Chapter 2
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 2 - စိတ်ဆိုးနေတုန်းလား
အပိုင်း (၂) – စိတ်ဆိုးနေတုန်းလား
👻👻👻
အမျိုးသားက ဝမ်ကယ်အား စူးစိုက်ကြည့်ရင်း သူ့ဆီကအဖြေကိုစောင့်ဆိုင်းနေသည်။
ဝမ်ကယ်တစ်ယောက် ကြမ်းပြင်ကိုသာငုံ့ကြည့်နေမိသည်။ ငါးမိနစ်နီးပါးကြာမှ သူ့ဆီက အက်ရှရှအသံထွက်လာသည်။
“ရှေ့ရက်တွေတုန်းက အလုပ်အရမ်းများနေလို့။”
ဒါသက်သက်ဆင်ခြေပေးနေမှန်း အသိသာကြီးပင်။ ကုန်းကျယ်၏မျက်လုံးများက အရောင်အနည်းငယ်မှိန်သွားသည်။ သူ စကားထပ်ပြောလိုက်တော့ သူ့အသံက ပိုပြီး မကျေမနပ်ဖြစ်လာသည်။
“ငါ့ကိုစိတ်ဆိုးနေသေးတာလား၊ လဝက်တောင်ရှိပြီကို၊ စိတ်ဆိုးပြေပါတော့။”
ဝမ်ကယ်က လက်သီးအသာဆုပ်ကာ နောက်ဆုံးတော့ ခေါင်းမော့ကြည့်လာသည်။ သူ့ပုံစံက ကုန်းကျယ်ပြောလိုက်သည့်စကားကို သက်သေထူနေသည့်အလား မျက်နှာထားကအေးစက်ကာ အနည်းငယ် ဒေါပွသလိုဖြစ်နေသည်။
ကုန်းကျယ်က ဖမ်းချုပ်ထားသည်ကို လွှတ်ပေးကာ ဘယ်ဘက်လက်နှင့် သူ့နောက်ကနံရံကိုထောက်လိုက်၏။ထို့နောက် သူက ညာဘက်လက်ဖြင့် ဝမ်ကယ့်မျက်နှာလေးကို ဖြည်းဖြည်းချင်း ညင်သာစွာပွတ်သပ်လိုက်သည်။
ရှည်ရှည်သွယ်သွယ်လက်ညှိုးက မျက်ခုံးအစွန်းကနေ မျက်လုံးထောင့်နားအထိ ပွတ်သပ်နေသည်။ ထို့နောက် အောက်သို့လျှောဆင်းပြီး ခပ်ဆူဆူလေးဖြစ်နေသောနှုတ်ခမ်းများပေါ် ကျရောက်သွားကာ နှုတ်ခမ်းသားများကို ညင်ညင်သာသာထိတွေ့လိုက်သည်။
ဒီလိုအနီးကပ်ထိတွေ့မှုမျိုးမရှိတာ လဝက်ခန့် ရှိလေပြီ။ဝမ်ကယ်မှာ အခုမှပြန်လည်ထိတွေ့ခံရတာကြောင့် ခန္ဓာကိုယ်ကမခံစားနိုင်ဘဲ သိမ့်ခနဲတုန်တက်သွားသည်။သူ့တစ်ကိုယ်လုံး ဟာတာတာဖြင့်မသက်မသာခံစားလာရကာ ပုန်းကွယ်နေသည့်အလိုဆန္ဒတချို့ဖြစ်ပေါ်လာသည်။
ကုန်းကျယ်က သူ့မျက်လုံးထဲက တုန့်ပြန်မှုကိုမြင်တော့ ပြုံးလိုက်သည်။ထို့နောက် နားနားကပ်ကာ တီးတိုးပြောလိုက်သည်။
“ငါ့ကို လွမ်းနေပြီမလား။”
ဝမ်ကယ်က သူ စနောက်လိုက်သည့်စကားကြောင့် အလွန်ရှက်သွားကာ နားရွက်လေးများက ချက်ချင်းပန်းရောင်သန်းသွားသည်။ ထို့နောက် သူက နှုတ်ခမ်းကိုဖိကာ လက်ဆန့်၍ ကုန်းကျယ်ကိုတွန်းထုတ်လိုက်သည်။
