမ်ကယ့်ရုပ်ရည်ကိုချီးမွမ်းပြောဆိုဖူးသလို အတန်းပြီးချိန်ဆို ဝမ်ကယ့်ဆီခဏခဏသွားလေ့ရှိကြောင်း သူပြန်ကြားရသည်။ နောက်ပြီး သူ(မ)စကားလာပြောတိုင်း ဝမ်ကယ့်ကိုချဉ်းကပ်ဖို့အကြောင်းမရှိအကြောင်းရှာနေတာမှန်း ကုန်းကျယ်သိနေသည်။
အနှစ်ချုပ်ရလျှင် ကုန်းကျယ်ကတော့ အိုလီဗီယာ ဝမ်ကယ့်ကိုကြိုက်နေသည်ဟု (၁၀၀) ရာခိုင်နှုန်းသေချာသည်။ သူတစ်ပတ်လောက်သုန်သုန်မှုန်မှုန်ဖြစ်နေသော်လည်း ဝမ်ကယ့်သဘောထားကိုမသိတာကြောင့် သူ့ရှေ့ပေါ်တင်ထုတ်မပြရဲပေ။
အိုလီဗီယာအကြောင်းပြောတော့ ဝမ်ကယ့်အမူအရာက ပိုမိုရှုပ်ထွေးသွားသည်။ သူ စက္ကန့်အနည်းငယ်လောက် ဘယ်လိုရှင်းပြရမှန်းမသိဖြစ်ကာ တွန့်ဆုတ်နေသည်။
နောက်ပြီး ဝမ်ကယ်တွန့်ဆုတ်နေသည့်စက္ကန့်အနည်းငယ်က ကုန်းကျယ်ကိုအလိုလိုသဘောပေါက်သွားစေကာ ရင်ထဲချုပ်တည်းထားသည့်ဒေါသမီးများ ပို၍ပြင်းထန်စွာလောင်မြိုက်သွားသည်။ သူက အံတင်းတင်းကြိတ်လိုက်ကာ:
“မင်းသူ(မ)ကိုတကယ်သဘောကျတာလား။”
ကုန်းကျယ် သူ့ကိုတစ်လုံးချင်းမေးလိုက်သည်။
ဝမ်ကယ်က ခေါင်းအမြန်ခါပြကာ:
“မ၊ မဟုတ်ပါဘူး။”
သို့သော် ခုနကထူးဆန်းသည့်အမူအရာများကိုကြည့်၍ ဝမ်ကယ်ညာနေမှန်းကုန်းကျယ်အတပ်သိနေသည်။ ကုန်းကျယ်မျက်လုံးများအနည်းငယ်အရောင်မှိန်သွကာ ခန္ဓာကိုယ်တစ်ခုလုံးအားအင်ချည့်နဲ့သွားသည်။
“ထုန်ထုန်။”
“ဘာဖြစ်လို့လဲ။”
ဝမ်ကယ် သူ့ကိုမော့ကြည့်လိုက်သည်။
“တကယ်လို့၊ တကယ်လို့မင်းမှာသဘောကျတဲ့သူရှိလာရင် သေချာပေါက်ငါ့ကိုအရင်ဆုံးပြောပြရမယ်နော်။”
ကုန်းကျယ်လေသံက စိတ်ဓာတ်ကျဝမ်းနည်းနေသည်။
ဝမ်ကယ်ခေါင်းငုံ့ကာ မဲ့ပြုံးပြုံးလိုက်၏။ ‘မင်းကိုပြောပြရမယ်တဲ့လား။ အကယ်၍ငါတကယ်ပြောပြလိုက်ရင် မင်းထွက်ပြေးသွားမှာစိုးရတယ်။’ ဝမ်ကယ်နှာခေါင်းရှုံ့လိုက်၏။ သူက ခေါင်းမော့၊ ခြေဖျားထောက်ကာ ကုန်းကျယ်ဆံစလေးများကိုအသာပွတ်ပေးရင်း ပြုံးပြီးပြောလိုက်သည်။
“ကုန်းကျွမ်းကျွမ်း၊ မင်းကအခုမှ (၁၄) နှစ်ပဲရှိသေးတာ။ ငယ်ငယ်လေးနဲ့ဒီအကြောင်းပြောဖို့စောလွန်းတယ်။ နောက်လထဲမင်းတို့အသင်းဆော့ရမဲ့ ဘတ်စကက်ဘောကစားပွဲအကြောင်းသာတွေးစမ်းပါ။”
ကုန်းကျယ်ပြုံးပြပြီး ဝတ်ကျေတမ်းကျေခေါင်းညိတ်လိုက်သည်။
မဟုတ်မှလွဲရော သူ့မျက်လုံးထဲမှာ ငါကအမြဲတမ်းညီလေးတစ်ယောက်ပဲလား။
ပထမဆုံးအကြိမ်အဖြစ် သူတို့နှစ်ဦး လုံးဝစကားမပြောဘဲလမ်းလျှောက်ပြန်လာသည်။ လေထုကတိတ်ဆိတ်ငြိမ်သက်ကာ စိတ်ဓာတ်ကျဖွယ်ကောင်းနေသည်။
