Chapter 22
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 22 - အစည်းအဝေးအတွက်ပြင်ဆင်ခြင်း
အပိုင်း (၂၂) – အစည်းအဝေးအတွက်ပြင်ဆင်ခြင်း
👻👻👻
“နောက်အပတ်တနင်္လာနေ့ကျရင် ရုပ်သံလွှင့်ဌာနဆီတစ်ခေါက်သွားရမယ်။ ဧည့်သည်အားလုံး အစီအစဉ်ရဲ့အဓိကဝန်ထမ်းတွေနဲ့ အတူတူအစည်းအဝေးတစ်ခုတက်ရမယ်။ ပြီးရင်တော့ နောက်တစ်ပတ်ထဲတရားဝင်ရိုက်ကူးရေးစလိမ့်မယ်။ အရင်ဦးဆုံးဧည့်သည်မိတ်ဆက်ဗီဒီယိုအရင်ရိုက်ရမယ်။ ရိုက်ကူးရေးအသေးစိတ်က တစ်ဦးချင်းအင်တာဗျူးနဲ့ အနုပညာရှင်တွေရဲ့ကိုယ်ပိုင်နေ့စဉ်ဘဝအကြောင်းပါမယ်။”
“ကိုယ်ပိုင်နေ့စဉ်ဘဝအကြောင်းလား။ ဘယ်မှာရိုက်မှာလဲ။”
ကုန်းကျယ်ကမေးလိုက်သည်။
“အိမ်မှာရိုက်မှာ။ အရမ်းအသေးစိတ်ကြီးရိုက်မှာမဟုတ်ပါဘူး။ အကြမ်းဖျင်း ဧည့်သည်တစ်ယောက်ကို (၁၀)မိနစ်လောက်ပဲ။”
လော့မင်ဖန်းကပြောသည်။
“ဒီတော့ အဲ့ဒီအချိန်မင်းတို့နေရာပြောင်းနေတာအကောင်းဆုံးပဲ။ ဒီမှာကလူနှစ်ယောက်နေနေမှန်းသိပ်သိသာနေတော့ မျက်စိလျင်တဲ့ပရိသတ်တွေကိုမသိအောင်လုပ်ဖို့ခက်တယ်။ အဲ့ဒါကြောင့်ငါတို့စိတ်ချရအောင်လုပ်တာပိုကောင်းလိမ့်မယ်။”
ယင်ယွီထျန်းက ဘေးကနေခေါင်းညိတ်ရင်း:
“မင်းတို့ဆီမှာကုမ္ပဏီကစီစဉ်ပေးထားတဲ့အိမ်တစ်လုံးစီရှိတယ်မလား။ အဲ့ဒီမှာအရင်သွားနေပြီး ဖြေရှင်းထားနှင့်ပေါ့။”
ယခုေနနေသည့်အိမ်မှာ နှစ်ဦးစလုံးပွဲဦးထွက်ပြီးခါစဒုတိယနှစ်၌ သူတို့ကိုယ်တိုင်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဒီအိမ်ဝယ်ထားသည့်အကြောင်းကို နှစ်ဖက်အေးဂျင့်များနှင့်လက်ထောက်လေးများမှအပ တခြားမည်သူမျှမသိကြပေ။ မီဒီယာများကတော့ သူတို့ကိုကုမ္ပဏီမှစီစဉ်ပေးသည့်အိမ်များတွင်နေနေသည်အထင်ဖြင့် အစောပိုင်းကာလများ၌ ထိုအိမ်နှစ်လုံးအောက်တွင် နေ့တိုင်းလာထိုင်စောင့်ကြသည်။ တစ်လလောက်ထိုင်စောင့်ပြီးနောက် နှစ်ယောက်လုံးထံမှ သတင်းဓာတ်ပုံေလးတစ်ပုံတောင်မရသည့်အခါ သူတို့ပစ်မှတ်များပြောင်းလိုက်ကြသည်။
အိမ်နှစ်လုံးကလူမနေသော်လည်း ပရိဘောဂအပြည့်အစုံရှိကာ အချိန်မရွေးပြောင်းရွှေ့နေထိုင်နိုင်သည်။ ဝမ်ကယ်နှင့်ကုန်းကျယ်လည်း အထူးအခြေအနေကိုသဘောပေါက်တာကြောင့် စက္ကန့်အနည်းငယ်တွန့်ဆုတ်နေပြီးမှ သဘောတူလိုက်သည်။
