Chapter 12
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 12 - လူငယ်လေးယွီရန်
အပိုင်း (၁၂) – လူငယ်လေးယွီရန်
👻👻👻
နောက်တစ်နေ့မနက်အစော၌ လက်ထောက်လေးက ဝမ်ကယ်ကိုကြိုကာ အသံသွင်းရန်ကုမ္ပဏီသို့လိုက်ပို့သည်။
ဝမ်ကယ်က ယခုနှစ်အတွင်းအယ်လ်ဘမ်အသစ်မထုတ်ဘဲ တစ်ကိုယ်တော်တေးသီချင်းများသာထုတ်ဖို့စီစဉ်ခဲ့သည်။ တစ်ကိုယ်တော်တေးအတွက် ကနဦးအစီအစဉ်များပြုလုပ်ပြီးဖြစ်ကာ ယနေ့ စတင်အသံသွင်းမည်ဖြစ်သည်။
အသံပိုင်းအင်ဂျင်နီယာနှင့် ဒါရိုက်တာတို့ စတူဒီယိုတွင်ရောက်နှင့်နေသည်။ ဝမ်ကယ်က သူတို့ကိုနှုတ်ဆက်ကာ စတူဒီယိုထဲဝင်လာသည်။
ဝမ်ကယ့်ပုံစံက အေးစက်ပြီး စကားများများပြောရသည်ကိုမနှစ်သက်ပေ။ သူက မပြုံးသည့်အချိန်ဆို ခပ်ကင်းကင်းနေတတ်၍ ပေါင်းသင်းရခက်သည့်ခံစားချက်မျိုးပေးစွမ်းနေသည်။ ဤအချက်ကြောင့် အပြင်လောကက သူ့အားမာနကြီး၍အေးစက်သည့်နတ်ဘုရားဟု ခေါ်ကြခြင်းဖြစ်သည်။ သို့သော် သူ့ပုံစံနှင့်ကွာခြားသည်က သူ၏အသံမှာညင်သာဆွတ်ပျံ့၍ ရွှမ်းစိုနွေးထွေးသည်။ အချို့ကျွမ်းကျင်သူများက ဝမ်ကယ်၏သီချင်းသံမှာ နွေးထွေးသောရေစီးကြောင်းနှင့်တူသည်ဟု မှတ်ချက်ပြုကြသည်။ သူသီချင်းဆိုလိုက်သည့်အခါ အနွေးဓာတ်လေးနှလုံးသားထဲစီးဝင်၍ ခေါင်းအစခြေအဆုံးပျံနှံ့ဝင်ရောက်သွားသလိုခံစားရသည်။ သူ့သီချင်းများကိုနားထောင်ရသည်မှာ နေရောင်အောက်၌ အနွေးဓာတ်ခိုလှုံရသလို နွေးထွေးမှုနှင့်မျှော်လင့်ချက်များ အပြည့်အဝပေးစွမ်းနေသည်။
ထို့ကြောင့် ဝမ်ကယ်သီချင်းအများစုသည် နွေးထွေးသောအချစ်သီချင်းများဖြစ်သည်။ ဒီသီချင်းအမျိုးအစားက ယနေ့ခေတ်ဂီတဈေးကွက်တွင် အတော်ရေပန်းစားသည်။ သို့သော် ဒီသီချင်းမျိုးက ဆယ်ကျော်သက်၊ (၂၀) ဝန်းကျင်မိန်းကလေးများအတွက်သာဖြစ်သည်။ မိန်းကလေးငယ်များ၏တူညီသောအချက်က အချစ်ကိုရူးသွပ်ခြင်းဖြစ်သည်။ သူတို့ကအချစ်အတွက်ဆို ပိုက်ဆံသုံးကြသည်။ ထို့ကြောင့် လက်ရှိခေတ်ရေစီးကြောင်းအရ ဂီတဈေးကွက်မှာ ယေဘုယျအားဖြင့် ရောင်းအားကျဆင်းနေသည်။ သို့သော် ဝမ်ကယ်၏အယ်လ်ဘမ်ရောင်းအားက အလွန်မြင့်မားေနကာ အယ်လ်ဘမ်ရလဒ်များကလည်း တစ်စတစ်စကောင်းသည်ထက်ပိုကောင်းနေသည်။ ထို့ကြောင့် ပွဲဦးထွက်ချိန်မှစကာ နှစ်စဉ်နှစ်တိုင်း အအောင်မြင်ဆုံးအယ်လ်ဘမ်ရောင်းအားနံပါတ်တစ်ဆုက သူ့အိတ်ကပ်ထဲသို့အမြဲရောက်ရှိခဲ့သည်။ ဤအချက်က အခြားဂီတပညာရှင်များကို အားကျမနာလိုဖြစ်စေသည်။
