Chapter 1
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 1 - နာမည်ကြီးနတ်ဘုရားနှစ်
အပိုင်း (၁) – နာမည်ကြီးနတ်ဘုရားနှစ်ပါး
👻👻👻
ကုန်းကျယ် ရုပ်သံလွှင်စတူဒီယိုဆီရောက်တော့ တံခါးဝမှာ လူတွေပြည့်ကျပ်နေသည်။ လူအုပ်အလယ်၌ ပရိုဂရမ်၏ဒါရိုက်တာဖြစ်သူလုစီးမင် မတ်တတ်ရပ်နေသည်။သူက ခေါင်းငုံ့ကာခါးကိုင်းထားလျက် နံဘေးရှိ အရပ်ရှည်ရှည်အမျိုးသားအား အားတုံ့အားနာပြုံးပြရင်း စောင့်ကြည့်နေသည်။
အမျိုးသားက လူသွားစင်္ကြံလမ်းကို ကျောပေးထားသည်။ သူ၏ကျောပြင်က ကျောက်စိမ်းကဲ့သို့တင့်တယ်၍ ခန္ဓာကိုယ်အချိုးအစားမှာ အနည်းငယ်သွယ်လျသည်။ ဝတ်ထားသည့်အနက်ရောင်ခါးတိုဂျာကင်က သူ့ကိုယ်ပေါ်၌ အနည်းငယ်ခပ်ပွပွဖြစ်နေသယောင်ထင်ရသည်။
သူတို့ဝင်လာသံကြောင့် အနားရှိလူအုပ်က သူ့အားသတိထားမိသွားကာ သူ့ထံသို့လှည့်ကြည့်လာသည်။
စိတ်ထင်၍လားမသိ၊ လုစီးမင်မျက်နှာက သူ့ကိုမြင်သည်နှင့် အနည်းငယ်ဖြူဖတ်ဖြူလျော်ဖြစ်ကာ မျက်နှာပျက်သွားသလိုခံစားလိုက်ရသည်။
သို့ပေမဲ့ သူ ထိုသူနှစ်ဦးထံ ဆက်လျှောက်သွားခဲ့သည်။ ကျောပေးထားသည့် အမျိုးသားက တဖြည်းဖြည်းလှည့်ကြည့်လာကာ သူတို့နှစ်ဦး အကြည့်ချင်းဆုံမိသွားသည်။ကုန်းကျယ်၏ခြေလှမ်းတွေ အနည်းငယ်ရပ်တန့်သွားကာ မျက်ဝန်းများက အံ့ဩမှုကြောင့်အရောင်တဖျပ်ဖျပ်လက်သွားသည်။
ခပ်လှမ်းလှမ်းရှိအမျိုးသားကလည်း သူ့ကိုမြင်သည်နှင့် အနည်းငယ်မျက်မှောင်ကြုတ်သွားကာ ဖြူဖျော့ဖျော့မျက်နှာက နည်းနည်းမကျေမနပ်ဖြစ်သွားပုံရသည်။
ကုန်းကျယ်တစ်ယောက် လုစီးမင် ခုနက ဘာကြောင့် အဲလိုမျက်နှာပေးဖြစ်နေမှန်း ချက်ချင်းသဘောပေါက်သွားတော့သည်။ သူ စိတ်ထဲကနေ ကြိတ်ပြုံးလိုက်မိ၏။ ထို့နောက် မျက်နှာထားကိုပြန်ပြင်ကာ သူတို့နှစ်ဦးရှေ့ လျှောက်သွားသည်။
အစက သူတို့ဘေးနား ဝိုင်းအုံနေသည့် ရိုက်ကူးရေးအဖွဲ့သားများက ကုန်းကျယ်ကိုမြင်တော့ လမ်းဖယ်ပေးကြသည်။ ကုန်းကျယ်က သူတို့နှင့် ခြေနှစ်လှမ်းအကွာမှာ အသာဝင်ရပ်ကာ:
“ဒါရိုက်တာလု၊ ဆောရီးဗျာ၊ ကျွန်တော် နောက်ကျသွားတယ်။”
ကုန်းကျယ်က သူနောက်ကျနေတာကြောင့် ဒါရိုက်တာကို အရင်တောင်းပန်လိုက်သည်။
လုစီးမင်က အမြန်လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
“ရပါတယ်၊ ကားတွေပိတ်နေတာကိုး။ နားလည်ပါတယ် နားလည်ပါတယ်။”
ဒါရိုက်တာက ကုန်းကျယ်အား စကားပြောနေသော်လည်း မျက်လုံးများက နံဘေးရှိအမျိုးသားကို ခဏခဏလှမ်းပြီးအကဲခတ်နေသည်။
စိတ်ထဲကလည်း အဆက်မပြတ်ဆုတောင်းနေမိသည်: “ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ထရန်မဖြစ်ကြပါနဲ့! သူ့အစီအစဉ်လေး ဆက်ပြီးထုတ်လွှင့်နိုင်မလား အဆုံးသတ်မလားဆိုတာ သူတို့ပေါ် မူတည်နေလို့ပါ!”
