Chapter 14
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 14 - ဂျာမနီခရီးစဉ်
အပိုင်း (၁၄) – ဂျာမနီခရီးစဉ်
👻👻👻
အောက်တိုဘာလကုန် ကုန်းကျယ် ဟန်တျန့်မှပြန်လာပြီးနောက် ယခုနှစ်အတွက် အလုပ်ကိစ္စများပြီးသလောက်ရှိသွားသည်။ ထို့ကြောင့် သူ စိတ်အေးချမ်းသာစွာ အိမ်တွင်အိမ်ရှင်ထီးတစ်ယောက်အဖြစ် အချက်အပြုတ်တာဝန်ယူလိုက်သည်။
ဝမ်ကယ်ကတော့ တစ်လအနားယူပြီးနောက် ပြေးလွှားအလုပ်များေနရသည့်ဘဝပြန်လည်စတင်လာသည်။
နိုဝင်ဘာလအစ၌ သူ H မြို့သို့ လေယာဉ်စီးကာ CC ဂီတကုမ္ပဏီမှဦးဆောင်ကျင်းပသောဆုပေးပွဲတစ်ခုသို့ အရင်တက်ရောက်ခဲ့သည်။ ထို့နောက် ထိုမြို့တွင် တစ်ပတ်ကြာနေထိုင်ကာ သတင်းထောက်မျိုးစုံ၏ အင်တာဗျူးများလက်ခံဖြေကြားခဲ့သည်။ သူပြန်လာတော့ နိုဝင်ဘာလလယ်ဖြစ်နေေလပြီ။ သို့သော် သူ့မှာအသက်ရှူဖို့တောင်အချိန်မရဘဲ တစ်ကိုယ်တော်တေးစီးရီးအတွက် နေ့တိုင်းကုမ္ပဏီသို့ပြေးလွှားနေရသည်။
သူအပြင်မသွားခင်ဆို ကုန်းကျယ်က အိမ်နေရင်းအင်္ကျီလေးနှင့် သူ့ကိုတံခါးဝအထိလိုက်ပို့သည်။ သူ့မှာ ထိုမြင်ကွင်းလေးမြင်တိုင်း သတ္တိများရှိလာကာ အလုပ်မသွားဘဲ သေသည်အထိအိမ်မှာအိပ်လိုက်စားလိုက်သာလုပ်နေချင်သောစိတ်ဆန္ဒများ တဖွားဖွားပေါ်ပေါက်လာသည်။
ကုန်းကျယ်က လုံးဝအလုပ်နားထားသည်တော့မဟုတ်ေပ။ သို့သော် သူ့အလုပ်က ဝမ်ကယ်ထက်အများကြီးပို၍ပေါ့ပေါ့ပါးပါးရှိသည်။ သူက ဝမ်ကယ်နေ့တိုင်းအိမ်မှအစောကြီးထွက်ပြီး နောက်ကျမှပြန်ရတာမြင်တော့ စိတ်မကောင်းဖြစ်မိသလို၊ သူ့ကိုအဖော်ပြုပြီးလည်း အလုပ်အတူတူတက်ေပးချင်လှသည်။ သို့သော် ဒီနေရာကား မြို့တော်ကြီးဖြစ်သည်။ အနုပညာဖျော်ဖြေရေးကုမ္ပဏီများနှင့် သတင်းမီဒီယာဌာနချုပ်များအားလုံး ရုံးစိုက်တည်ရှိရာနေရာလည်းဖြစ်သည်။ ဘက်ပေါင်းစုံမှမီဒီယာသမားများသည် ပခုံးပေါ်ကင်မရာထမ်းကာ သတင်းထူးများရရှိရန် နေရာပေါင်းစုံမှခြုံခိုစောင့်ဆိုင်းနေသည်။ အထူးသဖြင့် ဝမ်ကယ်ကဲ့သို့ ကျော်ကြားမှုမြင့်မား၍ လူပြောများရေပန်းစားသော နာမည်ကြီးကြယ်ပွင့်များမှာ မီဒီယာသမားအားလုံး၏ အပြိုင်အဆိုင်သတင်းရယူရန်ကြိုးစားနေကြသည့်ပစ်မှတ်များဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ပိုင်အိမ်ယာဝန်းထဲမှလွဲလျှင် သူတို့ဘယ်တုန်းကမှအပြင်တူတူမထွက်ကြပေ။