ကုန်းကျယ်မှာ အနည်းငယ်အတွန်းခံလိုက်ရတာကြောင့် သူ့လက်ထဲကနေ ဝမ်ကယ်လွတ်ထွက်သွားသည်။ ထို့နောက် ဝမ်ကယ်က နောက်ပြန်လှည့်မကြည့်ဘဲ အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားသည်။ သို့သော် ခြေလှမ်း(၂)လှမ်းသာသွားရပြီးနောက် အနောက်သို့ပြန်ဆွဲခေါ်ခံလိုက်ရသည်။
ကျောပြင်နှင့်နံရံထိလိုက်သည်နှင့် အမျိုးသားရေမွှေးနံ့ပြင်းပြင်းက နှာဖျားထဲတိုးဝင်လာသည်။ တစ်ချိန်တည်းမှာပင် သူ့နှုတ်ခမ်းသားများကို အနွေးဓာတ်တစ်ခုက လွှမ်းခြုံသွားသည်။ ဝမ်ကယ် စက္ကန့်အနည်းငယ်ခန့်အံ့ဩမှင်သက်သွားခဲ့သည်။ ထို့နောက် ကုန်းကျယ်၏လျှာက အထဲသို့ တိုးဝင်လာကာ ညင်ညင်သာသာလျက်၍ ပြင်းထန်စွာ ကလူကျီစယ်လာသည်။
ရင်းနှီးနေသည့်ခံစားချက်ကြောင့် ဝမ်ကယ် မအောင့်ထားနိုင်တော့ဘဲ ညည်းသံခပ်တိုးတိုးထွက်လာသည်။စိတ်ထဲကနေသက်ပြင်းချလိုက်မိကာ နောက်ဆုံးတော့ မျက်လုံးမှိတ်ပြီးအလျော့ပေးလိုက်ရင်း ကုန်းကျယ်အား ပြန်လည်တုန့်ပြန်လိုက်သည်။
သူတို့နှစ်ဦးစလုံး အချင်းချင်းမတွေ့ရသလို အဆက်အသွယ်လည်းမရှိခဲ့တာ လဝက်ကျော်ကြာခဲ့ပြီ။ သူ သူ့(ကုန်းကျယ်)ကို တကယ်ပင်လွမ်းနေသည်။
အနမ်းက ရှည်ကြာလှသည်။ နှုတ်ခမ်းချင်း ခွာလိုက်သည့်အခါ ဝမ်ကယ်၏ဖြူဖျော့ဖျော့နှုတ်ခမ်းသားများက အနီရောင်သန်း၍ အနည်းငယ်ဖူးယောင်နေကာ နှုတ်ခမ်းထောင့်များကတော့ အရည်လဲ့နေလေသည်။
ကုန်းကျယ်က အသက်ပြင်းပြင်းရှုနေကာ ဝမ်ကယ်၏မျက်နှာပေါ်သို့ ပူရှိန်းနံ့သင်းသော စိုထိုင်းထိုင်းအပူဓာတ်များကျရောက်လာသည်။ ပူလောင်ပြင်းပြမှုကြောင့် ဝမ်ကယ်၏ နားရွက်လေးတွေ ပို၍နီရဲတွတ်သွားသည်။
ကုန်းကျယ်က ခေါင်းအသာစောင်း၍ နှုတ်ခမ်းထောင့်ရှိအရည်လေးများကို လျှာနှင့်လျက်ကာ ခပ်တင်းတင်းဖိကပ်ထားရင်း လှောင်ပြုံးပြုံးကာပြောလိုက်သည်။
“ငါ့ကို နမ်းခွင့်တောင်ပေးမှတော့၊ ဆက်ပြီး စိတ်ဆိုးလို့မရဘူးနော်…သိရဲ့လား။”
သူ့လေသံက ညစ်ကျယ်ကျယ်နိုင်သည်။
ဝမ်ကယ်က အေးစက်စွာနှာမှုတ်ကာ သူ့ဆီကနေ ခေါင်းကိုဖယ်ခွာသွားသည်။
ကုန်းကျယ်က နည်းနည်းမှစိတ်မဆိုး၊ ဒီလိုအပျော့မစား၊ အမာမှစားချင်သူမျိုးကို အနုနည်းနှင့်မရ၊ အကြမ်းနည်းဖြင့်သာ ကိုင်တွယ်ရပေမည်။ သို့နှင့် သူက ဝမ်ကယ်၏မေးစေ့ကိုဖျစ်ညှစ်ကာ နောက်တစ်ကြိမ်ထပ်နမ်းဖို့လုပ်လိုက်သည်။
