Chapter 10
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 10 - ဟန်တျန့်သို့အလည်သွားခြင်း
အပိုင်း (၁၀) – ဟန်တျန့်သို့အလည်သွားခြင်း
👻👻👻
လက်ထောက်လေးခမျာ နှစ်နာရီလောက်ကြာမှ ကိစ္စများကိုကြေလည်အောင် လက်ခံနိုင်သွားသည်။ သို့သော် မူလထိတ်လန့်အံ့ဩမှုများမရှိတော့သော်လည်း သူ့မျက်လုံးများက အသိစိတ်ကင်းမဲ့ကာ ထိခိုက်မှုအလွန်ကြီးမားကြောင်းဖော်ပြနေသည်။ အချိန်တိုအတွင်း မည်သို့မျှပုံမှန်အသိပြန်ဝင်လာမည့်ပုံမပေါ်ပေ။ လက်ထောက်လေးက ဝမ်ကယ့်ကိုကြည့်ပြီး ပါးစပ်ဟလိုက်ပြန်ပိတ်လိုက်၊ ပြန်ပိတ်လိုက်ပြန်ဟလိုက်နှင့် စိတ်ထဲကစကားတွေအများကြီးပြောချင်ပုံပေါ်သည်။ သို့သော် ဘာတစ်ခွန်းမှ ထုတ်မပြောနိုင်ရှာပေ။
ယင်ယွီထျန်းက လက်ထောက်လေးပုခုံးကိုပုတ်ကာ:
“ငါနားလည်ပါတယ်။ ငါ ဒီအကြောင်းပထမဆုံးအကြိမ်သိရတော့ မင်းထက်တောင်ပိုဆိုးသေးတယ်။”
နူးနူးညံ့ညံ့ပန်းလေးတစ်ပွင့်လို ယင်ယွီထျန်းမှာ ယဲ့ချင်ထက်ခံနိုင်ရည်စွမ်းပိုနည်းပေသည်။ သူက ဒီအကြောင်းသိရသည်နှင့် “ဟင်” ခနဲအသံတစ်ချက်ထွက်ကာ မေ့လဲသွားသည်။ နာရီဝက်လောက်ကြာမှ သူပြန်သတိရလာသည်။ ထို့ေနာက် သူတို့နှစ်ယောက်စာချုပ်စာတမ်းနှင့် လက်ထပ်ထားပြီးပြီဆိုသည်ကိုထပ်ကြားရကာ နောက်တစ်ကြိမ် “ဟင်”ခနဲ သတိလစ်သွားပြန်သည်။ ဒီတစ်ခါတော့ သူတော်တော်နှင့်သတိပြန်မလည်ဘဲ တစ်နေ့လုံးနီးပါးသတိလစ်နေခဲ့သည်။
တစ်လလောက်ကြာသည်အထိ သူ့စိတ်ထဲအံ့ဩမှင်တက်နေသည်။ လုပ်သမျှအရာရာတိုင်းစိတ်လွတ်လက်လွတ်ဖြစ်ကာ မျက်လုံးအကြည့်များက ဝမ်ကယ်ကို အချိန်မရွေးထပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးတစ်လုံးလို မျက်ခြေမပြတ်လိုက်လံစောင့်ကြည့်နေခဲ့သည်။
ထိုသို့ခိုင်းနှိုင်းမှုက တကယ်တမ်းတော့ မှန်ကန်ဆီလျော်သည်။ မည်သို့ပင်ဆိုစေ ထိုအချိန်က ဒီကိစ္စကို မီဒီယာများသိသွားခဲ့လျှင် ရလဒ်ကဗုံးတစ်လုံးလောက်သက်ရောက်မှုရှိနိုင်ပြီး အနုပညာလောကတစ်ခုလုံး ပေါက်ကွဲထွက်သွားမှာ အသေအချာပင်။
သူတို့နှစ်ယောက်ကြားဆက်ဆံရေးကို အမှန်အတိုင်းသိခဲ့ရသည့်နေ့မှစ၍ ယင်ယွီထျန်းမှာ ဒီအကြောင်းပေါ်သွားမည့်ပုံစံကို ရာနှင့်ချီေအာင်စိတ်ကူးယဉ်ခဲ့သည်။ သို့သော် ဘယ်ပုံဘယ်နည်းပင်ဖြစ်စေ၊ အဆုံးသတ်ရလဒ်ကတော့ တစ်ခုတည်းသာရှိသည်။ ၎င်းက အရိုးတခြားအသားတခြား ပေါက်ကွဲထွက်ခြင်းပင်။