ထိုအချိန်မှာပင် ကုန်းကျယ်က ဝမ်ကယ်အား ဘာမှမဖြစ်သလိုမေးလိုက်သည်။
“မစ္စတာဝမ်လည်း ဒီတစ်ခေါက်ရှိုးရဲ့ အထူးဧည့်သည်ဖြစ်နေတာလား?”
“ဟုတ်…..ဟုတ်တယ်လေ…”
လုစီးမင်က အထစ်ထစ်အငေါ့ငေ့ါနှင့် ပြောလာသည်။ သူ့နှလုံးသားက လည်ချောင်းဝကနေ အပြင်ထွက်လာလုမတတ်ပင်။
“ဘာလို့ တစ်ခါမှမကြားမိပါလိမ့်၊ ဒီနေ့ရှိုးအတွက် အထူးဧည့်သည်က ကျွန်တော်တစ်ယောက်တည်းလို့ပဲထင်နေတာ။”
ကုန်းကျယ်က ပြုံးပြီးမေးလိုက်သည်။ သူ့လေသံက သာမန်ကာလျှံကာနိုင်သော်လည်း ဒီမှာရှိသမျှလူအားလုံးကို ကျောချမ်းသွားစေသည်။
အဲ့ဒီနောက် အားလုံးက နောက်ထပ် ကာယကံရှင်တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ထင်သည့်အတိုင်း ဝမ်ကယ်၏ချောမောလှပသည့်မျက်နှာက လုံးဝမည်းမှောင်နေလေပြီ။ သူက အနည်းငယ်အေးတိအေးစက်လေသံဖြင့်:
“ဟုတ်တယ်၊ကျွန်တော်လည်း ကျွန်တော်တစ်ယောက်တည်းကိုပဲ ဖိတ်ထားတယ်ထင်ဝာာ။”
ယခုတော့ လုစီးမင်မှာ အသံများပင် စတင်တုန်ယင်လာသည်။အလန့်တကြားဖြစ်နေလျက် အမြီးအမောက်မတည့်စွာဝင်ပြောလိုက်၏။
“ငါက မင်းတို့ကို အံ့ဩစရာ surprise လေးဖြစ်သွားအောင် အထူးဧည့်သည်စာရင်းကို အတိအကျ ကြိုမပြောခဲ့တာပါ။ ခုပဲကြည့်၊ ပျော်ရွှင်ပြီး အံ့ဩစရာကောင်းသွားတယ်မဟုတ်လား။ဟဲဟဲဟဲဟဲ…..”