ဝမ်ကယ်ကိုအလုပ်တွင်အကူအညီမပေးနိုင်တာကြောင့် ကုန်းကျယ်က သူ့ကိုတစ်နေ့စာထမင်းသုံးနပ် မဖြစ်မနေကြိုးစားပမ်းစားချက်ပြုတ်ကျွေးလေသည်။ သူက ဝမ်ကယ် ပင်ပန်းသည့်ဒဏ်ကြောင့် နောက်တစ်ကြိမ်ပြန်ပိန်သွားမည်ကိုစိုးရိမ်နေသည်။ သို့သော် သူ့ကျေးဇူးကြောင့်ပင် ဝမ်ကယ်သည် နေ့ရောညပါအလွန်အလုပ်များသော်ငြား မပင်ပန်း၊ မပိန်သွားသည့်အပြင် ကိုယ်အလေးချိန်ပင်ပေါင်အနည်းငယ်တက်လာသည်။ သူအသားအရည်က ပတ္တမြားရောင်သန်းကာရွှန်းစိုနီမြန်းလာပြီး ယခင်လိုဖြူဖပ်ဖြူရော် မျက်တွင်းချောင်တာမျိုးလည်းမရှိတော့ပေ။ ဒါက သူ့အေးဂျင့်နှင့်လက်ထောက်လေးကို အချစ်ရှိနေတော့ စိုပြည်နေလိုက်တာများဟူ၍ အသီးသီးသက်ပြင်းကြီးငယ်ချသွားရစေသည်။
နိုဝင်ဘာလအကုန်၌ ဝမ်ကယ်နှင့်ရိုက်ကူးရေးအဖွဲ့သားများ ဂျာမနီသို့ခရီးစတင်ထွက်ခဲ့သည်။ သူတို့ထွက်ခွာပြီးသိပ်မကြာခင် ကုန်းကျယ်တစ်ယောက် ခရီးဆောင်အိတ်ဆွဲကာ ဦးထုပ်၊ နေကာမျက်မှန်၊ mask များအပြည့်အစုံဝတ်၍ လေဆိပ်၌ တစ်ကိုယ်တည်းထွက်ေပါ်လာသည်။ ထို့အပြင် သူ့ကိုမည်သူမှသတိမထားမိလိုက်ပေ။
ဝမ်ကယ်နှင့်အခြားသူများမှာ လုပ်ငန်းလိုအပ်ချက်အရ မော်စကိုသို့အထူးလေယာဉ်စီးသွားရသည်။ သို့နှင့် သူတို့ဂျာမနီရောက်သည့်အခါအချိန်က သောကြာနေ့ဖြစ်ေနပြီး ဒီဇိုင်နာချုပ်က အင်္ဂါနေ့မတိုင်ခင်အထိ သူတို့နှင့်တွေ့ဖို့အချိန်မရပေ။
ရိုက်ကူးရေးအဖွဲ့က မနက်စောစောဟိုတယ်ဘိုကင်ယူထားပြီးဖြစ်ကာ လေဆိပ်ကထွက်သည်နှင့် ဟိုတယ်သို့တန်းသွားဖို့လုပ်လိုက်သည်။ သို့သော် ဝမ်ကယ်က သူတို့နှင့်အတူမနေဘဲ သူနေဖို့နေရာစီစဉ်ထားပြီးဖြစ်ကြောင်းပြောလာသည်။
ကြော်ငြာရိုက်ကူးမည့်နေရာမှာ ဂျာမနီတွင်မဟုတ်ပေ။ ရိုက်ကူးရေးအဖွဲ့က ကုမ္ပဏီနှင့်ကြော်ငြာရိုက်ကူးရန်အစီအစဉ်များအတည်ပြုပြီးနောက်မှသာ တောင်အမေရိကသို့ထွက်ခွာရမည်ဖြစ်သည်။ ထို့ကြောင့် ဒီအတောအတွင်း ဝမ်ကယ်သူတို့နှင့်အတူမနေလည်း ပြဿနာမရှိပေ။
ဝမ်ကယ်က အကျိုးအကြောင်းရှင်းပြပြီးနောက် တစ်ယောက်တည်းကားမောင်းထွက်လာသည်။
အေးဂျင့်နှင့်လက်ထောက်လေးက သူနှင့်မသွားဘဲ ရိုက်ကူးရေးအဖွဲ့နှင့်အတူ ဟိုတယ်သို့လိုက်ခဲ့သည်။ လမ်းတွင် အမျိုးသမီးဝန်ထမ်းတစ်ဦးက ယင်ယွီထျန်းအား မနေနိုင်ဘဲသိချင်စိတ်ဖြင့်မေးလိုက်၏။
“အစ်ကိုထျန်းထျန်း၊ မင်းသားလေးဝမ်က ဂျာမနီမှာ ကိုယ်ပိုင်စံအိမ်ရှိတာလား။”
နင့်ညီမကိုထျန်းထျန်းနေလိုက်!