သို့သော် ထိုစဉ် အပေါ်ထပ်လှေကားမှ ဒေါက်ဖိနပ်သံထွက်လာတာကြောင့် သူတို့နှစ်ဦးစလုံး လှုပ်ရှားမှုများရပ်တန့်သွားသည်။ ဝမ်ကယ်က အရင်အသိပြန်ဝင်လာသည်။ သူက ကုန်းကျယ်ကို ခပ်ကြမ်းကြမ်း တွန်းထုတ်ကာ စိန်းစိန်းဝါးဝါးကြည့်ပြီးနောက် အမြန်ထွက်ပြေးသွားသည်။
ပါးစပ်ထဲရောက်ခါနီး အဆီတဝင်းဝင်း သိုးငယ်လေး မျက်စိရှေ့တင်ထွက်ပြေးသွားတာမြင်တော့ ကုန်းကျယ် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက အဝတ်အစားများကိုသပ်ရပ်အောင်ပြန်လုပ်ကာ ထိုနေရာမှ အမြန်ထွက်လာခဲ့သည်။
ဝမ်ကယ် နားနေခန်းတံခါးဆီရောက်တော့ တံခါးကို အတွင်းဘက်မှဆွဲဖွင့်လာတာနှင့် သွားကြုံသည်။ သူ တော်တော်နှင့်အထဲမဝင်လာတာကြောင့် လက်ထောက်လေးက သူ့ကို လိုက်ရှာဖို့အပြင်ထွက်လာခြင်းဖြစ်သည်။
“အကို၊ ခုနက ဘယ်သွားနေတာလဲ။”
လက်ထောက်လေးက ဘေးသို့နေရာရွှေ့ကာ ဝမ်ကယ်အထဲဝင်ရန် လမ်းဖယ်ပေးသည်။
ကုန်းကျယ်က ခုလေးတင်လှေကားဘက်မှ ပြန်ထွက်လာသည်။ ဝမ်ကယ်က သူပြန်ထွက်လာတာကို မျက်စိထောင့်မှတစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာသေနှင့်အခန်းထဲဝင်ကာ တံခါးကိုဖြစ်သလိုပြန်ပိတ်လိုက်သည်။
လက်ထောက်လေးက သူနှင့်ကုန်းကျယ်၏ ဆက်ဆံရေးကိုမသိတာမို့ အမှန်အတိုင်း ပြောပြ၍မဖြစ်ပေ၊ ဒါကြောင့် သူ သန့်စင်ခန်းသွားနေသည်ဟုသာညာပြောလိုက်သည်။
လက်ထောက်လေးက ခေါင်းညိတ်ပြကာ ဘာမှထပ်မမေးတော့ပေ။ အဲဒီအစား သူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အသံတွေပါတုန်လျက်ပြောလာသည်။
“အကို၊ သူတို့ ကုန်းကျယ်ကိုပါ ထပ်ဖိတ်ထားမှန်း ကျွန်တော်လည်းမသိဘူး။ အဲဒီတုန်းက တခြားအထူးဧည့်သည်ရှိသေးတယ်လို့ သူတို့ လုံးဝမပြောထားဘူး! ဒါ သူတို့ ကလိမ်ကကျစ်ကျတာ။ တကယ်လို့ အကို ဒီပရိုဂရမ်ကို ရိုက်ကူးရေးမလုပ်ချင်ဘူးဆို ကျွန်တော်တို့ အခုပဲ ထွက်သွားကြမလား။ သူတို့က အရင် ကလိမ်ကကျစ်ကျတာလေ။ ကျွန်တော်တို့ဘက်က စာချုပ်ဖျက်လိုက်ရင်တောင် အကျိုးသင့်အကြောင်းသင့်ရှိတယ်။”
Netizen များအားလုံးကဲ့သို့ပင် လက်ထောက်လေးသည်လည်း ဝမ်ကယ်သည် ကုန်းကျယ်အား သဘောမကျဘူးဟုသာ အမြဲထင်မှတ်ထားသည်။ အကြောင်းက သူတို့နှစ်ဦးစလုံးသည် စတိတ်စင်တစ်ခုတည်းပေါ် ဘယ်တုန်းကမှ အတူမရပ်ဖူးသည့်အပြင် ဝမ်ကယ်က ကုန်းကျယ်အကြောင်းအမေးခံရတိုင်း အလွန်စိတ်မရှည်ဖြစ်ကာ စကားလမ်းကြောင်းလွှဲလေ့ရှိသောကြောင့်ပင်။ ထို့ကြောင့် သူက ဝမ်ကယ်သည် ကုန်းကျယ်ကို မုန်းသည်ဟု အလိုလိုတွေးမိလာသည်။