ကုန်းကျယ်က အနည်းငယ်ပြုံးလိုက်ကာ ဝမ်ကယ်၏အေးစက်စက်အကြည့်များကို ရင်ဆိုင်လိုက်သည်။
ထိုစဉ် လူတိုင်းက အသက်ရှုအောင့်ထားကာ သူတို့နှစ်ဦးကြား အသံတိတ်တိုက်ခိုက်နေသည်ကို ဝင်မနှောင့်ယှက်ဝံ့ကြပေ။
ယနေ့ခေတ် အနုပညာလောက၌ အကျော်ကြားဆုံးသူများကိုပြပါဆိုလျှင် သေချာပေါက်ထိုသူနှစ်ဦးကိုသာပြရပေလိမ့်မည်။
ကုန်းကျယ်သည် သမိုင်းတလျှောက်အသက်အငယ်ဆုံးရုပ်ရှင်ဧကရာဇ်တစ်ယောက်ဖြစ်ပြီး ဝမ်ကယ်မှာ ရာစုနှစ်တစ်ခုအတွင်း ရှားပါးဂီတပါရမီရှင်တစ်ဦးဖြစ်သည်။
သူတို့နှစ်ဦးစလုံးမှာ သက်ဆိုင်ရာအနုပညာနယ်ပယ်အသီးသီး၌ ကောင်းကင်တစ်ဝက်အား လက်ဝါးကြီးအုပ်ထားနိုင်သူများဖြစ်ကြသည်။ သူတို့နှစ်ယောက်ပေါင်းရပ်တည်မှုက အနုပညာလောကတစ်ခုလုံးကို မ’တည်ထားသည်ဟုပင် ပြောစမှတ်ပြုကြသည်။ ဒါက နည်းနည်းတော့ချဲ့ကားလွန်းသည်မှန်သော်လည်း အဲ့ဒါကပင် ထိုသူနှစ်ဦး၏ အနုပညာလောကရှိဂုဏ်သတင်းအဆင့်အတန်းကို အပြည့်အဝဖော်ပြနေသည်။
သူတို့နှစ်ဦးစလုံးသည် ကောင်းကင်ဧကရာဇ် မာနခဲလေးများဖြစ်ကြသည်။ ဒီတော့ ထုံးစံအတိုင်း ဘယ်သူက ဘယ်သူ့ထက် ပိုမိုအောင်မြင်ကျော်ကြားပြီး ဘယ်သူက ဘယ်သူ့ထက် ပိုမိုအင်အားကြီးကြောင်းနှိုင်းယှဉ်ခံရမည်မှာ မလွဲဧကန်ဖြစ်ရကာ ဒီအကြောင်းက Netizen တို့အဖို့ မမောနိုင် မပမ်းနိုင် မငြီးငွေ့နိုင်အောင်ပင်။
နောက်ပြီး သူတို့ကိုယ်တိုင်ကလည်း အချင်းချင်း စိတ်ထဲကကြိတ်၍ယှဉ်ပြိုင်တိုက်ခိုက်နေကြပြီး တခြားသူထက် ပိုသာအောင်လုပ်ဖို့ဆန္ဒရှိကြသည်။
ကုန်းကျယ်က အကောင်းဆုံးသရုပ်ဆောင်ဆု ဆွတ်ခူးလျှင် ဝမ်ကယ်က အွန်လိုင်းအယ်လ်ဘမ်ရောင်းအားနံပါတ် (၁) ဆုကိုရရှိခဲ့သည်။
ဝမ်ကယ်က ရုပ်ရှင်တစ်ခုမှာ ဧည်သည်သရုပ်ဆောင်အဖြစ်ပါဝင်၍ ပရိသတ်များကို အံ့အားသင့်စေလျှင် ကုန်းကျယ်က ပထမဆုံးအကြိမ်အဖြစ် ဂီတဘက်ခြေချကာ တီဗွီစီးရီးအတွက် ဇာတ်ဝင်တေးသီချင်းကို သီဆိုခဲ့သည်။
ထို့ကြောင့်ပင် သူတို့အား မီဒီယာများက ခေတ်သစ်ကျုကဲလျန်နှင့်ကျိုးယွီဟု တင်စားခေါ်ဝေါ်ကြသည်။
(T/N – ကျုကဲလျန်နဲ့ကျိုးယွီဆိုတာ (၁၄)ရာစု သမိုင်းဝင်အချစ်ဇာတ်လမ်းထဲက တစောင်းစေးနဲ့ မျက်ချေးဇာတ်ပြိုင်နှစ်ယောက်ရဲ့နာမည်ပါ)