သို့သော် ကိစ္စတစ်ခုတည်းကိုဆက်တိုက်လုပ်နေလျှင် ပျင်းရိငြီးငွေ့လာတတ်သည့်သဘာဝအရ ဝမ်ကယ်တစ်ယောက် ငါးနှစ်ကြာအချစ်သီချင်းများသီဆိုလာပြီးနောက် တဖြည်းဖြည်းငြီးငွေ့လာသည်။ ထို့အပြင် သူ၏ဖန်တီးမှုလက်ရာများက ဂီတအမျိုးအစားတစ်ခုတည်းအပေါ်သာ ကန့်သတ်ထားသလိုဖြစ်နေကြောင်း သူ ခံစားမိလာသည်။ သို့နှင့် သူကဂီတပုံစံပြောင်းလဲရန်စဉ်းစားခဲ့ပြီး ထိုကြောင့်ပင် ယခုနှစ်အတွင်း သူအယ်လ်ဘမ်မထုတ်ဖြစ်ခဲ့တာဖြစ်သည်။
ဒီတစ်ခေါက်တစ်ကိုယ်တော်တေးစီးရီးမှာ ယခင်အချစ်သီချင်းများနှင့်မတူကွဲပြားသည်။ ၎င်းကတမူထူးခြားစွာ အီလက်ထရောနစ်ဂီတနှင့်ရော့ခ်ဂီတနှစ်မျိုးကို ပေါင်းစပ်ထားသည်။ ဒါသည်ဝမ်ကယ်၏ပုံမှန်လက်ရာများနှင့်ယှဉ်လျှင် အစွန်းနှစ်ဖက်ဟုဆိုနိုင်ပြီး မိမိ၏ဂီတဟန်ပြောင်းလဲပစ်မှုအပေါ် အရဲစွန့်ကြိုးပမ်းထားသည်ဟုယူဆနိုင်သည်။
သီချင်းတစ်ပုဒ်အသံသွင်းပြီးနောက် ဝမ်ကယ် အစမ်းနားထောင်ရန်ပြန်ထွက်လာသည်။ သီချင်းကိုခဏနားထောင်ပြီး ဝမ်ကယ်စိတ်တိုင်းမကျသလိုခံစားရသည်။ သို့နှင့် သူ အသံသွင်းခန်းထဲပြန်ဝင်သွားပြန်သည်။
ဝမ်ကယ်၏အလုပ်ကိုပြီးပြည့်စုံအောင်လုပ်တတ်သည့်စိတ်ဓာတ်က နာမည်ကြီးလူသိများသည်။ အထူးသဖြင့် သီချင်းများဖန်တီးရာတွင် အပြစ်အနာအဆာမရှိရလေအောင် ရူးသွပ်စွဲလန်းသည်။ အသံပိုင်းအင်ဂျင်နီယာမှာ ဝမ်ကယ်နှင့်အကြိမ်များစွာအလုပ်လုပ်ဖူးတာကြောင့် လုံးဝမကျေနပ်တာမျိုးမရှိပေ။ မနက်ကတည်းက စတူဒီယိုမှာတစ်နေ့လုံးနေရမည်ဟူ၍ သူ စိတ်ကိုပြင်ဆင်ထားသည်။
ဂီတဒါရိုက်တာကတော့ အလုပ်ရှိသေးတာမို့ ခဏစောင့်ကြည့်ပြီး ပြန်သွားသည်။
ဝမ်ကယ်၏အသံသွင်းခြင်းအလုပ်က တစ်နေ့လုံးကြာမြင့်ခဲ့သည်။ ဘယ်နှကြိမ်အသံသွင်းခဲ့မှန်းပင်မမှတ်မိ၊ သူ့လည်ချောင်းများခြောက်သွေ့ကွဲအက်လာမှ သူ နောက်ဆုံးမှာ စိတ်တိုင်းကျကျေနပ်သွားသည်။
အသံပိုင်းအင်ဂျင်နီယာကိုနှုတ်ဆက်ပြီး ပြန်ထွက်လာတော့ အပြင်မှာအတော်မှောင်နေသည်။ ကော်ရစ်တာထက်၌ လူသူကင်းမဲ့ကာတိတ်ဆိတ်နေသည်။
ယဲ့ချင်က သူ့ကိုအိမ်ပြန်ချင်လားမေးလိုက်သည်။ ဝမ်ကယ်က ခေါင်းညိတ်ပြကာ ဘာမှထပ်မပြောပေ။
