Chapter 20
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 20 - မယားကြောက်
အပိုင်း (၂၀) – မယားကြောက်
👻👻👻
မားမားကုန်းက ကုန်းကျယ်ကိုပြောဆိုနေစဉ် မာနကြီးတစ်ခွဲသားနှင့်ဩဇာပေးနေသော်လည်း ဝမ်ကယ်ယခုလိုပြောလာတော့ သူ(မ)လေသံက ချက်ချင်းပျော့ေပျာင်းသွားသည်။ သူ(မ)က ပြုံးချိုစွာဖြင့်
“အင်းပါ၊အင်းပါ။ အမေမပြောတော့ဘူး။ ဒီလောက်အကြာကြီးလေယာဉ်စီးလာတာပင်ပန်းနေရောပေါ့။ ခဏနေအိမ်ရောက်တော့မယ်။ သားအဖေတွေက သားအတွက်ကြိုဆိုပွဲလုပ်ပေးဖို့ စားပွဲအပြည့်ဟင်းတွေချက်ထားတာ။”
“ကျွန်တော့်အတွက်ရော”
ကုန်းကျယ်ကတစ်ခွန်းဖြတ်ပြောလိုက်သည်။
မားမားကုန်းက ချက်ချင်းမျက်နှာထားပြောင်းသွားကာ:
“ဘာလို့နေရာတကာဝင်ပါနေတာလဲ။ကားကိုပဲ ကောင်းကောင်းမောင်းလို့မရဘူးလား။”
ကုန်းကျယ်နှုတ်ခမ်းများကွေးသွားကာ နောက်ကြည့်မှန်ကိုလှမ်းကြည့်လိုက်သည်။ ဝမ်ကယ်ကလည်းမှန်ထဲမှတစ်ဆင့်သူ့ကိုကြည့်နေသည်။ ကုန်းကျယ်ကဒါကိုမြင်တော့ အလွန်စိတ်မကောင်းဖြစ်သွားသည့်ဟန်လုပ်ပြလိုက်သည်။ ဝမ်ကယ်ရယ်ကာ အမေနှစ်ယောက်စကားပြောနေတုန်းလူအလစ်၌ နှုတ်ခမ်းလေးဆူကာ ကုန်းကျယ်ဆီအနမ်း(fly kiss)များလှမ်းပေးလိုက်သည်။
ခြံဝန်းငယ်တစ်ခုအတွင်းသို့ ကားမောင်းဝင်လာသည်နှင့် အဖေနှစ်ယောက်အိမ်ထဲမှပြေးထွက်လာသည်။ အဖေနှစ်ယောက်နောက်မှ အသက်(၁၄)နှစ်၊ (၁၅)နှစ်အရွယ်ကောင်လေးတစ်ယောက်လည်းပါလာသည်။ သူက သူတို့ကိုစိတ်လှုပ်ရှားစွာလက်ဝှေ့ယမ်းပြနေသည်။
ဝမ်ကယ်အိမ်ထဲဝင်သည်နှင့် သူ့ခမျာ ခုလေးတင်အမေနှစ်ယောက်လက်မှလွတ်လာရုံရှိသေး၊ အဖေနှစ်ယောက်လက်ထဲသို့ ကျရောက်သွားပြန်သည်။ မျက်လုံးမျက်ခုံးကောင်းကောင်းနှင့် ထက်မြက်ပုံရသောအမျိုးသားနှစ်ဦးက သက်လတ်ပိုင်းအရွယ်အန်တီကြီးများကဲ့သို့ ဝမ်ကယ်ကိုဆွဲခေါ်သွားပြီးမေးခွန်းများမေးကြသည်။
ကုန်းကျယ် ခရီးဆောင်အိတ်များသယ်ကာအိမ်ထဲဝင်လာပြီး အဖေနှစ်ယောက်ကိုနှုတ်ဆက်လိုက်သည်။ သို့သော် သူ့ခမျာ မျှော်လင့်ထားသလိုနွေးထွေးစွာခရီးဦးကြိုပြုခြင်းမခံရပေ။ သို့နှင့် သူပုခုံးတွန့်ကာ ဘက်လိုက်သောမိဘများအကြောင်းအတင်းတုပ်ဖို့ ဆယ်ကျော်သက်အရွယ်ကောင်လေးနားသွားထိုင်လိုက်သည်။
