Chapter 17
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 17 - ရသစုံရှိုးတွေလက်မခံဘူး
အပိုင်း (၁၇) – ရသစုံရှိုးတွေလက်မခံဘူး
👻👻👻
မုရန်အပြုံးက အနည်းငယ်ထူးဆန်းနေသည်။
“ငြင်းဖို့မလောနဲ့ဦး၊ အရင်ကြည့်ပြီးမှပြောစမ်းပါ။ ပြောမရဘူး မင်းကြည့်ပြီးစိတ်ပြောင်းချင်ပြောင်းသွားမှာ။”
ကုန်းကျယ် စိတ်မရှည်သလိုနှာမှုတ်ကာ ဖိုင်တွဲယူ၍ လှန်လှောကြည့်လိုက်သည်။ လော့မင်ဖန်လည်း ဖိုင်တွဲတစ်ခုကိုယူကာ တစ်ချက်ကြည့်ပြီးပြောလိုက်သည်။
“အောက်ဒိုးသဘာဝရသစုံရှိုးလား။”
(T/N – အောက်ဒိုး = ရုပ်ရှင်၊ ဓာတ်ပုံရိုက်၊ ပန်းချီရေးဆွဲရာ အပြင်ဘက်နေရာ၊ ရိုက်ကွင်း။)
မုရန်က ခေါင်းညိတ်ရင်း:
“ဖင်းကော်(ပန်းသီး)ရုပ်သံလိုင်းကထုတ်လွှင့်မဲ့ ခရီးသွားစွန့်စားအစီအစဉ်သစ်လေ။ အဲ့ဒီပရိုဂျူဆာက ငါ့သူငယ်ချင်းပဲ။ အဲ့တော့ သူက မင်းဒီအစီအစဉ်မှာပါဖို့ စိတ်ဝင်စားလားမေးပေးပါဆိုပြီး ငါ့ကိုအပူကပ်ထားတယ်။”
“သဘာဝရသစုံရှိုးရိုက်ကူးရေးတွေက အချိန်အရမ်းကြာတယ်၊ ပြီးတော့ ဒီအစီအစဉ်က ပြည်ပထွက်ပြီးရိုက်ရမှာ၊ တစ်ခါသွားရင်အနည်းဆုံး (၂)လပဲ။ ကုန်းကျယ်က နောက်နှစ်ထဲဒရမ်မာနှစ်ကားရိုက်ဖို့လက်ခံထားသေးတာဆိုတော့ အချိန်မရလောက်ဘူး။”
လော့မင်ဖန်က မဝံ့မရဲပြောလိုက်သည်။
မုရန်ကပြောသည်။
“ဒီခေတ်ကြီးထဲမှာ သဘာဝရသစုံရှိုးဆိုတာ ဖန်တွေကိုဆွဲဆောင်နိုင်တဲ့မှော်လက်နက်တစ်မျိုးပဲ။”
လော့မင်ဖန် တစ်ခုခုပြောချင်နေေသးတာမြင်တော့ မုရန်ကထပ်ပြောလိုက်သည်။
“ငါတို့ရုပ်ရှင်ဧကရာဇ်ကုန်းက ဒါမျိုးနဲ့ဖန်တွေကိုဆွဲဆောင်စရာမလိုမှန်း ငါသိပါတယ်။ ဒါပေမဲ့ ဖန်ပိုများလာတာကိုဘယ်သူကမကြိုက်ဘဲနေမှာလဲ။ နောက်ပြီး ငါသတင်းရထားတယ်။ မူလက လာမဲ့ပထမနှစ်ဝက်မှာရိုက်ကူးရေးစမယ်ပြောထားတဲ့ <<တရားဝင်သား>>ရုပ်ရှင်ဇာတ်ကားရဲ့ဒါရိုက်တာက ရုတ်တရက်အပြင်းအထန်နေမကောင်းဖြစ်လို့ ရိုက်ကူးရေးကိုရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်တယ်၊ ရိုက်ကွင်းဘယ်အချိန်ပြန်စမလဲဆိုတာမသေချာဘူး။ ဒီတော့ လာမဲ့ပထမနှစ်ဝက်မှာ ငါတို့အလုပ်မရှိေတာ့ဘူး။ အဲ့ဒီအချိန်အတွင်း ဟောဒီရသစုံရှိုးကိုအစားထိုးရိုက်ကူးပြီး ဖန်တွေနဲ့အထိအတွေ့ရှိအောင်လုပ်လိုက်တာပိုေကာင်းတယ်လေ။”