ဒါက သူ့အကျင့်ပင်ဖြစ်သည်။ သီချင်းတစ်ပုဒ်အသံသွင်းပြီးတိုင်း သူ့အသံအိုးကိုအလွန်ဖိအားဖြစ်စေသည်။ ထို့ကြောင့် အသံကို အလွန်အကျွံမသုံးမိအောင် သူတတ်နိုင်သမျှစကားမပြောဘဲနေလေ့ရှိသည်။ အဆိုတော်များအတွက် လည်ချောင်းက အသက်သွေးကြောပင်။ ထို့ကြောင့် ဝမ်ကယ်က လည်ချောင်းကိုအထူးဂရုစိုက်ကာကွယ်လေ့ရှိသည်။
သူတို့ ဓာတ်လှေကားစောင့်နေတုန်း ဦးထုပ်ဆောင်းထားသည့်လူငယ်လေးတစ်ယောက် ဓာတ်လှေကားဘက် ရုတ်တရက်ပြေးထွက်လာသည်။ ကောင်လေးက အရှိန်အလွန်မြန်တာကြောင့် လှမ်းတားဖို့မမီဘဲ သူတို့ရှိရာသို့ တန်းတန်းမတ်မတ်ပြေးဝင်လာသည်။ ဒါကိုမြင်တော့ လက်ထောက်လေးက ဝမ်ကယ်ကိုချက်ချင်းသူ့နောက်ပို့လိုက်သည်။ စက္ကန့်ပိုင်းအကြာတွင် ကောင်လေးက ဝမ်ကယ်ခုနကရပ်နေသည့်နေရာရှိ ဓာတ်လှေကားတံခါးကို ဝင်တိုက်မိသွားသည်။
တိုက်မိသည့်အသံက အတော်ကျယ်ပြီး ကောင်လေးထံမှနာကျင်မှုေကြာင့် အော်ညည်းသံထွက်သည်။ ဝမ်ကယ်နှင့် လက်ထောက်လေးပင် မျက်ခုံးများပင့်သွားရသည်။
ကောင်လေးက ခပ်ပြင်းပြင်းတိုက်မိသွားပုံရသည်။ သူက ဓာတ်လှေကားတံခါးရှေ့လဲကျကာ အချိန်အတော်ကြာသည်အထိ ပြန်မထနိုင်ဘဲရှိလေသည်။ လက်ထောက်လေးလည်း မနေနိုင်သည့်အဆုံး သူ့အနားလျှောက်သွားကာ တွဲထူပေးလိုက်သည်။
“အဆင်ပြေရဲ့လား။”
ကောင်လေးက နဖူးကိုပွတ်ကာ နှာခေါင်းရှုံ့၍ သုန်မှုန်စွာပြောသည်။
“ရပါတယ်၊ တောင်းပန်ပါတယ်။ ကျွန်တော်ခင်ဗျားတို့ကိုလန့်အောင်လုပ်မိပြီ။”
“မင်းဘာမှမဖြစ်ရင်ပြီးတာပါပဲ။”
လက်ထောက်လေးက ကောင်လေးအသက်သိပ်မကြီးတာသတိထားမိေတာ့ စီနီယာတစ်ယောက်လို သတိပေးလိုက်သည်။
“နောင်ကို အဲ့လောက်ကမူးရှူးထိုးမလုပ်ပါနဲ့ကွာ၊ ဘယ်လောက်အန္တရာယ်များလိုက်သလဲ။”
“အင်း၊ ကျွန်တော်သိပါပြီ။ နောက်မလုပ်တော့ပါဘူး။”
ကောင်လေးက ခေါင်းတညိတ်ညိတ်လုပ်ကာ ယဲ့ချင်ကို ကျေးဇူးတင်သလိုမော့ကြည့်လိုက်သည်။ သူကပြုံးပြရင်း ယဲ့ချင်နောက်က ဝမ်ကယ်ကိုမြင်တော့ ရုတ်တရက်စိတ်လှုပ်ရှားသွားကာ ထအော်လိုက်သည်။
“အား! ဆရာဝမ်ပဲ! ဆရာဝမ် မင်္ဂလာပါ။ ဆရာ့ကို ကျွန်တော်အရမ်းကြိုက်တာ။ ဆရာကျွန်တော့်ကို အော်တိုလေးတစ်စောင်ေလာက်ထိုးပေးလို့ရမလား။”
(T/N – အော်တို = autograph = နာမည်ကျော်ကြားသူတစ်ဦးဦး၏အမှတ်တရလက်မှတ်)
ကောင်လေးက အလွန်အသက်ငယ်ကာ (၁၈)နှစ် (၁၉)နှစ်သာရှိသေးသည်။ သူက ဝမ်ကယ်ကိုမြင်တော့ အလွန်စိတ်လှုပ်ရှားနေသည်။ သူ့ပုံစံက ဝမ်ကယ့်ဖန်တွေနှင့်တစ်ပုံစံတည်းပင်။
