အချပ်ပို (၄)
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- အချပ်ပို (၄) - ဖွင့်ပြောခြင်း။ (Final Chapter)
အချပ်ပို (၄) ဖွင့်ပြောခြင်း။
👻👻👻
“အဲရစ်ရေ၊ အဲရစ်။”
နည်းပြဘလိခ်က ကုန်းကျယ်ပခုံးကိုပုတ်လိုက်သည်။
“ဟုတ်ကဲ့၊ နည်းပြ။”
ထိုအခါမှ ကုန်းကျယ် ရုတ်တရက်အသိပြန်ဝင်လာသည်။
“မင်းတစ်ခုခုတွေးစရာရှိနေလို့လား။ ဒီနေ့စိတ်နဲ့လူနဲ့ကိုမကပ်ဘူး။ ငါစကားပြောနေတုန်း ခဏခဏအာရုံပြန့်နေတယ်။”
ဘလိခ်က သူ့ကိုမေးသည်။
“ဘာမှမဖြစ်ပါဘူး။ နည်းနည်းနေမကောင်းလို့ပါ။’
ကုန်းကျယ်လက်သီးဆုပ်ကာ ဘလိခ်ကို ဖျော့တော့စွာတောင်းပန်စရာဆိုလိုက်သည်။
“တောင်းပန်ပါတယ်၊ နည်းပြ။ ကျွန်တော်ဒီနေ့စောစောပြန်ချင်တယ်။ လေ့ကျင့်ရေးကိစ္စကို ကျွန်တော်မနက်ဖြန်မှဆက်ပြီးဆွေးနွေးလို့ရမလား။”
“ရတာပေါ့။ ကျန်းမာရေးကအရေးအကြီးဆုံးပဲ။ ဒါဆို မင်းဒီနေ့ပြန်ပြီး နေကောင်းအောင်အရင်လုပ်လိုက်။”
ကုန်းကျယ်က အသင်းတွင် အဓိကကစားသမားဖြစ်သည်။ ပြိုင်ပွဲရက်နားနီးလာတော့ နည်းပြအစိုးရိမ်ဆုံးက သူတစ်ခုခုဖြစ်သွားမည်ကိုပင်။ ထို့ကြောင့်ကုန်းကျယ်နေမကောင်းဘူးပြောတော့ နည်းပြက သူ့ကိုဆက်မနေခိုင်းရဲဘဲ ချက်ချင်းပြန်လွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
ကုန်းကျယ် ကျောပိုးအိတ်လွယ်ကာပြန်ထွက်လာသည်။ သူရုံးခန်းကထွက်လာပြီး အိမ်ပြန်မည်အလုပ် ဘေးနားကခုံတန်းပေါ်လူတစ်ယောက်ထိုင်နေတာတွေ့ရသည်။ အလင်းရောင်ခပ်မှိန်မှိန်အောက်၌ သူအနားတိုးကြည့်လိုက်ချိန်တွင် ထိုလူကဝမ်ကယ်ဖြစ်နေသည်။ ဝမ်ကယ်တစ်ယောက် ဘယ်တုန်းကတည်းကဒီမှာထိုင်နေသည်မသိ ထိုင်ခုံကိုမှီကာ အိပ်မောကျနေသည်။
ညဘက်တွင် ရာသီဥတုအတော်လေးအေးသည်။ သို့သော် ဝမ်ကယ်ကအဝတ်ထူထူမဝတ်ထား။ ကုန်းကျယ်မှာ ဝမ်ကယ်ဘာလို့ဒီရောက်နေမှန်းစဉ်းစားဖို့အချိန်ပင်မရှိလိုက်။ မသိစိတ်က သူ့ကိုယ်ပေါ်ကကုတ်အင်္ကျီကိုချွတ်ကာ ဝမ်ကယ့်ကိုခြုံပေးလိုက်သည်။
သူက လူကိုလှုပ်နှိုးဖို့စဉ်းစားသော်လည်း ဝမ်ကယ်နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာမြင်တော့ အော်မနှိုးရက်ပေ။ သို့နှင့် သူ ဝမ်ကယ့်ဘေးဝင်ထိုင်ကာ ဝမ်ကယ်နိုးလာတာစောင့်ပြီးအိမ်ပြန်ဖို့လုပ်လိုက်သည်။