“ဒါရိုက်တာလျိုနေမကောင်းဖြစ်နေတာလား။ ကျွန်တော်တို့ကိုဘာလို့သယ်သူမှအသိမပေးတာလဲ။”
လော့မင်ဖန် အံ့အားသင့်သွားသည်။
“ငါလည်း ငါ့အဖေ့ပြောတာကြားတာ။ သူမနေ့ညကပဲ ဆေးရုံတင်လိုက်ရတယ်။ ကြည့်ရတာမင်းတို့ကိုပြောဖို့အချိန်မရသေးတာဖြစ်မယ်။”
မုရန်အဖေနှင့်ဒါရိုက်တာလျိုတို့မှာ နှစ်ပေါင်းများစွာခင်မင်သည့် သူငယ်ချင်းအရင်းများဖြစ်သည်။ ထို့ကြောင့် ဒီသတင်းကို သူကြိုသိနေတာ အကျိုးအကြောင်းသင့်ပေသည်။
မုရန် ပြောပြီးနောက် လော့မင်ဖန်၏ဆုံးဖြတ်ချက်များ စတင်ယိမ်းယိုင်လာသည်။ ဒါရိုက်တာလျိုသည် တရုတ်ပြည်၏ ဝါအရင့်ဆုံးနှင့် ဩဇာအရှိဆုံးထင်ပေါ်ကျော်ကြားသည့်ဒါရိုက်တာများထဲမှတစ်ယောက်ဖြစ်သည်။ နောက်ပြီး ဤ<<တရားဝင်သား>>ရုပ်ရှင်ဇာတ်ကားမှာ သူဆယ်နှစ်တိတိအချိန်ယူစီစဉ်ခဲ့သည့် နန်းတွင်းဒရမ်မာဇာတ်ကားကြီးတစ်ကားဖြစ်သည်။ ထိုစဉ်က ဤရုပ်ရှင်ကားကြီးရိုက်ကူးရန် ပထမနှစ်ဝက်အတွင်းကမ်းလှမ်းလာေသာအခြားအလုပ်များအားလုံးကို သူတို့ငြင်းဆိုခဲ့သည်။ အခုတော့ ဒါရိုက်တာလျို နေမကောင်းဖြစ်သွားသလို၊ ရိုက်ကူးရေးပြန်စမည့်အချိန်ကိုလည်း သေချာမဆုံးဖြတ်ရသေးသည့်အတွက် ပထမနှစ်ဝက်တွင် သူတို့လုံးဝအလုပ်အားနေသလိုဖြစ်သွားသည်။ အနုပညာကြယ်ပွင့်တစ်ဦးအနေဖြင့် အနုပညာအလုပ်များအကြာကြီးရပ်ဆိုင်းထားခြင်းမှာ ကောင်းသည့်ကိစ္စတော့မဟုတ်ပေ။ ထို့ကြောင့် လော့မင်ဖန်အနေဖြင့် ဒီရသစုံရှိုးကိုလက်ခံလိုက်ချင်သည်။ သို့သော် ကိစ္စအားလုံးက ကုန်းကျယ်၏သဘောထားပေါ်မူတည်နေသည်။
ကုန်းကျယ်က ဖိုင်တွဲကိုဖတ်ပြီးနောက် မုရန်ကိုကြည့်ကာ မေးလိုက်သည်။
“မင်းက ငါ့ကို ဘာလို့ဒီအစီအစဉ်ကို အရမ်းလက်ခံစေချင်ေနရတာလဲ။”
မုရန်က သူ့အလုပ်ကိစ္စနှင့်ပတ်သက်ပြီးဝင်ပါတာအတော်ရှားသည်။ သူက ဘယ်ကိစ္စမဆို ကုန်းကျယ်ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်အပြည့်အဝပေးထားသည်။ သို့သော်ယခုတော့ ဒီပရိုဂရမ်အကြောင်းဘာမှမပြောသည့်တိုင် သူ့စကားများက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကုန်းကျယ်အားလက်ခံလိုက်စေချင်ပုံရသည်။