ယင်ယွီထျန်းက စိတ်ထဲမှမေတ္တာပို့ပြီးနောက် တည်ငြိမ်စွာပြန်ဖြေသည်။
“အဲ့ဒါတော့ ကျွန်တော်လည်းသေချာမသိဘူး။ ဒါပေမဲ့ သူတက္ကသိုလ်တက်ရင်း ဥရောပမှာအချိန်ခဏလောက်နေခဲ့ဖူးတယ်။ ကြည့်ရတာ သူငယ်ချင်းတစ်ယောက်ေယာက်အိမ်ဖြစ်မယ်ထင်တယ်။”
အမျိုးသမီးဝန်ထမ်းက နားလည်သလိုလို နားမလည်သလိုလိုနှင့် ခေါင်းညိတ်ပြလိုက်သည်။
👻👻👻
လက်ရှိမှာတော့ ဝမ်ကယ်တစ်ယောက် ညဘက်ကားပတ်မောင်းနေသည်။ သူက လေဆိပ်ကနေမြို့လယ်ခေါင်အထိ အထပ်မြင့်အဆောက်အဦးများကိုဖြတ်ကျော်မောင်းနှင်လာသည်။ ကားက လမ်းကြိုလမ်းကြား၊ လမ်းဟောင်းလေးများကိုဖြတ်လာပြီး လူနေအဆောက်အအုံတစ်ခုရှေ့ရပ်တန့်သွားသည်။
အဆောက်အဦးကသိပ်မမြင့်ဘဲ အထပ်သုံးထပ်သာပါရှိသည်။ ၎င်းက အထပ်ပေါင်းဆယ်ချီသောမြင့်မားသည့်ရာေကျာ်အဆောက်အဦးများကြားတွင် မမျှော်လင့်ဘဲပိုမိုလက်ရာမြောက်နေသယောင်ထင်ရသည်။
ဝမ်ကယ် ကားပေါ်မှဆင်းကာ ကုတ်နံပါတ်နှိပ်ပြီး ကော်ရစ်တာထဲဝင်လိုက်သည်။ လှေကားက လူတစ်ယောက်စာသွားလောက်အောင်ကျဉ်းမြောင်းသည်။ သစ်သားဖြင့်ပြုလုပ်ထားသောလှေကားအိမ်က အတော်အိုဟောင်းပြီး နင်းလိုက်တိုင်းအနည်းငယ်တကျွီကျွီမြည်သံပေးနေသည်။ ဒုတိယထပ်ရောက်တော့တံခါးပွင့်လာပြီး ဂျာမန်အမျိုးသမီးတစ်ဦး အထဲမှထွက်လာသည်။ ဂျာမန်အမျိုးသမီးက အသက် (၅၀)ခန့်ရှိပြီး ခပ်ဝဝနှင့် မျက်လုံးထောင့်၌ အရေးအကြောင်းများရှိနေသည်။ သူ(မ)က ဝမ်ကယ်ကိုမြင်တော့ ဝမ်းသာအံ့ဩသွားသည်။
“အိုး၊ ဝမ်! မင်းနောက်ဆုံးတော့ပြန်လာပြီပေါ့!”