နောက်ရက်တွေမှာတော့ သူတို့နှစ်ယောက်လုံး ခါတိုင်းလိုတကျက်ကျက်ပင်။ သူတို့ကိုကြည့်လိုက်လျှင်ဘာမှမပြောင်းလဲသော်လည်း တစ်စုံတစ်ရာကတော့ပြောင်းလဲနေသည်။ အနည်းဆုံးတော့ ထို့နေ့ပြီးနောက်ပိုင်း သူတို့နှစ်ယောက်လုံး အချစ်အကြောင်းစကားမစမိအောင် တမင်ရှောင်ရှားနေကြသည်။
ကျောင်းတွင်းဘတ်စကက်ဘောပြိုင်ပွဲကို နောက်လထဲကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် လတ်တလော၌ ကျောင်းဘတ်စကက်ဘောအသင်းများအားလုံး အချိန်နှင့်တစ်ပြေးညီလေ့ကျင့်ရေးဆင်းနေရသည်။
အသင်းခေါင်းဆောင်တစ်ယောက်အနေဖြင့် ကုန်းကျယ်မှာ လေ့ကျင့်ရေးဆင်းရသည့်အပြင် နည်းပြနှင့်အတူ လေ့ကျင့်ရေးဖော်မြူလာများ၊ ဗျူဟာပုံစံများဆွေးနွေးတိုင်ပင်ရသည်။ ကုန်းကျယ်က ဝမ်ကယ်ကို တစ်နေ့လေးငါးနာရီထိုင်မစောင့်စေချင်တာကြောင့် အိမ်အရင်ပြန်ခိုင်းလိုက်သည်။ သူအိမ်ပြန်ရောက်လျှင် ဝမ်ကယ်ကအိပ်မောကျနေပြီဖြစ်သည်။ တစ်ပတ်အတွင်း သူတို့နှစ်ယောက် မနက်ခင်းကျောင်းအတူသွားချိန်သာ ဆယ်မိနစ်လောက်အတူရှိကြပြီး ကြားထဲမှာတစ်ယောက်နှင့်တစ်ယောက်တွေ့ဖို့အချိန်လုံးဝမရှိပေ။
ဒီနေ့တော့ ကုန်းကျယ်အတန်းတွင် နေ့လယ်ခင်းအတန်းချိန်မရှိတာကြောင့် ကျောင်းအစောကြီးဆင်းနေသည်။ လေ့ကျင့်ရေးဆင်းဖို့လည်းအချိန်လိုသေးတာကြောင့် သူ ဝမ်ကယ့်ကိုတွေ့ချင်တာနှင့် ဝမ်ကယ့်အတန်းဘက်ထွက်ခဲ့သည်။
မမျှော်လင့်ဘဲ ကော်ရစ်တာထောင့်နားရောက်တော့ အခန်းတံခါးရှေ့မှာ ဝမ်ကယ်ရပ်နေတာတွေ့ရသည်။ နောက်ပြီး ဝမ်ကယ့်ရှေ့မှာ အိုလီဗီယာရှိနေသည်။ ကုန်းကျယ်ခြေလှမ်းများရပ်တန့်သွားကာ ဝမ်ကယ့်ကိုတွေ့လို့ပျော်ရွှင်သည့်စိတ်လေးလည်း တစ်ခါတည်းပျောက်ကွယ်သွားသည်။ သူက မျက်နှာစူပုပ်ကာ မလှမ်းမကမ်းတွင်ရပ်နေသည့်လူနှစ်ယောက်ကိုကြည့်လိုက်သည်။
သူတို့နှစ်ဦးက မျက်နှာချင်းဆိုင်စကားပြောနေသည်။ အိုလီဗီယာမျက်နှာက သိသိသာသာရှက်သွေးဖြာနေသည်ကို ကုန်းကျယ်ရှင်းလင်းစွာမြင်နေရသည်။ ထိုအမူအရာက ကိုယ်သဘောကျသည့်သူနှင့်တွေ့သည့်အခါ အိန္ဒြေထိန်း၍ရှက်ရွံနေသည့်ပုံဖြစ်သည်။
ကုန်းကျယ် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ တစ်ချိန်တည်းမှာပင် ရင်ထဲကမုန်တိုင်းက မျက်ဝန်းများထဲအထိငွေ့ရည်ဖွဲ့လာသည်။ ရုတ်တရက် အိုလီဗီယာက သူ(မ)ကျောပိုးအိတ်ထဲမှ ပန်းရောင်စာလေးတစ်စောင်ထုတ်ကာ ဝမ်ကယ့်ကိုကမ်းပေးသည်။
ရည်းစားစာ!