ဒါသိပ်ကိုထူးဆန်းတာကြောင့် ကုန်းကျယ်အနေဖြင့် အကြောင်းရင်းသေချာမသိရဘဲ လွယ်လွယ်ဆုံးဖြတ်ချက်ချမည်မဟုတ်ပေ။
မုရန်က သူ့စကားကြားတော့ ရုတ်တရက်နားလည်ရခက်စွာပြုံးလိုက်သည်။
“မင်းက မင်းနဲ့ဝမ်ကယ်ရဲ့အချစ်ရေးကိုအမြဲတမ်း လူမသိသူမသိလျှို့ဝှက်မထားချင်ဘူးမဟုတ်လား။”
ကုန်းကျယ် အံ့အားသင့်သွားသည်။
“ဒီကိစ္စနှစ်ခုက ဘာဆိုင်လို့လဲ။”
မုရန်ကမျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးလိုက်ရင်း:
“ယုံကြည်စိတ်ချရတဲ့သတင်းအရင်းအမြစ်တစ်ခုအရဆိုရင် သူတို့ကဝမ်ကယ့်ကိုလည်းကမ်းလှမ်းထားတယ်။”
ကုန်းကျယ် အနည်းငယ်အံ့ဩသွားသည်။ သို့သော် သူကချက်ချင်းပြုံးကာ အခိုင်အမာပြောလိုက်၏။
“သူ လက်ခံမှာမဟုတ်ဘူး။”
မုရန်က ခေါင်းညိတ်လိုက်သည်။ သူကလည်း ဝမ်ကယ်နှင့်အတန်းေဖာ်သူငယ်ချင်းဖြစ်တာကြောင့် ဝမ်ကယ့်စိတ်ကို သူအလိုလိုနားလည်သည်။ သို့သော် ဒီတစ်ေခါက်ကိစ္စက အဲ့လောက်အပိုင်တွက်ထားလို့မရမှန်း သူခံစားသိေနသည်။
“တကယ်တော့ လုံးဝမဖြစ်နိုင်တာလည်းမဟုတ်ပါဘူး။ အကယ်၍ မင်းသာလက်ခံလိုက်ရင် သူလည်းပြန်စဉ်းစားလိမ့်မယ်လို့ငါထင်တယ်။”
မုရန်က လက်ထဲကဘောပင်ကိုလှည့်ပတ်ကစားရင်း:
“မင်းစိတ်နဲ့ဆို လူသိရှင်ကြားကြေညာဖို့ သေချာပေါက်စဉ်းစားေနမှာပဲ၊ ငါကတော့ ဒါကိုအခွင့်အရေးကောင်းတစ်ခုလို့မြင်တယ်။ မင်းတို့ဆက်ဆံရေးက ချက်ချင်းကြီးချပြနိုင်ဖို့မသေချာပေမဲ့ အနည်းဆုံးေတာ့မင်းတို့အပေါ်ထားတဲ့ အင်တာနက်သုံးသူတွေရဲ့ထင်မြင်ချက်တွေ နည်းနည်းပိုကောင်းလာနိုင်တယ်လေ။ ဒါက နောက်ပိုင်း မင်းတို့လူသိရှင်ကြားကြေညာဖို့ ကြိုတင်ပြင်ဆင်တာလို့လည်းယူဆလို့ရတယ်။”
ကုန်းကျယ် မျက်လွှာချကာ လူသိရှင်ကြားကြေညာဖို့အကြောင်း အလေးအနက်စဉ်းစားလိုက်သည်။ သူ ဒီအကြောင်းစဉ်းစားနေခဲ့တာကြာပြီဖြစ်သော်လည်း တကယ်တမ်းမှာဖွင့်ချဝန်ခံဖို့မဝံ့မရဲဖြစ်နေသည်။ အကြောင်းက စိုးရိမ်ပူပန်စရာအလွန်များပြားသောကြောင့်ဖြစ်သည်။ နံပါတ်တစ်အချက်အနေနှင့် သူတို့နှစ်ယောက်စလုံးက လက်ရှိအနုပညာလမ်းကြောင်း၌ အညွန့်တလူလူတက်နေချိန်ဖြစ်သည်။ အလောတကြီးဖွင့်ချလိုက်ခြင်းက သူတို့အနာဂတ်လမ်းကြောင်းအပေါ် ေသချာေပါက်ကောင်းကျိုးရှိမည်မဟုတ်ပေ။ နံပါတ်နှစ်အချက်က လတ်တလောအပြင်လောကတွင်သိထားသည့်သူတို့နှစ်ဦးဆက်ဆံရေးမှာ အလွန်ကိုးရိုးကားရားနိုင်သည်။
