Chapter 16
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 16 - ပရိုဂရမ်တစ်ခုမှဖိတ်ခေါ်ခြင်း
အပိုင်း (၁၆) – ပရိုဂရမ်တစ်ခုမှဖိတ်ခေါ်ခြင်း
👻👻👻
WeChat တွင်ညွှန်ပြထားသောတည်နေရာသို့ ဝမ်ကယ်ရောက်သွားသောအခါ ယင်ယွီထျန်းနှင့်ယဲ့ချင်တို့က လမ်းဘေးတစ်ေနရာတွင်ဆောင့်ကြောင့်ကလေးထိုင်ကာ ဖြတ်သွားဖြတ်လာများကိုလိုက်လံငေးကြည့်နေတာကိုတွေ့ရသည်။ သူတို့နှစ်ယောက်၏သနားစရာသွင်ပြင်က ဝမ်ကယ် သကြားခဲလေးကို ပထမဆုံးမြင်တွေ့ခဲ့တုန်းကနှင့် တစ်ပုံစံတည်းပင်။
သူအဝေးမှလှမ်းလာတာမြင်တော့ ယင်ယွီထျန်း၏ငိုမဲ့မဲ့မျက်နှာက ချက်ချင်းဝင်းခနဲတောက်ပသွားသည်။ ထို့နောက် ဒုက္ခတွင်းမှလွတ်မြောက်၍ ဘဝသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသည့်အလား အနားပြေးလာကာ ဝမ်ကယ်အား ငိုကြီးချက်မဖြင့်ပွေ့ဖက်လေတော့သည်။
“ရှောင်ကယ်၊ ဝူးဝူးဝူး၊ မင်းရှိလို့တော်သေးတာပေါ့၊ ငါနဲ့ချင်ချင်မှာလေ ဒီနေ့ညဂျာမနီလမ်းမတွေပေါ် ညအိပ်ရပြီမှတ်နေတာ၊ ဝူးဝူးဝူး။”
ယင်ယွီထျန်းက ဝမ်ကယ်ကိုဖက်၍ငိုလေသည်။ ယဲ့ချင်ကလည်း မျက်လုံးများနီရဲလျက်သား။ အကယ်၍ ဝမ်ကယ်သာစက္ကန့်နည်းနည်းအရောက်နောက်ကျခဲ့လျှင် ယဲ့ချင်ပါ ယင်ယွီထျန်းနှင့်အတူထိုင်ငိုနေမည်ပုံပေါ်သည်။
“မင်းတို့မှာ ဘာသာပြန်ပါလာတယ်မဟုတ်လား။”
ဝမ်ကယ် ယင်ယွီထျန်းငိုသံကြီးကြောင့် ခေါင်းကိုက်သွားသည်။ ယင်ယွီထျန်းကတော့ ကြောက်လန့်နေဆဲဖြစ်ကာ စိတ်ပျက်စရာကောင်းလောက်အောင် အကျယ်ကြီးအော်ငိုနေသည်။ ဝမ်ကယ်လည်းရွေးစရာမရှိသည့်အဆုံး ထိုငှက်ဆိုးထိုးသံကြီးကို ကြိတ်မှိတ်သည်းခံကာ ယင်ယွီထျန်းကိုနှစ်သိမ့်ပေးရသည်။
ယင်ယွီထျန်းက ကြို့ထိုးသည်အထိ ရှိုက်ကြီးတငင်ငိုကြွေးနေသည်။ သူကအကျယ်ကြီးအော်ငိုေနတာကြောင့် ဝမ်ကယ့်စကားကိုသေချာမကြားသလို ဘာမှလည်းပြန်မဖြေလာပေ။ သို့သော် ဘေးတွင်ရပ်နေသည့်ယဲ့ချင်က နှာတစ်ချက်ရှုံ့ကာ ပြောလာသည်။
“အစက ကျွန်တော်တို့သူ့နောက်ကလိုက်လာတာ။ နောက်တော့ အစ်ကိုထျန်းက ဟော့ဒေါ့ေရာင်းတဲ့ လမ်းဘေးဆိုင်ေလးတစ်ဆိုင်တွေ့လို့ ကျွန်ဝောာ်တို့ နည်းနည်းဗိုက်ဆာတာနဲ့ တစ်ခုလောက်သွားဝယ်တာ။ ဒါပေမဲ့ ဝယ်ပြီးပြန်လာတော့ သူတို့တစ်ယောက်မှမရှိတော့ဘူး။”