ယခုတော့ လက်ထောက်လေး၏ စိတ်နှင့်လူမကပ်သလို အသက်မဲ့သည့်ပုံစံကိုကြည့်ရင်း ယင်ယွီထျန်း အလွန့်အလွန်ကိုယ်ချင်းစာမိသည်။ သို့နှင့် သူပါနောက်တစ်ကြိမ်ပြန်လည်စိတ်ထိခိုက်လာပြီး မတတ်သာသည်အဆုံး သူက လက်ထောက်လေးကိုအရင်ခေါ်ထုတ်သွားသည်။
ဝမ်ကယ်က သူတို့အားတံခါးဝအထိလိုက်ပို့ပေးသည်။ လက်ထောက်လေးပုံစံက အလွန်သနားစဖွယ်ကောင်းနေတာကြောင့် ဝမ်ကယ် လက်ထောက်လေးလက်ကိုကိုင်ကာနှစ်သိမ့်လိုက်သည်။ သို့သော် လက်ထောက်လေးက သတိထားမိပုံမပေါ်။ သူ့ခမျာ ဘယ်လိုလမ်းလျှောက်ရမလဲတောင်မှတ်မိပုံမရ။ ယင်ယွီထျန်းက သူ့ကိုဖက်ကာ ကားပေါ်သို့ ဒရွတ်ဆွဲခေါ်သွားရသည်။
သူတို့ထွက်သွားတော့ ဝမ်ကယ် သူ့ခေါင်းသူပုတ်ကာ ဘေစင်ထဲကျန်ခဲ့သည့် ဆေးစရာပန်းကန်အပုံလိုက်ကိုကြည့်ပြီး နောင်တရသွားသည်။ လက်ထောက်လေးပန်းကန်ဆေးပြီးတာစောင့်ပြီးမှ သူ ဒီအကြောင်းပြောပြလိုက်သင့်သည်။ ယခုတော့ကောင်းရော၊ သူ့ကို ပန်းကန်ဆေးပေးမည့်သူမရှိတော့ပေ။
ညနေဘက်ကုန်းကျယ်နှင့် ဗွီဒီယိုဖုန်းပြောတော့ ဝမ်ကယ် ဒီအကြောင်းကုန်းကျယ်ကိုပြောလိုက်သည်။ ကုန်းကျယ်က ဘာထင်ကြေးမှမပေးပေ။ အမှန်တော့ သူကိုယ်တိုင်လည်း သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကို တခြားသူများထက် ပို၍ထုတ်ပြောချင်လှသည်။ ဝမ်ကယ်၏အနုပညာရှေ့ရေးကို ထောက်ရှု၍သာ သူသည်းခံနေခဲ့တာဖြစ်သည်။
ဒီရက်ပိုင်း ကုန်းကျယ် ဇာတ်ဝင်ခန်းများကို အလွန်လျင်မြန်စွာ ရိုက်ကူးနေခဲ့သည်။ မနက်အစောကြီးစတင်ရိုက်ကူး၍ ညဘက်အလွန်နောက်ကျမှ အလုပ်နားရတာကြောင့် ကုန်းကျယ် အတော်လေးပင်ပန်းနေသည်။ ရက်အနည်းငယ်အတွင်း သူကိုယ်အလေးချိန်ထပ်မံကျသွားကာ မျက်လုံးအောက်၌ အပြာရောင်မျက်ကွင်းတစ်ထပ်ပေါ်လာသည်။ ဝမ်ကယ်က ဒါကိုမြင်တော့စိတ်မကောင်းဖြစ်ကာ ကုန်းကျယ်အချိန်များကို မဖြုန်းတီးချင်ပေ။ သို့နှင့် သူ စကားအနည်းငယ်သာပြောပြီး ကုန်းကျယ်ကိုအိပ်ရာဝင်ဖို့တိုက်တွန်းလိုက်သည်။ ကုန်းကျယ် တကယ်ပင်ပန်းနေသော်လည်း ဖုန်းမချချင်သေးတာကြောင့် သူ့ကိုသီချင်းဆိုချော့သိပ်ဖို့ တောင်းဆိုလိုက်သည်။
ဝမ်ကယ်ကရယ်မောကာ သူ့ကိုဆူလိုက်သည်။