မျက်နှာချင်းဆိုင်သည်နှင့် သွေးဆူလာသော ရန်သူေတာ်နှစ်ယောက်က ညတွင်းချင်းနက်ရှိုင်းစွာရင်းနှီးကြသူ ချစ်သူနှစ်ယောက်အဖြစ်ေပြာင်းသွားလျှင် ဒီသတင်းက သူတို့ဖန်များသာမက အင်တာနက်အသုံးပြုသူများပါအထိနာကာ ကြီးမားသည့်ထိုးနှက်ချက်ကြီးတစ်ခုဖြစ်စေလိမ့်မည်။ ထိုအခါ ကြီးမားသည့်အကျိုးသက်ေရာက်မှုများရှိလာမှာမလွဲဧကန်ပင်။
မုရန်ပြောသလို လူသိရှင်ကြားမကြေညာခင် ပရိသတ်များကို အရင်အရိတ်မြွက်ပေးထားပါက နောက်ပိုင်း သူတို့ထုတ်ဖော်ဝန်ခံသည့်အခါ အကျိုးသက်ရောက်မှုလည်းပိုမိုနည်းပါးသွားနိုင်သည်။
“ငါ့ကိုအရင်စဉ်းစားခွင့်ပေး။”
ကုန်းကျယ်ကပြောလိုက်သည်။
မုရန်က သူ့ကိုအတင်းမတိုက်တွန်းဘဲ ခေါင်းညိတ်ပြလိုက်သည်။
“မင်း အေးအေးဆေးဆေးစဉ်းစားပေါ့။ အစီအစဉ်က နောက်နှစ်မှစရိုက်မှာ။ မင်းမှာစဉ်စားဖို့အချိန်ရသေးတယ်။ မင်းလည်း ဝမ်ကယ့်သဘောထားကိုမေးကြည့်ပေါ့။ ဘာပဲဖြစ်ဖြစ် ငါ့အမြင်တော့ ဒါကမင်းတို့အတွက်အခွင့်အရေးကောင်းတစ်ခုပဲ။”
ကုန်းကျယ် အင်း ဟုအသံပြုဖြေလိုက်သည်။ တခြားဘာမှပြောစရာမရှိတာသေချာတော့ သူ လော့မင်ဖန်ကိုခေါ်ကာ ကုမ္ပဏီကပြန်ခဲ့သည်။
အပြန်လမ်း၌ ကုန်းကျယ်တစ်ယောက် ကားနောက်ခန်းတွင်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်သို့ကြည့်ရင်း တွေဝေမိန်းမောနေသည်။ လော့မင်ဖန်ကားမောင်းရင်း နောက်ကြည့်မှန်မှတစ်ဆင့် ကုန်းကျယ်ကိုလှမ်းကြည့်ကာ မေးလိုက်သည်။
“အဲ့ဒီရသစုံရှိုးကိုမင်းဘယ်လိုလုပ်မယ်တွေးထားလဲ။”
ကုန်းကျယ်ကအသိပြန်ဝင်ပြီး ကားခေါင်းခန်းကိုလှမ်းကြည့်ကာ ရေရွတ်လိုက်သည်။
“လောလောဆယ်တော့ မပြောတတ်သေးဘူး။ ကျွန်တော့်ကိုအရင်စဉ်းစားခွင့်ပေးပါ။”
လော့မင်ဖန်က ခေါင်းညိတ်ပြကာ ဘာမှထပ်မပြောတော့ပေ။ အဲ့ဒီအစား သူက ရှေ့အပတ်အတွက် အလုပ်အစီအစဥ်များကိုပြောလိုက်သည်။
နှစ်ကုန်ခါနီးတော့ ကုန်းကျယ်အလုပ်ေတွပါးသွားသည်။ တခြားအနုပညာရှင်များအတွက် နှစ်ကုန်ပိုင်းတွင်အလုပ်အများဆုံးဖြစ်သော်လည်း ကုန်းကျယ်ကတော့ နှစ်ကုန်ခါနီးမှအလုပ်ပိုအားသွားသည်။ နှစ်တိုင်းလိုလို မတူညီသောတီဗွီရုပ်သံလိုင်းများက သူ့အားနှစ်သစ်ကူးညပါတီပွဲများသို့တက်ရောက်ရန်ဖိတ်ကြားခဲ့သည်။ သို့သော် သူ အားလုံးကိုတစ်ခုပြီးတစ်ခုငြင်းဆန်ခဲ့သည်။