ဝမ်ကယ်လုံးဝမအံ့ဩတော့ပေ။ ဒီငကြောင်နှစ်ယောက်တော့ အမှားလုပ်လိုက်ပြီဆိုတာသူတစ်ခါတည်းတန်းသိလိုက်သည်။ နောက်ပြီး သွေးစုပ်ဖြူရော်အောင်ကြောက်လန့်နေသော သူတို့မျက်နှာများကိုကြည့်ရုံဖြင့် တော်တော်မှတ်လောက်သားလောက်ဖြစ်သွားမှန်းသိသာသည်။ သို့နှင့် ဝမ်ကယ် ဘာမှမပြောဘဲ သူတို့ပခုံးကိုပုတ်ကာ ကားထဲဝင်ခိုင်းလိုက်သည်။
သူတို့နှစ်ဦးသား လိမ်လိမ်မာမာဖြင့်ကားထဲဝင်ထိုင်လိုက်သည်။ ထို့နောက် နှစ်ယောက်စလုံး ယာဉ်မောင်းနေရာတွင်ထိုင်နေေသာ ကုန်းကျယ်ကိုတွေ့သွားသည်။ ယင်ယွီထျန်းက နှာတစ်ချက်ရှုံ့ကာ ကုန်းကျယ်ကိုနှုတ်ဆက်လိုက်သည်။ သူက ကုန်းကျယ်နှင့်အတော်ေလးရင်းနှီးပြီးသားဖြစ်သည်။ အလုပ်ကိစ္စအကြောင်းဆွေးနွေးဖို့ ဝမ်ကယ့်အိမ်သွားတိုင်း ကုန်းကျယ်နှင့်ဆုံလျှင် သူတို့ချင်းစကားအနည်းငယ်ပြောဖြစ်သည်။
သို့သော် ယဲ့ချင်ကတော့ ကုန်းကျယ်နှင့် အခုမှပထမဆုံးအကြိမ် အပြင်မှာဆုံဖူးခြင်းဖြစ်သည်။ ယဲ့ချင်အလွန်စိတ်လှုပ်ရှားကာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည်။ သူကခြေထောက်နှစ်ေချာင်းစေ့နေအောင်ထိုင်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်သည်။
“ရုပ်…..ရုပ်ရှင်ဧကရာဇ်ကုန်း၊ မင်္ဂလာပါ!”
ဝမ်ကယ်က ခေါင်းခန်းတွင်ဝင်ထိုင်ကာ ပြုံးပြီးပြောလိုက်သည်။
“ရှောင်ယဲ့၊ မင်းဘာလို့အဲ့လောက်စိတ်လှုပ်ရှားနေရတာလဲ၊ ရုပ်ရှင်ဧကရာဇ်က လူမစားပါဘူးကွ။”
ယဲ့ချင်တစ်ယောက် ခြောက်ကပ်ကပ်ရယ်ကာ စိတ်ထဲကနေအထွန့်တက်လိုက်သည်: ရုပ်ရှင်ဧကရာဇ်က လူမစားဘူးလို့ဘယ်သူပြောလဲ။ ခင်ဗျားကို သူနေ့တိုင်းစားနေတာမဟုတ်ဘူးလား။
ကုန်းကျယ်နှင့်ဝမ်ကယ်၏ ခန္ဓာကိုယ်အချိုးအစားက ကွာခြားချက်အလွန်ကြီးမားသည်။ မည်သူမဆိုတစ်ချက်ကြည့်ရုံဖြင့် သူတို့နှစ်ယောက်အနက် ဘယ်သူကအပေါ်ကဖိ၍ ဘယ်သူကအောက်ကအဖိခံရမည်ဆိုတာ အလွယ်လေးခန့်မှန်းနိုင်သည်။ ထို့အပြင် ခုနက ဝမ်ကယ်နောက်လှည့်လာသည့်အခါ သူ့နားရွက်နောက်၌ အနီရောင်အမှတ်သေးသေးလေးတစ်ခုရှိနေတာကိုတွေ့လိုက်ရသည်။ ကြည့်ရတာ သူ့သူဌေး၏ဘဝက အလွန်သာယာချမ်းမြေ့နေပုံပင်။
သူတို့ထွက်လာပြီးသိပ်မကြာလိုက် ရိုက်ကူးရေးအဖွဲ့က ဖုန်းဆက်လာသည်။ နောက်ဆုံးတော့ အဖွဲ့ထဲတွင်လူလျော့နေမှန်း သူတို့သိရှိသွားသည်။ အဖွဲ့သားများကစကားစသည်နှင့် သူတို့နှစ်ယောက် ဘယ်သွားနေလဲ၊ နိုင်ငံခြားသားတွေအနိုင်ကျင့်တာခံရသေးလားဟုမေးလာကာ အတော်လေးစိုးရိမ်နေပုံရသည်။
