Chapter 19
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 19 - နှစ်သစ်ကူးဂီတဖျော်ဖြေပွဲ
အပိုင်း (၁၉) – နှစ်သစ်ကူးဂီတဖျော်ဖြေပွဲ
👻👻👻
ဒီဇင်ဘာလကုန်ပိုင်းတွင် တီဗွီရုပ်သံလိုင်းတစ်ခု၏နှစ်သစ်ကူးဖျော်ဖြေပွဲ၌ပါဝင်ရန် ဝမ်ကယ်စတင်လေ့ကျင့်ခဲ့သည်။ သူက မနက်စောစောအိမ်မှထွက်သွားကာ ညဘက်နောက်ကျမှအိမ်ပြန်တတ်သည်။ ကျေးဇူးတင်စရာကောင်းသည့်တစ်ခုတည်းသောအရာကား ပွဲကျင်းပရာနေရာမှာ မြို့တွင်း၌ဖြစ်ပြီး တခြားနေရာများသို့သူသွားရန်မလိုပေ။
ကုန်းကျယ်ကတော့ စိတ်အေးချမ်းသာစွာ ချက်ရေးပြုတ်ရေးဆက်လုပ်နေသည်။ သူက အခါအခွင့်သင့်တုန်း ဝမ်ကယ်ကိုထမင်းဟင်းချက်ကျွေးကာ နည်းနည်းပိုဝလာအောင်လုပ်ဖို့ကြိုးစားနေသည်။ သူတို့ သိပ်မကြာခင် ဗြိတိန်သို့ပြန်ကြမည်ဖြစ်သည်။ အကယ်၍ သူ့တို့မိဘများသာ ဝမ်ကယ်ပင်ပန်းပြီးပိန်သွားတာတွေ့လျှင် သူ့ကိုနားမဆန့်အောင် အပြစ်ဝိုင်းပြောကြမှာသေချာသည်။ ‘ဘာပဲပြောပြော သူ လေးခါလောက် တကျည်ကျည်အပြစ်ပြောခံရပြီးပြီ၊ ဘယ်သူကခံနိုင်ရည်ရှိတော့မှာလဲ!’
နေ့ရက်များကုန်ဆုံးကာ သိပ်မကြာခင် ဒီဇင်ဘာ(၃၁)ရက်နေ့သို့ရောက်ရှိလာသည်။ ယနေ့ ဝမ်ကယ် အိမ်မှာညစာစားပြီးမှ အေးအေးဆေးဆေးအပြင်ထွက်လာသည်။ သူကနောက်ဆုံးဧည့်သည်ဖြစ်တာကြောင့် စင်ပေါ်မတက်ခင်နာရီများစွာအချိန်ရသေးသည်။ သူစောစောရောက်သွားပါက နားနေခန်းထဲတွင်ထိုင်စောင့်နေရမှာဖြစ်သည်။ ထို့ကြောင့် သူ့သားကိုပွတ်လိုက်၊ ချစ်သူကိုနမ်းလိုက်လုပ်ရင်း အိမ်မှာနေတာက သူ့အတွက်ပိုကောင်းပေသည်။
ည(၉)ရီဝန်းကျင်ရောက်တော့ ကုန်းကျယ်က သူ့ကိုေဖျာ်ေဖြပွဲကျင်းပရာအားကစားကွင်းအပြင်ဘက်အထိ ကိုယ်တိုင်လိုက်ပို့ပေးသည်။ ထို့နောက် ကားကိုကားပါကင်ဆီမောင်းကာ ဝမ်ကယ်ဖျော်ဖြေပြီးသည်နှင့် အိမ်အတူတူပြန်ရန် အဆင့်သင့်စောင့်လိုက်သည်။
ကားပါကင်ကတိတ်ဆိတ်ငြိမ်သက်နေသည်။ ကုန်းကျယ်ကားထဲထိုင်ကာ လက်ကိုင်ဖုန်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သည်ကိုကြည့်နေသည်။ သို့သော် ဤသို့သီဆိုကခုန်သည့်ဖျော်ဖြေပွဲများကို ကုန်းကျယ်စိတ်မဝင်စားပေ။ သို့နှင့် သူအစီအစဉ်ကို ဝမ်ကယ်စင်ပေါ်မတက်ခင်ခဏသာကြည့်လိုက်ပြီး အချိန်အများစုကို ဝမ်ကယ်နှင့်မက်ဆေ့ပို့ရင်းကုန်ဆုံးလိုက်သည်။ စိတ်မကောင်းစရာကောင်းသည်က ဝမ်ကယ်တစ်ယောက်အလွန်အလုပ်များကာ မကြာခဏဆိုသလို ဆယ်မိနစ်လောက်ကြာမှ သူ့ဆီစာပြန်နိုင်လေသည်။