“အစ်ကိုကျွမ်းကျွမ်း၊ ကျွန်တော်အစ်ကို့ကိုတွေ့တိုင်း တစ်စက္ကန့်လောက်ဖြစ်ဖြစ် အစ်ကို့အတွက်စိတ်မကောင်းဖြစ်ရတယ်။”
ဝမ်ကျိယွီက ကုန်းကျယ်ကိုဝမ်းနည်းသလိုကြည့်လိုက်သည်။
ကုန်းကျယ်လက်ခါပြပြီး သူ့ကိုစိုက်ကြည့်ကာ:
“မရိုမသေနဲ့၊ ငါ့ငယ်နာမည်ကိုမခေါ်ဖို့ပြောထားတယ်လေ၊ ငါကမင်းအစ်ကိုကွ။”
“အင်းပါ၊ အင်းပါ။”
ဝမ်ကျိယွီက ခေါင်းညိတ်ပြပေမဲ့ ကုန်းကျယ်ကိုအနားဆွဲခေါ်ပြီးဆက်ပြောပြန်သည်။
“အစ်ကိုကျွမ်းကျွမ်း။”
ကုန်းကျယ်သက်ပြင်းချကာ လက်ခါပြပြီး သူ့ကိုမောင်းထုတ်လိုက်သည်။
“အစ်ကိုတို့ဒီတစ်ခေါက်ပြန်လာတာ၊ ကျွန်တော့်အတွက်လက်ဆောင်ယူလာေသးလား။ အဲ့ဒါဂိမ်းစက်မလား။ ကျွန်တော်ဂိမ်းစက်တစ်ခုကိုအရမ်းသဘောကျနေတာကြာပြီ။ ဒါပေမဲ့ အဖေနဲ့အမေက ကျွန်တော့်ကိုဝယ်ပေးဖို့အမြဲတွန့်ဆုတ်နေတယ်။”
ဝမ်ကျိယွီသည် ဝမ်ကယ်၏ညီဖြစ်သော်လည်း ငယ်ငယ်ကတည်းကကုန်းကျယ်နှင့်အရင်းနှီးဆုံးဖြစ်သည်။ ဝမ်ကျိယွီမှာ ဝမ်ကယ့်လက်ပေါ်ကြီးပြင်းခဲ့ရတာကြောင့် လူငယ်လေးအပေါ် အစ်ကိုကြီး၏အရိပ်များက အလွန်သက်ရောက်မှုကြီးမားသည်။ ထို့ကြောင့် သူ့မှာအစ်ကိုအရင်းဖြစ်သူအပေါ် ပင်ကိုချစ်ကြောက်ရိုသေစိတ်ကလေးရှိနေသည်။ ဆန့်ကျင်ဘက်အားဖြင့် ကုန်းကျယ်၏အကျင့်စရိုက်က ဝမ်ကျိယွီနှင့်ဆင်တူပြီး သူတို့က စကားပြောရတာအလွန်ပလဲပနံသင့်သလို၊ ကုန်းကျယ်နှင့်စကားပြောနေလျှင် သူ ပိုပြီးပေါ့ပေါ့ပါးပါးရှိလေသည်။
ကုန်းကျယ် ညီဖြစ်သူ၏မျှော်လင့်တကြီးမျက်ဝန်းများကိုကြည့်ကာ ခေါင်းကိုပုတ်လိုက်ရင်း သူ့စိတ်ကူးယဉ်အိပ်မက်များကို ရက်စက်စွာရိုက်ချိုးလိုက်သည်။
“ဒီတစ်ေခါက်ဘာလက်ဆောင်မှမပါဘူး။ မင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေရတော့မယ်ေလ။ မင်းအစ်ကိုက မင်းကို စာပဲအာရုံစိုက်ခိုင်းရမယ်လို့ပြောတယ်။ အဲ့တော့ မင်းဝင်ခွင့်အောင်ပြီးတက္ကသိုလ်မရောက်ခင်အထိ ငါမင်းကိုဘာလက်ဆောင်မှထပ်မဝယ်ပေးဘူး။ နောက်ပြီး မင်းအစ်ကိုက နောက်ပိုင်းကျမင်းကိုလတိုင်းမုန့်ဖိုးတစ်ဝက်ဖြတ်ဖို့ အဖေနဲ့အမေဆီသေချာတိုင်ပင်ပြီးသွားပြီ။”
“ဘာ!”