ဂျာမန်အမျိုးသမီးက ဂျာမန်ဘာသာစကားဖြင့်ပြောဆိုကာ ဝမ်ကယ်ကို ဖက်လဲတကင်းပွေ့ဖက်လိုက်သည်။
“မစ္စစမစ်၊ မတွေ့ရတာကြာပြီ။ ဒီအတောအတွင်းနေကောင်းရဲ့လား။”
ဝမ်ကယ်က သူ(မ)ကို ပြန်ဖက်ကာ ဂျာမန်လိုနှုတ်ဆက်လိုက်သည်။
“ကောင်းပါတယ်။ ဒါပေမဲ့ မင်းတို့မရှိတော့ အန်တီနည်းနည်းအထီးကျန်တာပေါ့။”
မစ္စစမစ်က အကြာကြီးဖက်ထားပြီးမှ ဝမ်ကယ်ကိုလွှတ်လိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော်တို့ အလုပ်အရမ်းများနေတာနဲ့ အန်တီ့ဆီပြန်မလာနိုင်ဖြစ်နေတာ။”
ဝမ်ကယ်က အပြစ်ရှိသလိုပြောလိုက်သည်။
“အန်တသိပါတယ်။အန်တီက မင်းတို့ကိုအားပေးနေတာ။ အင်တာနက်ကျေးဇူးနဲ့ အနည်းဆုံးတော့ အန်တီ မင်းတို့ကိုလွမ်းရင်အင်တာနက်ကတစ်ဆင့်ကြည့်လို့ရတယ်လေ။ ဒါပေမဲ့ အန်တီက တရုတ်စကားမတတ်တော့ခွင့်လွှတ်နော်။ နောက်ပြီး ဗွီဒီယိုတွေကလည်း စာတန်းထိုးမပါတော့ အန်တီ့မှာ မင်းတို့မျက်နှာကိုပဲ အာရုံစိုက်ကြည့်နေရတာ။”
“အန်တီကတော့ ခုထိရယ်စရာပြောတတ်တုန်းပဲ။”
ဝမ်ကယ် ပြုံးပြီးေပြာလိုက်သည်။
မစ္စစမစ်လည်း သူ့ဟာသူသဘောကျသွားသည်။
“ဒါနဲ့ အဲရစ်အပေါ်မှာရောက်နေပြီ။ မင်းလည်း အမြန်တက်သွားလိုက်တော့။အန်တီ မစ္စဝေးလ်ရဲ့မုန့်ဖုတ်သင်တန်းသွားပြီး အချိုပွဲလုပ်နည်းသင်လိုက်ဦးမယ်။ မနက်ဖြန်ကျ မင်းတို့အတွက် ကြိုဆိုပွဲပါတီလေးလုပ်ပေးမယ်နော်။”
မစ္စစမစ်က သူ့ဟာသူကျေနပ်အားရစွာပြောလာသည်။
ဝမ်ကယ်လည်း ခေါင်းညိတ်ပြကာ ရွှင်မြူးစွာပြောလိုက်သည်။
“ကျွန်တော်စောင့်နေမယ်နော်။”
မစ္စစမစ်ကိုနှုတ်ဆက်ပြီးနောက် ဝမ်ကယ် အပေါ်ထပ်ဆက်တက်လာလိုက်သည်။ တတိယထပ်ရောက်သည်နှင့် အခန်းတံခါးက ချက်ချင်းပွင့်လာသည်။ ကုန်းကျယ်ကပြုံးပြကာ အခန်းတံခါးဘောင်ကိုမှီရင်း:
“နှေးလိုက်တာ၊ ငါ့မှာတော့ တစ်ချိန်လုံး မင်းနဲ့ မစ္စစမစ်စကားပြောလို့ပြီးမဲ့အချိန်ကိုစောင့်နေတာ။”
ဝမ်ကယ်ကပြုံးပြီး အိမ်ထဲဝင်လိုက်သည်။ ထို့နောက် ခရီးဆောင်အိတ်ကို ကြမ်းပေါ်ပစ်ချကာ ကုန်းကျယ်လည်ပင်းကိုတန်းဖက်၍ ခေါင်းမော့ပြီးအနမ်းချိုချိုလေးတစ်ခုပေးလိုက်သည်။
“ဒါက အလျော်ပေးတဲ့သဘောလား။”
ကုန်းကျယ်က သူ့ကိုပြန်ဖက်ကာ အနမ်းခံပြီးနောက်မေးလိုက်သည်။
“မင်း အဲ့လိုတွေးလည်းရပါတယ်။”
ဝမ်ကယ်က ဖိနပ်များကိုကန်ချွတ်၍ အားနှင့်ခုန်တက်ပြီး ကုန်းကျယ်ခါးကို သူ့ခြေထောက်များနှင့်ခွလိုက်သည်။ ကုန်းကျယ်က ဝမ်ကယ့်တင်ပါးလေးကိုကိုင်ကာ လူကိုပွေ့ချီပြီး အခန်းထဲခေါ်သွားသည်။
အခန်းကအလွန်သေးပြီး ပရိဘောဂအနည်းငယ်သာရှိ၍ မဖြစ်မနေအသုံးလိုသည့်ပစ္စည်းအချို့ကိုသာ နေရာချထားသည်။ ဧည့်ခန်းနှင့်အိပ်ခန်းက တွဲလျက်ဖြစ်ပြီး အလယ်တွင် အဝတ်ဗီဒိုတစ်တန်းခြားထားသည်။ ရေချိုးခန်းက ပို၍ပင်ကျဉ်းသည်။ အဝတ်လျှော်စက်တပ်ပြီးနောက် တခြားပစ္စည်းများထည့်၍မဆန့်တော့ပေ။
အခန်းများကကျဉ်းသော်လည်း ပစ္စည်းများကိုသပ်ရပ်စွာနေရာချထားသည်။ နံရံပေါ်တွင် အလှဆင်ပန်းချီကားများစွာချိတ်ဆွဲထားပြီး မြစိမ်းရောင်ခန်းစီးစများက လေအတိုးတွင် ညင်သာေပါ့ပါးစွာလှုပ်ရှားနေသည်။ အဝါရောင်နံရံကပ်မီးအိမ်များမှ နွေးထွေးသောအလင်းရောင်များထုတ်လွှတ်နေသည်။ ဧည့်ခန်းထဲဝင်လာပြီးနောက် ဝမ်ကယ် ကုန်းကျယ်ပေါ်မှဆင်းကာ နှစ်ယောက်ထိုင်ဆိုဖာလေးပေါ်တွင် နေရာအပြည့်ယူလိုက်သည်။ သူ သက်တောင့်သက်သာအပျင်းကြောဆန့်လိုက်တော့ ခြေသလုံးများက ဆိုဖာအပြင်သို့ထိုးထွက်လာသည်။
“နောက်ဆုံးတော့ အိပ်ပြန်ရောက်ပြီကွ!”