ကုန်းကျယ်လည်း ည (၁၁:၄၅) မတိုင်ခင်အထိ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကိုစောင့်ကြည့်ရင်း weibo ပွတ်နေလိုက်သည်။ အစီအစဉ်တင်ဆက်သူက ဝမ်ကယ်နာမည်ကြေညာလိုက်သည့်အခါ ကုန်းကျယ်ရုတ်တရက်ကိုယ်ကိုမတ်၊ ဖုန်းဖန်သားပြင်ကိုအနီးကပ်ဆွဲ၍ စင်ပေါ်ရပ်နေသည့်ဝမ်ကယ်ကို အာရုံစိုက်လိုက်သည်။
ဝမ်ကယ်သည် ပွဲဦးထွက်ကတည်းက အချစ်သီချင်းမင်းသားလေးအဖြစ်ရပ်တည်ခဲ့သည်။ ထို့ကြောင့် ဝမ်ကယ် မည်သည့်စင်မြင့်ထက်တွင်သီချင်းဆိုဆို၊ တည်ငြိမ်အေးဆေးစွာသာသီဆိုေလ့ရှိသည်။ သူ့ဘေးတွင် ကခုန်ဖျော်ဖြေသူအကအဖွဲ့များပါရှိတာရှားသလို၊ သူကိုယ်တိုင်သီဆိုကခုန်ရင်းေဖျာ်ေဖြဖို့ဆိုတာလည်းဝေးလာဝေးပင်။ သို့သော် လက်ရှိတွင် ဂီတပုံစံပြောင်းလဲရန် သူစဉ်းစားနေတာကြောင့် ယခင်သီဆိုဖျော်ဖြေဟန်များကိုပြောင်းကာ မြူးမြူးကြွကြွသီချင်းနှစ်ပုဒ်ကိုအထူးရွေးချယ်ခဲ့သည်။ နောက်ပြီး သီချင်းနှစ်ပုဒ်ထဲမှတစ်ပုဒ်က အကသီချင်းဖြစ်တာကြောင့် သူတစ်ချိန်တည်းမှာအဆိုရောအကပါဖျော်ဖြေတင်ဆက်ရမှာဖြစ်သည်။
ဒါအားလုံးအတွက် ဝမ်ကယ်ကပြဖျော်ဖြေသည်ကို ပထမဆုံးအကြိမ်မြင်တွေ့ရတာဖြစ်သည်။ ထို့ကြောင့် ဖန်များအားလုံးအလွန်အံ့ဩဝမ်းသာကုန်သည်။ သူတို့၏မင်းသားလေး စင်ပေါ်မှာကပြဖျော်ဖြေနေသည်ကိုကြည့်ရင်း သီချင်းအစမှအဆုံး အော်ဟစ်အားပေးသံများ လုံးဝမရပ်တန့်သွားပေ။ ‘သူတို့စံပြမင်းသားလေးမှာ ဒီလိုအရည်အချင်းတွေရှိသေးမှန်း လုံးဝမတွေးမိဘူး။ သီချင်းအေးအေးလေးတွေဆိုတဲ့ အချစ်သီချင်းမင်းသားလေးကို မတွေ့ရပေမဲ့ သီချင်းဆိုရင်းကနေတဲ့ဧကရာဇ်ငယ်လေးကလည်း အရမ်းချောတာပဲနော်!!!!’
ခါးသေးသေးလေးကိုလှုပ်၊ လက်ကေလးတွေဝှေ့ယမ်း။ နောက်ပြီး လူကိုတဖြုတ်ဖြုတ်ကြွေစေနိုင်တဲ့ နတ်ဆိုးတစ်ပါးလိုအပြုံးမျိုးလည်းပြုံးထားသေးတယ်။ လောင်ကုန်းက တကယ်ကိုခုန်အုပ်ပြီးဖိထားချင်စရာလေး၊ အား!!!!!
ဒီယောကျာ်းက သေလောက်အောင်ချိုမြိန်တဲ့အလှလေးပဲ!