ဝမ်ကယ်က လက်ထောက်လေး၏အပြစ်မကင်းသလိုမျက်နှာကိုမြင်တော့ ကုန်းကျယ်နှင့်သူ့ကြားက ဆက်ဆံရေးအမှန်ကိုပြောပြဖို့ တွန့်ဆုတ်သွားသည်။ သို့နှင့် သူက အခါခါ စဉ်းစားချင့်ချိန်ပြီးနောက် ဒီအကြောင်းကို လျှို့ဝှက်ထားဖို့ရွေးချယ်လိုက်သည်။ ဘာလို့ဆို သူ့လက်ထောက်လေးက အားလုံးကောင်းသည်။ သို့သော် တစ်ခုတည်းသောမကောင်းသည်က ကိစ္စတွေကို စိတ်ထဲသိမ်းမထားနိုင်ခြင်းပင်။ ဒီအကြောင်း သူ့ကိုသာပေးသိလိုက်လို့ကတော့ နောက်တစ်နေ့ရောက်သည်နှင့်နှစ်ယောက်၊ သုံးယောက်မြောက်တွေသိကုန်မှာသေချာသည်။
ဒါကြောင့် သူက လက်ထောက်လေး ကိုယ့်ဟာကိုယ် အပြစ်တင်နေသည်ကို ဒီအတိုင်းသာလွှတ်ပေးထားလိုက်သည်။
ဒီအကြောင်းတွေးမိတော့ ဝမ်ကယ်က လက်ထောက်လေးပုခုံးကိုပုတ်ကာ အေးဆေးစွာပြောလိုက်သည်။
“ထားလိုက်ပါ၊ စာချုပ်မှာ လက်မှတ်ထိုးပြီးနေပြီ၊ အခုချိန်ထွက်သွားရင် ဒီကိစ္စကပိုကြီးသွားလိမ့်မယ်။”
“ဒါပေမဲ့ ဒီလိုဆို အစ်ကိုက ကုန်းကျယ်နဲ့ စင်ပေါ်အတူတက်ရမှာလေ။”
လက်ထောက်လေးက စိုးရိမ်နေဆဲပင်။
“အဲ့ဒီလိုဖြစ်တော့ရော ဘာတတ်နိုင်မှာလဲ၊ နဂိုကတည်းက အပြင်မှာ ငါတို့နှစ်ယောက် မတည့်ဘူးဆိုပြီး သတင်းတွေထွက်နေတာ၊ အခု ငါက ရုတ်တရက်ကြီးရိုက်ကူးရေးမလုပ်တော့ဘူးပြောလိုက်ရင် သူတို့ရှေ့ကို လက်ပူးလက်ကျပ်သက်သေကြီးချပြလိုက်သလို ဖြစ်မသွားဘူးလား။”
ဝမ်ကယ်က လက်ထောက်လေးကို ကောင်းကောင်းကြီးအရူးလုပ်လိုက်သည်။ ပြီးတော့လည်း သူက ခုလိုလိမ်လိုက်သည့်အပေါ် အပြစ်ရှိသလို နည်းနည်းမှမခံစားရပေ။
သို့ပေမဲ့ ဝမ်ကယ် ခုလိုပိုပြီးတည်ငြိမ်လေ၊ လက်ထောက်လေးခမျာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးအပြစ်တင်မိလေဖြစ်သည်။ သူက မျက်နှာကြီးရှုံ့မဲ့၍ လုစီးမင်ကို ချက်ချင်း ဂုန်နီအိတ်တစ်လုံးထဲထည့်စွပ်ကာ ဆော်ပလော်တီးချင်လာသည်။