ဝမ်ကယ် ဆိုဖာပေါ်ဟိုဘက်ဒီဘက်လှိမ့်ကာ ရှားရှားပါးပါး ကလေးဆန်ဆန်ပြုမူလိုက်သည်။
ကုန်းကျယ်ကရယ်ကာ ကြမ်းပေါ်တင်ပျဉ်ခွေထိုင်ပြီး ခါးပေါ်နေသည့်နေရာကို လက်ညှိုးဖြင့်ကုတ်ရင်းပြောသည်။
“ဒီကိုပြန်ရောက်တာ အဲ့လောက်တောင်ပျော်လား။”
“ဒါပေါ့၊ ဘာပဲပြောပြော ဒီနေရာက ငါတို့ရဲ့ပထမဆုံးအိမ်လေးလို့ပြောလို့ရတယ်လေ။”
ဝမ်ကယ်က ဘေးစောင်းအိပ်ကာ ကုန်းကျယ်ကိုကြည့်လိုက်သည်။
ကုန်းကျယ်မျက်နှာ၌ အပြုံးများပိုမိုနက်ရှိုင်းသွားသည်။ သူ့မျက်လုံးထဲ၌ ယခင်အတိတ်၏အရိပ်များ ပြန်လည်ပေါ်ပေါက်လာသည်။
သူတို့ကျောင်းတက်ဖို့ ပထမဆုံးအကြိမ်ဂျာမနီရောက်လာတော့ နှစ်ဖက်မိဘများက ပြည်ပမှာဒုက္ခခံရမည်စိုးကာ သူတို့အား ဂျာမနီတွင်တိုက်ခန်းတစ်ခန်းဝယ်ပေးချင်ခဲ့သည်။ သို့သော် သူတို့က မိဘများအပေါ်တစ်သက်လုံးအားကိုးနေရမည်ကိုမလိုလားဘဲ အချိန်ပိုင်းအလုပ်လုပ်ကာရလာသောပိုက်ဆံလေးနှင့်အိမ်တစ်လုံးငှားနေဖို့ရွေးချယ်ခဲ့သည်။
သူတို့မှာ ပိုက်ဆံအများကြီးမရှိသလို၊ အိမ်ကောင်းကောင်းငှားနေဖို့လည်း မတတ်နိုင်ပေ။ ထိုအချိန် မစ္စတာနှင့်မစ္စစမစ်မှာ သမီးဖြစ်သူလက်ထပ်ပြီးစအချိန်ဖြစ်၍ အိမ်မှာဆက်မနေတော့ပေ။ ထို့ကြောင့် တတိယထပ်အခန်းက နေမည့်သူမရှိဘဲလစ်လပ်နေသည်။ မစ္စစမစ်က သူတို့နှစ်ယောက်၏ဖြူစင်ပြီး လိမ္မာယဉ်ကျေးကြပုံကိုမြင်တော့ အိမ်ကိုဈေးသက်သက်သာသာဖြင့်သူတို့အားငှားပေးခဲ့သည်။
ဒီအိမ်ကသိပ်မကျယ်သော်လည်း သူတို့နှစ်ယောက်၏ ပထမဆုံးေသာကိုယ်ပိုင်အိမ်လေးဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့က ဒီအိမ်လေးကို ဂရုတစိုက်တက်ကြွစွာ အလှဆင်ပြုပြင်ခဲ့သည်။ ဒီအိမ်တွင်နေခဲ့ရသည့်နေ့ရက်များက သူတို့ဘဝတွင် အပျော်ရွှင်ဆုံးနှင့် အချိုမြိန်ဆုံးအချိန်များဖြစ်သည်။ ဘဝက ရိုးရှင်းသော်လည်း ကျေနပ်စရာကောင်းသည်။ ထို့အပြင် မစ္စတာနှင့်မစ္စစမစ်မှာအလွန်သဘောကောင်းပြီး သူတို့အား မကြာခဏဆိုသလို သရေစာနှင့်အသီးအနှံတချို့ ပေးလေ့ရှိသည်။ သူတို့နှစ်ဉီး ဒီအိမ်တွင် တက္ကသိုလ်ဘွဲ့ရသည်အထိ လေးနှစ်ကြာနေခဲ့သည်။ ထို့နောက် ပြည်မကြီးရှိ အနုပညာကုမ္ပဏီများ၏သဘောကျခြင်းခံရကာ တရုတ်ပြည်သို့ပြန်ခဲ့သည်။