တစ်ပတ်ကြာတော့ အေးဂျင့်နှစ်ဦးပြန်ရောက်လာသည်။ သူတို့ကမိမိတို့၏အနုပညာရှင်များကိုခေါ်ကာ ရုပ်သံလွှင့်ဌာနသို့တစ်ယောက်ပြီးတစ်ယောက်ချီတက်သွားကြသည်။
သူတို့အား ဒါရိုက်တာကိုယ်တိုင် တံခါးဝတွင်လာေရာက်ကြိုဆိုခဲ့သည်။
ခေါင်းဆောင်ဒါရိုက်တာအမည်မှာ ချီချွမ်ဖြစ်သည်။ သူက မကြာသေးခင်ကမှဘွဲ့ရထားသည့်လူငယ်တစ်ဦးဖြစ်ပြီး အလွန်တော်သလို တစ်မူထူးခြားသောအမြင်များလည်းရှိသည်။ သူက အစီအစဉ်ရိုက်ကူးရေးနှင့်ပတ်သက်၍ ကိုယ်ပိုင်စိတ်ကူးဉာဏ်များရှိသလို အနုပညာလောကတွင် ထူးချွန်ကျော်ကြားသော ရွှေအဆင့်ဒါရိုက်တာတစ်ဦးလည်းဖြစ်သည်။ သူယခင်တာဝန်ယူခဲ့သည့်အစီအစဉ်များစွာကလည်း ပြည်တွင်း၌ေအာင်မြင်ေကျာ်ကြားခဲ့ပြီး အလွန်မြင့်မားသောကြည့်ရှုမှုနှုန်းများရရှိခဲ့သည်။ ထို့အပြင် သူတာဝန်ယူခဲ့သည့်သဘာဝရသစုံရှိုးတစ်ခုမှာ အလွန်နာမည်ကြီးလူကြိုက်များခဲ့ပြီး ပြည်တွင်းသဘာဝရသစုံရှိုးများကိုတိုးတက်လာအောင် တွန်းအားပေးခဲ့သည်။
ယခင်သဘာဝရသစုံရှိုးနှင့် အလွန်နာမည်ကြီးခဲ့တာကြောင့် ဒီတစ်ခေါက်သူ၏ရှိုးအသစ်ကိုလည်း အပြင်လောကကအလွန်မျှော်လင့်စောင့်စားနေကြသည်။ ဧည့်သည်စာရင်းမကြေညာခင်ကပင် ရှိုးအမည်ကလူသိများေကျာ်ကြားနေသည်။ ထိုအချိန်တွင် ပရိုဂရမ်အဖွဲ့က ဧည့်သည်စာရင်းကိုဆက်တိုက်ဆိုသလို တစ်ခုပြီးတစ်ခုချပြလိုက်သည့်အခါ ၎င်း၏အမိုက်စားဧည့်သည်တော်စာရင်းက လူတိုင်းကိုအံ့အားသင့်သွားစေသည်။ သို့သော် ဧည့်သည်စာရင်းအပြည့်အစုံကို မကြေညာဘဲအကြာကြီးထားထားတာကြောင့် လူတိုင်းကကျန်ဧည့်သည်နှစ်ဦးမှာမည်သူတွေများဖြစ်နေမလဲဟု ထင်ကြေးပေးနေကြသည်။
<<စနေနေ့တွေ့ကြမယ်>> အစီအစဉ်က ကုန်းကျယ်နှင့်ဝမ်ကယ်အား စတိတ်စင်တစ်ခုတည်းထွက်ပေါ်လာအောင် လှည့်စားခဲ့ပြီးနောက်ပိုင်း ပရိုဂရမ်သေးသေးကြီးကြီး အားလုံးက ထိုသို့လုပ်ေဆာင်ရန်စိတ်ကူးရသွားကြသည်။ အစီအစဉ် (၁၀)ခုတွင် (၈)ခုက သူတို့ထဲကတစ်ယောက်မဟုတ်တစ်ယောက် ဧည်သည့်စာရင်းထဲပါဝင်နေသည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးစင်မြင့်တစ်ခုတည်းပေါ်အတူတူထွက်ပေါ်လာခြင်းက မြင့်မားသောကြည့်ရှုမှုနှုန်းနှင့် Hot Search ခေါင်းစဉ်များစွာယူဆောင်ပေးခဲ့ပေသည်။ ဤအချက်က သူတို့အားလုံးကိုမနာလိုအားကျစေခဲ့သည်မဟုတ်ပါလား၊ သူတို့ကလည်း ထိုသို့နာမည်ကြီးသွားသည့်ခံစားချက်မျိုးရဖူးချင်ကြသည်။ သို့သော် <<စနေနေ့တွေ့ကြမယ်>> အစီအစဉ်တွင်ကြုံဖူးခဲ့တာကြောင့် သူတို့နှစ်ဦးက ယခုတော့အေးဂျင့်ထံမှအလုပ်များလက်ခံသည့်အခါ ပိုမိုသတိထားလာသည်။ သူတို့ကတစ်ဖက်လူကို ထိုအစီအစဉ်တွင်ပါနေလားဆိုတာအချင်းချင်းအရင်မေးပြီး အတူတူပါနေသည်နှင့် ချက်ချင်းငြင်းဆိုလိုက်သည်။
ထို့ကြောင့် အချိန်အတော်ကြာသည်အထိ ဝမ်ကယ်နှင့်ကုန်းကျယ်တို့မှာ <<စနေနေ့တွေ့ကြမယ်>> အစီအစဉ်ကလွဲလျှင် အခြားမည်သည့်အစီအစဉ်မှာမှ အတူတူမပါဝင်တော့ပေ။ ချီချွမ်ကလည်း ဤထိပ်တန်းနာမည်ကြီးနှစ်ယောက်ကိုကောင်းမွန်စွာအသုံးချကာ Weibo တွင် ရှိုးကိုနာမည်ကြီးလာအောင်လုပ်ချင်နေသည်။ ထို့ကြောင့် သူကဒီအကြောင်းကိုတမင်လျှို့ဝှက်ကာ ဝမ်ကယ်နှင့်ကုန်းကျယ်အမည်များကို လူသိရှင်ကြားမကြေညာဘဲ အခွင့်အခါကောင်းတစ်ခုကိုစောင့်ဆိုင်းနေသည်။
ဝမ်ကယ် ကုန်းကျယ်ထက်နာရီဝက်နောက်ကျပြီးထွက်ခဲ့သည်။ ရုပ်သံဌာနသို့ရောက်သွားတော့ ကုန်းကျယ်ကဒါရိုက်တာကိုနှုတ်ဆက်၍ ဝန်ထမ်းများနောက်မှလိုက်ကာအထဲဝင်သွားနှင့်ပြီဖြစ်သည်။ ချီချွမ်က ဝမ်ကယ်ကားပေါ်ကမဆင်းရသေးခင် လှေကားမှပြေးဆင်းကာ သူ့ကိုကားတံခါးလာဖွင့်ပေးသည်။
“မစ္စတာဝမ်၊ မင်္ဂလာပါ။ ကျွန်တော်က <<စွန့်စားလူငယ်များ>>အစီအစဉ်ရဲ့ ဒါရိုက်တာပါ။ ကျွန်တော့်နာမည် ချီချွမ်လို့ခေါ်ပါတယ်။”
“ဒါရိုက်တာချီ မင်္ဂလာပါ။ ခင်ဗျားနဲ့ဆုံဖူးချင်နေတာကြာပါပြီ။”
အသက်အရွယ်အရဖြစ်စေ၊ လုပ်သက်အရဖြစ်စေ၊ ဝမ်ကယ်က ချီချွမ်ထက်စီနီယာပိုကျသည်ဟုဆိုနိုင်သည်။ ထို့ကြောင့် စကားပြောဆိုရာ၌ ချီချွမ်နှင့်ယှဉ်လျှင် ဝမ်ကယ်ကပိုပေါ့ပေါ့ပါးပါးဖြစ်နေသည်။
ဝမ်ကယ်အစည်းအဝေးခန်းထဲဝင်လိုက်သည်နှင့် လူတိုင်း၏အာရုံကိုဖမ်းစားပစ်လိုက်သည်။ ယနေ့မနက်စောစောမှ ဧည့်သည်စာရင်းအပြည့်အစုံသိရသောဝန်ထမ်းများမှအပ ကျန်လူအားလုံးမှာ ဝမ်ကယ်ဖြည်းညင်းစွာလှမ်းဝင်လာသည်ကိုကြည့်ရင်း မယုံနိုင်သလိုပင့်သက်ရှိုက်လိုက်ကြသည်။
ဘေးတွင်ထိုင်နေသောဧည့်သည်အချို့၏မျက်လုံးများက ပို၍ပင်အံ့အားသင့်သွားပုံပေါ်သည်။