ဝမ်ကျိယွီ ထိုင်ရာမှခုန်ထလိုက်၏။
“ကျွန်တော့်အစ်ကိုက တကယ်ကြီးအဲလိုလုပ်တယ်ပေါ့။”
ကုန်းကျယ်ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ကျိယွီ ပျာယာခတ်သွားကာ:
“အစ်ကိုဘာလို့သူ့ကိုမဖျောင်းဖျတာလဲ၊ ကျွန်တော့်ကိုလက်ဆောင်မဝယ်ပေးတာထားတော့။ ဘာလို့မုန့်ဖိုးပါဖြတ်ရတာလဲ။ အစ်ကိုအဲ့လိုလုပ်ရင် ကျွန်တော်ဘယ်လိုအသက်ရှင်ရမှာလဲ။”
ကုန်းကျယ်က တည်ငြိမ်နေဆဲပင်။
“ဘယ်လိုနေရမလဲ၊ ခါတိုင်းနေနေကျအတိုင်းပဲနေပေါ့။ မင်း တစ်လတစ်လမုန့်ဖိုးတွေမနည်းမနောရနေတာ ငါတို့မသိဘူးမထင်နဲ့။ မုန့်ဖိုးတစ်ဝက်လျော့သွားရင်တောင် မင်းငတ်မသေပါဘူး။ မင်းအစ်ကိုကလည်း မင်းကောင်းဖို့အတွက်လုပ်တာလေ။လိမ်လိမ်မာမာနဲ့ စကားနားထောင်စမ်းပါ။”
ဝမ်ကျိယွီ ကုန်းကျယ်ကိုခါးသီးနာကျင်စွာကြည့်လိုက်၏။ သို့သော် သူ့အိမ်ကအစ်ကိုကြီး၏အမိန့်ကိုတော့အာမခံဝံ့ဘဲ ခပ်တိုးတိုးတီးတိုးရေရွတ်လိုက်ရုံသာတတ်နိုင်သည်။
“မယားကြောက်ကြီး။”
ကုန်းကျယ်ကပြုံးကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ရှောင်ယွီ၊ မင်းခုနကဘာပြောလိုက်တာ။ ငါသေချာမကြားလိုက်လို့။”
ဝမ်ကျိယွီတစ်ယောက် အပြုံးမဟုတ်သည့်အပြုံးကြီးနှင့်မေးလာသောကုန်းကျယ်ကိုကြည့်ကာ ချက်ချင်းအမြန်ပြောလိုက်သည်။
“ကျွန်တော်ပြောတာ အစ်ကိုက ကျွန်တော့်အစ်ကိုအပေါ် မေတ္တာစစ်မေတ္တာမှန်နဲ့ချစ်တဲ့ စံပြခင်ပွန်းကောင်းတစ်ယောက်ပဲလို့။”
သူကပြောရင်း လက်မပါထောင်ပြလိုက်လေသည်။
ကုန်းကျယ် အကျေနပ်ကြီးကျေနပ်သွားကာ ဒီအကြောင်းစိတ်ထဲမထားတော့ပေ။ ထိုအချိန် သူတို့မိဘများကမီးဖိုခန်းထဲတွင် အဆုံးသတ်ပြင်ဆင်စရာရှိတာပြင်ဆင်နေပြီး ဝမ်ကယ်ဘေးတွင်ဘယ်သူမှရှိမနေပေ။ ကုန်းကျယ်ဒါကိုမြင်တော့ သူ့အနားအမြန်သွားလိုက်သည်။ ဝမ်ကျိယွီကလည်း သူ့အစ်ကိုကိုရှာဖို့ထွက်လာသည်။ သို့သော် ထိုမြင်ကွင်းကိုမြင်သည်နှင့် သူ ချက်ချင်းလမ်းကြောင်းပြောင်းလိုက်သည်။ သူက မီးဖိုခန်းထဲအတင်းတိုးဝင်ကာ ချစ်သူနှစ်ဦးအတွက်နေရာပေးလိုက်သည်။
“အဖေနဲ့အမေတို့က မင်းကိုခေါ်ပြီးမဟုတ်ကဟုတ်ကတွေအများကြီးပြောသေးလား။”
ကုန်းကျယ် ထိုင်ပြီးပြီးချင်းမေးလိုက်သည်။
ဝမ်ကယ်ပြုံးရင်း ကုန်းကျယ်ပုခုံးပေါ်မှီထားလိုက်သည်။ ဆယ်နာရီကြာလေယာဉ်စီးပြီးနောက် သူအလွန်ပင်ပန်းနေသည်။ ထို့အပြင် လေယာဉ်ဆင်းသည်နှင့် အမေနှစ်ယောက်ကသူ့လက်ကိုဆွဲကာ တစ်လမ်းလုံးစကားတွေပြောနေသည်။ နောက်ဆုံးအိမ်ပြန်ရောက်တော့လည်း ကောင်းကောင်းမနားရသေးတာကြောင့် ခေါင်းနည်းနည်းကိုက်စပြုလာသည်။
ကုန်းကျယ်အလွန်စိတ်မကောင်းဖြစ်ကာ ဝမ်ကယ်ကိုတင်းကြပ်စွာပွေ့ဖက်ရင်း မနေနိုင်ဘဲ အပြစ်တင်စကားတချို့ဆိုလိုက်သည်။