ယခင်က အစွန်းေရာက်ဖန်များ ဝန်ထမ်းယောင်ဆောင်ကာ သူနှင့်တွေ့ဖို့ကုမ္ပဏီထဲခိုးဝင်လေ့ရှိသည်။ ထို့ကြောင့် ဝမ်ကယ်က သူ့ရှေ့ကကောင်လေးကို အစွန်းရောက်ဖန်တွေထဲကတစ်ယောက်ဟုထင်ကာ နည်းနည်းတွန့်ဆုတ်သွားသည်။
လက်ထောက်လေးကလည်း ကောင်လေးကိုအမြန်တားလိုက်ကာ ပြောသည်။
“တောင်းပန်ပါတယ်။ ကုမ္ပဏီစည်းမျဉ်းအရ ကုမ္ပဏီထဲမှာ အော်တိုထိုးပေးခွင့်မရှိပါဘူး။ခွင့်လွှတ်ပါနော်။”
ထိုအချိန် ဓာတ်လှေကားတံခါးပွင့်သွားကာ လက်ထောက်လေးကပြောလိုက်သည်။
“အကယ်၍ အော်တိုလိုချင်ရင် လက်မှတ်ထိုးပွဲရောက်ေအာင်စောင့်ပေးပါနော်။ ဆရာဝမ်က နောက်ထပ်သွားစရာလေးရှိသေးလို့ ခွင့်ပြုပါဦး။”
ပြောပြီးသည်နှင့် လက်ထောက်လေးက ဝမ်ကယ်နောက်လိုက်ကာ ဓာတ်လှေကားထဲဝင်သွားသည်။
ကောင်လေးက ဓာတ်လှေကားထဲ ရုပ်တည်တည်ဖြင့်ဝင်သွားသော ဝမ်ကယ်ကိုငေးကြည့်ကာ ကြက်သေသေနေသည်။ ဓာတ်လှေကားတံခါးပိတ်ခါနီးမှ သူအသိပြန်ဝင်လာကာ:
“အား! ကျွန်တော်လည်းအောက်ဆင်းမှာ။”
ထို့နောက် သူက အဆင်းခလုတ်ကိုအမြန်နှိပ်လိုက်သည်။
ပိတ်ခါနီးဓာတ်လှေကားက နောက်တစ်ကြိမ်ပြန်ပွင့်သွားပြီး ကောင်လေးက အထဲသို့အမြန်ပြေးဝင်လာသည်။
ဝမ်ကယ် ကောင်လေးသူ့နောက်ကလိုက်လာတာမြင်တော့ မျက်မှောင်ကြုတ်ကာ ထောင့်နားကပ်လိုက်သည်။ လက်ထောက်လေးကလည်း ရှေ့တစ်လှမ်းတိုးကာ ဝမ်ကယ်ရှေ့မှာရပ်လိုက်သည်။
ကောင်လေးက နောက်ဆုံး ဘာဖြစ်နေမှန်းသဘောပေါက်သွားသည်။ သူက သူတို့တစ်ခုခုကိုအထင်လွဲနေမှန်းခံစားမိတာကြောင့် အမြန်ရှင်းပြလိုက်သည်။
“ဆရာဝမ်၊ ကျွန်တော့်ကိုအထင်မလွဲပါနဲ့။ ကျွန်တော်က ဆရာ့နောက်လိုက်တဲ့ အစွန်းရောက်ဖန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာ့ကိုကုမ္ပဏီမှာတွေ့ရတော့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားပြီး သတိလွတ်သွားတာပါ။ ကျွန်တော်နာမည်က ယွီရန်ပါ။ ကျွန်တော်လည်း ဒီကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတဲ့အဆိုေတာ်ပါပဲ။ ဒါပေမဲ့ ကျွန်တော်က နာမည်မရှိသေးတဲ့ 18 လိုင်းအဆိုတော်လေးဆိုတော့ ဆရာဝမ်ကကျွန်တော့ကိုသိလောက်မယ်မထင်ဘူး။”
ကောင်လေးက ခါးသီးစွာပြုံးရင်းပြောလိုက်သည်။
ဝမ်ကယ်တစ်ယောက် ဘာကိုစဉ်းစားမိသည်မသိ၊ ခဏလောက်စဉ်းစားကာပြောသည်။
“ယွီရန်လား။ အသံကြယ်ပွင့်မှာ အဆင့်(၄)ရတဲ့တစ်ယောက်လား။”