ချစ်သူ၏ဖျော်ဖြေမှုကို တိုက်ရိုက်ကြည့်ရှုနေသူ ကုန်းကျယ်လည်း စိတ်ထဲမှာဖန်များနှင့်ထပ်တူတွေးမိသည်။ သို့သော် သူ့စိတ်ထဲရှိအတွေးများက ဖန်များထက်ပို၍အချစ်စိတ်ပြင်းပြကာ ညစ်ညမ်းကြမ်းတမ်းနေသည်။
ဝမ်ကယ်’က’တတ်မှန်းသူသိပေသည်။ ဝမ်ကယ်ငယ်ငယ်က မိဘများကသူ့အား ဂျပ်ဇ်ဂီတသင်ယူရန်စေလွှတ်ခဲ့သည်။ ထို့နောက် တစ်နှစ်အကြာတွင် ဘယ်သူကပြောလိုက်သည်မသိ၊ ဝမ်ကယ်သည်ဘဲလေးအကတွင်ခံစားချက်ကောင်းသည်ဟုဆိုကာ သူ့အားဘဲလေးအကသင်ရန်စေလွှတ်ခဲ့သည်။ ကုန်းကျယ်သည် ကခုန်ရသည်ကိုစိတ်မဝင်စား။ သို့သော် သူ့မိဘများက ဝမ်ကယ်တစ်ယောက်တည်းဖြစ်နေမည်စိုးကာ သူ့ဆန္ဒမပါဘဲ သားဖြစ်သူကိုတစ်ပါတည်းစာရင်းသွင်းပေးခဲ့သည်။ သူတို့က ကုန်းကျယ်ကိုတကယ်ကတတ်လာဖို့မမျှော်လင့်ဘဲ ဝမ်ကယ်အကသင်တာကိုအဖော်ရအောင်သာထည့်ပေးလိုက်ခြင်းဖြစ်သည်။
သို့သော် ကုန်းကျယ်သည် မွေးကတည်းက အကပါရမီမပါသူဖြစ်၏။ သို့နှင့် သင်တန်းတက်ပြီးသုံးရက်သာရှိသေး၊ အကသင်တန်းမသွားချင်ဘူးဟုဆိုတာ အော်ဟစ်ငိုယိုလေေတာ့သည်။ သူ၏အချစ်ဆုံးသူ ကိုကိုထုန်ထုန်ပင် သူ့ကိုမဆွဲဆောင်နိုင်ပေ။ နောက်ဆုံးတော့ ဝမ်ကယ်တစ်ယောက်သာ ဘဲလေးအကကိုဆက်တက်ခဲ့ပြီး နောက်ဆယ်နှစ်ကြာသည့်တိုင်ဆက်လက်လေ့ကျင့်ဖြစ်ခဲ့သည်။ အလယ်တန်းတတိယနှစ်ရောက်တော့ သူ့ဆရာက နာမည်ကြီးနိုင်ငံတကာဘဲလေးအကပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်တိုက်တွန်းခဲ့သည်။ သို့သော် ဝမ်ကယ်၏ရည်မှန်းချက်ကအခြားတစ်ခုဖြစ်နေသည်။ ထို့ကြောင့် ဝမ်ကယ် အကပြိုင်ပွဲလည်းဝင်မပြိုင်ခဲ့သလို၊ အထက်တန်းတက်ပြီးနောက်ပိုင်း ဘဲလေးအကကိုဆက်မလေ့ကျင့်တော့ဘဲ ဂစ်တာတီးခြင်းနှင့်စန္ဒရားတီးခြင်းတို့ကိုစတင်လေ့ကျင့်ခဲ့သည်။
နောက်ပိုင်းတွင် ဝမ်ကယ် အကကဖြစ်တာအလွန်ရှားသည်။ အထူးသဖြင့် ပွဲဦးထွက်ပြီးနောက် သူ၏ပင်ကိုအရည်အသွေးနှင့်ကိုက်ညီအောင် အချစ်သီချင်းအေးအေးလေးများသာ သီဆိုဖြစ်ခဲ့သည်။ အခုတလော ဝမ်ကယ်ပြန်ကတာမြင်တော့ ကုန်းကျယ်အတိတ်ကိုပြန်အမှတ်ရမိသည်။ သူ့အတွေးထဲတွင် ငယ်ရွယ်သည့်ဝမ်ကယ်လေး မျက်နှာခပ်တင်းတင်းနှင့် ကိုယ်ကြပ်အင်္ကျီ၊ အသားကပ်ခြေအိတ်လေးဝတ်ကာ ဆရာနှုတ်ကတိုင်ပေးသည့်အတိုင်း လိမ်လိမ်မာမာသွေးပူလေ့ကျင့်ခန်းလိုက်လုပ်နေပုံကို ပြန်လည်မြင်ယောင်မိသည်။