သို့သော် ဒါသည်သူတို့အကဲပိုနေခြင်းတော့မဟုတ်။ ယင်ယွီထျန်းနှင့်ယဲ့ချင်မှာ လူအများကြားထင်ပေါ်နေသည့်အပြင် နှစ်ဦးစလုံးသည် ကြက်ကလေးတစ်ကောင်ကိုပင်ေသချာမဖမ်းနိုင်သည့် အားနည်းသူများဖြစ်သည်။ ထို့အပြင် ဒေသခံဘာသာစကားလည်းမတတ်ပြန်တာကြောင့် နိုင်ငံရပ်ခြားလမ်းမပေါ်တွင် သူစိမ်းလူဆိုးတစ်ယောက် သူတို့ကိုအနိုင်ကျင့်သွားလျှင်တောင် အော်ဟစ်အကူအညီတောင်းနိုင်မည့်ပုံမပေါ်၊ အလွန်စိတ်မချချင်စရာကောင်းလှသည်။
သူတို့နှင့်အဆက်အသွယ်မရခင် ရိုက်ကူးရေးအဖွဲ့သားတိုင်း၏စိတ်၌ အရပ်ရှည်ရှည်ဂျာမန်ယောကျာ်းကြီးတစ်ယောက်ကများ သူတို့ကိုအနိုင်ကျင့်သွားေလမလားစသဖြင့် မရေမတွက်နိုင်သောမြင်ကွင်းများစိတ်ကူးကာ အထိတ်တလန့်ဖြစ်ကုန်ကြသည်။ ယခုကဲ့သို့ သူတို့ဝမ်ကယ်နှင့်အတူရှိနေကြောင်းကြားသည့်အခါ အဖွဲ့သားများလည်းနောက်ဆုံးမှာစိတ်သက်သာရာရသွားသည်။
သို့နှင့် အဖွဲ့သားများက နှစ်သိမ့်စကားအနည်းငယ်ပြောကာ ဆက်လက်အလည်အပတ်ထွက်ကြသည်။
ဝမ်ကယ်က သူတို့နှစ်ဦးကိုဟိုတယ်ပြန်လိုက်ပို့ချင်သည်။ သို့သော် ယင်ယွီထျန်းက ဟိုတယ်ပြန်လျှင် သူတို့နှစ်ယောက်တည်းအလွန်ပျင်းစရာကောင်းသည်ဟုဆိုလာသည်။ သို့နှင့် ဝမ်ကယ်က သူတို့နှစ်ဦးသွားေလရာနောက်သို့ လိုက်ရမလိုဖြစ်နေသည်။
ဝမ်ကယ်က ပြဿနာမရှိတာကြောင့် ကုန်းကျယ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ကုန်းကျယ်က သူနှင့်ဝမ်ကယ်တို့အတွဲကြား မီးသီးနှစ်လုံးလိုအရှုပ်ထုပ်နှစ်ယောက်ပါလာမည်ကို သဘောမကျလှသော်လည်း နောက်ဆုံးမှာ သဘောတူလိုက်လျောခဲ့သည်။
သို့နှင့် ကုန်းကျယ်နှင့်ဝမ်ကယ်မှာ ခရီးသည်လမ်းညွှန်သူများဖြစ်လာပြီး ယင်ယွီထျန်းနှင့်ယဲ့ချင်ကို မြို့ထဲအလည်အပတ်ခေါ်သွားဖြစ်သည်။
ညနေ (၅)နာရီကျော်တော့ မစ္စစမစ်က သူတို့ထံ ပါတီကျင်းပရန်အဆင့်သင့်ဖြစ်နေသည့်အကြောင်းဖုန်းဆက်ပြောလာသည်။ သူ(မ)က သူတို့ဘယ်အချိန်ပြန်လာမလဲဟုမေးလိုက်သည်။ ဒီတော့မှ သူတို့ပြန်ရောက်မည့်အချိန်ကိုမှန်း၍ သူ(မ)က ကြက်ဆင်ကိုကင်စက်ထဲထည့်မှာဖြစ်သည်။
လည်ပတ်ကြည့်ရှုလို့ပြီးသလောက်ရှိတာကြောင့် ဝမ်ကယ် တစ်နာရီအတွင်းအိမ်ပြန်ရောက်မည်ပြောလိုက်သည်။ ထို့နောက် သူက မစ္စစမစ်ကို ပါတီသို့သူငယ်ချင်းနှစ်ယောက်ခေါ်လာလို့ရနိုင်မလားဟု မေးလိုက်သည်။ မစ္စစမစ်က သူတို့သူငယ်ချင်းများဆိုသည်နှင့် ပျော်ပျော်ကြီးသဘောတူလိုက်သည်။