“မင်းက အသက်ဘယ်လောက်ရှိနေပြီလဲ။ ချော့သိပ်ဖို့လိုသေးလို့လား။”
သို့သော် သူက ဖုန်းကိုစန္ဒရားခန်းထဲယူသွားကာ ဂီတစာရွက်စင်ပေါ်နေရာချလိုက်သည်။ ထို့နောက် ကုန်းကျယ်ကို စန္ဒရားတီးပြီး သီချင်းဆိုပြလိုက်သည်။ အနည်းငယ်ဩရှညင်သာသည့်အသံက နူးညံ့သာယာသောစန္ဒရားသံနှင့်ပေါင်းစပ်ကာ သားချော့တေးတစ်ပုဒ်အား ချိုအီနှစ်လိုဖွယ် အချစ်သီချင်းတစ်ပုဒ်အဖြစ် ပြောင်းလဲသီဆိုချော့သိပ်လိုက်သည်။
ကုန်းကျယ်က ဖုန်းကိုအိပ်ရာဘေးထားကာ နှစ်သိမ့်ချော့မြှူေနသောသီဆိုသံများအကြား မျက်လုံးများမှိတ်လိုက်သည်။
သီချင်းဆုံးသွားတော့ ကုန်းကျယ်လည်း ဝင်သက်ထွက်သက်ပြင်းပြင်းရှုရှိုက်ရင်း အိပ်ပျော်သွားသည်။ ဝမ်ကယ် ဗီဒိယိုထဲမှ ချောမောခံ့ညားေနဆဲမျက်နှာေလးကိုကြည့်ကာ နှုတ်ခမ်းထက်ရှိအပြုံးများက ကြာမြင့်စွာတွဲလွဲခိုနေခဲ့သည်။ ဆယ်မိနစ်ခန့် တိတ်ဆိတ်စွာထိုင်ကြည့်ပြီးနောက် ဝမ်ကယ် ဖုန်းကိုအသာနမ်းလိုက်သည်။ ထို့နောက် ‘ကောင်းသောညပါ’ ဟု တိုးညင်းစွာပြောကာစိတ်မပါ့တပါဖုန်းချလိုက်သည်။
စန္ဒရားခန်းထဲမှထွက်တော့ ဝမ်ကယ် သကြားခဲလေးနှင့် ခဏကစားလိုက်သည်။ ထို့နောက် အပေါ်တက်၊ ရေချိုးကာ အိပ်ရာဝင်လိုက်သည်။
သူတစ်ယောက်တည်းရှိတာကြောင့် အိပ်ခန်းက အတော်ဟာတာတာဖြစ်နေသည်။ ခြုံစောင်ကလည်းအေးစက်ကာ လူသူကင်းမဲ့နေသည်။ သူ အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်လာတာကြောင့် အပူပေးစက်ဖွင့်ကာ ကုန်းကျယ်ခေါင်းအုံးကို ရင်ခွင်ထဲဆွဲဖက်လိုက်သည်။ နှာဖျားထက်၌ သံပရာရနံ့သင်းသင်းလေးစွဲကျန်နေပြီး ကုန်းကျယ်ရှိနေသည့်အလားခံစားရစေသည်။ တစ်ချိန်တည်းမှာပင် စိတ်အေးချမ်းစွာဖြင့် မျက်လုံးများမှိတ်လိုက်သည်။
ထိုနေ့ညက သူတို့ချင်းကွဲကွာနေသော်လည်း နှစ်ဦးစလုံး ကောင်းမွန်ချိုသာစွာ အိပ်စက်နိုင်ခဲ့သည်။
နောက်တစ်ပတ်ကြာသည်အထိ သူတို့နှစ်ဦး ညဘက်မိနစ်အနည်းငယ်သာ အဆက်အသွယ်ရကြသည်။ တစ်ခါတစ်ရံ ကုန်းကျယ်က အလုပ်နောက်ကျတတ်ပြီး မိနစ်အနည်းငယ်တွေ့ဖို့ပင်မဖြစ်နိုင်တာမျိုးရှိတတ်သည်။ သို့နှင့် ဝမ်ကယ်မှာ ဤကဲ့သို့လူနေမှုဘဝပုံစံမျိုးကို အလွန်လျင်မြန်စွာနေသားကျလိမ့်မည်ဟုတွေးထင်ထားသော်လည်း နေသားမကျနိုင်သည့်အပြင် ကုန်းကျယ်ကို