နှစ်သစ်ကူးညဖျော်ဖြေပွဲများဆိုသည်မှာ အဆိုတော်များ၏အိမ်ကွင်းစားကျက်ဖြစ်သည်။ သူ့လိုသရုပ်ဆောင်တစ်ယောက်က ပရိတ်သတ်များကို လက်တန်းဖျော်ဖြေနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ သီချင်းဆိုဖို့ကျတော့……
ဒီအကြောင်းတွေးမိတော့ ကုန်းကျယ်မဲ့ပြုံးပြုံးလိုက်သည်။
ဗုဒ္ဓဟူးနေ့တွင် ကုန်းကျယ်က မဂ္ဂဇင်းတစ်စောင်၏မျက်နှာဖုံးရှင်အဖြစ် အင်တာဗျူးတစ်ခုလက်ခံထားသည်။ သောကြာနေ့တွင် အနုပညာလောက၏ရေပန်းအစားဆုံးမီဒီယာတစ်ခုနှင့် သီးသန့်အင်တာဗျူးလုပ်ရန်လက်ခံထားသည်။ ထိုအင်တာဗျူးနှစ်ခုပြီးသွားလျှင် ယခုနှစ်အတွက် ကုန်းကျယ်၏အလုပ်တာဝန်များပြီးဆုံးပြီဟုဆိုနိုင်ကာ အားလပ်ရက်ကာလများ တရားဝင်စတင်လာတော့မည်။
နောက်တစ်ပတ်ကြာတော့ ဝမ်ကယ် တောင်အမေရိကမှပြန်ရောက်လာသည်။ ကုန်းကျယ်က သူ့ကိုလေဆိပ်၌ကိုယ်တိုင်သွားကြိုခဲ့သည်။ ဝမ်ကယ်၏တောင်အမေရိကတွင်ကြော်ငြာရိုက်ကူးသည့်အနုပညာလှုပ်ရှားမှုများကို လူသိရှင်ကြားကြေညာထားတာကြောင့် မနက်စောစောလေဆိပ်၌ သူ့ကိုလာကြိုသည့်ဖန်များပြည့်နှက်နေသည်။ ကုန်းကျယ်လည်းလူရှေ့ထွက်ဖို့အဆင်မပြေတော့တာကြောင့် ကားပါကင်မှာပဲစောင့်လိုက်သည်။
ဒီတစ်ခေါက် ဝမ်ကယ့်ကိုလာကြိုသည့်ဖန်များအလွန်များပြားကာ လေဆိပ်ထဲ အနည်းငယ်ဖရိုဖရဲဖြစ်သွားသည်။ ထို့ကြောင့် လေဆိပ်ဝန်ထမ်းများ၏အကြံပေးမှုဖြင့် သူတို့လူတစ်စု VIP လမ်းကြောင်းမှဖြတ်ကာ လေဆိပ်မှ တိတ်တဆိတ်ထွက်ခွာခဲ့သည်။
ဝမ်ကယ် ယင်ယွီထျန်းနှင့် စကားအနည်းငယ်ပြောပြီးနောက် ခရီးဆောင်အိတ်ဆွဲကာ ကားပါကင်သို့ထွက်ခဲ့သည်။ ကုန်းကျယ်ကြိုတင်ပို့ပေးသည့်တည်နေရာမက်ဆေ့အတိုင်း ကားရှိရာနေရာကိုေအာင်မြင်စွာရှာတွေ့သွားတော့ ဝမ်ကယ်ပျော်သွားသည်။ သူက ကားတံခါးဖွင့်ပြီး ခရီးဆောင်အိတ်ကိုပင်ကားထဲမထည့်အားဘဲ ကားပေါ်ခုန်တက်လိုက်သည်။ ထို့နောက် ကုန်းကျယ်ကိုဖက်ကာ နွေးထွေးပြီးစိုးမိုးခြယ်လှယ်ေသာအနမ်းများဖြင့်နမ်းရှိုက်လိုက်သည်။