ကုန်းကျယ် သူငယ်အိမ်များကျုံ့ဝင်သွားသည်။ ထိုတစ်ခဏ၌ သူချက်ချင်းပြေးထွက်ပြီး ထိုစာကိုအပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်ချင်သည်။ သို့သော် သူစိတ်ထိန်းလိုက်၏။ အကြောင်းက ဝမ်ကယ့်၏တုံ့ပြန်မှုကို သူမြင်ချင်သောကြောင့်ပင်။
ဝမ်ကယ်က စာကိုစက္ကန့်အနည်းကြာစိုက်ကြည့်နေသည်။ ကုန်းကျယ်ရင်ခုန်လွန်းလို့ သူ့နှလုံးသားပင် အပြင်ဘက်ခုန်ထွက်မတတ်ခံစားနေရသည်။စိတ်ထဲကနေလည်း ကြိတ်ပြီးဆုတောင်းနေမိ၏။ “မယူနဲ့၊ မယူလိုက်နဲ့။”
သို့သော် အိုလီဗီယာက တစ်စုံတစ်ရာထပ်ပြီးပြောလိုက်သည့်အခါ ဝမ်ကယ်က စာကိုလက်ခံယူလိုက်သည်။
ဝမ်ကယ်စာကိုလက်ခံလိုက်တာမြင်တော့ အိုလီဗီယာက ဝမ်းသာပြီးပြုံးလိုက်၏။ ထို့နောက် သူ(မ)က ဝမ်ကယ့်ကိုစကားအနည်းငယ်ထပ်ပြောပြီး တစ်ဖက်လှေကားမှ အောက်ထပ်သို့ဆင်းသွားသည်။
အိုလီဗီယာ၏အတိုင်းမသိပျော်ရွှင်သွားပုံနှင့်ယှဉ်လျှင် ကုန်းကျယ်မျက်နှာက သွေးစုပ်ဖြူရော်နေသည်။အားအင်ချည့်နဲ့စွာဖြင့် နဖူးကိုနံရံနှင့်ကပ်ထားရင်း သူ့နှလုံးသားထဲကနေ အနည်းငယ်နာကျင်လာ၏။
ဝမ်ကယ် စာကိုအကြာကြီးကြည့်နေပြီးနောက် သက်ပြင်းချကာအိတ်ကပ်ထဲထည့်လိုက်သည်။ သူအတန်းထဲပြန်ဝင်မည်အလုပ် မျက်လုံးထောင့်မှရင်းနှီးနေသည့်ပုံရိပ်ကိုမြင်သွားပြီး လှည့်ကြည့်လာသည်။
“ကျွမ်းကျွမ်း။”
ကုန်းကျယ်မသိစိတ်က အလိုလိုရပ်တန့်ကာ အကြာကြီးတွန့်ဆုတ်နေမိသည်။ သူလှည့်ကြည့်လိုက်ချိန်တွင် ဝမ်ကယ် သူ့ဆီလာနေတာကိုတွေ့လိုက်ရသည်။
ဝမ်ကယ် ကုန်းကျယ်ကိုမြင်တော့ အနည်းငယ်စိတ်လှုပ်ရှားအံ့ဩသွားကာ ညာဘက်လက်ဖြင့် အိတ်ကပ်ကိုမသိမသာဖိပြီး မေးလိုက်သည်။
“မင်းဘာလို့ရောက်လာတာလဲ။ ငါ့ကိုလာတွေ့တာလား။”
ကုန်းကျယ်က ဝမ်ကယ့်လှုပ်ရှားမှုအများကိုအသေးစိတ်ကအစမြင်လိုက်၏။ သို့သော် သူဘာမှမပြောဘဲ အကြောင်းပြချက်တစ်ခုပေးလိုက်သည်။
“ငါနည်းပြကိုလာရှာတာ။ သူနဲ့လေ့ကျင့်ရေးအကြောင်းဆွေးနွေးစရာရှိလို့။ ဒါပေမဲ့ သူကရုံးခန်းမှာမရှိတဲ့ပုံပဲ။ ငါ့မှာလုပ်စရာရှိသေးတယ်။ ဒီနေ့တော့မင်းအရင်ပြန်နှင့်၊ ငါတော်တော်နောက်ကျမှပြန်ရမယ်ထင်တယ်။”
“ဪ။”
ဝမ်ကယ်စိတ်ပျက်လက်ပျက်ခေါင်းညိတ်လိုက်သည်။
ကုန်းကျယ်က သူ့ဆံပင်လေးများကိုပွတ်ပြီး ပြန်ထွက်သွားသည်။
“ကျွမ်းကျွမ်း။”
ကုန်းကျယ်ခြေလှမ်းအနည်းငယ်လှမ်းအပြီး ဝမ်ကယ်က သူ့ကိုလှမ်းတားသည်။
“ဘာပြောမလို့လဲ။”
ကုန်းကျယ်ရပ်ပြီး သူ့ကိုမေးလိုက်သည်။
ဝမ်ကယ်တွန့်ဆုတ်ကာ အိတ်ကပ်ထဲရှိစာလေးကိုပွတ်လိုက်သည်။ သို့သော်နောက်ဆုံးတော့ သူဘာမှမပြောဖြစ်လိုက်ပေ။
“ဘာမှမဟုတ်တော့ဘူး။”
*****
Aurora Novel Translation Team