ပို၍လွမ်းဆွတ်သတိရလာသည်။ သူကိုယ်တိုင်လည်း နည်းနည်းအံ့ဩမိ၏။ ယခင်က သူတို့နှစ်ဦးစလုံးအလုပ်များပြီး နှစ်ဝက်ခန့်မတွေ့နိုင်တာမျိုးပင်ရှိခဲ့သည်။ သို့သော် အခုလောက် ခက်ခက်ခဲခဲခံစားရတာမျိုးမရှိပေ။ ဒီလိုဆို အခုကျမှ ဘာလို့တစ်လကျော်ရုံနှင့် မနေနိုင်မထိုင်နိုင်ဖြစ်နေရသနည်း။
နောက်တော့ သူစဉ်းစားရင်းအတွေးပေါက်သွားသည်။ ကြည့်ရတာ ဒီတစ်ခေါက် သူအလုပ်သွားစရာမလိုတာကြောင့်ဖြစ်နိုင်သည်။ လူတွေကအားနေလျှင် တွေးမိတွေးရာတွေးတတ်ကြသည်မဟုတ်ပါလား။ ထို့ကြောင့် သူလည်းခြွင်းချက်မရှိ၊ ကုန်းကျယ်အကြောင်း မကြာခဏဆိုသလို အလိုလိုတွေးမိသည်။
ဝမ်ကယ်က ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခပေးမည့်လူစားမျိုးေတာ့မဟုတ်။ သို့နှင့် ကုန်းကျယ်ကိုလွမ်းရင်းလွမ်းရင်း ရူးမတတ်ဖြစ်လာသည့်အခါ သူလေယာဉ်လက်မှတ်တစ်စောင်ပြေးဝယ်လိုက်သည်။ ထို့နောက် သားဖြစ်သူကို အေးဂျင့်အိမ်ပို့ခဲ့ကာ ခရီးဆောင်အိတ်ဆွဲပြီး လေဆိပ်ဆင်းခဲ့သည်။
နှစ်နာရီကြာလေယာဉ်စီးပြီး ဘက်စ်ကားတစ်ဆင့်စီးကာ နောက်နှစ်နာရီကျော်ကျော် ခရီးနှင်ပြီးနောက် သူ ဟန်တျန့်သို့ရောက်လာသည်။
သူ ကုန်းကျယ်ကို အံ့ဩသွားစေချင်သည်။ ထို့ကြောင့် ကြိုအသိမပေးဘဲ ကုန်းကျယ်လက်ထောက်လေးကိုသာ တိတ်တဆိတ်ဆက်သွယ်လိုက်သည်။ သူ လက်ထောက်လေးနှင့်တိတ်တိတ်တွေ့ကာ ဟိုတယ်အခန်းကတ်ရသည်နှင့် ကုန်းကျယ်အခန်းထဲတန်းဝင်သွားသည်။
လက်ထောက်လေးက ရိုက်ကွင်းသို့ခပ်တည်တည်ပြန်လာသည်။ ကုန်းကျယ်က ဇာတ်ဝင်ခန်းတစ်ခုရိုက်ကူးပြီး အနားယူနေသည်။ လက်ထောက်လေး အမောတကောပြန်လာတာမြင်တော့ သူက မေးလိုက်သည်။
“မင်းဘယ်တွေသွားနေတာလဲ။”
လက်ထောက်လေးက ရင်တုန်သွားကာ အပြစ်မကင်းသလိုမျက်လုံးများဖြင့်:
“အိမ်…..အိမ်သာခဏသွားတာ။ ဝမ်းလျှောနေလို့။”
ကုန်းကျယ် အများကြီးမတွေးဘဲ လက်ထောက်လေးကို ကျန်းမာရေးဂရုစိုက်ဖို့မှာပြီး ရိုက်ကူးရေးလုပ်ရန် ပြန်ထွက်သွားသည်။