တကယ်တော့ ဝမ်ကယ်ရောက်မလာခင် လက်ထောက်လေးက ဝမ်ကယ်၏အေးဂျင့်ကို ဒီအကြောင်းပြောပြပြီးသားဖြစ်သည်။ သူက အေးဂျင့်နှင့်ပေါင်းကာ ဝမ်ကယ်ကို ဒီပရိုဂရမ်ရိုက်ကူးရေးကနေနှုတ်ထွက်ဖို့ ဖျောင်းဖျချင်ခဲ့သည်။ သို့သော် အေးဂျင့်က အကြာကြီးအသံတိတ်နေပြီး ဝမ်ကယ် သူ့ဟာသူဆုံးဖြတ်ပါလိမ့်မယ်ဟုပြောလာသည်။
ဝမ်ကယ်၏ဆုံးဖြတ်ချက်က ရိုက်ကူးရေးဆက်လုပ်မည်ဟုဆိုသည်။ သူအနေဖြင့် ရင်ထဲအသည်းထဲကနေ ဒီကိစ္စကိုသဘောမကျသော်လည်း ဒါက အကောင်းဆုံးဖြေရှင်းနည်းဖြစ်နေတာ ငြင်းစရာမရှိပေ။
အပြင်မှာ ဝမ်ကယ်နှင့်ကုန်းကျယ် မတည့်ကြဘူးဟုပြောဆိုနေသော်လည်း သူတို့ပြောနေသည်များက ကောလာဟလသာဖြစ်ပြီး နှစ်ဖက်စလုံးက ဘယ်တုန်းကမှဝန်ခံခြင်းမရှိခဲ့ပေ။ သို့သော် ဒီနေ့ သူသာ ရိုက်ကူးရေးလုပ်ဖို့ ငြင်းခဲ့လျှင် ခိုင်မာသည့်သက်သေတစ်ခုဖြစ်သွားပေလိမ့်မည်။ ဒီလိုကိစ္စမျိုးက အနုပညာလောကရှိနေရာတိုင်းမှာဖြစ်လေ့ဖြစ်ထရှိသည်မှန်သော်လည်း ဝမ်ကယ်နှင့် ကျန်းကျယ်တို့၏အောင်မြင်ကျော်ကြားမှုအရ ဝမ်ကယ်သည် တစ်ဖက်ကဖန်များ၏ အပုပ်ချခြင်းခံရမည့်အပြင် ကြားလူများကပါ သူ့အား မောက်မာသည်ဟုဆိုကာ နာမည်ကြီးသွားမှာစိုးရသည်။
ဒါကြောင့် ရိုက်ကူးရေးဖျက်ခြင်းက ဝမ်ကယ်အား အကျိုးမရှိ၊ ထိခိုက်စေမည်သာဖြစ်သည်။ ခုတော့ ဒီကိစ္စကို မတတ်သာဘဲ လက်ခံလိုက်ဖို့သာရှိလေတော့သည်။
သို့သော် လက်ထောက်လေးမှာ အခွင့်အရေးတစ်ခုကျန်သေး၏။ သူက ကျန်းကျယ်ဘက်ကများ ရိုက်ကူးရေးဖျက်လေမလား စိတ်ကူးယဉ်မိသည်။ ဒီလိုသာဆို အများအမြင်အရ သက်ရောက်မှုရှိလျှင်တောင် ကုန်းကျယ်ဘက်ကသာတိုက်ခိုက်ခံရမှာဖြစ်ပြီး ဝမ်ကယ်အပေါ် ဘာသက်ရောက်မှုမှ ရှိလာမှာမဟုတ်ပေ။ ယေဘုယျအားဖြင့် ကုန်းကျယ်ထံမှ ရိုက်ကူးရေးဖျက်ဖို့ စကားစလာသည်က အရှုံးမရှိဘဲအကောင်းဆုံးဖြစ်ပေလိမ့်မည်။
သို့သော် ဝမ်ကယ်က သူ့၏အတွေးကို သိသွားတော့ တခွပ်ခွပ်ရယ်ကာ:
“မင်းတွေးသလောက်တော့ သူတို့က ဘာလို့မတွေးမိဘဲနေမှာလဲ။”
ဝမ်ကယ်ပြောသည့်အတိုင်းပင် သူတို့တွေးမိတာလောက်ကို တစ်ဖက်လူဘက်က ဘယ်လိုလုပ်မတွေးမိဘဲနေမည်နည်း။
ဒီတော့ ကုန်းကျယ်ကလည်း မူလအစီအစဉ်အတိုင်းသာ ရိုက်ကူးရေးဆက်လုပ်ခဲ့လေသည်။
သို့နှင့် ရိုက်ကူးရေးမစမီ နာရီဝက်ခန့်အလို၌ လုစီးမင်တစ်ယောက် စိတ်လှုပ်ရှားစိုးရိမ်စွာဖြင့် နားနေခန်းတံခါးကို နောက်တစ်ကြိမ် လာခေါက်လေသည်။
*****
Aurora Novel Translation Team