ဝမ်ကယ် ကလေးတုန်းက မျက်နှာအလွန်တည်သည်။ ဝမ်ပါးပါး၊မားမားတို့စကားအရပြောရလျှင် သူကငယ်ရွယ်ပြီးရင့်ကျက်သည်။ ငါးနှစ်အရွယ်ကောင်လေးသာဖြစ်သော်လည်း သူမျက်မှောင်ကြုတ်နေပုံက သမိုင်းစာအုပ်များထဲမှ တိုင်းပြည်နှင့်လူမျိုးအတွက် ပူပန်နေရသောသူရဲကောင်းကြီးများနှင့်တစ်ထေရာတည်းပင်။ ဝမ်ပါးပါး၊မားမားက သူတို့သားကြီးလာလျှင်အလွန်ရုပ်တည်ပြီး အကြင်နာကင်းမဲ့သောလူတစ်ေယာက်ဖြစ်လာမှာစိုးရိမ်သည်။ ကံကောင်းထောက်မစွာဖြင့် ကုန်းကျယ်၏လွှမ်းမိုးမှုအောက်တွင် ဝမ်ကယ်တစ်ယောက် တဖြည်းဖြည်းတက်ကြွလာသည်။ သူ့စိတ်ထားကလည်း အရင်လိုအေးတိအေးစက်မနိုင်တော့ပေ။ ဝမ်ပါးပါး၊မားမားတို့မှာ သူတို့သား တစ်နေ့ထက်တစ်နေ့ပိုပြီးပြုံးရွှင်လာသည်ကိုကြည့်ရင်း နောက်ဆုံးမှာစိတ်သက်သာရာရသွားသည်။
“ဘန်း”ခနဲအသံနှင့်အတူ မီးရှူးမီးပန်းများ လေပေါ်ပေါက်ကွဲထွက်လာသည်။ အရောင်အသွေးစုံလင်သောမီးပန်းမီးပွားများက မဟူရာကောင်းကင်ကြီးအား ချက်ချင်းဆိုသလိုအလင်းရောင်များနှင့်ခြယ်မှုန်းပစ်လိုက်သည်။
ကုန်းကျယ်လန့်သွားကာ အတွေးနယ်ချဲ့နေရာမှအသိပြန်ဝင်လာသည်။ ညအမှောင်ထုတွင် မီးရှူးမီးပန်းများဆက်လက်တောက်ပနေကာ နာရီလက်တံက ည(၁၂)နာရီတိတိကို ညွှန်ပြနေသည်။ အစီအစဉ်တင်ဆက်သူ၏ နှစ်သစ်ကူးဆုမွန်ကောင်းတောင်းသံနှင့် ပရိသတ်များ၏အော်ဟစ်အားပေးသံများကို သူကြားနေရသည်။ ကုန်းကျယ် တီဗွီဖန်သားပြင်ပေါ်ကဝမ်ကယ့်ပုံရိပ်လေးကို နူးညံ့သောမျက်ဝန်းများဖြင့်ကြင်နာစွာကြည့်လိုက်သည်။
ညသန်းခေါင်အချက်ပေးခေါင်းလောင်းသံထိုးပြီးတော့ ဖျော်ဖြေပွဲလည်းတရားဝင်ပြီးဆုံးသွားသည်။ ကုန်းကျယ် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှထွက်ကာ ဖုန်းကိုဘေးချပြီး တိတ်ဆိတ်စွာစောင့်လိုက်သည်။
(၁၅)မိနစ်လောက်ကြာတော့ ဝမ်ကယ်က အပြေးလေးရောက်လာသည်။ ကုန်းကျယ်ကိုအကြာကြီးမစောင့်ခိုင်းချင်တာကြောင့် ဝမ်ကယ် မိတ်ကပ်မဖျက်၊ အင်္ကျီမလဲဘဲ ဒီအတိုင်းပြေးထွက်လာခဲ့သည်။
ကားထဲဝင်ပြီးနောက် ဝမ်ကယ်ပြုံးကာ ကုန်းကျယ်ကိုပြောလိုက်သည်။
“နှစ်သစ်မှာပျော်ရွှင်ပါစေ!”