ဒီအိမ်လေးတွင် သူတို့နှစ်ယောက်အတွက် အမှတ်တရများစွာကျန်ရှိနေတာကြောင့် သူတို့ ဒီအိမ်လေးကိုမစွန့်ခွာရက်ပေ။ ထို့ကြောင့် သူတို့က ဒီအခန်းလေးကို ကာလရှည်ကြာဆက်လက်ငှားရမ်းခဲ့သည်။ မစ္စစမစ်ကလည်း ချောမောခံ့ညား၍ချစ်စရာကောင်းသော တရုတ်နိုင်ငံသားကောင်လေးနှစ်ယောက်ကို အလွန်သဘောကျတာကြောင့် သူတို့ဘက်မှတောင်းဆိုသည်နှင့် ချက်ချင်းပင် သဘောတူလက်ခံခဲ့သည်။ သူ(မ)က သူတို့တရုတ်ပြည်ပြန်သွားပြီးနောက်ပိုင်းတွင်လည်း သူတို့ဘယ်အချိန်ပြန်လာမည်မှန်းမသိတာကြောင့် ပြန်လာချိန်အခန်းတွင်ရှုပ်ပွညစ်ပတ်နေတာမျိုးမဖြစ်ရလေအောင် အပေါ်ထပ်သို့မကြာခဏတက်ကာ သန့်ရှင်းရေးလုပ်ပေးလေ့ရှိသည်။
“ဒါနဲ့၊ ရေချိုးခန်းထဲမှာ ရေချိုးဆပ်ပြာတွေဘာတွေ ဘာမှမရှိဘူး။ ခဏနေ စူပါမားကတ် တစ်ခေါက်သွားရမယ်။”
ကုန်းကျယ်က ဝမ်ကယ်မျက်နှာလေးကိုညှစ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ငါတို့အတူတူသွားကြတာပေါ့။”
ဝမ်ကယ်က ခေါင်းညိတ်ကာ စဉ်းစားလိုက်ပြီးနောက် ထပ်ပြောသည်။
“မင်း ညစာစားပြီးပြီလား။”
“မင်းမှပြန်မလာသေးတဲ့ဟာ၊ မင်းပြောကြည့်လေ၊ ငါကတစ်ယောက်တည်းအရင်စားနှင့်ပါ့မလား။”
ကုန်းကျယ်က နောက်သလိုပြောင်သလို မကျေမနပ်ပြောလိုက်သည်။ ဝမ်ကယ်က ထိုစကားကြားတော့ ချက်ချင်းထထိုင်ကာ ကုန်းကျယ်လက်ဆွဲပြီး အပြင်ထွက်လိုက်သည်။
“သွားစို့၊ ကိုကို ခုပဲမင်းကို ညစာအကြီးကြီးလိုက်ကျွေးမယ်။ မင်းဘာစားချင်လဲ။ ကိုကို မင်းကိုအကုန်ဝယ်ကျွေးမယ်။”
ပြောတော့သာအကြီးကြီးဝယ်ကျွေးမည်ဆိုသော်လည်း နောက်ဆုံးတော့ သူတို့နှစ်ယောက် စူပါမားကတ်ရှိဟမ်ဘာဂါနှစ်လုံးကိုသာ စကင်ဖတ်ပြီးဝယ်စားဖြစ်ခဲ့သည်။
ကုန်းကျယ်တစ်ယောက် လက်တစ်ဖက်ကဈေးဝယ်လှည်းတွန်းကာ ကျန်တစ်ဖက်က စင်ပေါ်ရှိပစ္စည်းများကို တွန်းလှည်းထဲဆက်တိုက်ယူထည့်နေသည်။ ဝမ်ကယ်က လက်တစ်ဖက်စီတွင် ဟမ်ဘာဂါတစ်လုံးစီကိုင်၍ တစ်ဖက်ကသူ့ဟာသူကိုက်စားကာ နောက်လက်တစ်ဖက်က ဟမ်ဘာဂါကို ကုန်းကျယ်ပါးစပ်ထဲခွံကျွေးနေသည်။
“ငါတို့ကသုံးရက်ပဲနေမှာ၊ အဲ့လောက်အများကြီးဝယ်ဖို့လိုလို့လား။ နောက်တစ်ခါ ဘယ်အချိန်ကျမှပြန်လာနိုင်မယ်မှန်းသိတာမဟုတ်ဘူး။ မတော်လို့သုံးမကုန်ရင် ရက်လွန်သွားလိမ့်မယ်။”
ဝမ်ကယ်က သူ့ဟမ်ဘာဂါစားလို့ကုန်တော့ စက္ကူအခွံကိုအမှိုက်အိတ်ထဲပစ်လိုက်ပြီး ကုန်းကျယ်ကိုခွံကျွေးဖို့ အာရုံစိုက်လိုက်သည်။