ပါတီက အသေးစားလေးဖြစ်သော်လည်း လူတော်တော်များများရောက်လာသည်။ သူတို့အားလုံးသည် ကုန်းကျယ်နှင့်ဝမ်ကယ် ဂျာမနီတွင်ကျောင်းတက်စဉ် ခင်မင်ခဲ့ကြသောသူငယ်ချင်းများဖြစ်ပြီး ဘွဲ့ရပြီးနောက် အသီးသီးနှုတ်ဆက်ထွက်ခွာခဲ့သည်။ ယခု မစ္စစမစ်က သူတို့အားလုံးကိုဘယ်လိုလှမ်းခေါ်လိုက်မှန်းတော့မသိနိုင်အောင်ပင်။
မစ္စတာနှင့်မစ္စစမစ်မှလွဲ၍ ကျန်လူအားလုံးမှာ တရုတ်ပြည်၏အနုပညာလောကအကြောင်းလုံးဝမသိပေ။ အားလုံးက မိမိတို့၏ယခင်ကျောင်းနေဖက်သူငယ်ချင်းများမှာ ယခုအခါ တရုတ်ပြည်၏နာမည်ကြီးစူပါစတားများဖြစ်လာမှန်းမသိတာကြောင့် ကုန်းကျယ်နှင့်ဝမ်ကယ်အပေါ်ထားသည့်သူတို့သဘောထားများကလည်း ယခင်အတိုင်း မပြောင်းမလဲတရင်းတနှီးရှိကြသည်။
ယင်ယွီထျန်းနှင့်ယဲ့ချင်မှာ ဝမ်ကယ်၏သူငယ်ချင်းများအဖြစ် နွေးထွေးစွာကြိုဆိုခြင်းခံရသည်။ အထူးသဖြင့် မစ္စစမစ်က သူတို့၏လိမ္မာရေးခြားရှိသည့် ဖြူဖြူသန့်သန့်မြေးကလေးနှစ်ယောက်လိုပုံစံကိုမြင်တော့ အလွန်သဘောကျသွားသည်။ သူငယ်ချင်းများက ဝမ်ကယ်နှင့်ကုန်းကျယ်အား နာမည်ခေါ်၍စကားစမြည်ပြောကြတော့ မစ္စစမစ်က ယင်ယွီထျန်းနှင့်ယဲ့ချင်တို့နှစ်ယောက်တည်းဖြစ်နေမည်စိုးကာ သူတို့ဘေးတွင်တစ်ချိန်လုံးထိုင်ပြီး အဖော်လုပ်ပေးနေသည်။ မစ္စစမစ်ငယ်စဉ်က ဗြိတိန်တွင်နှစ်အနည်းငယ်နေဖူးသည့်အတွက် သူ(မ)က အင်္ဂလိပ်စကားပြောတတ်ကာ သူတို့သုံးဦး အင်္ဂလိပ်လိုပြောဆိုနိုင်ပေသည်။
ယနေ့က စနေ၊တနင်္ဂနွေပိတ်ရက်မဟုတ်တာကြောင့် အားလုံးနောက်တစ်နေ့တွင်အလုပ်သွားဖို့ရှိနေသည်။ သို့နှင့် ပါတီပွဲလေးမှာ ည(၁၀)နာရီမထိုးခင်ပြီးဆုံးသွားသည်။ ကုန်းကျယ်နှင့်ဝမ်ကယ်က သူငယ်ချင်းများကိုနှုတ်ဆက်ကာ ယင်ယွီထျန်းနှင့်ယဲ့ချင်ကို ဟိုတယ်ပြန်လိုက်ပို့ေပးသည်။
ရိုက်ကူးရေးအဖွဲ့သားများလည်း ညစာစားပြီးပြန်လာကြချိန်ဖြစ်ပြီး သူတို့ချင်း ဟိုတယ်ဝင်ပေါက်မှာသွားဆုံသည်။ ရိုက်ကူးရေးအဖွဲ့က ယင်ယွီထျန်းနှင့်ယဲ့ချင်ကိုဝန်းရံကာ မေးခွန်းတွေမေးကြသည်။ သူတို့က ဝမ်ကယ်ကိုလည်း စကားပြောဖို့ခဏဆွဲထားသည်။ သို့နှင့် ဝမ်ကယ်မှာ လူအုပ်ကြားမှ အချိန်ခဏကြာထွက်လာ၍မရဖြစ်နေသည်။
ကုန်းကျယ်က တစ်ချိန်လုံးကားထဲတွင်ထိုင်ပြီး စောင့်ကြည့်နေသည်။ အချစ်မှိုင်းမိနေသောအမျိုးသမီးတစ်သိုက် သူ့ချစ်သူနားဝိုင်းကာ ဆာလောင်သည့်မျက်လုံးများနှင့် သူ့ချစ်သူအပေါ် ခုန်အုပ်မလိုဖြစ်နေတာမြင်တော့ သူအတော်ေလးဒေါပွကာ သေလောက်အောင်မျက်မှောင်ကြုတ်လိုက်သည်။ ငါးမိနစ်စောင့်ပြီးသည့်တိုင် သူ့ချစ်သူပြန်ေရာက်မလာတာမြင်တော့ မခံစားနိုင်တဲ့အဆုံး သူကားဟွန်းထတီးလိုက်သည်။