ကုန်းကျယ်ကပြုံးပြီး အနားတိုး၍ လူကိုထိုင်ခုံနောက်မှီပေါ်ဖိကာ အကြာကြီးနက်ရှိုင်းစွာနမ်းရှိုက်ပြီးမှ ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် သူကအက်ရှရှအသံဖြင့်ပြောလိုက်၏။
“နှစ်သစ်မှာပျော်ရွှင်ပါစေ။”
ဝမ်ကယ် ကိုယ့်နှုတ်ခမ်းကိုယ်ပြန်ဖိကာ ကုန်းကျယ်၏ပြောင်လက်လက်ဖြစ်နေသောနှုတ်ခမ်းသားများကိုကြည့်ပြီး ရုတ်တရက်ထရယ်လိုက်သည်။
“ငါ့နှုတ်ခမ်းနီတွေကို မင်းအကုန်စားပစ်လိုက်ပြီ။”
ကုန်းကျယ်က ဂရုမစိုက်ပေ။ သူက နှုတ်ခမ်းသပ်လိုက်ကာ:
“ငါက မင်းနှုတ်ခမ်းနီတင်မကဘူး၊ မင်းကိုပါစားချင်နေတာ။”
ဝမ်ကယ်ရယ်ရလွန်းသဖြင့် မျက်လုံးလေးများကွေးညွတ်သွားသည်။ ထို့နောက် မိမိခါးပေါ်ပြေးလွှားနေသောလက်တစ်စုံကို လှမ်းကိုင်ကာ ဖျောင်းဖျချော့မြှူလိုက်သည်။
“အရင်အိမ်ပြန်ရအောင်၊ ဒီမှာလူတွေအများကြီးပဲ။”
ကုန်းကျယ်မှာငြင်းစရာအကြောင်းမရှိပေ။ သို့နှင့် သူ ခဏထပ်နမ်းပြီးနောက် ချစ်သူနှင့်အတူ အိမ်ကိုပြန်မောင်းလာသည်။
အိမ်ပြန်ရောက်တော့ ကုန်းကျယ်၏ လူစားဖို့အစီအစဉ်မအောင်မြင်လိုက်ပေ။ အကြောင်းက သူတို့နောက်တစ်နေ့တွင် ဗြိတိန်သို့လေယာဉ်စီးသွားရမှာဖြစ်သည်။ ဝမ်ကယ် ရေချိုးကာ ခရီးဆောင်အိတ်ကိုစတင်ထုပ်ပိုးလိုက်သည်။ ထို့နောက် ယွီရန်ကိုဆက်သွယ်၍ သကြားခဲလေးကိုခဏလောက်စောင့်ရှောက်ထားပေးနိုင်မလားဟုမေးလိုက်သည်။
ယွီရန် သူတို့နှင့်အိမ်ချင်းကပ်လျက်နေမှန်းသိပြီးကတည်းက သူတို့က မြို့ပြင်ထွက်အလုပ်လုပ်သည့်အခါ ယွီရန်အလုပ်အားေနလျှင် သကြားခဲလေးကို ယွီရန်အိမ်သို့ တစ်ခါတည်းပို့ပေးခဲ့သည်။ ယင်ယွီထျန်းမှာ မိမိကိုယ်ကိုပြုစုစောင့်ရှောက်သည့်နေရာတွင် အနည်းငယ်အားနည်းပေသည်။ သူ့ကိုယ်သူတောင်မစောင့်ရှောက်နိုင်မှတော့ နောက်ထပ်ခွေးလေးတစ်ကောင်ကိုစောင့်ရှောက်ဖို့ဆိုလျှင် ပြောဖွယ်ရာမရှိပေ။
အထုပ်အပိုးပြင်ပြီးသွားတော့ ည(၂)ချက်ထိုးနေပြီ။ ဝမ်ကယ် အလွန်အိပ်ချင်ကာ မျက်လုံးမနည်းဖွင့်ထားရသည်။ ကုန်းကျယ်က သူ့ကိုနိုးအောင်မလုပ်ရက်ဘဲ ရင်ခွင်ထဲဖက်ပြီး ကျောလေးပုတ်ကာ အိပ်ပျော်အောင်ချော့သိပ်လိုက်သည်။
နောက်တစ်နေ့ နေ့လယ်စာစားပြီးနောက် သကြားခဲလေးကိုခေါ်ဖို့ ယွီရန်ရောက်လာသည်။ ထို့နောက် ကုန်းကျယ်နှင့်ဝမ်ကယ်တို့ လေဆိပ်ဆင်းလိုက်ကြသည်။
ဆယ်နာရီကျော်လေယာဉ်စီးပြီးနောက် လန်ဒန်၊ ဟီးသရိုးလေဆိပ်တွင် လေယာဉ်ဆိုက်သွားသည်။ သူတို့နှစ်ေယာက်အထုပ်အပိုးများသယ်ကာထွက်လာရုံရှိသေး၊ ရင်းနှီးသောအသံများပြိုင်တူထွက်ပေါ်လာတာကိုကြားလိုက်ရသည်။
“ကလေးလေး!”