ကုန်းကျယ်ဝင်လာစဉ်ကလည်း သူတို့တွင်ထိုသို့ေသာတုံ့ပြန်မှုမျိုးရှိခဲ့သည်။ လူတိုင်းက ကုန်းကျယ်နှင့်အတူရသစုံရိုက်ကူးရမည့်အတွက် အံ့ဩဝမ်းသာနေရာမှအသိပြန်ဝင်လာရုံရှိသေး၊ စက္ကန့်ပိုင်းပင်မကြာ ဝမ်ကယ်ပါအစည်းအဝေးခန်းထဲထပ်ဝင်လာတာမြင်တော့ တည်ငြိမ်ခါစသူတို့၏အသိစိတ်ကလေးများပြန်လည်ပြိုပျက်သွားရသည်။ သူတို့မှာ အံ့ဩရသလို၊ စိတ်လည်းလှုပ်ရှားကာ အားလုံးကဒီရှိုးကိုလက်ခံလိုက်တာကံကောင်းလေခြင်းဟု စိတ်ထဲကကြိတ်ဝမ်းသာနေကြသည်။
ပရိုဂရမ်အဖွဲ့က အရည်အသွေးပြည့်ဝသောအနုပညာကြယ်ပွင့်များစွာကိုဖိတ်ကြခဲ့သည်။ သူတို့က ဖိတ်ကြားစဉ်ကလည်း ဝမ်ကယ်နှင့်ကုန်းကျယ်ပါဝင်မည့်အကြောင်းတမင်ထုတ်မပြောခဲ့ပေ။ ထို့ကြောင့် အချို့အနုပညာရှင်များမှာ အချိန်မရ၍ဖြစ်စေ၊ သဘာဝရသစုံရှိုးများကိုသဘောမကျ၍ဖြစ်စေ ဖိတ်ကြားချက်ကိုငြင်းဆိုခဲ့ကြပြီး နောက်ဆုံး၌ အနုပညာရှင်(၆)ဦးသာသဘောတူလက်ခံခဲ့သည်။
ကုန်းကျယ်နှင့်ဝမ်ကယ်ပါဝင်မည်ဟု စောစောစီးစီးကြိုသိခဲ့လျှင် အချိန်မရ၍ငြင်းဆိုခဲ့သူများက ပါဝင်ကောင်းပါဝင်လာနိုင်သည်။ ဘာပဲပြောပြော အနုပညာလောက၏ထိပ်တန်းဧကရာဇ်နှစ်ပါး အစီအစဉ်တွင်ပါဝင်နေမှတော့ ဖိတ်ကြားချက်ကိုငြင်းဆန်ဖို့ ဘာအကြောင်းများရှိပါဦးမလဲ။ ထို့ကြောင့် ငြင်းဆန်ခဲ့သူများမှာ ဒီအစီအစဉ်ထုတ်လွှင့်ပြသသည့်အခါ နောင်တအကြီးကြီးရသွားမှာသေချာသည်။
ပါဝင်သူအနုပညာရှင်များတွင် ယွီရန်က သဘာအနုဆုံးသူဖြစ်တာကြောင့် နောက်ဆုံးနေရာတွင်ထိုင်နေသည်။ သူက ဝမ်ကယ်ဝင်လာတာမြင်တော့ အံ့အားသင့်သွားသည်။
ကုန်းကျယ်ကတော့ ရုပ်ရှင်ဧကရာဇ်တစ်ေယာက်ပီသပေသည်။ သူက အားလုံးသိထားတာတောင် ဘာမှမဖြစ်သလိုဟန်ဆောင်ကာ မျက်လုံးများ၌လည်း အံ့ဩမှုအနည်းငယ်နှင့် မနှစ်မြို့ခြင်းတချို့ရှိနေသည်။ သူ၏တုံ့ပြန်မှုက ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်တွေ့သလိုတုံ့ပြန်မှုမျိုးဖြစ်သည်။
ဧည့်သည်များ၏ထိုင်ခုံနေရာများကို အနုပညာလုပ်သက်အရ စီစဉ်ပေးထားသည်။ ကုန်းကျယ်က ပထမနေရာတွင်ဖြစ်ပြီး ဝမ်ကယ်ကတော့ဒုတိယနေရာဖြစ်သည်။