လက်ထောက်လေးက နဖူးကချွေးများကိုသုတ်ကာ သက်မချလိုက်၏။ ထို့နောက် ခပ်လှမ်းလှမ်းမှကုန်းကျယ်ကိုကြည့်ရင်း စပရိုက်အကြီးစားကြီးကိုမြင်လျှင် ကုန်းကျယ်ဘယ်လိုများတုံ့ပြန်မလဲဟုစိတ်ကူးယဉ်ကာ မျက်နှာကိုလက်ဖြင့်အုပ်လိုက်သည်။ တွေးရင်းတွေးရင်း သူကုန်းကျယ်ကို အားမကျဘဲမနေနိုင်တော့။ အိုက်ယား! သူများတွေများချစ်လိုက်ကြတာ ဘယ်လောက်ကောင်းလိုက်လဲ။ သူလည်း ချစ်သူကောင်လေးရှာချင်တယ်၊ အဲလေ ဖွ….ဖွ! ချစ်သူကောင်မလေးရှာချင်တယ်……။
ယနေ့တော့ အလုပ်စောစောပြီးတာကြောင့် (၇)နာရီမထိုးခင် အလုပ်သိမ်းကြသည်။ ဒါရိုက်တာကလည်း ယနေ့ရိုက်ကူးရေးတိုးတက်မှုအပေါ် အလွန်ကျေနပ်နေသည်။ ထို့ကြောင့် သူ၏ပုံမှန်ခပ်ခပ်တည်တည်နေနေကျမျက်နှာက ယနေ့တော့ ရှားရှားပါးပါးအပြုံးပန်းပွင့်လာသည်။ သူက ကုန်းကျယ်အား ညစာအတူစားဖို့နွေးထွေးစွာ ဖိတ်ကြားလိုက်သည်။
ကုန်းကျယ်က တစ်ယောက်တည်းစားစား၊ တခြားသူနှင့်စားစား အားလုံးကအတူတူပဲဟုတွေးကာ လက်ခံသဘောတူမည်အလုပ် လက်ထောက်လေးက သူ့ကိုကြားဖြတ်ပြောလိုက်သည်။
“အစ်ကို၊ ဟိုတယ်အရင်ပြန်ပြီး အဝတ်အစားလဲရအောင်လေ။”
လက်ထောက်လေးက ဝမ်ကယ်ဟိုတယ်ခန်းထဲစောင့်ေနဆဲဖြစ်ပြီး ဗိုက်ဆာနေလောက်ပြီဟုတွေးလိုက်သည်။ အကယ်၍ ကုန်းကျယ် ညစာအကြာကြီးစားနေလျှင် ဝမ်ကယ် ဘယ်အချိန်အထိစောင့်နေရဦးမလဲမသိပေ။
ကုန်းကျယ်က ယနေ့တွင် ပေါက်ကွဲရေးဇာတ်ဝင်ခန်းတစ်ခုရိုက်ကူးခဲ့ပြီး တစ်ကိုယ်လုံးမီးခိုးအလိမ်းလိမ်းဖြစ်နေသည်။ သို့နှင့် သူက လက်ထောက်လေးအကြံပြုသည်ကို သဘောတူကာ ဒါရိုက်တာကိုအရင်သွားနှင့်ဖို့ပြောလိုက်သည်။
လက်ထောက်လေးက ကုန်းကျယ်အား ဟိုတယ်အခန်းရှေ့လိုက်ပို့ပြီးနောက် ရိုက်ကွင်းဝန်ထမ်းများနှင့် အသားကင်သွားစားမည်ပြောကာ သူ့နောက်အဖော်မလိုက်နိုင်ကြောင်းပြောလာသည်။ ကုန်းကျယ်က လက်ထောက်လေး ဒီနေ့နည်းနည်းမူမမှန်ဖြစ်နေသည်ဟုခံစားမိသည်။ သို့သော် အသက်ငယ်သေးတာကြောင့် ကလေးကျင့်မပျောက်သေးဟုသာတွေးကာ သူ ဘာမှမပြောဘဲ ခေါင်းညိတ်ပြပြီး အခန်းထဲဝင်လိုက်သည်။
ကုန်းကျယ်အခန်းထဲဝင်သည်နှင့် အခန်းမီးလင်းနေတာမြင်ပြီး ခဏလောက်အံ့အားသင့်သွားသည်။ ဘာလို့မီးတွေလင်းနေတာလဲ။
သို့နှင့် သူ စိတ်ထဲမသင်္ကာဖြစ်ကာ သတိနှင့်လမ်းလျှောက်ဝင်လိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ့ကျောပေါ်လေးခနဲဖြစ်သွားသည်။ တစ်ချိန်တည်း၌ သူ့မျက်လုံးများအမှောင်ကျသွားကာ မျက်လုံးအား လက်နှစ်ဖက်ဖြင့်အအုပ်ခံလိုက်ရသည်။
“Surprise!”