သို့သော် အဘက်ဘက်ကယှဉ်ပြိုင်နေကြသည့် ထိုသူနှစ်ဦးမှာ စတိတ်စင်တစ်ခုတည်းပေါ် တစ်ခါမှအတူတူမရပ်ဖူးကြသလို၊ အပြင်မှာမတော်တဆသီးသန့်တွေ့ဆုံဖူးခြင်းလည်းမရှိပေ။
ထို့ကြောင့် အသိုင်းအဝိုင်းတစ်ခုလုံးက တိတ်တဆိတ်စုံစမ်းရင်း သူတို့နှစ်ဦး ထိပ်တိုက်တွေ့မည့် နေ့ထူးနေ့မြတ်အခါသမယကို စောင့်မျှော်နေကြသည်။
နောက်ပြီး ထိုဆုတောင်းက လုစီးမင်၏ အရှက်မရှိလှည့်စားမှုကြောင့် နောက်ဆုံးမှာ လက်တွေ့ အကောင်အထည်ပေါ်လာခဲ့ရသည်။
လုစီးမင်ဦးဆောင်ရိုက်ကူးသည့် ပရိုဂရမ်အမည်မှာ “စနေနေ့တွေ့ကြမယ်” ဖြစ်သည်။ ဒီပရိုဂရမ်က တရုတ်ပြည်၌ အဟောင်းဆုံးနှင့်အကြာမြင့်ဆုံးထုတ်လွှင့်နေသော ရသစုံရှိုးတစ်ခုဖြစ်ပြီး မူလစတင်ထုတ်လွှင့်ချိန်မှ ယခုတိုင် အနှစ် (၂၀) ကျော်ကြာမြင့်နေလေပြီ။
ထိုပရိုဂရမ်ကို တရုတ်ပြည်၏ နံပါတ် (၁) ရသစုံရှိုးအဖြစ် ပြည်ပနိုင်ငံများက ဂုဏ်ယူနှစ်ခြိုက်ကြသော်လည်း ၎င်း၏နှစ်ပေါင်းများစွာတစ်သတ်မတ်တည်းဖြစ်နေသောအစီအစဉ်ပုံစံနှင့် ယနေ့ခေတ်တွင် ဆန်းသစ်သောပုံစံ ရသစုံရှိုးအသစ်များ မှိုလိုပေါက်လာတာကြောင့် “စနေနေ့တွေ့ကြမယ်” ပရိုဂရမ်မှာ တဖြည်းဖြည်း နာမည်ကျဆင်းကာ ယခင်လောက်ကြည့်ရှုနှုန်းမကောင်းတော့ပေ။
အထူးသဖြင့် လွန်ခဲ့သောအပတ် ပရိုဂရမ်ထုတ်လွှင့်စဉ် ကြည့်ရှုနှုန်းမှာ အနိမ့်ဆုံးသို့စံချိန်တင်ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် ဒါရိုက်တာအဖွဲ့က ချက်ချင်းရာဇသံထုတ်ခဲ့သည်။ – အကယ်၍ နောက်တစ်ပိုင်းထုတ်လွှင့်သည့်အခါ ပရိတ်သတ်ကြည့်ရှုမှုနှုန်း ထိပ်ဆုံးပြန်မတက်လာပါက ပရိုဂရမ်အား တစ်ခါတည်းဖျက်သိမ်းပစ်မည်ဟုဆိုလာသည်။
သေရေးရှင်ရေးအခြေအနေ၌ သာမန်အနုပညာရှင်များနှင့် ဘာရလဒ်ကောင်းမှ ရလာမှာမဟုတ်ပေ။ ဒါကြောင့် လုစီးမင်မှာ သွေးရူးသွေးတန်းဖြင့် သေသေချာချာ စတင် အကြံထုတ်ခဲ့သည်။
ကုန်းကျယ်နှင့်ဝမ်ကယ်တို့က ကိုယ်ပိုင်နယ်ပယ်အသီးသီးတွင် အောင်မြင်ကျော်ကြားနေသူများဖြစ်သည်။ထို့ကြောင့် သူတို့နှစ်ဦးသည် လုစီးမင်အတွက် ရသစုံရှိုးကိုကယ်တင်နိုင်မည့် အကောင်းဆုံးသူများဖြစ်သည်။သူက နှစ်ယောက်ထဲမှ တစ်ယောက်ကို ရွေးဖို့ကြံစည်ခဲ့သည်။ သို့သော် နောက်ပိုင်းမှာ သူ စိတ်ပြောင်းသွားသည်။ တစ်ယောက်တည်းလာတာက နှစ်ယောက်စလုံးလာတာလောက်တော့ မကောင်းဘူးလေ။ဒီတော့……..