“သူတို့ကလည်းတကယ်ပါပဲ။ စကားပြောဖို့အချိန်တွေအများကြီးရှိတာကို၊ အခုချက်ချင်းမရမကပြောရတယ်လို့။”
ဝမ်ကယ် ကုန်းကျယ်လက်ကိုပုတ်ကာ:
“ရပါတယ်။ သူတို့လည်းမတွေ့ရတာအရမ်းကြာပြီဆိုတော့ ငါတို့လွမ်းနေတာမလား။ သူတို့က မင်းအကြောင်းလည်းမေးနေကြတယ်။”
ကုန်းကျယ်၏နှုတ်ခမ်းများအနည်းငယ်တွန့်ကွေးသွားသည်။ သူက ဒီကိစ္စကိုလုံးဝဂရုမထားပေ။
“မေးတယ်ဆိုတာလည်း စကားကြုံလို့ပါ။ ငါသိပါတယ်။”
ဝမ်ကယ်ကပြုံးလိုက်၏။
မားမားဝမ်နှင့်မားမားကုန်းတို့မှာ ငယ်စဉ်ကတည်းကအတူကြီးပြင်းလာကြသူ၊ အချစ်ဆုံးသူငယ်ချင်းများဖြစ်သည်။ သူတို့က ငယ်ငယ်ကတည်းက ခွဲမရအောင်အမြဲအတူတူရှိခဲ့သည်။ တက္ကသိုလ်တက်တော့လည်း မေဂျာအတူတူလျှောက်ခဲ့ပြီး သူ(မ)တို့နှစ်ဦးဆက်ဆံရေးက ညီအစ်မအရင်းများထက်ပင် ပိုမိုကောင်းမွန်ခဲ့သည်။ အလုပ်ဝင်ပြီးနောက် သူငယ်ချင်းတစ်စု၏မိတ်ဆက်ပေးမှုဖြင့် မားမားဝမ် ပါးပါးဝမ်နှင့်ဆုံတွေ့ခဲ့သည်။ သူတို့နှစ်ဦး အချင်းချင်းမေတ္တာမျှခဲ့ပြီးနောက် ပါးပါးဝမ်ကို သူ့ကုမ္ပဏီမှလုပ်ဖော်ကိုင်ဖက်များနှင့် မားမားကုန်းအားမိတ်ဆက်ပေးဖို့တိုက်တွန်းခဲ့သည်။ သည်လိုနှင့် ပါးပါးကုန်းနှင့်မားမားကုန်းတို့မထင်မှတ်ဘဲဆုံတွေ့ခဲ့သည်။
ထို့နောက် သူတို့နှစ်တွဲစလုံး မင်္ဂလာဆောင်ကိုအတူတကွကျင်းပခဲ့သည်။
လက်ထက်ပြီးတစ်နှစ်အကြာတွင် မားမားဝမ်ကိုယ်ဝန်ရှိကာ ဖြူဖြူေဖွးေဖွးနူးညံ့ချောမောသည့်သားရတနာလေးမွေးဖွားခဲ့သည်။ မွေးခင်းစဝမ်ကယ်လေးမှာ အလွန်ချောမောသလို၊လိမ္မာရေးခြားလည်းရှိပေသည်။ သူက ငိုလည်းမငို၊ ဆူဆူညံညံပြဿနာလည်းမရှာပေ။ သူ့ကိုပွေ့ချီထားလျှင် လူတိုင်းကိုချိုသာစွာပြုံးပြတတ်ပြီး အားလုံး၏နှလုံးအိမ်ကို ကိုင်လှုပ်ဖမ်းစားခဲ့သည်။ အထူးသဖြင့် မားမားကုန်းပင်။ သူ(မ)က ဝမ်ကယ်လေးကို ပထမဆုံးမြင်မြင်ချင်း ပါးပါးဝမ်နှင့်မားမားဝမ်လက်ကိုဆွဲကာ သားသမီးချင်းစေ့စပ်ကြောင်းလမ်းဖို့လုပ်ခဲ့သည်။
မားမားကုန်းက ဝမ်ကယ်လေးကိုအလွန်ချစ်ခဲ့သည်။ သူ(မ)က ဝမ်ကယ်ကိုသားအရင်းကဲ့သို့သဘောထားဆက်ဆံခဲ့သည်။ နောက်နှစ်အနည်းငယ်ကြာသည်အထိ သူ(မ)ကိုယ်ဝန်မရခဲ့တာကြောင့် ရှိသမျှအချစ်တွေအားလုံး ဝမ်ကယ်လေးအပေါ်ပုံအောခဲ့သည်။ နောက်တော့ မားမားကုန်းကိုယ်ဝန်ရလာသည်။ သူ(မ)က မိမိ၏တစ်နေ့တခြားသိသိသာသာဆူထွက်လာသောဗိုက်ကလေးကိုလက်ညှိုးထိုးကာ မိမိ၏အနာဂတ်သမက်လောင်းလေးအား နေ့တိုင်းပြောခဲ့သည်။
“ထုန်ထုန်ရေ၊ ဒါသားရဲ့ဇနီးလောင်းလေးပေါ့၊ မြန်မြန်လာပြီးနှုတ်ဆက်လိုက်ပါဦး။”
စကားပြောနိုင်ခါစဝမ်ကယ်လေးက သူ့မွေးစားအမေ၏ဗိုက်လေးကိုထိကိုင်ရင်း ပါးစပ်မှသွားရည်လေးတတောက်တောက်ကျကာ နောက်ကနေလိုက်လံရေရွတ်လိုက်သည်။
“ဇနီးလောင်း!…… နှုတ်ဆက်!”