ရုတ်တရက်အနမ်းခံလိုက်ရတာကြောင့် ကုန်းကျယ်အံ့ဩသွားသည်။ သို့သော် သူက ချက်ချင်းခေါင်းစောင်းကာ အနမ်းများကို ပိုမိုနက်ရှိုင်းစေလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ဦး မောဟိုက်ကာအသက်ပြင်းပြင်းရှူရင်း လူချင်းခွာလိုက်သည်။ ထို့နောက် သူတို့ချင်းပြုံးပြကာ တစ်ယောက်ကိုတစ်ယောက်ခပ်တင်းတင်းပွေ့ဖက်လိုက်သည်။ သူတို့နှစ်ဦးစလုံး မည်သူမှစကားစမပြောဘဲ ပြန်လည်ဆုံစည်းသည့်ဝမ်းသာပျော်ရွှင်မှုကို တိတ်ဆိတ်စွာခံစားနေသည်။ လေထုက အလွန်နွေးထွေးလွန်းတာကြောင့် မည်သူမှဒါကိုဖျက်ဆီးပစ်ဖို့စိတ်ကူးမရှိပေ။ သို့သော် ထိုအချိန်၌ ဝမ်ကယ့်ဗိုက်က အလိုက်ကန်းဆိုးမသိစွာ တဂွီဂွီထမြည်လာသည်။
ဝမ်ကယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး သူ့ဗိုက်ကိုကြည့်ကာ စကားလုံးများပျောက်ဆုံးနေသည်။ ကုန်းကျယ်ကရယ်ကာ သူ့ပါးလေးကိုညှစ်ရင်း:
“လေယာဉ်ပေါ်မှာ ဘာမှမစားခဲ့ဘူးလား။”
ဝမ်ကယ်က ခေါင်းညိတ်ပြကာ:
“အရမ်းအိပ်ချင်နေလို့၊ တစ်လမ်းလုံးအိပ်လိုက်လာတာ။ စားချင်စိတ်လည်းမရှိပါဘူး။”
ကုန်းကျယ် စိတ်မကောင်းဖြစ်သွားကာ ပိန်ကျသွားသည့် ဝမ်ကယ့်မျက်နှာလေးကိုပွတ်သပ်ရင်း:
“ဘာလို့ပိန်သွားပြန်တာလဲ။ ငါ မင်းကိုပြန်ဝလာအောင် မနည်းကျွေးမွေးထားရတာ။ အခုတော့ ပြည်ပခရီးလေးတစ်ခေါက်သွားတာ ပိန်ပြီးပြန်ရောက်လာတယ်။”
ဝမ်ကယ်က မိမိမျက်နှာကို ကုန်းကျယ်လက်နှင့်ပွတ်ရင်း မျက်နှာချိုသွေးကာပြုံးလိုက်သည်။
“အဲ့ဒါမင်းငါ့ကို ပါးစပ်ပျက်အောင်ကျွေးေမွးထားလို့လေ။ အခုတော့ ငါ့မှာဘာစားစား၊ စားကောင်းတယ်မထင်ဘဲ မင်းချက်ကျွေးတာကိုပဲစားချင်နေတော့တာ။”
ကုန်းကျယ်စိတ်ထဲ စိတ်မကောင်းဖြစ်ရသလို၊ ကျေလည်းကျေနပ်သွားသည်။ သူက ဝမ်ကယ့်နှုတ်ခမ်းလေးကိုနမ်းကာ:
“လဝက်လောက်မတွေ့တာနဲ့၊ နှုတ်ခမ်းလေးက ပိုပြီးချိုလာလိုက်တာ။”
ဝမ်ကယ်ကရယ်ပြီး သူ့လက်မောင်းကိုလှုပ်ကာ အိမ်မြန်မြန်ပြန်ဖို့ပြောလိုက်သည်။
“အိမ်မြန်မြန်ပြန်ပြီး ထမင်းချက်ကျွေး။ ငါဗိုက်ဆာနေပြီ။”
“အင်းပါ၊ အင်းပါ။ အခုချက်ချင်း အိမ်ပြန်မယ်။”
ကုန်းကျယ်က သူ့အလိုကိုလိုက်ကာပြောလိုက်သည်။