ထိုအချိန်၌ လုစီးမင်မှာ ရသစုံးရှိုးဆက်လက်ထုတ်လွှင့်နိုင်ရေးကိုသာ ရှေးရှုနေရသည့်အတွက် သူ့လုပ်ရပ်၏နောက်ဆက်တွဲ အကျိုးဆက်ကို လုံးဝထည့်သွင်းမစဉ်းစားခဲ့ပေ။ ထို့ကြောင့် သူက တခြားလူတစ်ယောက် ပါဝင်မည့်အကြောင်းအား တမင်လျှို့ဝှက်ထားခဲ့ပြီး နောက်ဆုံးတော့ နှစ်ဦးစလုံးက ပရိုဂရမ်မှာပါဝင်ဖို့ သဘောတူလာခဲ့သည်။
သဘောတူစာချုပ်လက်ထဲရောက်လာတုန်းက လုစီးမင်မှာ ရက်အတော်ကြာအောင် ဝမ်းသာမဆုံးဖြစ်ခဲ့ရသည်။ သို့သော် သူ ပျော်လို့အားရသည့်အခါ စတင်၍စိတ်မအေးနိုင်ဖြစ်လာသည်။ နောက်ပြီး ထိုစိုးရိမ်ပူပန်မှုကြီးက ယခုအချိန်ထိ ဆက်လက်ပူပန်နေရဆဲဖြစ်သည်။
ရုတ်တရက် ရိုက်ကူးရေးဖျက်ရနိုင်ချေရှိသည်ဟု အတွေးဝင်လာမိသည်။ အကယ်၍ ရိုက်ကူးရေးသာဖျက်ရလျှင် သူရော ဒီပရိုဂရမ်ရော တကယ်ကြီး မျှော်လင့်ချက်မဲ့လေပြီ!
ယခုချိန်မှာ သူ အတော်လေး စိတ်ဖိစီးနေသည်။ စိတ်ဖိစီးလွန်းလို့ သူကိုယ်ထဲက အာရုံကြောများပင် တောင့်တင်းလာသည်။ သူ့ရဲ့မျက်လုံးသေးသေးလေးနှစ်လုံးက ထိုလူနှစ်ယောက်၏ခြေထောက်တွေကို စိုက်ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက် လှည့်ထွက်ဖို့ပြင်သည်နှင့် သူက ဒူးထောက်ကာ နှစ်ယောက်လုံး၏ပေါင်ကိုဖက်ငိုဖို့ အဆင့်သင့်ပြင်ထားသည်။
သို့နှင့် ကုန်းကျယ်ခြေထောက်တစ်ဖက်ကို နည်းနည်းကြွလိုက်တာမြင်သောအခါ လုစီးမင်တစ်ယောက် ချက်ချင်းဒူးများကွေးချကာ မျက်လုံးထောင့်ကနေမျက်ရည်များကို အတင်းညှစ်ထုတ်ပြီးသားဖြစ်နေသည်။ သို့သော် သူ ဒူးထောက်နေတုန်း လမ်းတစ်ဝက်မှာ လက်ထောက်လေးက သူ့အား တွဲထူလိုက်သည်။
“ဒါ ဒါ ဒါရိုက်တာ! သူ သူ သူတို့….”