ကုန်းကျယ်က နောက်ဆုံးတစ်ကိုက်စားပြီးနောက် ပလုတ်ပလောင်းနှင့် ဈေးဝယ်လှည်းထဲငုံ့ကြည့်သည်။ သူက ဝမ်ကယ်ပြောတာ နည်းလမ်းကျသည်ဟုတွေးကာ ရေချိုးဆပ်ပြာနှင့် ခေါင်းလျှော်ရည်ဘူးအကြီးကိုပြန်ထုတ်ပြီး ဘူးအသေးများနှင့်လဲလိုက်သည်။
သူတို့လျှောက်ပတ်ကြည့်ပြီး လိုအပ်သည့်ေန့စဥ်သုံးပစ္စည်းများယူပြီးနောက် ကုန်းကျယ်က သရေစာနည်းနည်းဝယ်ဖို့ထွက်သွားကာ ဝမ်ကယ်ကတော့ ကောင်တာမှာပိုက်ဆံရှင်းဖို့ တန်းစီလိုက်သည်။
ထိုအချိန်ကောင်တာ၌ လူတွေအများကြီး ပိုက်ဆံရှင်းဖို့တန်းစီနေသည်။ သူတို့ရှေ့၌ လူဆယ်ယောက်ကျော်လောက်ရှိနေသည်။ ကုန်းကျယ်က ဝမ်ကယ်နားနားကပ်ကာ တစ်စုံတစ်ခုတီးတိုးပြောလိုက်သည်။ သူဘာပြောလိုက်သည်မသိ၊ ဝမ်ကယ် ထရယ်မိသွားသည်။ ကုန်းကျယ်က ဝမ်ကယ့်ပခုံးကိုအတင်းဖက်ကာ အသံတိုးတိုးဖြင့်ဆက်ပြောနေသည်။ ဝမ်ကယ်မှာ ရယ်ရလွန်း၍ သူ့ရင်ခွင်ထဲမှ အဆက်မပြတ်ရုန်းကန်ကာ လွတ်မြောက်ဖို့ကြိုးစားလိုက်သည်။
သူတို့နှစ်ယောက်၏ဆူဆူညံညံအသံက အနည်းငယ်ကျယ်သွားတာကြောင့် လူအားလုံး သူတို့ထံဝိုင်းကြည့်လာသည်။ သို့နှင့် သူတို့နှစ်ယောက် အသံပြန်ထိန်းကာ အားနာပါးနာနှင့် အားလုံးကိုတောင်းပန်လိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိဈေးဝယ်သူများက မကျေမနပ်မဖြစ်ဘဲ ဖော်ရွေသည့်အပြုံးများဖြင့် သူတို့နှစ်ဦးကိုကြည့်နေသည်။
“မင်းတို့ကသိပ်ချစ်ဖို့ကောင်းတာပဲ၊ မင်းတို့ ပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်။”
ကြင်နာတတ်သောဂျာမန်အဘိုးအိုတစ်ဦးက သူတို့အားဆုမွန်ကောင်းတောင်းပေးသွားသည်။
သူတို့နှစ်ဦးလည်း ရင်ထဲနွေးထွေးသွားကာ လှိုက်လဲစွာကျေးဇူးတင်စကားပြောလိုက်သည်။
ထိုအချိန်မှာပင် သူတို့ပိုက်ဆံရှင်းရမည့်အလှည့်ရောက်လာသည်။ သို့နှင့် သူတို့နှစ်ဦး ဆူညံသတ်ပုတ်နေသည်ကိုရပ်ကာ အရောင်းဝန်ထမ်းလေး ပိုက်ဆံတွက်ပြီးတာစောင့်လိုက်သည်။
ပစ္စည်းများရေတွက်နေတုန်း ကုန်းကျယ်က ကောင်တာပေါ်ရှိ ဘူးသေးသေးလေးတစ်ခုကို လှမ်းယူလိုက်သည်။
အရောင်းဝန်ထမ်းက ထိုဘူးလေးကိုယူ၍ စကင်ဖတ်လိုက်ပြီးနောက် ကုန်းကျယ်နှင့်ဝမ်ကယ်တို့ကိုတစ်လှည့်စီကြည့်ကာ ပြုံးစိစိနှင့် အဓိပ္ပာယ်ပါပါ မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
*****
Aurora Novel Translation Team