ကုန်းကျယ် အသံမထွက်အောင် သတိကြီးကြီးထား၍ဝမ်ကယ့်ဘေးဝင်ထိုင်ကာ ခန္ဓာကိုယ်ကိုဘေးစောင်းပြီး ဝမ်ကယ့်ကိုလေကာပေးလိုက်သည်။ ထို့နောက် နူးညံ့ကြင်နာသောမျက်ဝန်းများဖြင့် ငြိမ်းချမ်းစွာအိပ်ပျော်နေသောဝမ်ကယ့်မျက်နှာလေးကို တိတ်တဆိတ်ထိုင်ငေးကြည့်နေသည်။
ဒီလူက သူ့ရဲ့ကိုကိုထုန်ထုန်ဖြစ်သည်။ သူလူမှန်းသိတတ်စအရွယ်ကတည်းက ဘေးနားတွင်တစ်ချိန်လုံးရှိနေခဲ့ပြီး ခဏလေးတောင်တစ်ခါမှမခွဲဖူးပေ။ သူတို့ချင်းအသက် (၃) နှစ်ကွာတာကြောင့် ဝမ်ကယ်နှင့်တစ်ချိန်လုံးအတူတူရှိနိုင်ရန် သူ ခက်ခက်ခဲခဲစာကြိုးစားကာ မူလတန်းနှစ်တန်းကိုအတန်းကျော်ပစ်ခဲ့သည်။ နောက်ဆုံးတော့သူ့ဆန္ဒအတိုင်း ဝမ်ကယ်နှင့်အတန်းတူခဲ့ပြီး နှစ်ယောက်အတူမူလတန်းကျောင်းပြီးကာ အလယ်တန်း၊ အထက်တန်းအတူတူရောက်ခဲ့သည်။
ဝမ်ကယ်က ဟိုးအစကတည်းကသူ့အတွက်တစ်ခုတည်းသောအားကိုးရာပင်။ မည်သို့ပင်ဆိုစေ ဝမ်ကယ်သည်သာ မွေးကတည်းက သူနှင့်အတူတူရှိခဲ့တာဖြစ်သည်။ ဆယ်နှစ်ကျော်အတူရှိခဲ့တာကြောင့် သူ အစောကြီးကတည်းကနေသားကျနေပြီ။ သူဘာပဲလုပ်လုပ် သူ့ဘေးမှာဝမ်ကယ်အမြဲရှိသည်။ သို့သော်နောက်ပိုင်းဘယ်အချိန်ကစတင်ခဲ့သည်မသိ၊ သူ၏မှီခိုအားကိုးသည့်စိတ်က တဖြည်းဖြည်းပျက်ယွင်းလာသည်။
ကြည့်ရတာ အချစ်အကြောင်းစသိချိန်၊ ဘဝအကြောင်းစတင်နားလည်လာချိန်ကစခဲ့တာထင်သည်။ တစ်နေ့နေ့တစ်ချိန်ချိန်ကျ ဝမ်ကယ် မိန်းမယူအိမ်ထောင်ပြုပြီး ကလေးများရှိလာသည့်အခါ သူနှင့်တဖြည်းဖြည်းဝေးကွာသွားမည့်အကြောင်းတွေးမိတော့ သူ ရုတ်တရက်စပြီးနေမထိထိုင်မသာဖြစ်လာသည်။ သူစပြီးကြောက်ရွံ့လာသည်။ တစ်နေ့ကျ သူ့ကိုကိုထုန်ထုန်က သူ့ကိုထားခဲ့ပြီးအဝေးထွက်သွားမှာကို သူကြောက်သည်။ သူ့ခေါင်းထဲ အမြဲတမ်းအသံတစ်ခုက သူ့ကိုပြောနေသည်။
“ထုန်ထုန်ကသူ့အပိုင်၊ သူတစ်ယောက်တည်းအပိုင်။ ဘယ်သူမှလုမယူရဘူး။”
နောက်တော့ ဝမ်ကယ့်အနားရှိမိန်းကလေးအတန်းဖော်များကို သူစတင်သတိထားမိလာသလို၊ သူတို့အပေါ် ပြင်းပြင်းထန်ထန်ရန်လိုလာသည်။ ဝမ်ကယ် သူတို့နှင့်ရယ်ရယ်မောမောစကားပြောနေတာတွေ့တိုင်း သူ ဝမ်ကယ့်ကိုအိမ်ထဲသော့ခတ်သိမ်းထားချင်လာသည်။ သူကလွဲလျှင် ဝမ်ကယ့်ကိုတခြားဘယ်သူ့ကိုမှကြည့်ခွင့်မပေးချင်ပေ။