ဝမ်ကယ်က တစ်ကိုယ်လုံးသူ့ကိုယ်ပေါ်တွဲလွဲခိုလိုက်သည်။
ကုန်းကျယ် သူ့ကျောပေါ်ကလူကို အလိုလိုလှမ်းဖက်ကာ ဝမ်ကယ်၏ရွှင်မြူးနေသည့်အသံကိုနားထောင်ရင်း တစ်ချက်ပြုံးလိုက်သည်။
ဝမ်ကယ် မျက်လုံးအုပ်ထားသည့်လက်ကိုလွှတ်ကာ ကုန်းကျယ်လည်ပင်းကိုသိုင်းဖက်လိုက်သည်။ ထို့နောက် ခေါင်းစောင်းကာ ကုန်းကျယ်ပါးကိုနမ်းလိုက်၏။ ကုန်းကျယ်က ဝမ်ကယ်နှင့်မျက်နှာချင်းပွတ်ကာ လူကိုကျောပိုးပြီး အိပ်ရာဆီလျှောက်သွားသည်။ ထို့နောက် ကိုယ်ကိုလှည့်၍ ဝမ်ကယ်ကိုအိပ်ရာပေါ်တင်ပြီး အပေါ်ကနေဖိထားလိုက်သည်။ သူက ဝမ်ကယ်နှာဖျားလေးကို နှာခေါင်းနှင့်ထိကာ မျက်ဝန်းများကွေးညွတ်သည်အထိပြုံးပြီးပြောလိုက်သည်။
“ဘာလို့တစ်ခွန်းမှမပြောဘဲရောက်လာတာလဲ။”
သူ့လေသံ၌ အံ့ဩခြင်းနှင့်ချိုမြိန်မှုများ ဖုံးဖိမရအောင် သိသာထင်ရှားနေသည်။
ဝမ်ကယ်က နှုတ်ခမ်းများကိုနမ်းကာ တင်းကြပ်စွာဖက်ထားရင်း:
“မင်းကိုလွမ်းလို့ေလ။ အိမ်မှာနေရင်း မင်းကိုလွမ်းနေတာ အိပ်လို့တောင်မပျော်ဘူး။”
ကုန်းကျယ်က အဲ့ဒါကိုကြားတော့ စိတ်မကောင်းဖြစ်ကာ ဝမ်ကယ့်မျက်ခွံလေးများကို လက်မနှင့်အသာပွတ်ပြီး ပြောလိုက်သည်။
“ကောင်းကောင်းအိပ်မပျော်ဘူးလား။”
“မင်းထက်တော့ နည်းနည်းပိုကောင်းတာပေါ့။”
ဝမ်ကယ် သူ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ပြောလိုက်သည်။
ထိုအခါမှ ကုန်းကျယ် လန့်သွားကာ သတိပြန်ဝင်လာသည်။ ယခုလက်ရှိသူ့ပုံစံက ဝမ်ကယ်ထက် အများကြီးပိုမျက်တွင်းကျနေလောက်သည်။ သို့နှင့် သူကပြုံးပြီး မနေနိုင်ဘဲညည်းညူပစ်လိုက်သည်။
“အလုပ်ကတအားပင်ပန်းတာပဲ။ မင်းငါ့ဘေးမှာမရှိတော့ စိတ်ရောလူရောအရမ်းပင်ပန်းရတယ်။”
“အဲ့ဒါကြောင့် အခု ငါရောက်လာပြီလေ၊ ငါမင်းကို လာကုစားပေးတာ။”
ကုန်းကျယ် ဝမ်ကယ့်လည်တိုင်ထဲခေါင်းနှစ်ကာ ပွတ်သီးပွတ်သပ်လုပ်ရင်း အသံများအက်ရှလာသည်။
“ငါ့ရဲ့ကိုကိုထုန်ထုန်ပဲကောင်းတယ်။”
ဝမ်ကယ်က ကုန်းကျယ်ခေါင်းကိုပွတ်ပေးကာ မေးလိုက်သည်။
“ခုပဲအလုပ်ဆင်းတာမလား။ ညစာစားပြီးပြီလား။”
“မစားရသေးဘူး။ အစက ရေအရင်ပြန်ချိုးပြီး ဒါရိုက်တာနဲ့ညစာသွားစားမလို့။”
“ဒါဆိုအခုရော။ ခဏနေ ဒါရိုက်တာနဲ့ညစာသွားစားမှာလား။”