လက်ထောက်က အလန့်တကြားဖြစ်ကာ စကားလုံးများ ပျောက်ဆုံးနေသည်။
လုစီးမင်မော့ကြည့်လိုက်သည့်အချိန် သူပါ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ မယုံနိုင်စရာကောင်းလောက်အောင် ထိုသူနှစ်ဦးမှာ နားနေခန်းဘက်သို့လျှောက်သွားတာကို တွေ့လိုက်ရသည်။
ငါးမိနစ်ကြာတော့ အဖွဲ့သားများအားလုံး ဝမ်းသာရွှင်မြူးစွာ အော်ဟစ်ကြလေတော့သည်။
“အာာာာား! ရပြီ ရပြီ! ရာစုနှစ်ရဲ့ နတ်ဘုရားနှစ်ပါး စတိတ်စင်တစ်ခုတည်းပေါ်မှာ အတူရပ်ကြတော့မယ်!”
“ဒီရှိုးကို ကယ်တင်နိုင်ပြီ၊ ကယ်တင်နိုင်ပြီ!”
လုစီးမင်လည်း ဝမ်းသာမျက်ရည်လည်သွားသည်။
လက်ထောက်လေးက သူ့အင်္ကျီစကိုဆွဲကာ ခပ်တိုးတိုးမေးလာသည်။
“ဒါရိုက်တာ ဒီနတ်ဘုရားနှစ်ပါး စင်နောက်မှာရန်ဖြစ်ကြမယ်ထင်လား။”
လုစီးမင်: “ဟမ်….”
သို့သော် အမှန်တော့ စင်နောက်ဘက်ရှိ အခြေအနေက သူတို့ထင်ထားတာထက် ပိုကောင်းနေသည်။
လမ်းတလျှောက်တွင် လေထုက သဟဇာတဖြစ်လှသည်ဟုမဆိုနိုင်သော်လည်း လက်ထောက်လေးစိုးရိမ်နေသလို တင်းမာမှုမျိုးတော့မရှိပေ။ အတိအကျပြောရလျှင် နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက် လေလို သဘောထားကာ လျစ်လျူရှုနေကြသည်။
လမ်းပြခေါ်သွားသည့်ဝန်ထမ်းလေးမှာ စိတ်ဓာတ်ကျဖွယ်လေထုကြောင့် သူတို့အား မနှောင့်ယှက်ရဲပေ။သူက နေရာရောက်အောင်ခေါ်သွားပြီးသည်နှင့် အမြန်ပြန်ထွက်သွားလေသည်။
ဝန်ထမ်းလေးထွက်သွားတော့ စင်္ကြံလမ်းကျဉ်းကျဉ်းမှာ နတ်ဘုရားနှစ်ပါးနှင့်သူတို့၏ သက်ဆိုင်ရာဝန်ထမ်းများသာ ကျန်ရစ်ခဲ့သည်။
လက်ထောက်လေးက ကျန်လူများကို နားနေခန်းသို့အရင်ခေါ်ဆောင်သွားသည်။နတ်ဘုရားနှစ်ပါးကတော့ ဖြည်းညင်းစွာ လမ်းလျှောက်ရင်း နောက်ဆုံးမှာကျန်နေရစ်ခဲ့သည်။
ကုန်းကျယ်က နားနေခန်းတံခါးကိုတွန်းဖွင့်ဖို့လုပ်လိုက်သည်။ သို့သော် သူက ဘေးဘီကို တစ်ချက်ကြည့်ပြီးနောက် အခန်းတံခါးကို နောက်ပြန်’ပြန်ပိတ်လိုက်၏။