အစတုန်းက ဒါကိုပိုင်ဆိုင်လိုစိတ်မှန်းသူမသိခဲ့။ ဆွေမျိုးရင်းချာကဲ့သို့ရင်းနှီးသည့်သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးရမှာတွန့်ဆုတ်နေသည်ဟုသာ သူတွေးခဲ့သည်။ သို့သော်နေ့တစ်နေ့၏မနက်ခင်းတစ်ခု၌ စိုစွတ်နေသောအတွင်းခံဘောင်းဘီတစ်စုံ၊ ရမ္မက်ဆန္ဒအပြည့်နွေဦးအိပ်မက်တစ်ခုမှစ၍ သူ ကလေးဘဝမှ လူပျိုဖော်ဝင်သည့်အရွယ်ကိုရောက်ခဲ့သည်။ အဲ့ဒီတော့မှသူသိလိုက်ရသည်။ သူက ဝမ်ကယ့်အပေါ် သူငယ်ချင်းသံယောဇဉ်၊ မိသားစုသံယောဇဉ်ထက်ပိုသည်။ ထိုအရာက နှလုံးသားထဲ ဘယ်တုန်းကတည်းကတိတ်တဆိတ်အမြစ်တွယ်အပင်ပေါက်လာမှန်းမသိသည့်ချစ်ခြင်းမေတ္တာပင်။
ထိုအိပ်မက်ထဲတွင် သူနှင့်တစ်ညတာရစ်ပတ်နှောင်ဖွဲ့ခဲ့သူက နူးညံ့ပျော့ပျောင်း၍ ညှို့ဓာတ်ပြင်းသောမိန်းကလေးတစ်ယောက်မဟုတ်။ အဲ့ဒါက သူ၏ညီအစ်ကိုကောင်း ဝမ်ကယ်ဖြစ်နေသည်။ အိပ်မက်ထဲတွင် သူတို့ချင်းလက်ချင်းယှက်၊ လူချင်းတိုးဝှေ့ပူးကပ်ကာ ခန္ဓာကိုယ်ချင်းလိုက်ဖက်သင့်တော်နေပုံက နှစ်ယောက်သား စုံတွဲတွေဖြစ်ဖို့မွေးဖွားလာသယောင်ထင်ရသည်။ သူတို့နှစ်ဦးရှေ့တိုးနောက်ဆုတ်ရင်း အဆုံးစွန်ပျော်ရွှင်မှုများကိုခံစားခဲ့ကြသည်။
နောက်တော့ သူတဖြည်းဖြည်းသိလာသည်။ သူ ဝမ်ကယ့်ကိုကြိုက်သည်။ ဝမ်ကယ့်ကိုပိုင်ဆိုင်ချင်သည်။ သူသည် အခုမှဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်ဖြစ်သော်လည်း ယခုလိုခံစားချက်မျိုးသည် လူ့အသိုင်းအဝိုင်းနှင့်ဆန့်ကျင်မှန်း သူသဘောပေါက်သည်။ ထို့ကြောင့် ဘယ်သူ့ကိုမှ ဒီအကြောင်းဖွင့်မပြောရဲပေ။ အထူးသဖြင့် ဝမ်ကယ့်ကိုပင်။ သူပြောလိုက်လို့ သူတို့၏လက်ရှိဆက်ဆံရေးလေးပျက်စီးသွားမှာသူကြောက်သည်။ ဝမ်ကယ် သူ့ကိုကြည့်သည့်အကြည့်က အရင်အတိုင်းဖြူစင်သန့်ရှင်း၍ တည်ငြိမ်နေဆဲ။ သူ့အပေါ်ထားသည့်ဂရုစိုက်မှုများကလည်း မိမိသည် ညီလေးတစ်ယောက်ဖြစ်နေ၍သာ။ အခြားဘာခံစားချက်မှရှိမနေ။ ထို့ကြောင့် ဝမ်ကယ် သူ့ကိုမကြိုက်ဘူးဟုသာ သူတွေးခဲ့သည်။ ဝမ်ကယ်သူ့ကိုဂရုစိုက်တယ်ဆိုတာ ညီလေးတစ်ယောက်အပေါ်ထားသည့် အစ်ကိုတစ်ယောက်၏သံယောဇဉ်သာဖြစ်သည်။ တစ်နေ့ကျလျှင် ဝမ်ကယ်က သေချာပေါက် မင်္ဂလာဆောင်၊ သားသမီးများမွေးပြီး ကိုယ်ပိုင်မိသားစုလေးတစ်ခုတည်ဆောက်ပေလိမ့်မည်။ သို့သော် ထိုအချိန်ကျ ထုတ်ပြော၍မရသောသူ့ခံစားချက်များကို နှလုံးသားထဲထာဝရမြှုပ်နှံပစ်ရပေလိမ့်မည်။ သူ၏နောက်ဆုံးထွက်သက်အထိ ဒီခံစားချက်များကိုမြေကြီးထဲတစ်ပါတည်းယူဆောင်သွားရလိမ့်မည်။ ဒီအကြောင်း တစ်သက်လုံးဘယ်သူမှသိမှာမဟုတ်တော့ပေ။ သူကိုယ်တိုင်လည်း ဝမ်ကယ့်တစ်ဘဝလုံး သူငယ်ချင်းကောင်း၊ ညီအစ်ကိုကောင်းတစ်ယောက်အဖြစ်သာရှိပေလိမ့်မည်။