နောက်ပြီး ဝမ်ကယ်ကဇနီးလောင်းလေးဟုခေါ်လိုက်တိုင်း မားမားကုန်းဗိုက်ထဲမှကလေးလေးကအလွန်ပျော်ရွှင်ကာ ဗိုက်ကိုလှည့်ပတ်ကန်လေ့ရှိတာကြောင့် လူတိုင်းကသူ့ကို သမီးလေးဖြစ်မည်ဟုခန့်မှန်းခဲ့ကြသည်။ ဤသို့ဖြင့် ဆယ်လကြာပြီးနောက် အသားမည်းမည်း၊ ပိန်ပိန်ပါးပါးမျောက်ကလေးတစ်ကောင်မွေးလာချိန်မှာတော့ လူတိုင်းအံ့အားသင့်ဆွံ့အသွားကြသည်။ ကလေးက ယောကျာ်းလေးဖြစ်ေနသည့်အပြင် ဒီလောက်အသားမည်းပြီး ရုပ်ဆိုးနေမည်ဟု ဘယ်သူကမှမထင်မှတ်ထားခဲ့ပေ။
ဝမ်ကယ်၏မွေးကင်းစမျက်နှာေလးနှင့်ယှဉ်လျှင် မားမားကုန်းမှာ ရုပ်ဆိုးဆိုးသားလေးတစ်ယောက်မွေးလာသည်ကိုလက်မခံနိုင်ဖြစ်ခဲ့ရသည်။ ဆရာဝန်နှင့်သူနာပြုများက ကလေးသည် သူ(မ)၏သားအရင်းဖြစ်ကြောင်းအာမခံကာ အခါခါသေချာကြောင်းမပြောခဲ့လျှင် သူ(မ)ဒီကလေးကိုလွှင့်ပစ်မိမလားတောင်မသိပေ။
(T/N – ဟာသအမြင်နဲ့ရေးထားတာဖြစ်ပါတယ်။ တကယ်တမ်းက ဘယ်လိုပုံစံနဲ့မွေးဖွားလာပါစေ၊ အသားအရောင်ကွာခြားချက်ဘယ်ေလာက်ရှိပါစေ၊ လူတိုင်းလူတိုင်းမှာ အများနဲ့မတူတဲ့ ကိုယ်ပိုင်အလှကိုယ်စီရှိပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသင့်သလို၊ တကယ်တမ်း စစ်မှန်တဲ့အလှဆိုတာ အပြင်ပန်းထက် အတွင်းစိတ်လှနေဖို့ကပိုအရေးကြီးပါတယ်။)
သမီးလှလှလေးဆိုသောအိပ်မက်က ပျောက်ဆုံးသွားလေပြီ။ မွေးစားသားလေးကလည်း သမက်လေးဖြစ်မလာနိုင်တော့ပြီ။ မားမားကုန်းမှာ ရက်ပေါင်းများစွာသက်ပြင်းချရသည့်အပြင် သူ(မ)၏ရှုံ့တွတွအသားမည်းမည်းသားငယ်လေးကိုမြင်တော့ ပိုပြီးစိတ်မကောင်းဖြစ်ရသည်။
မားမားကုန်း သူ(မ)သားကိုသဘောမကျသော်လည်း ကုန်းကျွမ်းကျွမ်းကတော့ အလွန်ကြိုးစားလိုစိတ်ကြီးသည်။ သူက မိမိအပေါ် မိခင်ဖြစ်သူ၏အချစ်များမလျော့သွားစေရေး နေ့တိုင်းလိုလိုကိုယ့်ကိုယ်ကိုယ်ကြည့်ကောင်းအောင်ကြိုးစားခဲ့သည်။
စိတ်ရင်းဖြင့်ကြိုးစားသူများကို မိုးနတ်မင်းက မပစ်ပယ်တတ်ဆိုသလို၊ ကုန်းကျွမ်းကျွမ်း အနည်းငယ်အရွယ်ရောက်သည့်အခါ မျက်နှာပေါက်လေးပွင့်လာသည်။ နောက်ဆုံးတော့ သူကငယ်ငယ်တုန်းကလောက်ရုပ်မဆိုးတော့သလို၊ အသားအရေလည်းအများကြီးဖြူဝင်းလာသည်။ သူကဝမ်ကယ်နှင့်မယှဉ်နိုင်သော်ငြား မျက်လုံးမျက်ခုံးများက ကောင်ချောလေးတစ်ယောက်ဖြစ်လာမည်ဆိုတာကိုခန့်မှန်းနိုင်သည်။ သူ့ကိုမြင်သည့်သူတိုင်း စကားးတစ်ခွန်းအမြဲပြောလေ့ရှိသည်မှာ “ဒီကလေးက ချောလိုက်တာ” ဟူ၍ဖြစ်သည်။