ကောင်လေးက ရုတ်တရက်ခေါင်းမော့လာကာ သူ့ကိုအံ့အားသင့်သလိုကြည့်လိုက်သည်။
“ဆရာဝမ် အဲ့ဒီအစီအစဉ်ကိုကြည့်ဖူးတယ်လား။”
ဝမ်ကယ်က ခေါင်းညိတ်ပြလိုက်သည်။ ကောင်လေး၏စိတ်လှုပ်ရှားနေသောမျက်နှာကိုမြင်တော့ သူမနေနိုင်ဘဲမှတ်ချက်ပေးလိုက်သည်။
“အသံလိုင်း၊ စာသား၊ သံစဉ်က နားထောင်လို့အရမ်းကောင်းတယ်။ ဒါပေမဲ့ နည်းနည်းခံစားချက်လေးလိုနေတယ်။”
ကောင်လေးက ရှက်ကိုးရှက်ကန်းဖြစ်သွားကာ ခေါင်းကုတ်လိုက်ရင်း:
“ဒိုင်လူကြီးဆရာတွေလည်း အဲ့လိုပဲပြောကြတယ်။ ဒါပေမဲ့ ကျွန်တော် သေချာပေါက်ကြိုးစားမှာပါ။”
အစက ‘အသံကြယ်ပွင့်’ အစီအစဉ်အဖွဲ့က ဝမ်ကယ်ကို ဒိုင်လူကြီးလုပ်ဖို့ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော် သူစိတ်မဝင်စားတာကြောင့် လက်မခံခဲ့ပေ။ နောက်တော့ တီဗွီကနေ ဒီအစီအစဉ်အပိုင်းတွေအများကြီးကို သူကြည့်ဖြစ်ခဲ့သည်။
ထိုစဉ်က ပါဝင်ယှဉ်ပြိုင်သူများထဲတွင် ပင်ကိုပါရမီနှင့် အလားအလာကောင်းသူများစွာရှိခဲ့သည်။ သို့သော် သူ့ကိုမျက်စိအကျစေဆုံးသူမှာ ဖျော်ဖြေတင်ဆက်မှုပိုင်းတွင်အကောင်းဆုံးမဟုတ်သလို၊ အသံခွန်အားပိုင်းမှာလည်းထိပ်တန်းမဟုတ်သည့် အသက်(၁၈)နှစ်အရွယ်ကောင်လေးတစ်ေယာက်ဖြစ်သည်။ ကောင်လေး၏အသံက ကြည်လင်ပြတ်သားပြီး သီချင်းဆိုလိုက်သည့်အခါ နတ်သားတစ်ပါးကဲ့သို့ နူးညံ့သိမ်မွေ့သောအသံရှိသည်။ သို့နှင့် ဝမ်ကယ်သူ့ကို ချက်ချင်းမှတ်မိသွားသည်။
သို့သော် ကောင်လေးမှာ ထူးခြားသည့်အသံပိုင်ဆိုင်ထားသော်လည်း ငယ်ရွယ်ပြီးသီချင်းစာသားအပေါ် ခံစားချက်မဲ့နေသည်။ ထို့ကြောင့် သူ့အဆင့်များကသိပ်မကောင်းလှပေ။ နောက်ဆုံးတော့ အကြိုဗိုလ်လုပွဲစဉ်မှာပင်ထုတ်ပယ်ခြင်းခံရသည်။
အစီအစဉ်ပြီးသွားသည့်နောက်ပိုင်း ဝမ်ကယ် ဒီကောင်လေးအပေါ် အာရုံသိပ်မရှိခဲ့ပေ။ မမျှော်လင့်ဘဲ ကောင်လေးက သူနှင့်တစ်ကုမ္ပဏီတည်းလာဖြစ်နေသည်။ သို့သော် ကောင်လေးမှာလက်ထောက်မရှိပုံထောက်လျှင် ကုမ္ပဏီကသူ့အား ဦးစားပေးပျိုးေထာင်ဖို့အစီအစဉ်ရှိပုံမပေါ်ပေ။