သို့သော် ခံစားချက်ဆိုသည့်အရာက ဘယ်တုန်းကမှအကျိုးသင့်အကြောင်းသင့်မဟုတ်သလို၊ ထိန်းချုပ်ချင်တိုင်း ထိန်းချုပ်လို့ရသည့်အရာလည်းမဟုတ်ပေ။
အိုလီဗီယာ၏စာကို ဝမ်ကယ်လက်ခံလိုက်တာ မျက်စိနှင့်တပ်အပ်မြင်ရတော့ သူလုံးဝအသိစိတ်လွတ်သွားမတတ်ပင်။ ထိုအချိန်တွင် သူနားလည်လိုက်သည်က စိတ်ရင်းနှင့်ဆုမွန်ကောင်းတောင်းပေးတယ်ဆိုတာ တကယ်တမ်းတော့ ကိုယ့်ကိုယ်ကိုယ်ညာနေခြင်းပင်။ သူ ဝမ်ကယ့်ကို ဘယ်သူ့ကိုမှမပေးနိုင်ပါ။ ဝမ်ကယ်က သူ့အပိုင်သာဖြစ်ရမည်။ သူ့နှလုံးသားထဲရှိအချစ်စိတ်များက ထိုအချိန်တစ်ခဏ၌ သူ့တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။ သူ အချစ်စိတ်မွှန်ပြီး အသိစိတ်များပါ လောင်ကျွမ်းသွားမတတ်ပင်။
နောက်တော့ သူ တစ်နေ့ခင်းလုံးဂနာမငြိမ်ဖြစ်ကာ ဘယ်လိုမှနေလို့ထိုင်လို့မရတော့။ သူ့ခေါင်းထဲ ဝမ်ကယ်ကလွဲလျှင် ဘာအကြောင်းမှမစဉ်းစားနိုင်ဖြစ်လာသည်။ သို့နှင့် အမြဲတမ်းအရာရာတာဝန်ကျေအောင်လုပ်တတ်သူက ပထမဆုံးအကြိမ်အရာအားလုံးကိုပစ်ချကာ အကြောင်းပြချက်တစ်ခုပေး၍ ထွက်ပြေးလာခဲ့သည်။ ရုံးခန်းထဲမှထွက်လာသည့်လမ်းတစ်လျှောက် သူစဉ်းစားလာသည်။ ပြန်သွားလျှင် ဝမ်ကယ့်ကို သူဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။ ဝမ်ကယ်သာ အိုလီဗီယာကိုလက်ခံလိုက်ရင် သူဘယ်လိုလုပ်ရမလဲ။ အကယ်၍ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားရင် ဝမ်ကယ်က သူ့ကိုအရင်လိုဆက်ဆံပါဦးမလား။
မရေမတွက်နိုင်သောမေးခွန်းများက သူ့ခေါင်းထဲ ပေါက်ကွဲမတတ်စုပြုံလာသည်။ သို့သော် အဖြေမထွက်ခင်မှာပင် သူဒါကိုရင်ဆိုင်ဖို့ဖြစ်လာသည်။
ကုန်းကျယ် ကိုယ့်ခေါင်းကိုယ်ကိုင်ကာ ဝမ်ကယ့်ကိုအကြာကြီးစိုက်ကြည့်နေသည်။ သူ့မျက်ဝန်းများက တစ်ခါတစ်ရံနူးညံ့ကြင်နာလိုက်၊ တစ်ခါတစ်ရံလမ်းပျောက်သွားလိုက်၊ တစ်ခါတစ်ရံ ဝမ်းနည်းရိပ်များသန်းလာလိုက်ဖြစ်နေသည်။ များစွာသောစိတ်ခံစားချက်များရောထွေးသွားပြီး ခံစားချက်များကို ဘယ်လိုမှထိန်းချုပ်မရတော့သည့်အဆုံး နှလုံးသားစေရာနောက်လိုက်ကာ ပွင့်ဟနေသောနှုတ်ခမ်းသားများကို ခေါင်းငုံ့ကာနမ်းရှိုက်လိုက်သည်။