ချီချွန်ကိုယ်တိုင်လည်း ထိုင်ခုံနေရာများစီစဉ်စဉ် အချိန်တော်တော်ကြာအခက်တွေ့ခဲ့သည်။ ဧည့်သည်(၈)ဦးတွင် ကုန်းကျယ်ကအရင်ဦးဆုံးပွဲဦးထွက်ခဲ့သည်မှန်သော်လည်း ဝမ်ကယ်က တကယ်တမ်းေတာ့သူ့ထက်အချိန်တစ်လသာနောက်ကျခဲ့တာဖြစ်သည်။ နောက်ပြီးသူတို့နှစ်ဦးစလုံးမှာ အနုပညာလောကတွင် လုပ်သက်အရဖြစ်စေ၊ အဆင့်အတန်းအရဖြစ်စေ လုံးဝကွာခြားမှုမရှိပေ။ ထို့အပြင် နှစ်ဦးစလုံးက ရန်သူတော်များဖြစ်သည်ဆိုသော ကောလာဟလများလည်းအမြဲထွက်နေတာမို့ ကုန်းကျယ်အနောက်မှနေရာချထားသည့်အတွက် ဝမ်ကယ်မကျေမနပ်ဖြစ်သွားမှာသူစိုးသည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ကယ်ကဘာမှမပြောဘဲ ကုန်းကျယ်ဘေးတွင် တည်ငြိမ်စွာဝင်ထိုင်လိုက်သည်။
ဝန်ထမ်းများရောက်လာပြီးနောက် ချီချွမ်ကမျက်နှာချင်းဆိုင်ပထမနေရာတွင်ထိုင်ကာ အစည်းအဝေးကို ကိုယ်တိုင်ဦးဆောင်ကျင်းပလိုက်သည်။ အစည်းအဝေး၏အဓိကရည်ရွယ်ချက်မှာ လူတိုင်းကို ပရိုဂရမ်တစ်ခုလုံးတွင်ပါဝင်မည့်အကြောင်းအရာ အသွားအလာများနှင့်မိတ်ဆက်ပေးရန်ဖြစ်သည်။ ထို့ကြောင့် ပါဝါပွိုင့်ပြသနိုင်ရန် အစည်းအဝေးခန်းမမီးများကိုပိတ်လိုက်ပြီး အခန်းတစ်ခုလုံးအမှောင်ကျကာ ပရိုဂျက်တာမှ အလင်းရောင်မှိန်မှိန်သာထွန်းလင်းနေသည်။ လူတိုင်းက ချီချွမ်ရှင်းပြသော အစီအစဉ်မိတ်ဆက်ကို စိတ်ဝင်တစားနားထောင်နေကြသည်။ ကုန်းကျယ်လည်း ရှေ့ဆုံးကနေ ပရိုဂျက်တာကိုမော့ကြည့်နေသည်။ သူကအလေးအနက်နားထောင်နေပုံပေါ်၏။ သို့သော် သူ့ညာဘက်လက်က ဂဏာမငြိမ်ဘဲ စားပွဲအောက်ကနေ ဝမ်ကယ်ဘက်သို့ဖြည်းဖြည်းချင်းရွေ့သွားသည်။ သူကလက်ချောင်းများကွေးကာ ဝမ်ကယ့်ပေါင်ကိုထိကိုင်၍ အဆက်မပြတ်တို့ထိစနောက်နေသည်။ သို့သော်ဝမ်ကယ်ဘက်မှ တုံ့ပြန်မှုတစ်စုံတစ်ရာလုံးဝမရှိဘဲ ဝမ်ကယ့်မျက်လုံးများက ပရိုဂျက်တာကိုသာမမှိတ်မသုန်စိုက်ကြည့်နေသည်။
ကုန်းကျယ် အနည်းငယ်အားမလိုအားမရဖြစ်သွားသည်။ သူမျက်ဖြူလှန်လိုက်ကာ လက်ချောင်းများက အပေါ်သို့အနည်းငယ်တက်သွားသည်။ သူ့လက်ချောင်းများ ဝမ်ကယ့်ပေါင်ရင်းနားရောက်ခါနီးလာတော့ ဝမ်ကယ့်ထံမှ နောက်ဆုံးတွင်တုံ့ပြန်မှုရှိလာသည်။ သူက ကုန်းကျယ်လက်ကိုဖမ်းကိုင်၍ ထပ်ပြီးဟိုထိဒီထိမလုပ်အောင် မိမိလက်ထဲသေချာဆုပ်ကိုင်ထားလိုက်သည်။