ဓာတ်လှေကားက ပထမထပ်သို့ရောက်ရှိလာသည်။ ဓာတ်လှေကားထဲမှ လူသုံးဦးအသီးသီးလမ်းလျှောက်ထွက်လာ၏။ လက်ထောက်လေးက ကားသွားယူရန် အမြန်ထွက်သွားသည်။ ဝမ်ကယ်က ဖြည်းဖြည်းချင်းလျှောက်ကာ ယွီရန်က သူ့နောက်ကမိန်းမောပြီးလိုက်လာသည်။ ကိုယ့်ကြိုက်သည့်အနုပညာရှင်တစ်ယောက်ကိုရှားရှားပါးပါးမြင်ေတွ့ခွင့်ရတာကြောင့် သူ ဝမ်ကယ်ကို အလိုလိုစကားနည်းနည်းပြောချင်နေသည်။ သို့သော် အခုလေးတင် အထင်လွဲခံထားရတာကြောင့် သူ့ပါးစပ်က အလျင်စလိုပြောမထွက်ဘဲရှိနေသည်။ သူက ဝမ်ကယ်နားသိပ်မကပ်ဘဲ အနောက်ဘက်ခပ်လှမ်းလှမ်းကသာလိုက်လာသည်။
သူ့ခမျာ ရဲရဲဝံ့ဝံ့စကားထုတ်မပြောခင် စိတ်ထဲမှာ အကြာကြီးရုန်းကန်လွန်ဆွဲနေသည်။ ယဲ့ချင် ကားမောင်းပြီးရောက်လာတော့ ဝမ်ကယ်ကားပေါ်တက်ဖို့ပြင်လိုက်သည်။ ထိုအချိန်ကျမှ ယွီရန် နောက်ဆုံးမှာသတ္တိေမွးအရဲကိုးကာ နောက်ကပြေးလိုက်ပြီးပြောလိုက်သည်။
“ဆရာဝမ်!”
ခေါ်သံကြားတော့ ဝမ်ကယ်နေရာမှာရပ်လိုက်သည်။ သူက ပြေးလိုက်လာသည့် ယွီရန်ကိုကြည့်ကာ နားမလည်သလိုမေးလိုက်သည်။
“ဘာပြောစရာရှိလို့လဲ။”
ယွီရန်က ကိုယ့်အင်္ကျီစကိုတင်းတင်းဆုပ်ကိုင်ကာ အသံပြင်းပြင်းရှူလိုက်သည်။ သူ့နှလုံးအိမ်၌ မြှုပ်နှံသိမ်းဆည်းထားသည့်အရာတစ်ခုကို သူနောက်ဆုံးတော့သတ္တိမွေးကာထုတ်ပြောလိုက်သည်။
“ဆရာဝမ်၊ ကျွန်တော်သေချာပေါက်ကြိုးစားပြီး သီချင်းကောင်းကောင်းဆိုပါ့မယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်အတင့်ရဲပြီးတစ်ခုလောက်တောင်းဆိုချင်လို့ပါ။”
ယွီရန် မျက်လုံးများမှိတ်လိုက်ကာ:
“ကျွန်တော့်မှာတိုးတက်မှုရလဒ်ကောင်းတွေရှိလာရင် ဆရာကျွန်တော့်အတွက် သီချင်းတစ်ပုဒ်လောက်ရေးပေးနိုင်မလား။ ဒီလိုတောင်းဆိုတာ အဓိပ္ပာယ်မရှိမှန်းကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆရာ့ကို တကယ်အရမ်းလေးစားတာပါ။ ဆရာက ကျွန်တော့်ကိုအမြဲတွန်းအားပေးသလို၊ ကျွန်တော် သီချင်းေတွဆက်ဆိုနိုင်ဖို့ စိတ်ခွန်အားတစ်ခုပါ။ အကယ်၍ ကျွန်တော့်အတွက် ဆရာကိုယ်တိုင်ရေးပေးတဲ့သီချင်းကိုသာကျွန်တော်ဆိုခွင့်ရရင်၊ ကျွန်တော်…. ကျွန်တော်……။”
တစ်လျှောက်လုံးပြောလာခဲ့ပြီးနောက် ဒီနေရာအရောက်မှာ ယွီရန်ဘာပြောလို့ပြောရမှန်းမသိတော့ပေ။
သူကခေါင်းငုံ့သွားကာ ဝမ်ကယ့်မျက်နှာကိုမကြည့်ရဲတော့။ အကြာကြီးစောင့်ေနပြီးနောက် ဘာပြန်ဖြေသံမှမကြားရသည့်အခါ ယွီရန်ခါးသီးစွာပြုံးရင်း သူ့ဟာသူအရှက်ပြေပြောလိုက်သည်။