လူအားလုံး ကားဆီလှမ်းကြည့်လာသည်။ ကုန်းကျယ်က mask အပေါ်ဆွဲတင်ကာ ထိုင်ခုံနောက်မှီအား နောက်အနည်းငယ်ဖိချ၍ သူ့ကိုယ်သူ အမှောင်ရိပ်ထဲ ပုန်းကွယ်ထားလိုက်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော့်မှာကိစ္စေလးရှိလို့ အရင်သွားနှင့်မယ်နော်။”
ဝမ်ကယ်က ကားပေါ်မှလူကို သူတို့နှင့်မိတ်ဆက်မပေးဘဲ တိုတိုတုတ်တုတ်သာအကြောင်းပြ၍ ကားပေါ်ပြန်တက်သွားသည်။
ကားထွက်သွားတော့ လူတစ်ယောက်က ယင်ယွီထျန်းကိုမေးလိုက်သည်။
“အဲ့ဒါဆရာဝမ်ရဲ့သူငယ်ချင်းလား။ ဘာလို့ mask တပ်ထားတာလဲဟင်။”
“သူက အအေးမိနေတာေလ၊ တခြားလူကိုကူးမှာစိုးလို့။”
ယင်ယွီထျန်းက မှင်သေသေညာေပြာလိုက်၏။
အများစုက သူ့အပြောကိုယုံကြည်သွားသည်။ သို့သော် ကားထွက်သွားရာဆီ ငေးေမာကြည့်နေဆဲလူတစ်ယောက်နှစ်ယောက်လည်းရှိနေသေးသည်။ သူတို့က ခေါင်းစောင်းကာ အလေးအနက်ချင့်ချိန်စဉ်းစားနေသည်။
“နင် မထင်မိဘူးလား ဟို……။”
“ထင်တယ်။”
စကားအရင်စပြောသည့် မိန်းကလေးက သူ(မ)၏အဖော်ဖြစ်သူကို မကျေမနပ်တစ်ချက်လှမ်းကြည့်ကာ:
“ငါဘာမှတောင်မပြောရသေးဘူး။ နင်ကငါဘာပြောချင်မှန်းတန်းသိသွားရောလား။”
“Mask တပ်ထားတဲ့တစ်ယောက်က ရုပ်ရှင်ဧကရာဇ်ကုန်းနဲ့တူတယ်မထင်ဘူးလား။”
“သောက်ကျိုးနည်း!”
မိန်းကလေးမျက်နှာက ထိတ်လန့်အံ့ဩသွားကာ:
“နင်က သောက်ကျိုးနည်းငါ့ဗိုက်ထဲကသန်ကောင်ပါလား။ ငါဒါပြောမယ်မှန်းနင်သိနေတယ်ပေါ့။”
အဖော်ဖြစ်သူက နားလည်ရခက်စွာရယ်မောရင်း:
“ဘာလို့လဲဆိုတော့ ငါလည်းအဲ့ဒီလိုထင်လို့လေ။”
“ဒါဆိုနင်ပြောကြည့်၊ အဲ့ဒီလူက ရုပ်ရှင်ဧကရာဇ်ကုန်းဟုတ်လားမဟုတ်ဘူးလား။”
အဖော်ဖြစ်သူက ခေါင်းငုံ့ကာ ချင့်ချိန်စဉ်းစားပြီးနောက်:
“ငါ တကယ်ပဲအဲ့လိုတွေးလိုက်ချင်တယ်၊ ဒါပေမဲ့ ဆင်ခြင်တုံတရားက ငါ့ကိုစိတ်လိုက်မာန်ပါမလုပ်ဖို့ပြောနေတယ်။”
တစ်ပြိုင်နက်တည်းတွင် ပွဲဦးထွက်ချိန်မှအစပြု၍ နတ်ဘုရားနှစ်ပါးအချင်းချင်း သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြပုံ၊ အားကောင်းပြင်းထန်သည့်တိုက်ပွဲခေါ်သံေဆာင်ပုဒ်များနှင့် အမျိုးမျိုးသောသတင်းပုံရိပ်များက သူတို့ခေါင်းထဲ တစ်ခုပြီးတစ်ခုဖြတ်သန်းပြေးလွှားသွားသည်။
“တကယ်တော့……..”