ပြဿနာရှာတာအောင်မြင်သွားမှန်းသိတော့ ကုန်းကျယ် ကျေနပ်သွားကာပြုံးလိုက်သည်။ သို့သော် သူကထပ်ပြီးဟိုကိုင်ဒီကိုင်မလုပ်ဘဲ ဝမ်ကယ့်လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ကာ ချီချွမ်ရှင်းပြနေသည်ကို ဆက်လက်အာရုံစိုက်လိုက်သည်။
မိနစ်(၃၀)ကြာပါဝါပွိုင့်ရှင်းပြပြီးနောက် အစည်းအဝေးခန်းထဲမီးပြန်လင်းလာသည်။ ကုန်းကျယ်လည်း ဝမ်ကယ့်လက်ကို မလွှတ်ချင်လွှတ်ချင်လွှတ်ကာ လက်ပြန်ရုတ်လိုက်သည်။
တစ်နာရီကြာတော့ အစည်းအဝေးပြီးဆုံးသွားသည်။ အခြားဝန်ထမ်းများလည်း အလုပ်ဆက်လုပ်ရန် ထွက်ခွာသွားသည်။ ယင်ဟန်က နောက်အချိန်ဇယားတစ်ခုရှိသေးတာကြောင့် အစည်းအဝေးပြီးသည်နှင့်ထွက်ခွာသွားသည်။ သို့သော် ကျန်အမျိုးသမီးဧည့်သည်များက ပြန်ဖို့အလျင်မလိုဘဲ ကုန်းကျယ်နှင့်ဝမ်ကယ်ကိုအလယ်မှာထားကာ သူတို့အနားပျားအုံလိုဝိုင်းရံနေသည်။
“ဆရာနှစ်ယောက် မင်္ဂလာပါ။ ကျွန်မကစွန်းရှောင်ဖေးလို့ခေါ်ပါတယ်။ xx အဖွဲ့ရဲ့အဖွဲ့ဝင်ပါ။”
စွန်းရှောင်ဖေးမှာ ယခင်က သဘာဝရသစုံရှိုးအချို့တွင်ပါဝင်ဖူးပြီး သူ(မ)၏ပွင့်လင်းရိုးစင်းသည့်ပုံစံကြောင့် ရသစုံရှိုးတွင်ဖန်များစွာရရှိလာသည်။ ထို့ကြောင့် သဘာဝရသစုံရှိုးနှင့်ပတ်သက်လျှင် သူ(မ)ကစီနီယာပိုကျသူဖြစ်သည်။ သို့သော်ဝမ်ကယ်နှင့်ကုန်းကျယ်ရှေ့တွင် သူ(မ)ထိုသို့ဂုဏ်မဖော်ဝံ့ပေ။ ထို့ကြောင့် သူ(မ)က လေးစားသင့်သည်ကိုလေးစားကာ လိမ်လိမ်မာမာဖြင့်နှုတ်ဆက်စကားဆိုလိုက်သည်။
ကုန်းကျယ်နှင့်ဝမ်ကယ်က ဤသို့စကားလက်ဆုံကျရသည်ကိုသိပ်မရင်းနှီးပေ။ နောက်ပြီး သူတို့က ယနေ့မှစွန်းရှောင်ဖေးနှင့် ပထမဆုံးအကြိမ်ဆုံဖူးတာကြောင့် ဘာမှပြောစရာမရှိဖြစ်နေသည်။ သို့သော်လည်း သူတို့တွေ ခေါင်းညိတ်ပြုံးပြကာပြန်လည်တုံ့ပြန်လိုက်သည်။
စွန်းရှောင်ဖေး ဦးဆောင်စကားစလိုက်သည်နှင့် ကျန်အဖွဲ့ဝင်များကလည်း တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်စကားဆိုလာသည်။
ယွီရန်ကတော့နောက်ဆုံးတွင်ရပ်ကာ စကားလည်းလုမပြော၊ အာရုံစိုက်ခံရအောင်လည်းမကြိုးစားဘဲ အဝေးကနေသာငေးကြည့်နေသည်။ သူ့အေးဂျင့်ကမနေနိုင်သည့်အဆုံး သူ့ခါးကိုတို့ကာတီးတိုးတိုက်တွန်းလိုက်၏။
“မြန်မြန်သွားနှုတ်ဆက်လိုက်လေ။ ဒါမင်းမျက်နှာပြဖို့အခွင့်ကောင်းပဲ။ အကယ်၍ သူတို့နဲ့ရင်းနှီးသွားရင် မင်းနာမည်မကြီးမှာမပူရတော့ဘူး။ မြန်မြန်သွား!”