“ဆရာ၊ စိတ်ထဲမထားပါနဲ့။ ကျွန်တော်က ပြောကြည့်ရုံပါ။ ဆရာ့အနေနဲ့ တခြားလူတစ်ယောက်အတွက်သီချင်းရေးပေးဖို့ သတ်မှတ်ချက်အရမ်းမြင့်တာကျွန်တော်သိပါတယ်။ ကျွန်တော်လည်း ဆရာ ကျွန်တော့်အတွက်သီချင်းတကယ်ရေးပေးမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ ဆရာ့ရှေ့မှာ ဒီစကားေတွထုတ်ပြောနိုင်တာနဲ့တင်……။”
“ကောင်းပြီလေ။”
ယွီရန်ရုတ်တရက်ကြောင်သွားသည်။ သူက ဝမ်ကယ်ကို မယုံနိုင်စွာ အံ့ဩတကြီးလှမ်းကြည့်လာသည်။
“ဆရာ ခုနကဘာပြောလိုက်တာလဲ။ ဆရာသဘောတူလိုက်တာလား။ ဆရာတကယ်သဘောတူတာလား။”
ဝမ်ကယ်က ခေါင်းညိတ်ပြကာ:
“ကောင်းကောင်းကြိုးစား။ မင်းမှာတိုးတက်မှုရလဒ်ေကာင်းတွေရှိလာရင် ငါမင်းအတွက်သီချင်းရေးပေးမယ်။”
ယွီရန်စိတ်လှုပ်ရှားစွာ ထခုန်လိုက်သည်။ သူ့မျက်နှာမှာ မျက်ရည်ကြောင်းနှစ်ခုစီးကျလာသည်။ သူ အလုပ်ကြိုးစားပြီး ဝမ်ကယ်ကို စိတ်မပျက်စေရပါဘူးဟု ချက်ချင်းပြောလိုက်သည်။ သူ့မှာ ဝမ်ကယ်ထွက်သွားသည်အထိ စိတ်မတည်ငြိမ်နိုင်သေးဘဲ ဝမ်းသာလုံးဆို့နေသည်။ အစက ဒီည သူ့သူငယ်ချင်းများနှင့်အတူ ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားသည်။ သို့သော် သူ ဝမ်ကယ်အပေါ် ကတိပေးထားသည်ကိုတွေးမိကာ အသံလေ့ကျင့်ရေးအခန်းထဲ ပြန်ေပြးဝင်သွားသည်။ သူ အခန်းထဲမှာ တစ်ညလုံးလေ့ကျင့်ရင်း ဆရာဝမ်ကိုယ်တိုင် သူ့အတွက်ရေးပေးသည့်သီချင်းကို မြန်နိုင်သမျှအမြန်ဆုံးသီဆိုနိုင်ဖို့ ကြိုးစားရုန်းကန်လိုက်သည်။
တစ်ဖက်မှာတော့ ကားထဲ၌ လက်ထောက်လေးက ဝမ်ကယ်ကိုနားမလည်သလိုမေးလိုက်သည်။
“အစ်ကို၊ အစ်ကိုဘာလို့ အဲ့ဒီကလေးအပေါ်အရမ်းကောင်းရတာလဲ။ အစ်ကို တခြားလူကိုသီချင်းမရေးပေးတာ (၂)နှစ်တောင်ရှိပြီလေ။ နောက်ပြီး ကုမ္ပဏီကလည်း သူ့ကိုအဓိကပျိုးထောင်ဖို့ အာရုံစိုက်ထားတာမဟုတ်ဘူး။”
ဝမ်ကယ်က ခပ်ဖွဖွပြုံးကာ:
“ဒီကလေးက အရမ်းအမြင်ရှိပြီး၊ ဂီတပေါ်စီးေမျာမှုအားလည်း သိပ်ကောင်းတယ်။ တကယ့်ကိုဂီတမျိုးစေ့ကောင်းလေးပဲ။ သေချာပြုစုပျိုးထောင်ပေးလိုက်ရင် အနာဂတ်မှာအောင်မြင်မှုေတွ အနှိုင်းမဲ့ရှိလာမှာ။”
“အဲ့လောက်တောင်တော်တာလား။”
လက်ထောက်လေး အံ့အားသင့်သွားသည်။
ဝမ်ကယ်က ခေါင်းညိတ်ကာ:
“မင်းစောင့်ကြည့်လိုက်၊ နောင်ကို သူ့အောင်မြင်မှုတွေက ငါ့ထက်တောင်ပိုကောင်းဦးမှာ။”
လက်ထောက်လေးက နှုတ်ခမ်းအသာကွေးကာ သိပ်ပိုလွန်းသည်ဟုတွေးလိုက်သည်။ သူက ယနေ့ေခတ်ဂီတလောကတွင် ဝမ်ကယ်ထက်ပိုမိုအောင်မြင်မည့်သူရှိမည်ဟုမထင်ပေ။ သူ့နှလုံးသားထဲ၌ အကယ်၍ဝမ်ကယ်သာ ဒုတိယဆိုလျှင် မည်သူမှပထမဖြစ်ရဲမည်မဟုတ်ဟုမှတ်ယူထားသည်။