အချိန်အတော်ကြာမှ ထိုမိန်းကလေးက ဖွင့်ဟဝန်ခံလိုက်၏။
“ငါက သူတို့နှစ်ယောက်ရဲ့ စုံတွဲ(CP)ဖန်…..”
အဖော်ဖြစ်သူက အတွင်းသိများလိုတစ်ချက်ပြုံးလိုက်ကာ:
“အိုး၊ တိုက်ဆိုင်လိုက်တာ။”
👻👻👻
အင်္ဂါနေ့တွင် ဝမ်ကယ် အလုပ်သို့တစ်ယောက်တည်းကားမောင်းလာကာ ယင်ယွီထျန်းအပါအဝင်အခြားသူများနှင့် တွေ့ဆုံခဲ့သည်။ ရိုက်ကူးရေးအဖွဲ့က တနင်္လာနေ့တွင် ကြော်ငြာရိုက်ကွင်းနှင့်ပတ်သက်သည့်အသေးစိတ်အစီအစဉ်များကို ကုမ္ပဏီနှင့်ညှိနှိုင်းပြီးစီးခဲ့ပြီး ထို့နေ့မှာပင် အာဂျန်တီးနားသို့ညတွင်းချင်းထွက်ခွာခဲ့သည်။
ဒီတစ်ခေါက် HUGO BOSS ဒီဇိုင်နာချုပ်နှင့်ေတွ့ဆုံခြင်းက ဝမ်ကယ့်အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ အမှန်တော့ ဝမ်ကယ် HUGO BOSS ၏အာရှတိုက်ကိုယ်စားပြုပြောေရးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်လာကတည်းက ကော်ဇောနီအခမ်းအနားများ သို့မဟုတ် နှစ်စဉ်အရေးပါသောပွဲကြီးများသို့တက်ရောက်သည့်အခါ သူ့အဝတ်အစားများကို ဒီဇိုင်နာချုပ်ကိုယ်တိုင် စီစဉ်ဒီဇိုင်းဆွဲခဲ့တာဖြစ်သည်။ ထို့ကြောင့် သူတို့စကားဝိုင်းက အလွန်အဆင်ပြေချောမွေ့ခဲ့ကာ မပြန်ခင်မှာလည်း ဒီဇိုင်နာချုပ်က ဝမ်ကယ်အား ထမင်းအတူစားဖို့ဖိတ်ခဲ့သည်။
နောက်တစ်နေ့မနက်အစော၌ သူတို့သုံးဦး ရိုက်ကူးရေးအဖွဲ့သားများနှင့်ပြန်ဆုံရန် အာဂျန်တီးနားသို့ အစောဆုံးလေယာဉ်ဖြင့်ထွက်ခွာခဲ့သည်။
နောက်တစ်ရက်မှာဝောာ့ ကုန်းကျယ်က မစ္စတာနှင့်မစ္စစမစ်တို့ကိုနှုတ်ဆက်ကာ အိမ်သို့ပြန်ခဲ့သည်။
နောက်ပိုင်းတွင် သူ့၌ ရုပ်ရှင်ကားတစ်ကားပွဲဦးထွက်ရန်နှင့် အင်တာဗျူးတချို့ရှိနေသည်။ ထို့ကြောင့် ဝမ်ကယ်ေနာက်လိုက်ဖို့ သူ့မှာအချိန်မရှိတော့ပေ။
လေယာဉ်ဆိုက်ပြီးနောက် အေးဂျင့်က သူ့ကိုကိုယ်တိုင်လာကြိုသည်။
ကုန်းကျယ်အေးဂျင့်မှာ လော့မင်ဖန်ဖြစ်ပြီး မြောက်ပိုင်းသားစစ်စစ်ဖြစ်သည်။ သူက ကုန်းကျယ်ထက် အရပ်အနည်းငယ်ပိုရှည်သော်လည်း ကုန်းကျယ်တစ်ဝက်ခန့်ပိုပိန်တာကြောင့် ကြည့်လိုက်လျှင်ဝါးခြမ်းပြားတစ်ေချာင်းနှင့်တူပေသည်။ ဖြောင့်စင်းသောခြေထောက်နှစ်ချောင်းနှင့် လူကိုလန့်လောက်အောင်ပိန်ပါးသူဖြစ်တာကြောင့် သူ့အား ကုန်းကျယ်ဖန်များက ဝါးတူလေးဟုချစ်စနိုးခေါ်ကြသည်။