ထိုအချိန်မှစ၍ ကုန်းကျယ်အရွယ်ရောက်လာလေ၊ ပိုမိုချောမောလာလေပင်ဖြစ်သည်။ သူ ငါးနှစ်အရွယ်ရောက်တော့ ကလေးအဝတ်အစားအမှတ်တံဆိပ်တစ်ခုက သူ့အားကြော်ငြာရိုက်ကူးရန်ကမ်းလှမ်းခဲ့သည်။ နောက်တော့ ကုန်းမားမားမှာ သူ(မ)သားရုပ်ရည်အပေါ်သဘောမကျနေရာမှ သူ(မ)သား၏ခေါင်းအစခြေအဆုံးကိုသဘောမကျသည့်အခြေအနေဖြစ်လာသည်။
အကြောင်းက ငါးနှစ်အရွယ်ကလေးမှာ အလွန်အဆော့သန်သည်။ အထူးသဖြင့် လိမ္မာရေးခြားရှိသည့်ဝမ်ကယ်နှင့်ယှဉ်လျှင် ကုန်းကျယ်က မျောက်မင်းစွန်းဝူခုန်းဝင်စားသလားထင်ရကာ နေ့တိုင်းကောင်းကင်ဘုံကိုေြဗာင်းဆန်လောက်အောင် အနည်းဆုံးပြဿနာတစ်ခုမဟုတ်တစ်ခုရှာတတ်ပေသည်။ မားမားကုန်းမှာ သူ(မ)သားကိုကြည့်ပြီးခေါင်းခဲရသလို၊ တစ်ဖက်ကလည်း ဝမ်ကယ်ကိုပို၍နှစ်သက်သဘောကျမိလေသည်။
နောက်ပိုင်း ကုန်းကျယ်၏လှည့်စားသွေးဆောင်မှုကြောင့် ဝမ်ကယ်သူ့လက်အတွင်းသက်ဆင်းကာ မိသားစုနှစ်စုကြားသားသမီးချင်းစေ့စပ်ကြောင်းလမ်းထားသည့်ကိစ္စက အခြားထူးဆန်းသည့်နည်းလမ်းတစ်ခုဖြင့် ဆက်လက်အကောင်အထည်ပေါ်သွားသည်။ သို့သော် မားမားကုန်းတစ်ယောက်နည်းနည်းမှမပျော်ရွှင်ပေ။ အဲ့ဒီအစား သူ(မ)ကမိမိသားဖြစ်သူနောက်ေပြးလိုက်ကာ မရပ်မနားရိုက်ပုတ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ(မ)စိတ်ထဲတွင် သူ(မ)သားက ဝမ်ကယ်နှင့်မတန်ဘူးဟုခံစားရသောကြောင့်ဖြစ်သည်။ ကုန်းကျယ်သည် သူ(မ)၏သားအရင်းဖြစ်သည်။ သို့သော် သူ(မ)ကတော့ မိမိမွေးစားသားနတ်သားလေးကိုဝက်ချီသွားသကဲ့သို့ခံစားနေရဆဲပင်။ သို့ဖြင့် မားမားကုန်းတစ်ယောက် သူ(မ)သားကိုပို၍ဘဝင်မကျဖြစ်လာသည်။
မားမားကုန်းသည်ကုန်းကျယ်ကိုမြင်တိုင်းဘဝင်မကျသော်လည်း တကယ်တမ်း သူ(မ)ရင်ထဲ၌ သားဖြစ်သူကိုချစ်ခင်နေဆဲဖြစ်သည်။ ကုန်းကျယ်က သူ(မ)ကိုယ်တိုင်ခက်ခက်ခဲခဲဝမ်းနှင့်လွယ်မွေးခဲ့ရသည့်သားတစ်ေယာက်ဖြစ်သည်။ သူ(မ) ဘယ်လိုများတကယ်မုန်းနိုင်ရက်ပါ့မလဲ! တကယ်တမ်းကျ သဘောမကျဘူး၊ ဘဝင်မကျဘူးဆိုသည့်စကားများမှာ နှုတ်စကားသက်သက်သာဖြစ်သည်။ ကုန်းကျယ်ကလည်း ဒါကိုသိနေသည်။ ထို့ကြောင့် ဒီအကြောင်းကို သူဘယ်တော့မှစိတ်ထဲမထားပေ။ အဲ့ဒီအစား သူ့မိဘများက ဝမ်ကယ်ကိုအလွန်ချစ်ကြတာမြင်တော့ သူ့ကိုယ်သူအချစ်ခံရသည်ထက်ပင် သူပို၍ပျော်ရွှင်ရပေသည်။
ညစာကအလွန်စုံလင်များပြားသည်။ သားနှစ်ယောက်အိမ်ပြန်လာသည်ကိုကြိုဆိုရန် ကုန်းပါးပါးက ကြက်ဆင်ကင်ကိုပြင်ဆင်ချက်ပြုတ်ထားသည်။