ထိုအချိန် ဝမ်ကယ်ကလည်း တံခါးဖွင့်ကာ အခန်းထဲဝင်ဖို့လုပ်လိုက်သည်။ ကုန်းကျယ်က အဲဒါကိုမြင်တော့ ခြေလှမ်းကျဲများဖြင့် သူ့အနားလျှောက်သွားလိုက်သည်။ ထို့နောက် သူက ဝမ်ကယ်လက်ကောက်ဝတ်ကိုဖမ်းဆုပ်ကာ စင်္ကြံအဆုံးထိ ဆွဲခေါ်သွားခဲ့သည်။
ဝမ်ကယ်က ကုန်းကျယ်၏ရုတ်တရက် အပြုအမူကြောင့် အံ့အားသင့်သွားကာ စိတ်လှုပ်ရှားစွာဖြင့် ဘေးဘီကိုကြည့်လိုက်သည်။ သူက အနားမှာ တခြားဘယ်သူမှမရှိတာသေချာမှ လက်ကိုရုန်းကာပြန်လည်ခုခံလိုက်သည်။
“မင်း ဘာလုပ်တာလဲ! ငါ့လက်ကိုလွှတ်!”
ဝမ်ကယ်က အံကြိတ်ကာ ဒေါသတကြီးပြောလိုက်သည်။
ဒီနေရာမှာ လူတွေအများကြီးရှိတာမို့ သူ အကျယ်ကြီးမအော်ရဲသလို၊ ရုန်းတာတောင် နည်းနည်းပဲလှုပ်ရှားပြီး ရုန်းကန်နေရသည်။
ကုန်းကျယ်က တုတ်တုတ်မျှမလှုပ်ဘဲ လက်ကိုမလွှတ်တမ်းဖမ်းဆုပ်ထားကာ လူကို လှေကားအထိရောက်အောင် ဆွဲခေါ်သွားသည်။
လှေကားက လူသူကင်းမဲ့ကာ အလွန်တိတ်ဆိတ်နေ၏။ လူမရှိသည့်နေရာအကျယ်ကြီး၌ အသံများက ပုံမှန်ထက်ပို၍ကျယ်လောင်နေကာ တိတ်ဆိတ်မှုထဲ၌ ကုန်းကျယ်၏အသက်ရှုသံပြင်းပြင်းကို ရှင်းလင်းပြတ်သားစွာကြားနေရသည်။
ဝမ်ကယ်ခမျာ ဆွဲခေါ်ခံလာရတာကြောင့် ခြေမခိုင်ဖြစ်နေစဥ် သူ့တစ်ကိုယ်လုံး အရှေ့ကထောင်ထောင်မောင်းမောင်း အမျိုးသား၏ထောင့်တစ်နေရာသို့တွန်းပို့ခြင်းကိုခံလိုက်ရသည်။
ကုန်းကျယ်က လက်နှစ်ဖက်ဖြင့် သူ့ပုခုံးများကိုဖိကိုင်ပြီး တောင့်တင်းသန်မာသောညာခြေထောက်အား သူ့ခြေထောက်ကြားထဲသို့ထည့်လိုက်သည်။ ထို့နောက် သူက မျက်နှာတစ်ခုလုံးကို တည့်တည့်ကြည့်နေခဲ့သည်။ သူ့မျက်ဝန်းများက ဒေါသရိပ်သန်းကာ အနည်းငယ်အားမလိုအားမရဖြစ်နေသည်။
“ဘာလို့ ငါ့ဖုန်းကို မကိုင်တာလဲ။”
အနည်းငယ်မကျေနပ်သံစွက်နေသည့်ခပ်ဩဩအသံကိုကြားလိုက်ရချိန်တွင် ဝမ်ကယ့်နှလုံးသားတစ်ခုလုံး ဒိတ်ခနဲဖြစ်သွားခဲ့သည်။
*****
Aurora Novel Translation Team