အိမ်ပြန်ရောက်တော့ ညစာစားချိန်ဖြစ်သည်။ ကုန်းကျယ်မှာ ဈေးဝယ်ထွက်ဖို့အချိန်မရှိပေ။ သို့နှင့် သူက လက်ထောက်လေးကို လိုအပ်သည်များဝယ်ပြီး လာပို့ခိုင်းလိုက်သည်။
ဆယ်နာရီကျော်ကြာလေယာဉ်စီးရသဖြင့် ဝမ်ကယ်ပင်ပန်းကာ ဗိုက်လည်းဆာနေသည်။ သို့နှင့် ဝမ်ကယ် သူ့သားကိုခဏဖက်ပြီး အပေါ်ထပ်တက်ကာ ရေချိုးလိုက်သည်။ ပင်ပန်းနွယ်နမ်းမှုများကို ဆေးကြောဖယ်ရှားပြီးနောက် သူ ပြန်လည်လန်းဆန်းလာသည်။ ထို့နောက် ကုန်းကျယ်နှင့်ဆင်တူ အိမ်နေရင်းအင်္ကျီလေးဝတ်ကာ အောက်ထပ်ဆင်းလာသည်။ သူက စားပွဲပေါ်မှောက်အိပ်ပြီး မီးဖိုရှေ့ဟင်းချက်ရင်းအလုပ်ရှုပ်နေသောချစ်ရသူကိုကြည့်လိုက်သည်။
ဆယ်မိနစ်လောက်ထိုင်ကြည့်ပြီး နောက်ဆုံး၌ ဝမ်ကယ်စိတ်မထိန်းနိုင်ဖြစ်ကာ ကုန်းကျယ်ကျောပေါ်မှီ၍ တောင့်တင်းကျစ်လျစ်သောဗိုက်ကြွက်သားများကို သူ့လက်များဖြင့်ခပ်တင်းတင်းဖျစ်ညှစ်လိုက်သည်။ အထိအတွေ့ကအလွန်ကောင်းတာကြောင့် ဝမ်ကယ် ဗိုက်ကြွက်သားများကိုညှစ်ကာ မကြာခဏထိတွေ့ခံစားလိုက်သည်။
အစကတော့ ကုန်းကျယ်က ချက်ရေးပြုတ်ရေးအပေါ်သာ အလေးအနက်အာရုံစိုက်ထားချင်သည်။ ဘာပဲပြောပြော သူ့ချစ်သူလေး အကြာကြီးဗိုက်ဆာနေတာမျိုးအဖြစ်မခံချင်တာကြောင့် သူတတ်နိုင်သမျှမြန်မြန်ပြီးအောင်ချက်ပြုတ်ချင်ခဲ့သည်။ သို့သော် ဝမ်ကယ်က သူ့အား တစ်ချိန်လုံးစိတ်အာရုံထွေပြားအောင် ဆော့ကစားနေသည်။ သူ့ခါးနှင့်ဗိုက်ကြွက်သားများမှာ သူ၏အထိမခံနိုင်ဆုံးနေရာများဖြစ်သည်။ ဝမ်ကယ် သူ့ခန္ဓာကိုယ်ကိုထိလိုက်တိုင်း သူ့တစ်ကိုယ်လုံးအနည်းငယ်တုန်ခါသွားသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်၏တစ်ခုသောနေရာကလည်း တုံ့ပြန်မှုများရှိလာသည်။ သို့နှင့် သူလည်း အဆော့သန်သည့်လက်ကလေးများကိုဖမ်းချုပ်လိုက်ပြီးနောက် မီးဖိုမီးပိတ်ကာ ဝမ်ကယ်ကိုမီးဖိုခန်းကောင်တာပေါ်တွန်းလှဲပြီး နက်ရှိုင်းစွာနမ်းရှိုက်ပစ်လိုက်သည်။ အနမ်းတွေကြောင့် တစ်ဖက်လူမူးေနာက်ရီဝေလာမှ ကုန်းကျယ်ပြန်လွှတ်ပေးလိုက်သည်။
“လိမ္မာတယ်၊ ငါ့ကိုမစနဲ့တော့နော်။ ငါအခုမင်းအတွက်ဟင်းချက်နေတုန်းလေ။ မင်းဗိုက်ဆာနေပြီမဟုတ်လား။ တခြားကိစ္စတွေက စားပြီးမှထပ်ပြောမယ်၊ ခဏအောင့်ထားလိုက်ဦး။”