မစ္စတာဝါးတူလေးမှာ အရပ်ကလွဲလျှင် မြောက်ပိုင်းသားတို့၏စံချိန်စံနှုန်းနှင့်အတော်ေလးကွဲလွဲသည်။ အထူးသဖြင့် သူ၏နုနယ်ထိလွယ်ရှလွယ်သော ဖန်သားကဲ့သို့နှလုံးသားလေးဖြစ်သည်။ တခြားသူကသူ့အား နည်းနည်းလောက်စကားမာမာပြောမိလျှင် ချက်ချင်းမျက်ရည်ကျတတ်သူဖြစ်သည်။ နောက်ပြီး သူ တစ်ခါငိုလျှင် အလွန်ပြန်ချော့ရခက်သည်။ ထို့ကြောင့် ကုန်းကျယ်က သူ့အားဘယ်တော့မှမဆူရဲသလို၊ မကျေနပ်ကြောင်းပင်မပြဝံ့ပေ။ အကြောင်းမှာ သူ၏နှလုံးသားလေးက ခံနိုင်ရည်မရှိသောကြောင့်ဖြစ်သည်။
ကုန်းကျယ်တစ်ယောက် မကြာခဏဆိုသလို မိမိနှင့်ဝမ်ကယ် ဘယ်လိုလုပ်များ လူထူးလူဆန်းတွေချည်းခေါ်ထားမိပါလိမ့်ဟု အကြိမ်ကြိမ်အတွေးဝင်မိသည်။ အေးဂျင့်ဖြစ်ဖြစ်၊ လက်ထောက်ဖြစ်ဖြစ် တစ်ယောက်မှပုံမှန်လူတစ်ဦးနှင့်မတူပေ။ ထို့ကြောင့် အင်တာနက်သုံးစွဲသူများက သူနှင့်ဝမ်ကယ်အား မိမိတို့ကိုယ်ပိုင်အဖွဲ့အသီးသီးတွင် အတည်ငြိမ်ဆုံးနှင့်စိတ်အချရဆုံးလူများဟု မှတ်ချက်ပေးကြတာမထူးဆန်းပေ။
နောက်တစ်နေ့တွင် အေးဂျင့်က သူ့ကိုကိုယ်တိုင်လာကြိုပြီး ကုမ္ပဏီသို့လိုက်ပို့ေပးသည်။
မနေ့က သူတို့သူဌေးက သူတို့အားပြောစရာရှိတာကြောင့် အချိန်ရလျှင်ကုမ္ပဏီသို့တစ်ခေါက်လာခဲ့ရန် မှာကြားထားသည်။
သူတို့ကုမ္ပဏီရောက်တော့ အပေါ်ဆုံးထပ်၊ ဥက္ကဌရုံးခန်းသို့ ဓာတ်လှေကားဖြင့်တန်းတက်သွားသည်။ အတွင်းရေးမှူးက ကုန်းကျယ်ကိုမြင်တော့ စိတ်လှုပ်ရှားပြီး မျက်နှာနီမြန်းကာ ဝမ်းသာအားရလက်ဝှေ့ယမ်းပြသည်။ ကုန်းကျယ်က နေကာမျက်မှန်ချွတ်၍ သူ(မ)အားပြုံးပြလိုက်သည်။ ထို့နောက် သူလည်း မိမိ၏ချောမောခံ့ညားမှုအောက်တွင်နလန်မထူနိုင်ဖြစ်ကာ အသည်းနှလုံးကိုလက်နှင့်ဖိ၍ ထိုင်ခုံပေါ်ပစ်လဲကျသွားသော အတွင်းရေးမှူးမလေးကိုချန်ထား၍ ဥက္ကဌရုံးခန်းထဲလှမ်းဝင်သွားတော့သည်။
ရုံးခန်းတံခါးက ပွင့်ပြီးပြန်ပိတ်သွားသည်။ ကုန်းကျယ် စားပွဲဆီတန်းသွားကာ ထိုင်လိုက်၏။ တစ်ချိန်တည်းတွင် စားပွဲနောက် တံခါးဝတည်တည့်ကိုေကျာေပးထားသောထိုင်ခုံမှာ ရှေ့သို့ပြန်လှည့်လာသည်။ ထို့နောက် မကြာခင် ရွှေရောင်ဆံပင်များက သူ့မြင်ကွင်းထဲဝင်ရောက်လာသည်။
ကုန်းကျယ်မနေနိုင်ဘဲ လှောင်ရယ်ရယ်လိုက်သည်။
“ဒီဆံပင်အရောင်က မင်းမျက်နှာကို ပိုမည်းသွားစေတယ် အသားမည်း။”
“ချီး!”