ကျန်ေသာလဝက်၌ ဝမ်ကယ်တစ်ယောက် နေ့တိုင်းကုမ္ပဏီသို့ပြေးလွှားေနပြီး နေ့ရှိသ၍ အသံသွင်းစတူဒီယိုထဲ၌သာ အချိန်ကုန်ခဲ့သည်။ အကြိမ်ပေါင်းများစွာ သူ အလုပ်ဆင်းနောက်ကျသည့်အခါတိုင်း ဂီတလေ့ကျင့်ရေးခန်းရှေ့မှဖြတ်လျှင် ယွီရန်တစ်ယောက်တည်း မမောနိုင်မပန်းနိုင် အကြာကြီးလေ့ကျင့်နေတာတွေ့ရသည်။
ဝမ်ကယ် ဒီကလေးကို ပိုပိုပြီးသဘောကျလာသည်။ ရံဖန်ရံခါ သူ ကိုယ်တိုင်ပင် သင်ပြပေးသည်များရှိခဲ့သည်။ နောက်ပြီး ယွီရန်ကလည်း အလွန်သဘောပေါက်လွယ်ကာ သင်လွယ်တတ်လွယ်သည်။ ရက်အနည်းငယ်အတွင်းပင် သူ့မှာ သိသိသာသာတိုးတက်မှုများရှိလာသည်။ ဝမ်ကယ်ကလည်း ဒီကလေး အနာဂတ်တွင်အနှိုင်းမဲ့အောင်မြင်လိမ့်မည်ဟု ပို၍ယုံကြည်ချက်ရှိလာခဲ့သည်။
သောကြာနေ့ညနေခင်း၌ ယွီရန် လေ့ကျင့်ရင်းအခက်အခဲတစ်ခုတွေ့လာသည်။ သို့နှင့် သူ ဝမ်ကယ်ကိုမေး၍ အကြံဉာဏ်တောင်းဖို့ဆုံးဖြတ်လိုက်သည်။ အသံသွင်းစတူဒီယိုရောက်ပြီး အထဲမှာလူတစ်ယောက်မှမရှိတာတွေ့တော့ သူနည်းနည်းသိချင်သွားသည်။ ထိုနေ့မတိုင်ခင်ညများတွင် ဝမ်ကယ်သည်သန်းခေါင်အထိ စတူဒီယိုမှာပင်ရှိခဲ့သည်။ သို့သော် ယနေ့တော့ သူ (၆)နာရီမထိုးခင်ကတည်းက အလုပ်ဆင်းသွားလေသည်။ ဒါကစဉ်းစားကြည့်လျှင် အတော်လေးထူးဆန်းနေေလသည်။
လက်ရှိမှာတော့ ဝမ်ကယ်က တပည့်ဖြစ်သူ သူ့ကို ကုမ္ပဏီတစ်ခုလုံးအနှံ့လိုက်ရှာနေမှန်းမသိရှာပေ။ သူက အလွန်ပျော်ရွှင်ကြည်နူးကာ သီချင်းလေးတညည်းညည်းနှင့် အိမ်သို့ကားမောင်းပြန်လာသည်။
အိမ်ရောက်တော့ အထဲမှာမီးတွေလင်းနေတာတွေ့ရသည်။ ဝမ်ကယ် အသာပြုံးလိုက်ကာ ကားရပ်၍ အလောတကြီး အိမ်တံခါးဖွင့်လိုက်သည်။
“ကျွမ်းကျွမ်း!”
👻👻👻
(မူရင်းစာရေးသူ၏အမှာစကား)
ချစ်ဖို့ကောင်းတဲ့ယွီရန်လေးက ပွဲဦးထွက်နိုင်ခဲ့ပါတယ်!!!! စိတ်မပူပါနဲ့၊ ကလေးက သူတို့နှစ်ယောက်ဆက်ဆံရေးကြားမှာ အနှောက်အယှက်မဖြစ်ပါဘူးေနာ်။ သူက နောက်ဆက်တွဲဇာတ်လမ်းရဲ့ အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လာမှာပါ။ အားလုံးသဘောကျမယ်လို့မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူကလည်း ဇာတ်လိုက်တစ်ယောက်မို့လို့ပါ။ (တခြားဝတ္ထုတစ်ပုဒ်ရဲ့ဇာတ်လိုက်ဆိုပေမဲ့ပေါ့လေ……)
*****
Aurora Novel Translation Team