ကုန်းကျယ်က သူ့နားရွက်လေးကိုနမ်းလိုက်ပြီး မီးဖိုမီးပြန်ဖွင့်ကာ ဟင်းဆက်ချက်လိုက်သည်။
ဝမ်ကယ်နားရွက်များ အနည်းငယ်ပူထူကာ နှုတ်ခမ်းသားများတွန့်သွားသည်။ ‘ပြောပုံက သူကပဲမအောင့်ထားနိုင်သလိုလိုဘာလိုလိုနဲ့၊ တကယ်တော့ သူလည်း အဲ့ဒါကိုအရမ်းမလုပ်ချင်ပါဘူးနော်။ နည်းနည်းလောက်ဖက်ထားချင်ရုံပဲဟာကို။’
မီးဖိုခန်းထဲမှနှင်ထုတ်ခံရပြီးနောက် ဝမ်ကယ်ဘာမှလုပ်စရာမရှိဖြစ်ကာ သူ့သားလေးနှင့် သွားဆော့လိုက်သည်။ သကြားခဲလေးက အများကြီးထွားလာသည်။ အခုဆို သကြားခဲလေးကိုချီလျှင် နည်းနည်းအလေးချိန်စီးမှန်းခံစားမိလာသည်။ သကြားခဲလေးကို ငါးမိနစ်ေလာက်သာချီထားရုံရှိသေး၊ ဝမ်ကယ်လက်ညောင်းလာသည်။ သို့နှင့် ဝမ်ကယ်က သူ့သားကိုကြမ်းပေါ်ပြန်ချကာ ကစားစရာဘောလုံးလေးယူလိုက်သည်။
“သားရေ၊ ဝိတ်ချဦး။ ဒီထက်ထပ်ဝလာရင် ပါးပါးမင်းကိုမချီနိုင်တော့ဘူး။”
ပြောပြီးသည်နှင့်သူက ဘောလုံးလေးကိုရှေ့သို့ပစ်ပေးလိုက်သည်။ သကြားခဲလေးက ဘောလုံးနောက် ဝှီခနဲနေအောင်ပြေးလိုက်သွားသည်။ ထို့နောက် ဘောလုံးလေးကိုက်၍ ဝမ်ကယ်ဆီပြန်ပြေးလာကာ သူ့လက်ထဲထည့်လိုက်သည်။ ဝမ်ကယ် နောက်တစ်ကြိမ်ထပ်ပစ်လိုက်၏။ သကြားခဲလေးက ထပ်ပြေးကောက်ပြန်သည်။ အဖေနှင့်သား ဆယ်ခါမကဆော့ပြီးသွားတော့ ဝမ်ကယ်ဗိုက်ဆာကာ ဘောလုံးပစ်ပေးဖို့ပင်အင်အားမရှိတော့ပေ။ သို့နှင့် ဝမ်ကယ်က အားမရှိသလိုလက်ခါပြကာ သူ့သားကို ကိုယ့်ဟာကိုယ်ဆက်ဆော့ခိုင်းလိုက်သည်။ အဖေနှစ်ယောက်စလုံး တစ်နေ့နှစ်ကြိမ်လောက် အလုပ်သွားနေတာကြောင့် သကြားခဲလေးမှာ လူအရမ်းမကပ်ဘဲ သူ့ဟာသူနေတတ်နေသည်။ သူက ဝမ်ကယ် သူနှင့်ကစားဖို့အင်အားမရှိတော့တာမြင်တော့ တိတ်တိတ်လေးနေကာ တစ်ယောက်တည်းအကြာကြီးဆက်ကစားနေသည်။
ကုန်းကျယ် ထမင်းစားဖို့လာခေါ်တော့ ကြမ်းပေါ်လဲနေသည့်ဝမ်ကယ့်ကိုမြင်ကာ သူထိတ်လန့်သွားသည်။ သူက အမြန်အနားရောက်လာပြီး ဝမ်ကယ့်ဘေး ဒူးထောက်ထိုင်ကာ စိုးရိမ်တကြီးမေးလိုက်သည်။
“ဘာဖြစ်တာလဲ။ ဘယ်နားနေမကောင်းလို့လဲ။”
ဝမ်ကယ်က သူ့ကိုမျက်လုံးဖွင့်ကြည့်ပြီး ခပ်ဖွဖွပြောလိုက်သည်။
“မင်း မိနစ်ပိုင်းလောက်အရောက်နောက်ကျခဲ့ရင် မင်းရဲ့အချစ်တုံးလေး ဗိုက်ဆာလို့သေသွားလိမ့်မယ်။”
*****
Aurora Novel Translation Team