သူ့ကိုရွံစရာကောင်းတယ်လို့ပဲဆိုဆို၊နောင်ကျ ဝမ်ကယ်ကသူ့အပိုင်ဖြစ်လာလာ၊မဖြစ်လာလာ ဝမ်ကယ့်၏ပထမဆုံးအနမ်းကတော့ သူ့အပိုင်ပဲဖြစ်ရမည်။
နူးညံ့လိုက်တာ။
ဒါကနှုတ်ခမ်းသားတွေကိုနမ်းရှိုက်အပြီး ပထမဆုံးခေါင်းထဲရောက်လာသည့်တစ်ခုတည်းသောအတွေးဖြစ်သည်။ အဲ့ဒါက ပုစဉ်းလေးရေပြင်ပေါ်ဖြတ်ပျံသွားသလို ထိရုံလေးထိလိုက်သည်ဆိုသော်လည်း ကုန်းကျယ်ကိုကြက်သီးများထလောက်အောင် ရင်ခုန်စိတ်လှုပ်ရှားစေသည်။ ကျိုးကြောင်းဆင်ခြင်စိတ်က သူ့ကိုထွက်သွားဖို့ပြောနေပြီဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ အထိန်းအချုပ်ကင်းမဲ့ကာ ပို၍လိုချင်လာသည်။ သို့နှင့် သူစိတ်မထိန်းနိုင်ဘဲ ပိုမိုနက်ရှိုင်းစွာနမ်းလိုက်သည်။ သူ သတိကြီးကြီးထားကာ လျှာဖျားဖြင့်ဝမ်ကယ့်ပါးစပ်ထဲတိုးဝင်သွားသည်။ ထို့နောက် ပူနွေးစိုစွတ်သည့်လျှာလေးကို ညင်သာစွာဖွဖွလေးလျက်လိုက်သည်။
နားထဲညည်းသံလေးတစ်ချက်ပဲ့တင်ထပ်သွားတော့ ကုန်းကျယ်ချက်ချင်းသတိပြန်ဝင်ကာ မျက်လုံးအမြန်ဖွင့်လိုက်သည်။ ဝမ်ကယ်က ဘယ်တုန်းကတည်းကနိုးနေသည်မသိ၊ သူ့ကို မျက်လုံးလေးအပြူးသားစိုက်ကြည့်နေသည်။ ဝမ်ကယ့်မျက်ဝန်းထဲ ထိတ်လန့်အံ့အားသင့်မှုများပြည့်နှက်နေသည်။
ကုန်းကျယ် လူချင်းအမြန်ခွာကာ ဝမ်ကယ့်ကိုစိတ်လှုပ်ရှားစွာကြည့်ရင်း အသက်ရှူသံများမြန်ဆန်လာသည်။
ဝမ်ကယ် သူ့ကိုအချိန်ဘယ်လောက်ကြာအောင်စိုက်ကြည့်နေသည်မသိ၊ မျက်ဝန်းထဲမှထိတ်လန့်မှုများက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
ကုန်းကျယ်တစ်ယောက် အကြည့်ခံရတာကြောင့် ပိုပြီးဂနာမငြိမ်ဖြစ်လာသည်။ ခြောက်သွေ့နေသောသူ့နှုတ်ခမ်းသားများကို လျှာဖြင့်သပ်လိုက်ပြီးနောက်:
“ငါ….”
သူ့ပါးစပ်ကရှင်းမပြနိုင်ခင် ရုတ်တရက် သူ့လည်ပင်းကိုအရှေ့သို့ဖမ်းဆွဲခံလိုက်ရသည်။ ထို့နောက် ဝမ်ကယ်က မျက်လုံးများမှိတ်ကာ သူ့ကိုနမ်းလိုက်တာကိုတွေ့လိုက်ရသည်။
နှုတ်ခမ်းချင်းထိကပ်သွားတော့ အနည်းငယ်ပွင့်ဟနေသောနှုတ်ခမ်းများကြား လျှာဖျားလေးတစ်ခုတိုးဝင်လာသည်။ ထို့နောက် လျှာဖျားလေးက ခုနကသူလုပ်သည့်အတိုင်းအတုခိုးကာ သူ့လျှာကိုဖြည်းဖြည်းချင်းလျက်လိုက်သည်။
ဝမ်ကယ့်ဘက်ကစပြီး သူ့ကိုနမ်းတယ်!