ဝမ်ကယ်ကမေးလိုက်သည်။
ကုန်းကျယ်က ကိုယ်ကိုကြွကာ သူ့ကိုမော့ကြည့်ပြီး:
“မင်းပြောကြည့်လေ။ မင်း ဒီမှာရောက်နေမှတော့ ငါက ဘာလို့တခြားယောကျာ်းတစ်ယောက်နဲ့ ညစာသွားစားချင်စိတ်ရှိမှာလဲ။”
ဝမ်ကယ်က ကျေနပ်စွာပြုံး၍ လက်ဆန့်ကာကုန်းကျယ်ကိုတွန်းလိုက်သည်။
“မင်း ရေချိုးမလို့မလား။ မြန်မြန်သွားချိုးတော့။”
ကုန်းကျယ်က ဖြည်းဖြည်းချင်းထကာ ဝမ်ကယ်ရှေ့တွင် အဝတ်အစားများအားလုံးချွတ်ချလိုက်သည်။ သူတို့နှစ်ဦး အချင်းချင်းအလွန်ရင်းနှီးသည့်ကိစ္စများ အကြိမ်ပေါင်းများစွာလုပ်ဖူးသော်လည်း ဝမ်ကယ်မှာ သူ၏ပြောင်ပြောင်တင်းတင်းလုပ်ရပ်ကြောင့် အံ့အားသင့်သွားမိသည်။ သူ့ခမျာ မျက်လုံးများအပေါ်ကြည့်လိုက်၊အောက်ကြည့်လိုက်နှင့် ဘယ်နားကြည့်လို့ကြည့်ရမှန်းမသိဖြစ်ကာ နားရွက်များနီရဲလာသည်။
ကုန်းကျယ်က သူ့အမူအယာေလးကို သေချာပေါက်မြင်ဖြစ်အောင်မြင်လိုက်ပြီး နှုတ်ခမ်းထောင့်၌ လှောင်ပြုံးလေးတစ်ခုပေါ်လာသည်။ သူက ရုတ်တရက် ကိုယ်ကိုကိုင်းကာ လူကိုပုခုံးပေါ်ထမ်းတင်ပြီး ရေချိုးခန်းဆီလျှောက်သွားသည်။
“မင်းဘာလုပ်တာလဲ။ ငါ့ကိုအောက်ပြန်ချပေး။”
ဝမ်ကယ်ခမျာ ပုခုံးပေါ်ဇောက်ထိုးလေးဖြစ်ကာ အလန့်တကြားဖြင့် ကုန်းကျယ်ကျောကို ထုရိုက်လိုက်သည်။
ကုန်းကျယ်က ဝမ်ကယ်တင်ပါးလေးကို လက်တစ်ဆုပ်စာဖျစ်ညှစ်ရင်း ပရော်ပရည်ပြောလိုက်သည်။
“ရေချိုးမလို့လေ။ ဒီရေချိုးကန်က တော်တော်ကြီးတယ်၊ လူနှစ်ယောက်ဝင်ချိုးဖို့အတော်ပဲ။ အတူတူရေချိုးပြီး ရေချွေတာရအောင်။”
ထို့နောက် ဝမ်ကယ်မည်မျှရုန်းကန်ပါစေ ကုန်းကျယ်က လူကိုပုခုံးပေါ်ထမ်းကာ ရေချိုးကန်ထဲဝင်သွားသည်။
အဆင့်မြင့်ဟိုတယ်ခန်း၏ရေချိုးကန်က ကုန်းကျယ်ပြောသည့်အတိုင်း တကယ်ပင်ကြီးမားသည်။ သို့နှင့် ဝမ်ကယ်မှာ ရေချိုးကန်ထဲတွင် ကုန်းကျယ်အပေါ်မှတက်ဖိကာ ဒီဘက်အစွန်းမှ ဟိုဘက်အစွန်းရောက်သည်အထိချစ်ရည်လူးခြင်းခံရလေသည်။
ရေချိုးခန်းထဲ နောက်ထပ်နှစ်နာရီကြာအထိ ညည်းသံေလးများက တိုးတစ်ခါကျယ်တစ်လှည့် အဆက်မပြတ်ထွက်ပေါ်နေသည်။ ခန္ဓာကိုယ်ပေါ်ရေများရိုက်ခတ်၍ ဘောင်ဘင်ခတ်သံများလည်း ကြားရသည်။