သူဌေးထိုင်ခုံတွင်ထိုင်နေသူအမျိုးသားက ရုတ်တရက်ဆတ်ခနဲခုန်ထကာ စားပွဲကိုလက်ဖြင့်ခပ်ကြမ်းကြမ်းပုတ်ရင်း:
“မင်းအဖေငါ့ကို အသားမည်းလို့ထပ်မခေါ်ဖို့ မင်းကို ပြောထားတယ်လေ။”
ကုန်းကျယ်က ရယ်ရင်း:
“မင်းအသားဖြူဆေးသွားထိုးထားတာလား။ အရင်ကထက်ပိုဖြူလာတယ်။”
“မင်းအဖေမင်းကိုပြောထားတယ်လေကွာ၊ အဲ့ဒီတုန်းက ခရမ်းလွန်ရောင်ခြည်ကြောင့် ခဏနေလောင်သွားတာပါလို့။ မင်းအဖေငါက အစကတည်းကအရမ်းအသားဖြူတယ်ကွ၊ ဟုတ်ပြီလား။”
မုရန်က မရေမတွက်နိုင်သော N ကြိမ်မြောက်အနေဖြင့် ကိုယ့်ကိုယ်ကိုယ်အတွက် ပြန်လည်ေချပလိုက်သည်။
ကုန်းကျယ်လည်း ပုခုံးတွန့်ပြလိုက်၏။ သူ့ပုံစံက အယုံအကြည်မရှိမှန်းသိသာသည်။ သူက စားပွဲကိုလက်နှင့်ခေါက်ရင်း မေးလိုက်သည်။
“ပြော၊ ငါတို့ကို ဘာလုပ်ဖို့ခေါ်တာလဲ။ ငါ့မှာအလုပ်ရှိသေးတယ်၊ မင်းနဲ့လေပေါပြီးရန်ဖြစ်ဖို့အချိန်မရှိဘူး။”
မုရန်က ကုန်းကျယ်အလုပ်လုပ်သော အနုပညာကုမ္ပဏီ၏ ပိုင်ရှင်သူဌေးဖြစ်သလို၊ တစ်ချိန်တည်းမှာပင် ကုန်းကျယ်၏တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်းလည်းဖြစ်သည်။ ထို့ကြောင့် အခြားသူများနှင့်ယှဉ်လျှင် မုရန်နှင့်စကားပြောသည့်အခါ ကုန်းကျယ်၏ပြောပုံဆိုပုံက အလုပ်ရှင်နှင့်အလုပ်သမားကြားလေးစားမှုမျိုးထက် ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများကဲ့သို့သာ ပေါ့ပေါ့ပါးပါးပြောဆိုဆက်ဆံဖြစ်လေသည်။
မုရန် မျက်ဖြူလှန်ပြကာ အံဆွဲထဲမှဖိုင်နှစ်ခုထုတ်၍ သူတို့ဆီပစ်ပေးလိုက်သည်။
“သိပ်မကြာသေးခင်တုန်းက ဖင်းကော်(ပန်းသီး) တီဗွီရုပ်သံလိုင်းကနေ သူတို့ပရိုဂရမ်မှာပါဖို့ ငါ့ဆီဖိတ်စာတစ်စောင်ပို့လာတယ်။ မင်းကြည့်ကြည့်၊ စိတ်ဝင်စားရင် လက်ခံလိုက်ပေါ့။”
ကုန်းကျယ်က တစ်ချက်တောင်လှန်မကြည့်ဘဲပြောလိုက်သည်။
“စိတ်မဝင်စားဘူး။ ငြင်းလိုက်။”
*****
Aurora Novel Translation Team