သူတို့နှစ်ဦးစလုံး ခရီးသည်များကိုကြိုဆိုေနသည့်လူအုပ်ကြီးကြားထဲကြည့်လိုက်သည်။ လူအုပ်ကြီးရှေ့ဆုံး၌ ကောင်းမွန်စွာမိတ်ကပ်လိမ်းခြယ်၍ မှတ်မိလွယ်သောသက်လတ်ပိုင်းအမျိုးသမီးနှစ်ဦး အထင်းသားပေါ်လွင်နေသည်။ သူတို့နှစ်ယောက် တစ်ချက်ကြည့်ရုံဖြင့်ရှာတွေ့သွားကာ ပြန်လည်လက်ဝှေ့ယမ်းပြပြီး သူ(မ)တို့ထံအမြန်လျှောက်သွားခဲ့သည်။
အနားရောက်တော့ ချောမော၍အိေန္ဒြသိက္ခာရှိသည့် အမျိုးသမီးနှစ်ဦးက ဂါဝန်ရှည်များလှုပ်ယမ်းသည့်အထိ သူတို့ထံစိတ်လှုပ်ရှားစွာပြေးလာသည်။
ချောမောသည့်အမျိုးသမီးကြီးနှစ်ဦးက သူတို့လက်များကိုဆန့်ကာ ကုန်းကျယ်နှင့်ဝမ်ကယ်ဆီအပြေးရောက်လာသည်။ ကုန်းကျယ် အလွန်စိတ်လှုပ်ရှားသွားသည်။ သူက ဝေးကွာနေသည်မှာကြာပြီဖြစ်သည့်မိခင်မေတ္တာကို လက်ဆန့်၍ကမ်းလင့်ကြိုလိုက်၏။ ထို့နောက်တော့ သူ့အမေနှင့်ချစ်လှစွာသောယောက္ခမကြီးက သူ့ကိုကျော်သွားကာ……. သူ့ဇနီးဖြစ်သူကိုပွေ့ဖက်လိုက်သည်။ သူတို့နှစ်ယောက်စလုံးက သူ့ဇနီး၏မျက်နှာကိုလက်နှင့်အုပ်ကိုင်ကာ:
“အိုက်ယား၊ ကလေးလေး၊ အမေ့မှာလွမ်းလို့သေတော့မယ်။”
ဝမ်ကယ်နံဘေးတွင် အမေနှစ်ယောက်ဝိုင်းရံနေပြီး ဝမ်ကယ်က ကောင်းမွန်စွာပြန်လည်တုံ့ပြန်လိုက်သည်။ ကုန်းကျယ်ကတော့ ခရီးဆောင်အိတ်များဆွဲကာ သူနှင့်မဆိုင်သလို ဘေးမှာအေးစက်စွာရပ်ကြည့်နေသည်။
ထို့နောက် အမေနှစ်ယောက်ထဲမှတစ်ယောက်က ဝမ်ကယ့်မျက်နှာကိုကိုင်၍ သူ(မ)မျက်နှာနှင့်ကပ်ပြီး နှုတ်ခမ်းနီနီများနှင့်ထိဖို့လုပ်လာတော့ သူ လုံးဝသည်းမခံနိုင်ဖြစ်သွားသည်။ သူ ဝမ်ကယ့်ကို သူ့ဘက်ဆွဲခေါ်ကာ မကျေမနပ်ပြောလိုက်သည်။
“အမေ၊ ကျွန်တော်လည်းဒီမှာရပ်နေတာ မမြင်ဘူးလား။”
ချွေးမလေးကိုနမ်းချင်သည့် သူ(မ)၏လှပသောဆန္ဒလေးတစ်ခု ရက်စက်စွာဖျက်ဆီးခံလိုက်ရသည်။ မားမားကုန်းတစ်ယောက် ခါးသီးမှုအပြည့်ဖြင့် မကျေမနပ်ဖြစ်သွားသည်။ သို့နှင့် သူ(မ)က သားဖြစ်သူ၏အပြစ်တင်ေပြာဆိုမှုအပေါ် လုံးဝမလုံမလဲမဖြစ်ဘဲ ဆန့်ကျင့်ဘက်အနေဖြင့် မမြင်ချင်ယောင်ကာ ပြောလိုက်သည်။
“တွေ့သားပဲ။ ဒီလောက်လူကောင်အကြီးကြီးရပ်နေတဲ့ဟာ၊ ငါ တမင်မမြင်ချင်ယောင်ဆောင်နေတာ။ ဘာကိစ္စရှိလို့လဲ။ မရှိရင် ငါနဲ့ထုန်ထုန်စကားပြောနေတာကိုမနှောင့်ယှက်နဲ့။”