ယွီရန်အကြာကြီးတုံ့ဆိုင်းနေပြီး နောက်ဆုံးတော့မသွားဖြစ်ခဲ့ပေ။ ကျန်လူများက ကုန်းကျယ်၊ ဝမ်ကယ်တို့နှင့်ရင်းနှီးသွားကြကာ စကားခေါင်းစဉ်က ရသစုံရှိုးအကြောင်းမှ ကိုယ်ပိုင်ဝါသနာနှင့် အကြိုက်များအကြောင်းပြောင်းလဲသွားသည်။ ယွီရန်၏အေးဂျင့်မှာ ဒေါသထွက်ထွက်နှင့်ဆေးလက်ဖက်ရည်သောက်ကာ ဒေါသဖြေနေရသည်။
ခဏစကားစမြည်ပြောပြီးနောက် အမျိုးသမီးဧည်သည့်များက အေးဂျင့်ကိုယ်စီဖြင့် အရင်ပြန်သွားကြသည်။ ယွီရန်လည်း ကျောပိုးအိတ်လွယ်လိုက်သည်။ သူ့အေးဂျင့်ကတော့ သူ့နောက်တွင်မျက်နှာပုပ်ကြီးဖြင့်ရပ်ကာ ဒေါသထွက်နေဆဲပင်။
ဘေးတွင်အခြားသူများရှိနေတာကြောင့် ကုန်းကျယ်တစ်ယောက် ဝမ်ကယ်ကိုဘာစကားမှမပြောနိုင်ဖြစ်နေသည်။ သူက ယွီရန့်အေးဂျင့်ကိုကျောပေးကာ ဝမ်ကယ်ကိုမျက်စိတစ်ဖက်မှိတ်ပြပြီး အရင်ပြန်သွားသည်။
ဝမ်ကယ်က ယွီရန်ဆီသွားလိုက်သည်။
ယွီရန်ကခြေလှမ်းများရပ်ကာ ပြုံးပြနှုတ်ဆက်လိုက်သည်။
“ဆရာဝမ်။”
ဝမ်ကယ်လည်းခပ်ဖွဖွပြုံးကာ သူ့ပခုံးကိုပုတ်ပြီး နွေးထွေးစွာပြောလိုက်သည်။
“နောက်တစ်ပတ်တွေ့ကြမယ်၊ ကောင်းကောင်းလုပ်နော်။”
ယွီရန်ကခေါင်းညိတ်ပြကာ:
“ကျွန်တော်ကြိုးစားပါ့မယ်။”
ဘေးကနေအစအဆုံးရပ်ကြည့်နေသည့် ယွီရန်၏အေးဂျင့်: ‘??? ငါမသိလိုက်တာတစ်ခုခုများရှိလား။’
ကနဦးရိုက်ကူးရေးမတိုင်မီသုံးရက်အလိုတွင် ကုန်းကျယ်နှင့်ဝမ်ကယ်တို့ ခရီးဆောင်အိတ်ကိုယ်စီဆွဲကာ ကုမ္ပဏီမှစီစဉ်ပေးသည့်တိုက်ခန်းများသို့ပြောင်းရွှေ့လိုက်သည်။ တိုက်ခန်းနှစ်ခုတွင် တစ်ခုကမြို့အနောက်ဘက်တွင်ရှိပြီး နောက်တစ်ခုက မြို့အရှေ့ဘက်တွင်တည်ရှိကာ တစ်နေရာနှင့်တစ်နေရာသို့ နှစ်နာရီနီးပါးကားမောင်းသွားရသည်။ ထို့ကြောင့် သူတို့နှစ်ဦးစလုံး တမင်မထွက်ဘဲနေကာ နေ့ဘက်ဆိုအိမ်အသစ်နှင့်ရင်းနှီးအောင်လုပ်ကြပြီး ညဘက်ဆိုတစ်နာရီလောက်ဗွီဒီယိုဖုန်းပြောပြီးမှ အိပ်ရာဝင်ကြသည်။