ရေချိုးခန်းအတွင်းနဂိုမူလအတိုင်း ပြန်လည်တည်ငြိမ်သွားသောအခါ ဝမ်ကယ် စကားတစ်ခွန်းပင်ဆုံးအောင်မပြောနိုင်တော့။ သူ့ခမျာ အဝတ်ဗလာဖြင့် ကုန်းကျယ်ရင်ခွင်ထဲပွေ့ဖက်ခံရကာ မျက်နှာပေါ်တွင် နောက်ဆက်တွဲနီမြန်းမှုလေးများကျန်ရှိနေသည်။
ကုန်းကျယ် သူ့ကိုကုတင်ပေါ်တင်လိုက်တော့ သူမနေနိုင်ဘဲ ညည်းတွားလိုက်သည်။ မာကျောသည့်ရေချိုးကန်နှင့်အကြာကြီးပွတ်တိုက်ခံရတာကြောင့် သူ့ကျောမှာ အနည်းငယ်အညိုအမဲစွဲနေသည်။ ယခု အိပ်ရာနှင့်ထိသည့်အခါ သူ့ကျောကုန်းနာကျင်လာသည်။
ကုန်းကျယ်က သူ့ကိုအသာဝမ်းလျားမှောက်ပေးပြီး ကုတင်ဘေးဗီဒိုထဲမှ အနာလိမ်းဆေးယူကာ လိမ်းပေးလိုက်သည်။
ဝမ်ကယ် ပင်ပန်းလွန်း၍ လက်တစ်ချောင်းတောင်မမြှောက်နိုင်တော့။ သူက မျက်ခွံများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တဖြည်းဖြည်းအိပ်ငိုက်လာသည်။
ကုန်းကျယ် ညစာစားဖို့ဖုန်းခေါ်လိုက်သည်။ ထို့နောက် ဒါရိုက်တာဆီဖုန်းပြန်ဆက်ကာ အကြောင်းတစ်ခုပြ၍ ညစာစားပွဲကို ရွှေ့ဆိုင်းလိုက်သည်။ ကိစ္စအားလုံးစီစဉ်ပြီးနောက် ကုန်းကျယ် ဖုန်းကိုဘေးပစ်ကာ ကုတင်ခေါင်းရင်းမှီပြီး ဝမ်ကယ်၏အိပ်မောကျနေသောမျက်နှာလေးကို တိတ်ဆိတ်စွာထိုင်ကြည့်နေခဲ့သည်။
သူ ဒီမျက်နှာလေးကိုကြည့်ေနခဲ့သည်မှာ အနှစ်(၂၀)ကျော်ရှိခဲ့ပြီ။ သို့သော် အခုချိန်ထိ ဘယ်လိုကြည့်ကြည့် သူမငြီးငွေ့နိုင်ပေ။ အားလုံးက အချိန်ကြာလာသည်နှင့်အမျှ (၁၅၀၀) ချစ်မေတ္တာမှ တဖြည်းဖြည်းပျက်ယွင်းပြီး မိသားစုချစ်ခြင်းအဖြစ် ပြောင်းလဲသွားမည်ဟုဆိုကြသည်။ သို့သော် ဒီလူအား သူအသက် (၁၂)နှစ်အရွယ်ကတည်းက စတင်မေတ္တာသက်ဝင်ခဲ့ပြီး နောက် (၁၆) နှစ်ကြာသည်အထိ သူ့အချစ်တွေက ဘယ်သောအခါမှ မှေးမှိန်သွားခြင်းမရှိသလို၊ ဆန့်ကျင်ဘက်အားဖြင့် ပို၍ပြင်းထန်ကာ တစ်ဆထက်တစ်ဆနက်ရှိုင်းလာခဲ့သည်။
နေ့စဉ်နေ့တိုင်း သူအိပ်ရာနိုးလာသည့်အချိန်မှာ ဒီလူသားကိုမြင်လိုက်ရတိုင်း ပထမဆုံးအကြိမ်တုန်းကလို အစကနေပြန်ပြီးချစ်ကျွမ်းဝင်မိသွားသလိုခံစားရတတ်သည်။
သူတော့ ဒီစကားအတိုင်းတကယ်ဖြစ်နေပြီထင်၏။ “နိုးလာတိုင်းမှာ မင်းကိုအများကြီးပိုချစ်မိလာတယ်။”
*****
Aurora Novel Translation Team