ထိုအသိကြောင့် ကုန်းကျယ်အံ့ဩလွန်းသဖြင့် သူငယ်အိမ်များပင်ကျယ်သွားသည်။ သူ့ခေါင်းထဲတွင် ရှုပ်ယှက်ခတ်နေဆဲဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ အရင်ပြန်လည်တုံ့ပြန်ပြီးနှင့်နေပြီ။ သူက ဧည့်သည်မှအိမ်ရှင်အဖြစ်ပြောင်းသွားကာ နှုတ်ခမ်းနှင့်လျှာများကိုရစ်ပတ်၍ ပိုမိုနက်ရှိုင်းစွာနမ်းရှိုက်လိုက်သည်။
တစ်နေ့တည်း၌ ကုန်းကျယ် အလွန်ဝမ်းနည်းရသလို၊ အလွန်အမင်းဝမ်းသာပျော်ရွှင်ရပြန်သည်။ ယခုအချိန်မှာတော့ သူ စိတ်လှုပ်ရှားလွန်း၍ ရင်တဒိန်းဒိန်းခုန်ကာ တော်တော်နှင့်မတည်ငြိမ်နိုင်ဖြစ်နေသည်။ သူ့ခေါင်းထဲ မီးရှူးမီးပန်းများဖောက်နေသလိုဗလာကျင်းကာ ဝမ်းသာပျော်ရွှင်မှုတစ်ခုသာရှိနေသည်။ သူက အနည်းငယ်တုန်ယင်နေသောလက်များဖြင့် ဝမ်ကယ့်ခါးလေးကိုတင်းကျပ်စွာပွေ့ဖက်လိုက်သည်။ သူ့စိတ်ထဲ ဒါအိပ်မက်ဟုတ်မဟုတ် အတည်ပြုချင်နေသည်။
ရှည်ကြာသည့်အနမ်းများပြီးဆုံးသွားတော့ သူတို့ လူချင်းခွာပြီး အသက်ပြင်းပြင်းရှူကာ တစ်ဦးကိုတစ်ဦးကြည့်လိုက်သည်။
“ခွီ-“
ရုတ်တရက်နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်၏။ သူတို့ချင်း တစ်ဖက်လူ၏တုံးအ’ပုံကို လှောင်ပြောင်နေသလိုပင်။
ရယ်လို့အားရတော့ သူတို့နှစ်ယောက် အချင်းချင်းတင်းကျပ်စွာထပ်မံပွေ့ဖက်လိုက်သည်။
ကုန်းကျယ် ဝမ်ကယ့်ကုပ်ပိုးကိုပွတ်ကာ ခပ်တိုးတိုးမေးလိုက်သည်။
“မင်းငါ့ကိုကြိုက်တယ်မလား။”
ဝမ်ကယ်က ကုန်းကျယ်ပခုံးကိုမှီကာ တိတ်ဆိတ်စွာပြုံးပြီး ပြန်မေးသည်။
“ဒါဆို မင်းရော။ ငါ့ကိုကြိုက်လား။”
“ကြိုက်တယ်၊ ကြိုက်လွန်းလို့သေတော့မယ်။”
သူ့လေသံက ခါတိုင်းနှင့်မတူ အလွန်လေးနက်နေသည်။
ဝမ်ကယ် ချိုမြိန်စွာပြုံးလိုက်သည်။
နောက်တစ်နေ့ အတန်းတစ်ခုနှင့်တစ်ခုကြားနားချိန်၌ ဝမ်ကယ် အိုလီဗီယာကိုရှာကာ အိတ်ကပ်ထဲတစ်ညလုံးသိမ်းထားသည့်စာလေးကိုပြန်ပေးလိုက်သည်။
“အိုလီဗီယာ၊ စိတ်မကောင်းပါဘူး။ ငါနင့်အတွက်ဒီစာကိုမပို့ပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲရစ်က ငါ့ချစ်သူဖြစ်နေလို့ပဲ။”
(ပြီးပါပြီ။)
*****
Aurora Novel Translation Team