ဝမ်ကယ်နှင့်ကုန်းကျယ်တို့အတူထိုင်ပြီး ဘေးတစ်ဖက်စီတွင် နှစ်ဘက်မိဘများစုံညီစွာထိုင်ကြသည်။ မိသားစုတစ်ခုလုံး သာယာသင့်မြတ်ကာ လေထုကလည်းအလွန်ကျေနပ်ပျော်ရွှင်စရာကောင်းလှသည်။
ညစာစားပြီးနောက် မိဘလေးဦးက ဝမ်ကယ်ကိုစကားပြောရန်ဆက်မဆွဲထားတော့ပေ။ သူတို့ကဝမ်ကယ့်ကို ကုန်းကျယ်ဆီလိုလိုချင်ချင်ပြန်ထည့်ပေးလိုက်သည်။ သို့နှင့် ကုန်းကျယ်က သူ့ချစ်သူလက်ကိုတင်းကျပ်စွာဆွဲကာ ဘယ်သွားသွားမလွှတ်တမ်းကိုင်ထားပြီး ဝမ်ကယ်ကို သူ့ဆီကနောက်တစ်ကြိမ်ပြန်လုခံရမှာစိုးကြောက်နေသည်။
သားနှစ်ယောက်စလုံးက တရုတ်ပြည်မကြီးတွင်အောင်မြင်ေနသောအနုပညာကြယ်ပွင့်များဖြစ်တာကြောင့် မိသားစုဝင်များကတရုတ်နိုင်ငံအနုပညာလောကအကြောင်း အလွန်စိတ်ဝင်တစားရှိကြသည်။ သူတို့နှစ်ဦးတီဗွီတွင်ပါသည်ဖြစ်စေ၊ ရသစုံရှိုးများတွင်ပါဝင်သည်ဖြစ်စေ၊ အစီအစဉ်များထုတ်လွှင့်တိုင်း သူတို့မလွတ်တမ်းစောင့်ကြည့်ကြသည်။
ညစာစားပြီးနောက် ဝမ်ကျိယွီ ကွန်ပျူတာကြည့်ရင်း တစ်နေ့ကဝမ်ကယ်တက်ရောက်ဖျော်ဖြေခဲ့သည့်နှစ်သစ်ကူးညဖျော်ဖြေပွဲကိုတွေ့သွားသည်။ သူက ဗွီဒီယိုကိုဝမ်ကယ်ဖျော်ဖြေသည့်နေရာအထိရောက်အောင် တန်းရွှေ့ကာဖွင့်လိုက်သည်။ ဝမ်ကယ်လည်းသူတို့နှင့်အတူ ဖျော်ဖြေပွဲကြည့်ချင်သည်။ သို့သော် အလွန်ပင်ပန်းနေတာကြောင့် အပေါ်ထပ်အရင်တက်ခဲ့လိုက်သည်။
ကုန်းကျယ်က သူ့နောက်ကအလိုလိုလိုက်လာသည်။
ဝမ်ကယ်အလယ်တန်းတတိယနှစ်ရောက်တော့ ပါးပါးကုန်းနှင့်ပါးပါးဝမ်အား ဗြိတိန်နိုင်ငံရှိဌာနချုပ်ရုံးတွင်အလုပ်လုပ်ရန် ကုမ္ပဏီကအကြံပြုထောက်ခံခဲ့သည်။ သို့နှင့် မိသားစုဝင်များပါ ဗြိတိန်သို့လိုက်ပါကာ အိမ်နီးချင်းများအဖြစ်ဆက်လက်နေထိုင်ခဲ့သည်။
ကုန်းကျယ်နှင့်ဝမ်ကယ်အိမ်ထောင်ပြုပြီးနောက် မိသားစုနှစ်စုက တစ်ခုတည်းပေါင်းစည်းသွားသည်။ သို့နှင့်နှစ်ဖက်မိဘများပေါင်းကာ ပိုကြီးသည့်အိမ်သို့ပြောင်းေရွှ့ခဲ့ပြီး တစ်အိမ်တည်းအတူနေထိုင်ခဲ့သည်။
ဝမ်ကယ်အခန်းထဲရောက်သည်နှင့် အိပ်ရာပေါ်လှဲလိုက်၏။ သူ့ခမျာအလွန်အိပ်ချင်ကာ မျက်လုံးများပင်မပွင့်တော့ပေ။
ကုန်းကျယ်က ရေချိုးခန်းထဲသွားကာ ရေဖြည့်လိုက်သည်။ ထို့နောက် သူက နှစ်ဦးစလုံး၏အဝတ်အစားများကိုချွတ်ကာ ဝမ်ကယ်ကိုပွေ့ချီ၍ ရေချိုးခန်းထဲခေါ်သွားသည်။ ဝမ်ကယ် အိပ်ပျော်လုနီးပါးဖြစ်နေသည်။ သူက အဝတ်ဗလာဖြင့်ကုန်းကျယ်ပုခုံးပေါ်မှီရင်း သူ့ချစ်သူသူ့အားရေချိုးပေးသည်ကိုခွင့်ပြုထားလိုက်သည်။ အိပ်ရာပေါ်ပြန်ရောက်တော့ ဝမ်ကယ်လုံးဝအိပ်ပျော်နေသည်။