သောကြာနေ့တွင် အေးဂျင့်ကရိုက်ကူးရေးအဖွဲ့သားများခေါ်ကာ အိမ်ရှေ့ရောက်လာသည်။ သူတို့ကအိမ်ထဲဝင်လိုက်သည်နှင့် အခန်းအနှံ့ကင်မရာများစတင်တပ်ဆင်ကြသည်။ စတိုင်လ်လစ်ဆရာက ဝမ်ကယ်ကိုပြင်ဆင်စရာရှိတာပြင်ဆင်ပေးပြီး တွဲဖက်ဒါရိုက်တာက ရိုက်ကူးရေးနှင့်ပတ်သက်၍ ခဏလောက်ရှင်းလင်းေပြာပြသည်။
ကနဦးဗွီဒီယိုမှတ်တမ်းဖြစ်တာကြောင့် ဤရိုက်ကူးရေးကတရားဝင်ရိုက်ကူးရေးလောက်အချိန်မကြာသလို၊ လုပ်ရမည့်တာဝန်များကလည်း ပိုမိုလွယ်ကူသည်။ သူတို့က ဝမ်ကယ့်အိမ်ကိုဓာတ်ပုံရိုက်၍ အဝတ်အစားများထုတ်ပိုးနေသည်ကိုရိုက်ကူးပြီးနောက် ငါးမိနစ်ကြာတစ်ဦးချင်းကိုယ်ပိုင်အင်တာဗျူးလုပ်မည်ဖြစ်သည်။ ကိုယ်ရေးကိုယ်တာများထိန်းသိမ်းနိုင်ရန်ရိုက်ကူးရေးမစမီ ပရိုဂရမ်အဖွဲ့ကမည်သည့်နေရာများကိုရိုက်ကူးနိုင်ပြီး မည်သည့်နေရာများကိုရိုက်ကူး၍မရနိုင်မှန်းသိရအောင် ဝမ်ကယ်နှင့်အရင်ဆွေးနွေးခဲ့သည်။
အိမ်နေရင်းပုံစံကိုပြသချင်တာကြောင့် ဝမ်ကယ့်စတိုင်လ်လစ်က ဝမ်ကယ့်ကိုသိပ်သိသိသာသာမပြင်ဘဲ ဆံပင်ကိုသာနည်းနည်းပုံသွင်းပေးလိုက်သည်။ ဝမ်ကယ့်မျက်နှာကိုအောက်ခံမိတ်ကပ်အနည်းငယ်လိမ်းချင်သော်လည်း မိတ်ကပ်ဆရာက သူ့အသားအရေအလွန်ေကာင်းေနသည်ကိုကြည့်ပြီး အောက်ခံမိတ်ကပ်မလိမ်းဘဲ အရောင်တက်အောင် နှုတ်ခမ်းနီပဲဆိုးလိုက်သည်။
ကျန်ဝန်ထမ်းများက အခန်းထဲတွင်အရင်ပုန်းလိုက်ကာ ကင်မရာမန်းက ရိုက်ကူးရေးပစ္စည်းများသယ်ပြီး အပြင်ထွက်သွားသည်။ တွဲဖက်ဒါရိုက်တာကလည်း ယာယီစောင့်ကြည့်ခန်းထဲတွင်ပုန်းနေသည်။ အားလုံးအဆင်သင့်ဖြစ်တော့ သူက ရိုက်ကူးရေးစတင်ဖို့အမိန့်ပေးလိုက်သည်။
ခေါင်းလောင်းသံမြည်လာတော့ ဝမ်ကယ်အသက်ပြင်းပြင်းရှူကာ အိမ်တံခါးဖွင့်ပေးရန်ပြေးထွက်သွားတော့သည်။
*****
Aurora Novel Translation Team