ပြောပြီးသည်နှင့် သူ(မ)က ဝမ်ကယ်ဆီပြန်ပြေးကာ ဆက်နှုတ်ဆက်လိုက်သည်။ သူ(မ)က မိမိသားြဖစ်သူ နောက်တစ်ခါလာနှောင့်ယှက်မည်စိုးတာကြောင့် မီတာအနည်းငယ်အကွာသို့ပင် တမင်ေနရာရွှေ့လိုက်သည်။
ကုန်းကျယ် သွေးပွက်ပွက်အန်မတတ်ဖြစ်သွားသည်။ သူ့မှာ မရေမတွက်နိုင်သော (n) ကြိမ်မြောက်အနေဖြင့် သူ့ကိုမွေးခဲ့သည့်ဆေးရုံသို့သွားကာစစ်ဆေးကြည့်ချင်စိတ်ပေါက်လာသည်။ သူ လူမှားပြီးခေါ်လာခံရတာတော့မဟုတ်ဘူးမလား! ဒါသေချာပေါက် သူ့မိဘအရင်းတွေမဟုတ်ဘူး!
သူတို့ချင်းဆုံပြီးကတည်းက ဝမ်ကယ်မှာ အမေနှစ်ယောက်၏ တစ်သီးတစ်သန့်ပုဂ္ဂလိကပိုင်ပစ္စည်းလေးဖြစ်သွားသည်။ ကုန်းကျယ်မှာ သူ့ဇနီးအား သူများခေါ်သွားသည်ကို ဒီအတိုင်းထိုင်ကြည့်နေရသည်။ သူ့မှာပြန်လုနိုင်စွမ်းလည်းမရှိပေ။
ဒီတစ်ခေါက်တော့ အမေနှစ်ယောက်သာ သူတို့ကိုလာကြိုပြီး အဖေနှစ်ယောက်ကတော့ ဒီအချိန် အိမ်မှာညစာချက်ပြုတ်ကာ သားနှစ်ယောက်ပြန်လာသည်ကိုကြိုဆိုဖို့ပြင်ဆင်နေသည်။
ကုန်းကျယ်က အလိုက်တသိ ကားသော့ယူကာ ဒါရိုင်ဘာလုပ်လိုက်သည်။ ဝမ်ကယ်ကတော့ အမေနှစ်ယောက်ကြားညှပ်ကာ လူကြီးများနှင့်အတူ နောက်ခန်းမှာတိုးဝှေ့ထိုင်လိုက်ရသည်။
“ဒါရိုင်ဘာဘေးကခုံလည်း ထိုင်လို့ရပါတယ်၊ ဘာလို့နောက်မှာသုံးယောက်တောင် တိုးဝှေ့ထိုင်နေတာလဲ။”
ကုန်းကျယ် သူ့ဘေးကထိုင်ခုံကိုကြည့်ကာ ဇနီးဖြစ်သူကိုသူ့ဘေးမှာထိုင်စေချင်နေသည်။
ရလဒ်အနေနှင့် ကုန်းမားမားက သူ့အဆိုပြုချက်ကို မညှာမတာငြင်းပယ်လိုက်၏။
“ငါတို့ထုန်ထုန်နဲ့စကားပြောချင်သေးတယ်၊ အတူတူထိုင်မှအဆင်ပြေမှာ။ ပြီးတော့ ထုန်ထုန်ကဒီလောက်ပိန်တာ ထိုင်လို့မကျပ်ပါဘူး။”
ပြောပြီးသည်နှင့်ကုန်းမားမားက စိတ်မရှည်ဖြစ်ကာ ရှုသိုးသိုးပြောလိုက်သည်။
“ကိုယ့်ကားကိုယ်မောင်းစမ်းပါ။ ဘာလို့အဲ့လောက်စကားများနေတာလဲ။”
ကုန်းကျယ်ဆွံ့အသွားသည်။ သို့သော် သူ့အမေကိုပြန်ခံမပြောရဲပေ။ သို့နှင့် သူ ဝမ်းနည်းပက်လက်ဖြင့် ကားစက်နှိုးရုံသာတတ်နိုင်တော့သည်။
ကားအမြန်လမ်းပေါ်ရောက်တော့ မားမားကုန်းက ဝမ်ကယ့်လက်ကိုကိုင်ကာ မေးလိုက်သည်။