ဘေးဘက်ရှိမွေ့ယာအိခနဲနိမ့်သွားတော့ ဝမ်ကယ်အိပ်ချင်မူးတူးဖြင့်မွေ့ယာအလယ်ရွှေ့လိုက်သည်။ ထို့နောက် လုပ်နေကျအတိုင်း လက်နှင့်ခြေထောက်များဆန့်ကာ နှုတ်ခမ်းစူလိုက်သည်။
ကုန်းကျယ်ခပ်ဖွဖွပြုံးကာ ခေါင်းငုံ့ပြီးနမ်းလိုက်သည်။
“အိပ်တော့၊ ငါမင်းကိုချစ်တယ်။”
ဝမ်ကယ်အိပ်နေရင်းနှုတ်ခမ်းထောင့်လေးများကွေးတက်သွားသည်။
နောက်တစ်နေ့မနက်စောစော သူတို့နှစ်ဦးအိပ်နေဆဲအချိန် အောက်ထပ်မှဝမ်ကျိယွီနှင့်ပါးပါးဝမ်တို့အသံများကြားလိုက်ရသည်။
ကုန်းကျယ်အရင်နိုးလာ၏။ ကြည့်ရတာ နှစ်ယောက်သားအောက်ထပ်တွင်ရန်ဖြစ်နေကြပုံပင်။ သူတို့က ကျယ်လောင်စွာပြောနေတာကြောင့် ခဏကြာတော့ဝမ်ကယ်ပါနိုးလာသည်။
“ဘာလို့အဲ့လောက်ဆူညံနေတာလဲ။”
ဝမ်ကယ် ဗလုံးဗထွေးပြောကာ ကုန်းကျယ်ရင်ခွင်ထဲဆက်တိုးအိပ်လိုက်သည်။
ကုန်းကျယ်က သူ့ကျောကိုပုတ်ကာပြောလိုက်သည်။
“ကြည့်ရတာ အဖေနဲ့ကျိယွီထင်တယ်။”
သူ့ညီဆိုသံကြားတော့ ဝမ်ကယ်ချက်ချင်းအိပ်ရာနိုးသွားသည်။ သူ စကားတစ်ခွန်းနှစ်ခွန်းနားထောင်ကြည့်ပြီးနောက် ဘာဖြစ်နေမှန်းသိသွားသည်။ သို့နှင့်သူကရေချိုးခန်းဝတ်စုံကြီးနှင့် ပြတင်းပေါက်ဆီလျှောက်သွားသည်။ ထို့နောက် ပြတင်းပေါက်တံခါးဖွင့်ကာ အပြင်သို့ခေါင်းထွက်ပြီးအော်လိုက်သည်။
“ဝမ်ကျိယွီ!”
အောက်ထပ်တွင်ခဏအသံတိတ်သွားသည်။ ဝမ်ကျိယွီက သူ့ကိုဘယ်လိုမှပြန်ခံမပြောရဲပေ။ သို့နှင့် သူက ကြောက်ကြောက်နှင့် သူငယ်ချင်းဆီသွားရန်အပြင်ထွက်သွားသည်။
ဝမ်ကယ် ပြတင်းပေါက်ပြန်ပိတ်ပြီး သန်းဝေကာအိပ်ရာပေါ်ပြန်တွားတက်လာသည်။ ထို့နောက် သူ့လက်နှင့်ခြေထောက်များက ကုန်းကျယ်ရင်ခွင်ထဲတိုးဝင်သွားသည်။
ကုန်းကျယ်မနေနိုင်ဘဲရယ်လိုက်ကာ:
“အဲ့ကလေးကိုမင်းပဲထိန်းနိုင်တယ်။”
ဝမ်ကယ်က ကုန်းကျယ်မေးစေ့ကိုကိုင်ကာ မျက်ခုံးပင့်လိုက်ပြီး:
“မင်းကိုတောင် ငါ့စကားနားထောင်အောင်ထိန်းနိုင်သေးတာ၊ အဲ့ကောင်စုတ်လေးဆိုပြောမနေနဲ့။”
ကုန်းကျယ်ရယ်လိုက်၏။ သူကဝမ်ကယ့်မျက်နှာထားလေးကိုသဘောကျကာဆံစလေးများကိုပွတ်သပ်ေပးရင်း:
“သေချာတာပေါ့၊ ကိုယ်ကမယားကြောက်လေ။”
ဝမ်ကယ် စိတ်ကောင်းဝင်နေချိန်မို့ ကုန်းကျယ်၏စကားလုံးအသုံးအနှုန်းကို စိတ်ထဲမထားပေ။ သူက ဟွန့်ခနဲအသံပြုလိုက်ပြီး ကုန်းကျယ်ရင်ခွင်ထဲတိုးဝင်ကာ ပြန်အိပ်ပျော်သွားလေသည်။
*****
Aurora Novel Translation Team