“ထုန်ထုန်၊ အလုပ်တွေပင်ပန်းလား။ ပင်ပန်းရင်မလုပ်နဲ့တော့။ ဘာပဲဖြစ်ဖြစ် အမေတို့ကလည်းပိုက်ဆံချို့တဲ့နေတာမဟုတ်ဘူးလေ။”
ဝမ်မားမားကလည်း ထောက်ခံကာပြောလိုက်သည်။
“ဟုတ်တယ်။ တစ်နေ့တစ်နေ့ ဟိုပြေးရဒီပြေးရနဲ့၊ ခန္ဓာကိုယ်ကဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ။ အမေအစကတည်းကပြောသားပဲ၊ အဲ့ဒီအနုပညာကြယ်ပွင့်အလုပ်က ဘာမှမကောင်းဘူးလို့။ အလုပ်ကလည်းပင်ပန်း၊ အတည်တကျလည်းမရှိနဲ့။ ကိုယ်ပိုင်လွတ်လပ်ခွင့်လေးတောင်မရှိဘူး။ မင်းနဲ့ကျွမ်းကျွမ်းကိုပဲကြည့်၊ လက်ထပ်ထားပြီးတာတောင် တိတ်တိတ်ပုန်းအတွဲေတွလို လျှို့ဝှက်နေရတယ်။”
ဝမ်ကယ်ပါးစပ်ဟကာ တစ်ခုခုပြောဖို့လုပ်လိုက်သည်။ သို့သော် မားမားကုန်းက ရုတ်တရက် သူ(မ)ပေါင်ကိုရိုက်ကာ ကုန်းကျယ်နောက်စေ့ကိုလက်ညှိုးထိုးပြပြီး ဒေါသတကြီးပြောလိုက်သည်။
“အားလုံး ဒီကောင့်အပြစ်တွေချည်းပဲ။ ရုပ်ရှင်ရိုက်ဖို့သွားတာထားပါတော့။ ကိုယ့်ဘာသာကိုယ်နာမည်ကြီးချင်ရင် ကိုယ့်ဘာသာကိုယ်သွားလေ။ ဘာလို့ထုန်ထုန်ကိုပါ ဆွဲခေါ်ရတာလဲ!”
ကုန်းကျယ်က မျက်နှာသေဖြင့်ရှေ့တည့်တည့်ကိုသာကြည့်ကာ ဘာမှပြန်မပြောပေ။ အကြောင်းက သူမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူ့အမေကိုနိုင်အောင်ပြိုင်မပြောနိုင်သောကြောင့်ဖြစ်သည်။ နောက်ဆုံးကျ အကြိမ်ပေါင်းများစွာ အဆူအဆဲခံရပြီးနောက် သူဉာဏ်ကောင်းလာသည်။ သူ့ကိုဘယ်လောက်ပြောပြော သူပြန်ခံမပြောတော့ပေ။
သို့သော် ကုန်းကျယ်က ဒီကိစ္စကိုဂရုမစိုက်သော်လည်း အဲ့ဒါက ဝမ်ကယ်ကပါဂရုမစိုက်ဘူးဟုမဆိုလိုပေ။ သူက မနေနိုင်ဘဲသူ့အိမ်သားကျွမ်းကျွမ်းဘက်မှ သက်သေလိုက်ပေးလိုက်သည်။
“အမေ၊ အနုပညာကြယ်ပွင့်လုပ်တယ်ဆိုတာ ကျွန်တော့်ကိုယ်ပိုင်ရွေးချယ်မှုပါ။ ကျွမ်းကျွမ်းနဲ့မဆိုင်ပါဘူး။ အမေသူ့ကိုမဆူပါနဲ့တော့။”
ကုန်းကျယ်နားထောင်ရင်း ေပျာ်ရွှင်ကျေနပ်ကာ နှလုံးသားထဲချိုမြိန်လို့သွားသည်။ သူ့စိတ်ထဲရှိ ခုနကမကျေနပ်မှု၊ နာကျည်းမှုများအားလုံးသည်လည်း အစအနမကျန်အောင် ပျောက်ကွယ်သွားလေသည်။
*****
Aurora Novel Translation Team